EJJY အပိုင်း ၇

အပိုင်း (၇) တတိယမိသားစု

ကြက်ဥပြဿနာသည် ယွဲ့၀မ်ဝေ့ပြောသည့်စကားနှင့် အစပြုကာ အဘွားချန်၏ ဟန်ဆောင်အဖျားကြောင့် ယိုကျင့်အား ရိုက်နှက်ခြင်းဖြင့် အဆုံးသတ်သွားသည်။

ယွဲ့မိသားစုရှိ အကြီးအကဲနှစ်ဦးသည် လွန်ခဲ့သောနှစ်ရက်ကပင် ခံစားချက်များ ကောင်းနေကြသည်။ တတိယမိသားစုသည် ပြန်လာတော့မည် ဖြစ်သောကြောင့် မြေးများပေါ်၌ အမြဲ အောင့်သက်သက် ဖြစ်နေသော အဘွားချန်၏ မျက်မှာသည်ပင် နူးညံ့ပျော့ပျောင်းနေသည်။

စက်တင်ဘာလ၏ ဒုတိယရက်သည် အဘွားချန်၏ မွေးနေ့ဖြစ်ကာ မြို့၌ ကုန်စုံဆိုင်ဖွင့်ကာ စီးပွားရေးလုပ်နေသည့် သူမ၏သားအငယ်သည် လွန်ခဲ့သောနှစ်ရက်ကပင် စာပို့လာခဲ့သည်။ သူသည် သူမ၏မွေးနေ့တွင် အတူဆင်နွှဲရန် ပြန်လာမည်ဖြစ်ကြောင်း အကြောင်းကြားလာခဲ့သည်။ ထိုစာ ရပြီးသည့်အချိန်မှစ၍ အဘွားချန်၏ မျက်နှာပေါ်ရှိ အပြုံးသည် အောက်သို့ ကွေးညွှတ်ခြင်း အလျဉ်းမရှိခဲ့ပေ။ ထင်တဲ့အတိုင်းပဲ ငါ့သားအငယ်ကပဲ ငါ့ကိုပို‌အလေးထားတာ။ အဲဒါကြောင့် “အင်ပါယာက သားအကြီးကို ချစ်ရင် သာမန်လူက အငယ်ဆုံးကို ချစ်တယ်”လို့ ပြောကြတာ။ သူမသည် အကြီးဆုံးသားနှစ်ယောက်ကို မြတ်နိုးသော်လည်း သူမ၏သားအငယ်ဆုံးကို ယွဲ့ချန်ရှို့ကိုသာ အချစ်ဆုံးဖြစ်သည်။

စက်တင်ဘာလ၏ ပထမ‌နေ့ ညနေခင်းတွင် အစိမ်းရောင်တောက်နေသော လိုက်ကာတလွင့်လွင့်နှင့် လှည်းတစ်စီးသည် ချွေ့ဖန်းရွာသို့ ၀င်ရောက်လာကာ ယွဲ့မိသားစု၏ အိမ်ရှေ့၌ ရပ်တန့်သွားလေသည်။

တတိယမိသားစုခွဲ၏ အငယ်ဆုံးသားသည် ယခုနှစ်၌ လေးနှစ်အရွယ်သာရှိသေးကာ သူသည် မြင်းလှည်းရပ်သည်နှင့် ပြေးဆင်းလာပြီး ယွဲ့မိသားစု၏ခြံ၀န်းတံခါးကို ခေါက်လိုက်၏။

“အဘိုး အဘွား လျှို့လန်(‌လျှို့=ခြောက်၊ လန်=သားငယ်၊ မြေးငယ်) ပြန်လာပါပြီ။ တံခါးဖွင့်ပါဦး”

လျှို့လန်၏နောက်၌ ‌ရိုးရှင်းသည့် ပညာသင်သား၀တ်ရုံ ၀တ်ဆင်ထားသော တာ့လန်(ယွဲ့၀မ်တာ့)နှင့် အာ့လန် (ယွဲ့၀မ်လီ)တို့ နှစ်ဦးသည် အသီးသီး ရပ်နေကြသည်။

ယွဲ့ချန်ရှို့သည် လှည်းပေါ်မှဆင်းကာ ငွေပေးချေပြီး နောက်လာမည့်နှစ်ရက်၌ မြို့သို့ ပြန်ပို့ရန် လှည်းသမားအား မှာကြားလိုက်သည်။ ထို့နောက် သူယူလာသော ခြင်းကြီးခြင်းငယ်များကို ယွဲ့အိမ်၏တံခါး၀၌ ချလိုက်သည်။ မည်သည့်အသံမျှ မကြားသောကြောင့် သူတို့မိသားစုသည် အိမ်အ၀င်၀၌ စုဝေးကာ မတ်တတ်ရပ်စောင့်နေကြသည်။ အဘွားချန်သည် အိမ်ထဲမှ အပြေးအလွှားဖြင့် တံခါးကို ပြေးဖွင့်တော့သည်။ “စန်းလေး(စန်း=သုံး)” သူမ၏သား ပြန်လာသည်ကို မြင်သောကြောင့် အဘွားချန်၏ မျက်၀န်းများမှာ ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေတော့သည်။

