အပိုင်း (၁၅) ဆောင်းဦးကောက်ရိတ်သိမ်းပွဲ(၂)
ယိုကျင့်သည် သူတို့နှင့် အလွန်ဝေးနေကာ ကျောပေးထားသဖြင့် သစ်မာပင်အောက်ရှိ အသံများကို မကြားနိုင်သော်လည်း လယ်ထဲသို့ ရောက်လာသည့် ယိုရင်၏ရှိုက်သံကို ကြားနိုင်သေးသည်။ ယိုကျင့်သည် အမြန်လှည့်ကြည့်လိုက်ကာ “ဘာလို့ ပြန်လာတာလဲ။ နင့်ကို နားဖို့ ငါမပြောထားဘူးလား”
ယိုကျင့်သည် ထိုအဖြစ်အပျက်ကို ယိုကျင့် မကြားလိုက်ကြောင်း တွေးလိုက်သည်။ ထို့ကြောင့် သူမ၏မျက်ရည်များ သုတ်ထားသော လက်ဖဝါးနှစ်ဖက်အား ဝှက်ထားလိုက်ကာ ပြောလိုက်သည်။
“ညီမနားလို့ ၀ပါပြီ။ အစ်မကိုကူဖို့ လာတာ”
ယိုကျင့်သည် ထိုစကားကို မည်သို့ ယုံနိုင်မည်နည်း။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဖြူဖျော့ကာ ထိတ်လန့်နေသော မျက်နှာသည် ပေါ်လွင်နေလှသည်။ ထို့ကြောင့် သူမသည် အနောက်သို့လှည့်ကာ ကြည့်ချိန်၌ သစ်မာပင်အောက်မှ ထွက်သွားသော ယွဲ့ချန်လုကို စိုက်ကြည့်ကာ အဖြစ်အပျက်ကို နားလည်လိုက်သည်။
“အဖေက နင့်ကို လယ်ထဲဆင်းခိုင်းတာမလား” ယွဲ့ချန်လုက လူရောဟုတ်ရဲ့လား။ ယိုရင်က ကိုးနှစ်ထဲရှိသေးတာ ဘယ်လိုလုပ်ပြီး လယ်ထဲဆင်း အလုပ်လုပ်နိုင်မှာလဲ။ ဒါကလဲ သူ့မျိုးဆက်မဟုတ်ဘူးလား။ ကိုယ်မွေးထားတဲ့သမီးကို ကိုယ့်လက်နဲ့ သတ်မလို့လား။
ယိုကျင့်သည် တံစဉ်းကို လွှင့်ပစ်လိုက်ပြီး ထရပ်ကာ သစ်မာပင်အောက်သို့ ဦးတည်သွားလေသည်။ ယွဲ့တာ့ဖူနှင့် အခြားလူများသည် သစ်မာပင်၏ အခြားတစ်ဖက်၌ ကောက်ရိတ်နေကြကာ ယိုကျင့်တို့သည် တစ်ဖက်ခြမ်း၌ ရိတ်ကြသည်။
သစ်မာပင်၏အောက်သို့ လျှောက်သွားကာ ယွဲ့တာ့ဖူနှင့် ဆယ်မီတာ အကွာတွင် ရပ်လိုက်ပြီး အသံကျယ်ဖြင့် အော်ပြောလိုက်သည်။
“အဘိုး နေက တော်တော်ပူတယ်။ ယိုရင်က ခေါင်းမူးနေလို့တဲ့။ ခမောက်လည်း ပါမလာဘူး။ သူ့ကို နားခိုင်းလို့မရဘူးလား” ယိုကျင့်သည် တမင်ရည်ရွယ်ကာ အသံအကျယ်ကြီးနှင့် အော်လိုက်ခြင်း ဖြစ်သည်။ ထိုမှသာ အနီးအနားလယ်ကွင်းရှိ လူများ ကြားနိုင်မည်ဖြစ်သည်။ ယိုကျင့်၏အော်သံကြောင့် စပ်စုတတ်သော လူအချို့သည် ပွဲကြည့်ရန် ခေါင်းထောင်လာကြသည်။