ယွဲ့ချန်ရှို့သည် သူ၏အမေအား အပြုံးလေးဖြင့် ဖြေလိုက်သည်။ “အမေ သားက အမေ့မွေးနေ့မှာ ဂါရ၀ပြုဖို့လာတာ။ အမေ့ရဲ့ စည်းစိမ်ဥစ္စာတွေဟာ ‌အရှေ့ပင်လယ်လို ကျယ်ပြန့်တိုးပွားပြီး နန်တောင်တန်းတွေလို ကြာရှည်တည်တံ့ပါစေ (နန်=တောင်ပိုင်း)” ယွဲ့ချန်ရှို့၏ ယောက္ခမဖြစ်သူ ဟန်မိသားစုသည် မြို့၌ ကုန်ရောင်း၀ယ်ရေး လုပ်ကိုင်ကြလေသည်။ မိသားစု၌ သမီးတစ်ယောက်သာ ဖွားမြင်ခဲ့ပြီး သူမ၏ဘ၀ ချောမွေ့စေရန် ထိုဆိုင်ခန်းကို ယွဲ့ချန်ရှို့အား ကွပ်ကဲစေသည်။ ယွဲ့ချန်ရှို့သည် အလိုက်သိကာ အပြောချိုသည့်လူ ဖြစ်သည့်အတွက် တတိယမိသားစု၏ဘ၀သည် မချမ်းသာသော်လည်း ပြည့်စုံသည်ဟု ဆိုနိုင်သည်။

“ဒီကောင်လေးကတော့ လူပဲ ပြန်လာရင်ရပြီကို ဘာလို့ လက်ဆောင်တွေ သယ်လာသေးတာလဲ။ ဆိုင်မှာ ရောင်းလိုက်ရင် ငွေအများကြီး၀င်မဲ့ ကိစ္စကို” ယွဲ့ချန်ရှို့နှင့် အမျိုးသမီးချန်၏ လက်ထဲ၌ ခြင်းကြီးခြင်းငယ်များ ကိုင်ဆောင်ထားသည်ကို မြင်သော် အဘွားချန်၏ အပြုံးများသည် ဖုံးမနိုင်ဖိမရ ဖြစ်ကုန်၏။

အမျိုးသမီးဟန်သည် အလိုက်တသိဖြင့် ပြန်ဖြေလိုက်သည်။ “အမေနဲ့အဖေတို့ကို ဂါရ၀ပြုဖို့ ဒီငွေတွေ သုံးလိုက်ရတာ တန်ပါတယ်” ထိုသို့ပြောပြီးသည်နှင့် သူမ၏ကလေးသုံး‌ယောက်ကို အကြည့်ဖြင့် အချက်ပြလိုက်သည်။ ယွဲ့ယိုဟယ်သည် အမေဖြစ်သူ၏ အကြည့်ကို လက်ခံရရှိသည်နှင့် သူမ၏အဘွားဖြစ်သူကို ရိုးရာဓလေ့အတိုင်း ဂါရ၀ပြု ဆုတောင်းပေးလိုက်သည်။

“ဒီမြေးမက အဘွားရဲ့ မွေးနေ့အတွက် ဂါရ၀ပြု နှုတ်ခွန်းဆက်ပါတယ်” ယွဲ့ယိုဟယ်၏နောက်၌ မြေးနှစ်ယောက်သည်လည်း အလိုက်တသိ ဦးညွှတ်ကာ မွေးနေ့ဆုတောင်းပေးလေသည်။

ယွဲ့တာ့ဖူထွက်လာပြီး မဆဲဆိုခင်အထိ အဘွားချန်၏မျက်နှာသည် သူမ၏သားနှင့် မြေးဖြစ်သူတို့၏ ရိုသေသော အမူအရာကြောင့် အပြုံးများဖြင့် ပြည့်နှက်နေတော့သည်။ “ဒီအဘွားကြီးကတော့ အပျော်လွန်ပြီး ရူးနေတာပဲ။ ကလေးတွေကို အထဲခေါ်ပြီး နားခိုင်းတော့”