ညီမငယ်သုံးယောက်သည် “စစ်ကျဲ(စစ်=လေး) ခေါင်းမူးနေသည်ကို ကြားသည်နှင့် ခြင်းတောင်းများချကာ သူမ၏အနား၌ စုဝိုင်းနေကြတော့သည်။ “စစ်ကျဲ အဆင်ပြေရဲ့လား”
ဒုတိယမြောက် သမီးဖြစ်သူကို ဆူငေါက်ပြီးချိန်၌ အဖေဖြစ်သူ၏ မျက်နှာမှာ ပြုံးရွှင်လာသည်ကို ယွဲ့ချန်လု သတိထားမိခဲ့သည်။ သို့သော်လည်း သမီးကြီးဖြစ်သူမှ ထိုသို့ လူအများကြားအောင် အော်ပြောကာ အဖေဖြစ်သူ၏ရှေ့၌ သူ့ကို မျက်နှာပျက်အောင် လုပ်လိမ့်မည်ဟု မထင်ထားပေ။ ထို့ကြောင့် သူသည် ခက်ထန်စွာ ဆူငေါက်လိုက်သည်။ “လယ်ကွင်းတစ်ခုလုံး အကုန် အလုပ်လုပ်နေကြတာပဲ။ နင်တို့တွေပဲ ပျော့ညံ့ပြနေတာ။ ဘယ်လောက်လုပ်ရသေးလို့ နားချင်နေကြတာလဲ ဟမ်”
စောင့်ကြည့်နေသည့် လူများကြောင့် ယွဲ့ချန်လု၏ ရိုက်နှက်မှုကို ယိုကျင့် စိတ်ပူစရာမလိုအပ်ချေ။ ထို့အပြင် ယွဲ့မိသားစု၌ အကျင့်တစ်ခုရှိပေသည်။ လူကြားထဲ၌ မျက်နှာပန်းလှချင်ခြင်း ဖြစ်သည်။ ထို့ကြောင့် သူမသည် အသံကျယ်ကျယ်ဖြင့် ပြန်ဖြေခဲ့သည်။ “သမီးရဲ့ညီမလေးက မနက်စာ မစားလာရဘူး။ အဘွားချန်က ခမောက် မလောက်ဘူးပြောလို့ မဆောင်းရဘူး။ နေရှိန်က ဒီလောက်ပြင်းတာ။ သူတောင့်မခံနိုင်တာ ပုံမှန်ပဲ”
“တစ်ခွန်းလောက်၀င်ပြောပါရစေ။ ဦးလေးတာ့ဖူရယ် ဒီကလေးသေးသေးလေးက ဘယ်လောက် လုပ်နိုင်မှာမလို့လဲ။ သူနားချင်ရင် နားပါစေ။ သူနေလောင်သွားရင် စိတ်ပူရမှာလည်း ခင်ဗျားတို့ပဲ မဟုတ်လား” ယွဲ့မိသားစု၏ လယ်ကွင်းဘေး၌ ယွဲ့မျိုးနွယ်၏ လယ်ကွင်းဖြစ်ကာ ထိုမိသားစု၏ ချွေးမဖြစ်သူသည် ယိုကျင့်၏စကားကို ကြားသည်နှင့် ၀င်ရောက်ပြောဆိုတော့သည်။
“ဆောင်းတွင်းနေကိုလည်း အထင်မသေးနဲ့။ ငါတို့တောင် အပူရှိန်ကြောင့် ခေါင်းကိုက်တယ်။ ယိုရင်က ရှစ်နှစ် ကိုးနှစ်ပဲရှိဦးမှာ ဘယ်ဒဏ်ခံနိုင်မလဲ”
မျိုးဆက်အသစ်ထဲမှ ချွေးမဖြစ်သူ၏ ပြောဆိုမှုကြောင့် လယ်ကွင်းထဲရှိ လူအားလုံးသည် ခမောက်ဆောင်းထားသော ယွဲ့တာ့ဖူတို့ သားအဖနှစ်ယောက်ကို မသိမသာ စိုက်ကြည့်နေကြလေသည်။ ယွဲ့တာ့ဖူ၏ ပါးစပ်သည် တုန်ရီလာကာ ဖွင့်ချည် ပိတ်ချည် ဖြစ်နေလေသည်။ လူများ ဝိုင်းကြည့်နေကြသဖြင့် လည်ချောင်းခြောက်ကာ အက်ရှလာသော ခံစားချက်ကို မထိန်းချုပ်နိုင်တော့ချေ။ ကတုန်ကယင်ဖြင့် လျှာသတ်လိုက်ပြီးနောက် ယိုကျင့်ကို ပြန်ပြောလိုက်တော့သည်။
“အဲ့လိုဆိုလည်း ခဏနားခိုင်းလိုက်ကွာ”
“ဟုတ်ကဲ့ ကျေးဇူးပါဘိုးဘိုး” ယိုကျင့်သည် ယွဲ့တာ့ဖူအား ကျေးဇူးတင်ကြောင်း အော်ပြောလိုက်ပြီး သူမတို့အတွက် ကူပြောပေးခဲ့သော ဒေါ်လေးဖြစ်သူကို ကျေးဇူးတင်စွာ ကြည့်လိုက်သည်။ ထို့နောက် လယ်ကွင်းထဲရှိ ယိုရင်ကို ပြန်ဆွဲထုတ်ရလေသည်။ “ကောင်းကောင်းနားနေ။ နေမ၀င်မချင်း ထွက်မလာနဲ့”
ယိုကျင့်သည် ယိုရင်အား အားဖြင့် ဖိလိုက်ကာ သစ်မာပင်၏အမြစ်ဘေး၌ လှဲချခိုင်းလိုက်သည်။ မြေကြီး၌ အပ်ပေါက်၍ စူးသည်လားမသိ သူမ၏မျက်နှာ၌ ထိတ်လန့်ကြောက်ရွံ့နေကာ မသက်မသာဖြင့် လူးလိမ့်နေခဲ့သည်။ “ဒါပေမဲ့ စန်းကျဲ အဖေက…..”
ယိုကျင့်သည် သူမအား သစ်မာပင် အမြစ်ပေါ်သို့ ထိုင်ရန် ကူတွဲပေးကာ တီးတိုးပြောလိုက်သည်။
“အဖေနဲ့အဘိုးကလေ မျက်နှာသာရတာ ကြိုက်တဲ့လူတွေပဲ။ အခုလူတွေ အကုန် သူပြောတာ ကြားပြီးပြီဆိုတော့ နင့်ကိုအလုပ်လုပ်ခိုင်းဖို့အတွက် အဖေ့ကို လာမပြောခိုင်းတော့ပါဘူး” ယိုကျင့်သည် ယွဲ့မိသားစု၏ အကြောင်းကို သေချာ နားလည်ပေသည်။
သူမသည် ညီမငယ်သုံးဦးကို ရေအနည်းငယ်တိုက်ကာ မှာကြားလိုက်သည်။ “တကယ်လို့ နေတအား ပူတယ်ထင်ရင် အေးတဲ့နေရာရှာပြီး နားကြနော်။ နေလောင်မခံနဲ့ ကြားလား”
ယိုကျူး၊ ယိုလင်နှင့် ယိုလော့တို့သည် တစ်ပြိုင်တည်း ခေါင်းညိတ်ကြလေသည်။ “ဟုတ် စန်းကျဲ ကြားပါတယ်” ထို့နောက် အချင်းချင်း လက်တွဲကာ ကောက်ရိတ်သိမ်းသည့်နေရာသို့ သွားကြလေသည်။
အစ်မဖြစ်သူ၏ စကားကိုကြားသည်နှင့် ယိုရင်သည် စိတ်အေးလက်အေး နားလိုက်တော့သည်။ ညီမဖြစ်သူ ပြဿနာမရှာတော့သည်ကို တွေ့သည်နှင့် ယိုကျင့်သည်လည်း ထိုနေရာဘေး ၌ထိုင်ကာ မလှမ်းမကမ်း၌ စပါးရိတ်နေကြသော ညီအစ်မသုံးယောက်ကို ကြည့်နေလိုက်သည်။ ထို့နောက် တံစဉ်းကို ကိုင်ကာ လယ်ထဲသို့ ပြန်ဆင်းလေသည်။