သူမ၏လူအိုကြီး ပြောသည်ကို ကြားမှသာ အဘွားချန်သည် အသိ၀င်လာတော့သည်။ “အမေက အပျော်လွန်မိသွားတာပဲ။ မင်းတို့တွေ နေ့၀က်ခရီးကြောင့် ပန်းနေတာကို မေ့သွားတယ်။ လာကြ လာကြ ပင်မဆောင်မှာ အမေနဲ့ စကားပြောကြတာပေါ့” ထိုအုပ်စုသည် ပျော်ရွှင်စွာ ၀င်သွားကြသောအခါ အမျိုးသမီးချန်သည်လည်း သူမ၏သားသမီးများနှင့်အတူ ပါ၀င်ရန် လိုက်ပါလာခဲ့သည်။

ဟန်အမျိုးသမီး၏ မိသားစုသည် ကောင်းမွန်ကာ မြို့၌ ကုန်ဆိုင်ဖွင့်ကာ ရောင်း၀ယ်ရေး လုပ်သည့်အတွက် သူမသည် မိသားစုရှိ ကလေးတိုင်းအတွက် လက်ဆောင်သေးသေးလေးများ ပြင်ဆင်ပေးနိုင်ပေသည်။ ထို့အပြင် ယိုတင်အတွက် လက်ရှိမြို့ပေါ်၌ ခေတ်စားနေသော ပိုးဖဲကြိုးတစ်စုံကို ပြင်ဆင်လာပေးခဲ့သည်။

ယိုတင်သည် အသက်ပြည့်အခမ်းအနား ရောက်ရန် တစ်နှစ်သာလိုတော့သည့်အတွက် အလှမက်သည့် အရွယ်ဖြစ်ပေသည်။ ထို့ကြောင့် သူမ၏အဒေါ်သုံးဆီမှ ထိုသို့ ပစ္စည်းကောင်းကို လက်ခံရသည့်အတွက် စိတ်ထဲ၌ အပျော်များ ပြည့်နှက်နေသည်။ “ကျေးဇူးပါ ဒေါ်လေးသုံး”

သို့သော်လည်း အဘွားချန်သည် ပစ္စည်း၏ အရည်အသွေးကြောင့် ဘ၀င်မကျဖြစ်နေသည်။

“ဒီတိုင်းမိန်းကလေးတစ်ယောက်ပါပဲ။ ဘာလုပ်ဖို့ အဲလို ပစ္စည်းကောင်းတွေ ပေးနေရတာလဲ။ ဆိုင်မှာ ရောင်းစားတာမှ မြတ်ဦးမယ်”

သူမ၏အဘွားပြောသည်ကို ကြားသည်နှင့် ယိုတင်၏စိတ်ထဲရှိ စိတ်လှုပ်ရှားမှုသည် ပျောက်ကွယ်သွားကာ သူမ၏နှုတ်ခမ်းထောင့်ရှိ အပြုံးလေးသည် ညှိုးနွမ်း‌သွားတော့သည်။ ထိုအရာကို မြင်သည်နှင့် အမျိုးသမီးဟန်သည် အမြန်ပင် ၀င်ရောက်ဖျန်ဖြေလိုက်သည်။

“ယိုတင်က အခုကြီးလာပြီလေ။ အသက်အရွယ်နဲ့လိုက်တာလေး ၀တ်သင့်တာပေါ့။ ဒါလေးက သူရဲ့အ၀တ်လှလှလေးတွေနဲ့ လိုက်ပါတယ် အမေရဲ့”

အမျိုးသမီးဟန်၏ ၀င်ရောက် ပြောဆိုမှုကြောင့် အဘွားချန်လည်း ဆက်၍ အတွန့်မတက်တော့ချေ။

“သည်အဒေါ်က အဲ့လောက်တွေးပြီး ၀ယ်လာပေးမှတော့ ယူထားလိုက်တော့” သူမ၏အဘွား ခွင့်ပြုသည်ကို ကြားသည်နှင့် ယိုတင်သည် ထိုပစ္စည်းလေးအား ၀မ်းမြောက်စွာ လက်ခံလိုက်သည်။

အဘွားချန်၏ လက်ဆောင်သည် ပို၍ပင် အဖိုးတန်သေးသည်။ ငွေရောင်ပန်းဆုံးထိုး တစ်စုံဖြစ်ကာ ထိုဆံထိုးတစ်စုံသည် မည်မျှတန်ကြောင်း လူတိုင်းသိပေသည်။ အဘွားချန်သည် သူမလက်ခံရသည့် အရာအတွက် ၀မ်းမြောက်သွားတော့သည်။ လောင်စန်းရဲ့ဇနီးက သူ့မှာ ကောင်းတာရှိရင် ကိုယ့်ဆွေမျိုးကို မမေ့မလျော့နဲ့ ပေးကမ်းတတ်သားပဲ။

တစ်ဦးချင်းစီ လက်ဆောင်များ ပေးပြီးသည့်နောက် နောက်ဆုံးတစ်ခုမှာ အဘွားချန်၏ မွေးနေ့လက်ဆောင် ဖြစ်ပေသည်။ ယွဲ့ချန်ရှို့သည် သေတ္တာထဲမှ ကြီးမားတောက်ပြောင်သော ငွေလက်ကောက်တစ်ခုကို အဘွားချန်ရှေ့သို့ ထုတ်ပေးလိုက်သည်။

“အမေ ဒါကို အမေ့ရဲ့ အသက်ငါးဆယ်ပြည့် မွေးနေ့အတွက် သားသေချာပြင်ထားခဲ့တာ။ အမေကြိုက်ဖို့ မျှော်လင့်ပါတယ်”

သုံ့ဖန်းခေတ်မှစတင်ကာ မွေးနေ့ အစဉ်အလာတစ်ခုရှိခဲ့သည်။ မိဘများ၏ အသက်ငါးဆယ်ပြည့်၌ သားသမီးများသည် ရွှေငွေများပေးကာ သူတို့၏ ရိုသေလေးစားမှုကို ပြသရသည်။ သို့သော်လည်း ရွာသားများသည် ငွေအနည်းငယ်ရောထားသော ဆွဲကြိုးများကိုသာ ပေးနိုင်ကြပြီး ယွဲ့ချန်ရှို့ကဲ့သို့ ကြီးမားတောက်ပြောင်သော ငွေလက်ကောက်ကို လက်ဆောင်ပေးနိုင်ရန် ခက်ခဲလှပေသည်။

အဘွားချန်သည် ယွဲ့ချန်ရှို့ ကိုင်ဆောင်ထားသော ငွေလက်ကောက်ကိုကြည့်ကာ မျက်ရည်ဝဲနေခံသည်။

“ဒီကောင်စုတ်လေးကတော့ ဒါက‌ ဘယ်လောက်တန်လဲ သိရဲ့လား။ မိသားစုရဲ့ အကြီးတစ်ယောက်တောင် ဖြစ်နေပြီကို အခုထိ ပိုက်ဆုံဖြုန်းနေတုန်းလား” အဘွားချန်သည် ယွဲ့ချန်ရှို့အား ထိုသို့ အပြစ်တင်နေသော်လည်း သူမ၏နှလုံးသား၌ ပျော်ရွှင်မှုများ လွှမ်းခြုံနေလေသည်။ သူမ၏ အငယ်ဆုံးလေးသားလေးသည် အခြားသားနှစ်ယောက်ထက် ပို၍ ရိုသေသမှုရှိသည်မှာ အမှန်ပင်ဖြစ်သည်။

အမျိုးသမီးဟန်သည် ငွေလက်ကောက်ကို အပြုံးလေးနှင့် ကြည့်ကာ အဘွားချန်၏ ညာဘက် လက်ကောက်၀တ်ပေါ်သို့ တင်ပေးလိုက်သည်။ “အမေ့ရဲ့ အသက်ငါးဆယ်ပြည့်အတွက် ဒီချွေးမက သေချာရွေးလာတာနော်။ အမေနဲ့ လိုက်မယ်ထင်လို့ ရွေးလာခဲ့တာ”

ယွဲ့တာ့ဖူသည် သူ၏သားငယ် ပြင်လာသော ဆေးရွက်ကြီးကို သောက်ကာ သူ၏‌မျက်စိရှေ့ရှိ မြင်ကွင်းကို ပျော်ရွှင်စွာ ငေးကြည့်နေသည်။ မိသားစုရှိ လူတစ်စုသည် ပင်မ‌ဆောင်၌ ပျော်ရွှင်စွာ ရယ်မောနေကြသည်။ ကြင်နာတတ်သောဖခင်နှင့် နာခံတတ်သောသားတို့၏ လေထုသည် နွေးထွေးမှုများ ပြည့်နှက်လျက်ရှိသည်။

လူတိုင်းအတွက် လက်ဆောင်ပေးပြီးချန်၌ ဒုတိယမိသားစုအတွက် ပြင်ဆင်လာသည်များကို မပေးရသေးကြောင်း သတိရလိုက်သည်။ အမျိုးသမီးဟန်သည် အပြုံးလေးနှင့် မေးလိုက်သည်။

“အမေ ဒီနေ့ ယိုကျင့်တို့ညီအစ်မတွေကို မတွေ့ပါလား။ ဒီတစ်ခေါက်ပြန်လာတော့ ယိုဟယ်ရဲ့ အ၀တ်ဟောင်းတွေ အများကြီးသယ်လာခဲ့တာ။ သူတို့ ၀တ်လို့ရလောက်တယ်”

ဒုတိယမိသားစုရှိ ကလေးများအကြောင်းကို ကြားသည့်အခါ အဘွားချန်၏ အပြုံးသည် အနည်းငယ် ယိုယွင်းသွားတော့သည်။