ယွဲ့မျိုးနွယ်၏ လယ်ထဲ၌ ယွဲ့လျန်လု၏ တ၀မ်းကွဲ အကိုအကြီးဆုံးဖြစ်သူ ယွဲ့ချန်ဟယ်သည် ဇနီးဖြစ်သူအား အပြစ်တင်သည့် အကြည့်ဖြင့်ကြည့်ကာ ဩရှရှအသံဖြင့် ပြောလေသည်။
“ဘာလို့ သူတို့ကို ကူပြောပေးနေတာလဲ။ အဲမိသားစုက ဘယ်လိုလူမျိုးတွေလဲဆိုတာ သိရဲ့သားနဲ့”
ယွဲ့တာ့ဖူသည် ရွာသားများထက် ခေါင်းတလုံးသာချင်သူဖြစ်သည်။ သူတို့သည် တစ်ရွာတည်းသား ဖြစ်သည့်အတွက် ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံရမည့်အပြင် ဆုံးပါးသွားသော ဖခင်ဖြစ်သူသည် ယွဲ့တာ့ဖူကို အစဉ် ရိုသေလေးစားခဲ့ပေသည်။ ယွဲ့မိသားစုရှိ မိန်းကလေးများ မည်သို့ ဆက်ဆံခံရကြောင်းကို ရွာထဲ၌ မသိသူ မရှိပါချေ။ သူ၏အမျိုးသမီးသည် ထိုကလေးများအတွက် ကူညီကာ ပြောဆိုပေးလိုက်သည်။ ထိုအရာက ယွဲ့တာ့ဖူအား အာခံခြင်း မမည်ပေဘူးလား။
“ကျွန်မက မိန်းကလေးတွေအပေါ် ပြဿနာရှာပြီး ပိုက်ဆံကုန်ပေါက် တစ်ခုအနေနဲ့ မြင်နေတဲ့ သူတို့ကို သဘောမကျရုံတင်ပါ။ မိန်းကလေးသာ မရှိဘူးဆို ကလေးမွေးဖို့နဲ့ အိမ်အလုပ်တွေလုပ်ဖို့ ရှင်တို့ ဘယ်သူ့ကို သွားရှာမလဲ။ အဲ့ကလေးတွေ ကြည့်ပါဦး။ သေးသေးကွေးကွေးနဲ့ နို့နံ့မစင်သေးတဲ့ ကလေးတောင် လယ်ထဲမှာ ခမောက်မဆောင်းဘဲ လုပ်နေရတာ။ ရှင်တို့ ယွဲ့မျိုးရိုးက ယောက်ျားတွေ ကြည့်ဦး။ ခမောက်ဆောင်းပြီး ချည်သားအကောင်းစားတွေနဲ့ မြို့ပေါ်က လူတွေထက်တောင် သာဦးမယ်။ သူတို့ကိုယ်သူတို့ မျိုးရိုးမြင့်တွေလို့တောင် တွေးနေကြသေး။ ရှင်တို့ယွဲ့မျိုးရိုးကသာ ပြောတယ်။ သူတို့စိတ်က မည်းပုပ်နေတာပဲ”
သူမသည် စကားကို အမြန်ပြောနေသော်လည်း သူမလက်ထဲရှိ တံစဉ်း၏ အရှိန်သည် လျော့မသွားခဲ့ချေ။ စကားတစ်ခွန်းပြီးသည်နှင့် စပါးစုတစ်ခုကို ရိတ်လို့ပြီးသွားပြီဖြစ်သည်။
ဇနီးဖြစ်သူသည် တဖြည်းဖြည်း တက်ကြွကာ အသံကျယ်လာသောကြောင့် ယွဲ့ချန်ဟယ်သည် သူမအား အမြန်တားလိုက်ရလေသည်။
“တော်ပါတော့ ရပြီ။ မင်းကိုနည်းနည်းလေး ပြောလိုက်တာနဲ့ တရစပ် ကပ်စက်ဖွင့်သလိုပဲ မပြီးတော့ဘူး”
သူသည် ဇနီးဖြစ်သူ၏ ဘေး၌ ရပ်နေကာ တိုးတိုးတိတ်တိတ် သတိပေးလိုက်လေသည်။
“မင်း ကြင်နာသနားတတ်တာ ကိုယ်သိပါတယ်။ ဒါပေမဲ့ ယွဲ့မိသားစုက အဘွားကြီးက ကောင်းတဲ့လူ မဟုတ်ဘူး။ အဲကလေးတွေအတွက်နဲ့ ကိုယ့်ကိုကိုယ် သေတွင်းမတူးနဲ့လေ”
အမျိုးသမီးကျိုးသည် ခင်ပွန်းဖြစ်သူအား ဒေါသတကြီးဖြင့် မျက်စောင်းထိုးလိုက်သော်လည်း ညင်ညင်သာသာဖြင့် လက်ခံခဲ့သည်။ “သိပါပြီ”
ထိုသို့ဖြင့် ပြဿနာအသေးလေးသည် အစအဆုံးမရှိဘဲ ပြီးမြောက်သွားခဲ့သည်။ နေသည် တဖြည်းဖြည်း မြင့်တက်လာကာ အပူရှိန်သည်လည်း ပြင်းလွန်းသောကြောင့် ရွာသားများသည် ပင်းပန်းကုန်ကြ၏။ နေ့လယ်စောင်းချိန်အထိ တောင့်ခံပြီးသည့်နောက်တွင် ယိုပေါင်သည် အိုးနှစ်အိုးကိုသယ်ကာ ရွာထဲမှာ ယိုင်တိုင်တိုင်ဖြင့် ထွက်လာလေသည်။
ကောက်ရိတ်သည့် ရာသီ၌ လယ်သမားအများစုသည် ဖြည့်စွက်စာများ ထုတ်ပိုးလာပြီး စားသောက်ကြကာ ခဏတာအနားယူပြီး ဆက်လက်၍ အလုပ်လုပ်ကြပေသည်။ ယိုပေါင် ထမင်းလာပို့ချိန်၌ ကရားထဲရှိရေသည် ကုန်ခမ်းနေပြီဖြစ်ကာ ယိုကျင့်၏အာခေါင်မှာ ခြောက်သွေ့ကြမ်းတမ်းနေကာ အနည်းငယ်ကွဲအက်တော့မည်ဟု ထင်ရသည်။
ယိုပေါင်သည် မြေအိုးများကို သစ်မာပင်အောက်၌ ချကာ လယ်ကွင်းဘက်သို့ မျက်နှာမူ၍ အော်ခေါ်လိုက်သည်။
“အဘိုးနဲ့အဖေ ထမင်းစားလို့ရပြီ” ထို့နောက် အနောက်သို့လှည့်ကာ ညီအစ်မများကို လှမ်းခေါ်လိုက်သည်။ “စန်းကျဲ၊ ကျူးကျူး ထမင်းစားချိန်ရောက်ပြီ”
သစ်ပင်အောက်၌ အနားယူနေသော ယိုရင်သည် ယိုပေါင်အား ကူညီကာ အိုးထဲမှ ဟင်းခွက်များကို ကူထုတ်ပေးလေသည်။ လယ်ယာလုပ်ငန်းသည် အားစိုက်ထုတ်ရသော ပင်ပန်းသည့် အလုပ်ပင်ဖြစ်သည်။ ထို့ကြောင့် ကောက်ရိတ်သိမ်းသည့်အချိန်၌ မိသားစုအချို့သည် အသားဟင်းအနည်းငယ် ထည့်ချက်ကာ ကုန်ဆုံးသွားသော အားအင်များကို ပြန်လည်ဖြည့်တင်းရန် စားသောက်ကြသည်။ အဘွားချန်သည်လည်း ယွဲ့တာ့ဖူ၏ တစ်နေ့စာ အာဟာရအတွက် ပြင်ဆင်ပေးပေသည်။
ယွဲ့မိသားစုသည် သစ်ပင်အိုကြီးအောက်၌ စုထိင်လိုက်ကြသည်။ ငှားထားသော လုပ်သားနှစ်ဦးကို ပြောင်းဆန်ပြုတ် တစ်ခွက်စီ ဝေငှပေးလိုက်ကာ သူတို့သည် ယိုကျင့်ကို ကျေးဇူးတင်ကြောင်း ပြောကြသည်။ ယိုပေါင်သည် သူမ၏နောက်ကျောရှိ လေးလံသည့် အထုတ်ကို ဖြေလိုက်ရာ ထိုအထဲ၌ ပန်ကိတ်များကို ထည့်ထားပေသည်။ ယနေ့ညနေစာအတွက် ပန်ကိတ်လေးခုထည့်ထားပေသည်။