“အဲ့ဟာတွေက ဟိုဟယ်ရဲ့ အ၀တ်တွေ၀တ်ဖို့ မလိုပါဘူး။ သူတို့ကြောင့် အ၀တ်တွေ ပျက်စီးသွားလိမ့်မယ်။ ယိုတင်ကို ၀တ်ဖို့ပေးတာမှ ကောင်းဦးမယ်” အဘွားချန်သည် ယိုတင်အား ထိုနည်းတူစွာ တွေးထင်သော်လည်း ဒုတိယမိသားစုနှင့် ယှဉ်လျှင် ယိုတင့်အား အနည်းငယ် မျက်နှာသာပေးပေသည်။

ဟိုဟယ်၏ အ၀တ်ဟောင်းများကို ၀တ်ရမည်ကြားသော် ယိုတင်သည် ယိုဟယ့်အား လူအများ မသိအောင် တိတ်တဆိတ်ခိုးကြည့်လိုက်သည်။ သူမ ယခု၀တ်ထားသော လိပ်ပြာပုံစံ ပန်းထိုးသည် ယိုဟယ်၏ အ၀တ်ဟောင်းပင် ဖြစ်သော်လည်း ထိုအ၀တ်အပေါ် အနည်းငယ်ကျေနပ်မှုရှိသေးသည်။ ထိုအ၀တ်များသည် အနည်းငယ် ဟောင်းသော်လည်း ရွာထဲရှိ အခြားမိန်းကလေးများ၏ အ၀တ်များထက် သာသေးသည်။

“ယို့ဟယ်ရဲ့ အ၀တ်ဟောင်းတွေက အရင်သုံးလေးနှစ်ကဟာတွေ အခုကြီးပြီဆိုတော့ ၀တ်မရတော့ဘူး။ ယိုတင်က ယိုဟယ်ထက် ခေါင်းတစ်လုံးလောက်မြင့်နေတော့ သူနဲ့လဲ မတော်လောက်ဘူး”

မထင်မှတ်ထားစွာပင် အမျိုးသမီးဟန်သည် အဘွားချန်၏ အကြံပေးမှုကို ငြင်းငယ်လိုက်သည်။

“ယိုတင်က အခုဆို ‌ဆယ့်လေးနှစ် ရှိနေပြီလေ အမေရဲ့။ သူ၀တ်ချင်ရင် သူ့ဘာသာ ပစ္စည်းကောင်းလေးတွေ ရှာ၀တ်သင့်ပါတယ်”

အမျိုးသမီးဟန်သည် ထိုသို့ ရှင်းပြနေသည့်အတွက် ယိုတင်သည် မပျော်ရွှင်သော်လည်း အတွေးမလွန်ရဲပေ။ သို့သော်လည်း အဘွားချန်သည် အမျိုးသမီးဟန်၏ အပြုံးကို ကြည့်ကာ မကျေမချမ်းဖြစ်နေတော့သည်။ အမျိုးသမီးဟန်၏အဖေ လူအိုကြီးနှင့် အချင်းချင်း ရင်းနှီးကြသောကြောင့်သာ မဟုတ်လျှင် သူမသည် မြို့ပေါ်က ချွေးမလောင်းကို သူ့သားနှင့် လက်ထပ်ခိုင်းမည် မဟုတ်ချေ။ ထိုမိန်းမသည် သူမ၏သားကို သူမနှင့် ဝေးရာသို့ ခေါ်သွားခဲ့သည်။ သူမ၏သားဖြစ်သူသည် မိန်းမ၏အိမ်၌ တက်နေသည် မဟုတ်သော်လည်း သားဖြစ်သူတို့မိသားစု နေထိုင်ရာအိမ်သည် အမျိုးသမီးဟန်၏ မိသားစုအိမ်နှင့် ခြေလှမ်းအနည်းငယ်သာ ကွာပေသည်။ ဒုတိယမိသားစုခွဲကို သူမ သဘောမကျကြောင်း သိသော်လည်း ဟိုပေး ဒီပေး လုပ်နေသည့်အတွက် အဘွားချန်သည် အမျိုးသမီးဟန်အပေါ် ပို၍ပင် အမြင်မကြည်ဖြစ်လာသည်။

ယွဲ့ချန်ရှုသည် ဒုတိယမိသားစုခွဲအပေါ်၌ အာရုံသိပ်မထားသော်လည်း သူ၏ဇနီးသည်သည် ထိုသို့ပေးကမ်းချင်သည့်အတွက် သူမသဘောအတိုင်းသာ ဖြစ်စေရမည်။