ထိုကဲ့သို့ ကိစ္စများတွင်ပင် အဘွားချန်သည် ဘက်လိုက်နေပေ၏။ ယိုပေါင်အား မီးညှပ်ကြီး တထိုးထိုးဖြင့် သေချာမှာထားခဲ့သည်။
“ပန်ကိတ်တွေက နင့်အဖေနဲ့အဘိုးဖို့ပဲ။ နင်တို့တွေ တစ်ယောက်တစိတ်ပဲရမယ်။ အကုန်အညီအမျှ ခွဲစားတာ သိလို့ကတော့ သေဖို့သာပြင်ထား”
ယိုပေါင်သည် အဘွားဖြစ်သူ ဝေ့ရမ်းပြခဲ့သော ပူကျစ်နေသည့် မီးညှပ်ကို ပြန်တွေးမိကာ ကြောက်လန့်မိပေသည်။ သူမသည် ထိုမီးညှပ်နှင့် အရိုက်မခံချင်ပေ။ ယိုပေါင်သည် ဆန်မုန့်ဖြူနှင့် လုပ်ထားသော ပန်ကိတ်နှစ်ခုကို အသားညှပ်ပြီး ယွဲ့တာ့ဖူနှင့် ယွဲ့လုချန်တို့အားပေးလိုက်သည်။ ထို့နောက် အညိုရောင်ဆန်မှုန့်ရောထားသော ပန်ကိတ်ကို ငှားရမ်းထားသည့် အလုပ်သမားနှစ်ဦးကို ပေးလိုက်၏။ ကျန်သည့် တ၀က်ကို လယ်ထဲမှ ပြန်လာသော ညီအစ်မငါးယောက်ကို ခွဲဝေပေးလိုက်သည်။
အလုပ်သမားနှစ်ဦးသည် ပန်ကိတ်ကို ကိုင်ကာ တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်သော်လည်း ဘာမျှ မပြောခဲ့ချေ။ ညီအစ်မများသည် ထိုကဲ့သို့ အရာများကို အသားကျနေသည့်အတွက် အတွန့်မတက်ဘဲ ပန်ကိတ်ကို ပြောင်းဆန်ပြုတ်နှင့် စားကြတော့သည်။ ယိုကျင့်သည် ပန်ကိတ်ကို တ၀က်ခွဲကာ တ၀က်ကို ယိုပေါင်အား ပေးလိုက်သည်။
“ညီမလေး နည်းနည်းတော့ စားလိုက်”
ယိုပေါင်သည် ခေါင်းရမ်းကာ ငြင်းဆိုလိုက်သည်။ “စန်းကျဲပဲ စားလိုက်ပါ။ ညီမအိမ်က စားလာပြီးပြီ”
သူမ ဆာလောင်သည်က ပြဿနာမရှိပေ။ စန်းကျဲ ဆာလောင်၍ အလုပ်လုပ်ရန် အင်အားမရှိပါက ပြဿနာရှိပေသည်။ ထိုအရာက အဖေ့အား ဒေါသထွက်စေနိုင်ပြီး အစ်မဖြစ်သူကို ရိုက်နှက်လိမ့်မည်။
ယိုကျင့်သည် ယိုပေါင်၏လက်ထဲသို့ ပန်ကိတ်ထည့်ပေးလိုက်ကာ ပြုံးရယ်လျက် ကျန်တ၀က်ကို စားလိုက်သည်။ “နင့်အကြောင်း ငါမသိတာမှတ်လို့။ အမြန်စားတော့” သူမသည် ညီမများကို ကာကွယ်ပေးနေကြ ဖြစ်သည်။ ညီမဖြစ်သူများသည် တစ်နပ်စားကာ တစ်နပ် ငတ်မွတ်ကြရသည်။ ငါဒီနေ့ရှာထားတဲ့ ပြဿနာနဲ့ အဘွားချန်က ယိုပေါင်ဖို့ ထမင်းချန်ပေးပါ့မလား။ မဖြစ်နိုင်တာ….
ယိုပေါင်သည် အမှန်ပင် ဆာလောင်နေခဲ့သည်။ အစ်မဖြစ်သူအား မျက်လုံးနီများဖြင့်ကြည့်ကာ အပြင်းအထန် ခေါင်းညိတ်နေခဲ့သည်။ “အာ” ယိုကျင့်သည် ကူကယ်ရာမဲ့သွာ ခေါင်းရမ်းမိတော့သည်။ သူမ၏ညီမများသည် လိမ္မာရေးခြားရှိကာ ကောင်းမွန်သော်လည်း အလွယ်တကူ မျက်ရည်ကျတတ်ခြင်းသည် ပြဿနာဖြစ်ပေသည်။ သို့သော်လည်း သူမနားလည်ပေးနိုင်သည်။ သူတို့သည် ကလေးအရွယ်သာ ရှိသေးသည်ပင်။
လူတိုင်း နေ့လယ်စာ စားပြီးချိန်တွင် ယိုကျင့်သည် ပြုံးနေလျက် ယွဲ့တာ့ဖူနှင့် ဆွေးနွေးနေခဲ့သည်။
“အဘိုး ယိုယင်ကို ယိုပေါင်နဲ့အတူ အိုးတွေနဲ့တူတွေ ပြန်ပို့ခိုင်းရင်ရော ဘယ်လိုလဲ။ တလက်စတည်း ရေပါ ခပ်ခိုင်းလိုက်မယ်လေ။ ဒီလောက်နေပူနေတာ အကုန်လုံး ရေမရှိဘဲ အလုပ်မလုပ်နိုင်ဘူးလေ”
ယိုပေါင်သည် အားနည်းလွန်းသည့်အတွက် ပစ္စည်းများကို တစ်ပြိုင်နက်တည်း သယ်ယူခြင်းက သူမအား ပင်ပန်းစေလိမ့်မည်။ ယိုရင်သည်လည်း ယွဲ့ချန်လု၏ အကြည့်ကို ရှောင်နေရသောကြောင့် ပင်ပန်းလှသည်။ ယိုပေါင်နှင့်အတူ အိမ်ခဏပြန်ခိုင်းလိုက်ခြင်းက ပိုကောင်းပေသည်။ သူမအတွက် အနားယူချိန် ရပေလိမ့်မည်။
နေ့လယ်စာစားပြီးချိန်၌ ယွဲ့တာ့ဖူသည် သစ်မာပင်အောက်တွင် ဆေးတံသောက်နေခဲ့သည်။ ယိုကျင့်ပြောသော စကားကြောင့် မျက်မှောင်ကြုံ့ကာ သူ၏ရှေ့၌ ရပ်နေသော ယိုကျင့်ကို ကြည့်လိုက်လေသည်။ ထို့နောက် ပါးစပ်အပြည့် အဖြူရောင် အငွေ့များ မှုတ်ထုတ်လိုက်လေသည်။
“မြန်မြန်သွား မြန်မြန်ပြန်”
“ဟုတ်ကဲ့” ယိုကျင့်သည် အပြုံးကြီးကြီး ပြုံးကာ နာခံဟန် ခေါင်းညိတ်ပြခဲ့သည်။ ထို့နောက် ယိုပေါင်ယူလာသော ပစ္စည်းများကို နှစ်ပိုင်းခွဲလိုက်သည်။ ညီမနှစ်ယောက်၏ ခေါင်းပေါ်၌ အိုးတစ်အိုးစီတင်ကာ ပြန်ခိုင်းလိုက်သည်။
…