“အမေရယ် ဒီတိုင်း အ၀တ်ဟောင်းတစ်စုံနှစ်စုံတင်ပါ။ အရင်တစ်ခေါက်က ယိုကျင့်တို့ညီအစ်မတွေ အ၀တ်စု‌တ်တွေ ၀တ်ထားတာ တွေ့လိုက်တယ်။ တကယ်လို့ အဲ့အတိုင်းကြီး အပြင်မှာ လျှောက်သွားနေရင် ကြည့်ရဆိုးတယ်” ထို့နောက် သူသည် အမေဖြစ်သူ၏ အနားသို့တိုးကာ တီးတိုးပြောလိုက်သည်။

“သူတို့ကိုမြင်ပြီး အပြင်လူတွေက အမေ့ကို ဘက်လိုက်တယ်လို့ ပြောကြရင် ဘယ်လိုလုပ်မလဲ”

အဘွားချန်သည် သူမ၏သား ပြောသည့်စကားများကြောင့် ချက်ချင်း ပေါက်ကွဲတော့သည်။

“သူတို့က အဲ့လိုပြောရဲတယ်ပေါ့” အဘွားချန်သည် ဒေါသထွက်ပြနေသော်လည်း သူမသည် ဂုဏ်သရေကို မြတ်နိုးသူဖြစ်သည်။ ထို့ကြောင့် အမျိုးသမီးဟန်ကို မျက်နှာလွှဲကာ ခွင့်ပြုလိုက်သည်။

“အဲ့လိုဆိုလည်း အနောက်ခြံထဲ သွားပေးချည်။ မဟုတ်ရင် လျှာပါးတဲ့လူတွေက ငါ့အကြောင်း အတင်းတုပ်စရာ ရနေမယ်”

အမျိုးသမီးဟန်သည် ခွင့်ပြုချက်ကို ရသည်နှင့် အဘွားချန်၏ ထေ့ငေါ့သော စကားများကို လျစ်လျူရှုလိုက်သည်။ သူမသည် ပင်မဆောင်မှထွက်ကာ အနောက်ခြံ၀န်းထဲသို့ ခြင်းအကြီးကြီး သယ်ကာ ၀င်သွားတော့သည်။

ကိုယ်၀န်ကြောင့်လှဲနေသော အမျိုးသမီးစုသည် ယိုပေါင်၏ ပြောစကားကြောင့် ထထိုင်ရန် ပြင်လိုက်သည်။ “မင်းတို့ရဲ့ အဒေါ်သုံး ပြန်လာပြီလား”

အမျိုးသမီးဟန်သည် ဝါနေသော မျက်နှာလေးများ တည်ရှိကာ ခေါင်းသေးသေးလေးများကို အသာအယာ ပုတ်ပေးရင် ခုတင်၌လှဲနေသော အမျိုးသမီးစုကို ကြည့်လိုက်သည်။ ကိုယ်၀န်လွယ်ထားသော ဗိုက်မှလွဲ၍ တစ်ကိုယ်လုံးသည် ပိန်ပါးလျက်ရှိသည်။ အမျိုးသမီးဟန်၏စိတ်၌ မသက်မသာ ဖြစ်မှုကို ခံစားလိုက်ရသည်။ “အစ်မ အမြန်လှဲနေလိုက်နော်”

အမျိုးသမီးစုသည် သူမ၏ယောင်ရမ်းနေသော မျက်နှာ၌ အပြုံးတစ်ခုဆင်ကာ မာတောင့်နေသော ခေါင်းအုံးပေါ်၌ လှဲလိုက်သည်။ ယွဲ့မိသားစု၌ သူမနှင့် ‌ပုံမှန်ပြောဆိုပေးသောသူမှာ တစ်နှစ်၌ တစ်ခါသာ တွေ့ရသည့် အမျိုးသမီးဟန်ဖြစ်သည်။

“ဒီလောက် ခရီးဝေးကြီးနှင်လာပြီး မနားသေးဘူးလား။ အမေသာ နင်ဒီလာတာသိသွားရင် နင်တော့ အပြောခံရဦးမယ်” သူမနှင့် အမျိုးသမီးဟန်တို့ ပတ်သက်သည်ကို အဘွားချန် မနှစ်သက်ကြောင်း သူမရှင်းရှင်းလင်းလင်း သိပေသည်။

“ရပါတယ်။ အမေ့ကို ခွင့်တောင်းပြီးမှ လာတာပါ” အမျိုးသမီးဟန်တစ်ယောက် အပြုံးလေးနှင့် ၀င်လာသည်ကို မြင်သည်နှင့် ယိုကျူးနှင့်ယိုပေါင်သည် ခုတင်ပေါ်မှ ဆင်းကာ နေရာဖယ်ပေးလိုက်သည်။ အမျိုးသမီးဟန်သည် အိမ်ထဲမှ သကြားလုံးအိတ်ကို ညီအစ်မနှစ်ယောက်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

“ယိုကျူးနဲ့ယိုပေါင်က လိမ္မာလိုက်တာ။ သကြားလုံးတွေကို ညီမလေးတွေနဲ့ မျှစားနော်။ ဒေါ်လေး မင်းတို့မေမေနဲ့ စကားပြောလိုက်ဦးမယ်”

ညီအစ်မနှစ်ယောက်သည် အမျိုးသမီးစုကို လှမ်းကြည့်လိုက်ကာ အမေဖြစ်သူ၏ ခွင့်ပြုချက်ကိုရမှသာ သကြားထုတ်ကို ယူလိုက်သည်။ ထို့နောက် အိပ်နေကျ ခုတင်ပေါ်၌ ညီအစ်မများကို စုဝိုင်းကာ စားကြလေသည်။

အမျိုးသမီးဟန်သည် နှစ်နှစ်အရွယ်သာ ရှိသေးသော်လည်း ငြိမ်ငြိမ်လေးထိုင်နေသည့် ရှောင်ကျို့ကို ပွေ့လိုက်ကာ ချီးကျူးလိုက်သည်။ “ဒီကလေးတွေက လိမ္မာလိုက်တာ အစ်မရယ်”

“ငါသူတို့ကို မသင်ပေးလိုက်ရပါဘူး။ ငါ့ကျန်းမာရေးက အမြဲမကောင်းနေတော့ ဘာမှမလုပ်ပေးနိုင်ဘူး။ သူတို့ညီအစ်မတွေ အကုန်လုံးကို ယိုကျင့်နဲ့ ယိုရင်ကပဲ သင်ပေးခဲ့တာ” အမျိုးသမီးစုသည် အပြုံးလေးနှင့်သာ ရှင်းပြနိုင်လေသည်။

“ယိုကျင့်ကတော့ ငယ်ငယ်ကတည်းက အလိုက်သိတာ။ ကျွန်မတို့ယိုဟယ်ထက် သုံးနှစ်ပဲငယ်ပေမဲ့ ယိုဟယ်ထက် ပိုပြီး တည်တည်ငြိမ်ငြိမ်ရှိတယ်” ယိုကျင့်အကြောင်းကို ပြောမိသည်နှင့် အမျိုးသမီးဟန်၏ နှလုံးသားသည် အနည်းငယ် နာကျင်လာသည်။ ယိုကျင့်သည် ဆယ့်တစ်နှစ်အရွယ် ဆိုသော်ငြားလည်း ရှစ်နှစ်အရွယ်ကလေးကဲ့သို့ပင် ဖြစ်နေသည်။ ယိုဟယ်သည် ဆယ့်တစ်နှစ်အရွယ်ကပင် အပျိုဖော်၀င်နေပြီဖြစ်သည်။

သူမထိုအကြောင်းကိုပြောလေ ဒုတိယမိသားစုရှိ ကလေးများအတွက် ပို၍စိတ်မကောင်း ဖြစ်လေဖြစ်သည်။ သူမကိုယ်သူမ သတိပြန်ကပ်ကာ ယူလာသော ခြင်းထောင်းထဲမှ အင်္ကျီများကို ထုတ်လိုက်သည်။

“ဒီဟာကလေ အိမ်မှာရှာထားတဲ့ ယိုဟယ်ရဲ့ အထည်ဟောင်းတွေပါ။ ယိုဟယ် ၀တ်ပြီးသားမလို့ နည်းနည်းနွမ်းနေပေမဲ့ ၀တ်လို့တော့ရပါတယ်”

ထို့နောက် အမျိုးသမီးဟန်သည် အရောင်ဖျော့ဖျော့ ၀တ်စုံတစ်ထည်ကို ယူကာ ပြောလိုက်သည်။

“ဒါတော့ ယိုကျူးနဲ့ လိုက်လောက်တယ်။ ဒီတခေါက် ခုနစ်ထည် ရှစ်ထည်လောက်ယူလာတော့ ကလေးတွေ တစ်ယောက်တစ်စုံ ၀တ်လို့ရပါတယ်။ အစ်မ သဘောကျရဲ့လား”

အမျိုးသမီးဟန် ယူလာပေးသော အပ်ချုပ်ထည်များကို ကြည့်ရင်း အမျိုးသမီးစု၏ မျက်၀န်းများသည် ပူနွေးလာပေသည်။ “ဒီလောက်ကောင်းတာတွေ ညီမလေးပဲသိမ်းထားလိုက်ပါ”

အမျိုးသမီးစုသည် ယောက္ခမဖြစ်သူ ရှာတွေ့လျှင် ပြဿနာရှာခံရမည်ကို စိုးရိမ်နေကြောင်း သူမ ရိပ်မိလေသည်။ ထို့ကြောင့် အပြုံးလေးဖြင့် ချော့မော့ပြောလိုက်သည်။

“အမေ့ကို ခွင့်တောင်းပြီးပါပြီ။ အမေက‌ ပြောလို့လာပို့တာပါ။ အခု ကျွန်မတို့ ယိုဟယ်က ထွားလာပြီလေ။ ပြီးတော့ အိမ်မှာ ကလေးအရွယ်လည်း မရှိဘူး။ အဲ့တော့ ယိုကျင့်တို့ညီအစ်မတွေပဲ ၀တ်လို့ရတော့မှာပေါ့”

ထိုစကားများကြောင့် အမျိုးသမီးစုသည် မျက်ရည်များ ကျဆင်းလာပြီး သူမ၏ လက်ဖဝါးဖြင့် မျက်လုံးထောင့်ကို သုတ်လိုက်သည်။ “ငါ့ညီမက တကယ်ကို စဉ်းစားတတ်တာပဲ”

eyyj
Author: eyyj
မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

长姐怎么还没嫁人
Score 8.6
Status: Ongoing Type: Author: , , Artist: Native Language: Chinese
မိတ်ဆက် သူမက ဘ၀ကူးပြီး မီးပုံထဲခုန်ကူးခဲ့တယ်။ ယွဲ့ယိုကျင့်က ဒုတိယမိသားစုခွဲရဲ့ အကြီးဆုံးသမီးဖြစ်ပြီး သူ့ညီမတွေရဲ့ အချစ်ခံရတဲ့သူဖြစ်တယ်။ သူမက စိတ်ဓာတ်သန်မာပေမဲ့ ကြံခိုင်သန်မာတဲ့ခန္ဓာ ရှိမနေခဲ့ဘူး။ အဲ့အတွက် အသက်ဆယ့်နှနှစ်မတိုင်ခင်အထိ သူမဒေါသတွေကို ချုပ်ထိန်ထားခဲ့တယ်။ အသုံးမကျတဲ့အဖေက သားမမွေးပေးနိုင်လို့ဆိုပြီး အပြင်မှာ ဖောက်ပြန်တယ်။ ပြီးတော့ အဲ့အမျိုးသမီးကို လက်ထပ်ပြီး အိမ်ခေါ်လာခဲ့တယ်။ အဘွားကလည်း မြေးမတွေထက် မြေးတွေကို ပစားပေးပြီး သူမတို့ကို လူလိုတောင် မဆက်ဆံခဲ့ဘူး။ ၀မ်းကွဲအမတွေက ဘ၀ကြမ်းတဲ့လူတွေကို နှိမ်ပြီး အမြင့်တက်ဖို့လုပ်တယ်။ တော်လွန်တတ်လွန်းတဲ့အစ်ကိုတွေက မိသားစုရဲ့စည်းစိမ်ကို အကုန်ဖြုန်းနေတဲ့ ကျောင်းသားတွေ....။ ကံကောင်းထောက်မစွာ ထိုယွဲ့မိသားစုမှ လွတ်မြောက်ရန် အခွင့်အရေးရှာတွေ့ခဲ့‌တယ်။ သူမဟာ မိသားစု၀င်ဆယ်ဦးကို စောင့်ရှောက်ရမဲ့ တာ၀န်ကို ပခုံးပေါ်ထမ်း‌ထားပြီး ပိုက်ဆံရှာဖို့သာ တွေးနေခဲ့တယ်။ သူမညီမတွေကို ပျိုးထောင်ခဲ့ပြီး အနားယူတော့မမဲ့အချိန်ရောက်လာခဲ့ပြီ။ ဘယ်လို... မင်းတို့က အမြန်လက်ထပ်ခိုင်းနေတာလား.... ညီမလေးများ: “မမကြီး မမနဲ့ခဲအိုက ဟိုမရောက်ဒီမရောက်ဆက်ဆံရေးနဲ့ နှစ်ချီကြာနေပြီ။ ဒီတိုင်းပွဲသေးသေးလေးပါပဲ။ ဘာမှထူးထူးခြားခြားမရှိဘူးရယ် ဒီနေ့ပဲလုပ်ကြမလား” တရား၀င်နာမည် မရှိတဲ့ ခဲအိုဟာ မျက်ရည်ကျမတတ်ပျော်နေခဲ့တယ်။ “ညီမလေးတို့ လုပ်ကြရအောင်။ ခဲအိုက မင်းတို့ဖို့ အိမ်အကြီးကြီး၀ယ်ပေးမယ်” အမျိုးသမီးဇာတ်ဆောင်မိသားစုနာမည်ဟာ အစပိုင်းယွဲ့မှ စုအဖြစ်နောက်ပိုင်းပြောင်းသုံးသွားပါမည်။ ________________

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset