ERSY အခန်း ၂၈

အပိုင်း ၂၈ ။ ချန်းယွီရဲ့ကလဲ့စား

ကန်းဇီလွေ့ရဲ့ မျက်နှာထား စက္ကူလိုမျိူး ဖြူရော်သွားတဲ့ပုံက အပြစ်ရှိတဲ့ပုံစံ အပြည့်အဝကို ပေါ်လွင်စေတယ်။ ပင်ကိုယ်တည်ကြည်ဖြောင့်မှန်တဲ့မျက်နှာထားက ချက်ချင်းကို ပြောင်းလဲသွားပုံက ဟန်တောင် မဆောင်နိုင်ခဲ့ဘူး။ သူက ချီချန်းယွီကို ကြည့်လိုက်ရင်း ” ဒါတွေကိုရည်ရွယ်ချက်ရှိရှိ ငါလုပ်ခဲ့တာ။ အဲ့ဒါဘာဖြစ်လဲ။ နင့်ကို ကျင့်ကြံခြင်းအကြောင်း သင်ပေးတာ ငါလေ။ ငါပေးထားတာ ငါပြန်ယူတာ ပြဿနာရှိလို့လား”

ချီချန်းယွီခမျာ လက်တွေ ကျစ်ကျစ်ပါအောင်ဆုပ်ထားလို့ သွေးတွေတောင် တစ်စက်စက်ကျနေပြီ။

ကန်းဇီလွေ့ရဲ့မျက်နှာထားက ပိုပြီးခက်ထန်လာတယ်။ စိတ်လည်းတိုနေတဲ့ပုံပဲ။

“အဲ့ဒီတုန်းက နင့်ကိုငါ အတော်ယုံကြည်ခဲ့ပြီး ငါ့တပည့်အဖြစ် လက်ခံခဲ့တယ်။ နတ်ဝိညာဉ်အခြေတည်အဆင့်ကို နှစ်တစ်ရာအတွင်း ရောက်အောင် နင်ဘာနည်းလမ်းတွေ သုံးခဲ့လဲ မသိပေမဲ့ ငါ့တုန်းကတော့ ရွှေအမြုအတေအဆင့်ရောက်အောင် နှစ်သုံးရာလောက်ဖြုန်းခဲ့ရတယ်။ နင့်ကို ဘယ်သူက ဆရာထက်သာရမဲ့ အခွင့်အရေးပေးထားလို့လဲ”

ကူယွဲ့မျက်မှောင်ကို ကျုံ့လိုက်တယ်။ ဒါမနာလိုနေတာ မဟုတ်ဘူးလား။ ဆရာ့ထက်သာလွန်တဲ့ သူမရဲ့အရည်အချင်းက ကိုယ့်တပည့်ကိုတောင် မနာပြန်လိုရတဲ့အထိ အင်အားကောင်းသွားပြီး သူမကို ဖျက်ဆီးခဲ့တာ။ ဒီကောင်ရူးနေတာပဲ။

“အစကတော့ နင့်ရဲ့ကျင့်ကြံခြင်းကို ပျက်စီးစေဖို့ပဲရည်ရွယ်ခဲ့တာပဲ” သူပိုပြီးပြောလေလေ ပိုပြီး ရက်စက်လာလေလေပဲ။ သူ့မျက်လုံးအကြည့်တွေက အရှင်လတ်လတ်အရေခွံစုတ်တော့မဲ့အတိုင်းပဲ။

“ဒါပေမဲ့ နင်က ယွီတင်းကို သွေးဆောင် ဖြားယောင်းသွားလိမ့်မယ်လို့ ငါဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူး။ နင်က ဘာလဲ။ နင်က ငါခေါ်ဖို့ ခယနေရတဲ့သူတောင်းစားသာသာပဲ။ သူ့ဘေးမှာ နေဖို့ ဘာထိုက်တန်တာမှမရှိဘူး”

ဟင်… ဇာတ်လမ်းရှိတာလား။

“ငါနင့်ကို ချန်းယွီလို့ ဘာလို့ပေးခဲ့လဲ သိလား ချန်းယွီ… မိခင်သဘာဝတရားဆီက ကျက်သရေကို အမွေရထားတဲ့ချန်းယွီ…နင့်ရဲ့သန့်စင်ယင်ခန္ဓာကိုယ်နဲ့ မလိုက်ဖက်ဘူးလား”

“ကျွန်မမှာသန့်စင် ယင်ခန္ဓာကိုယ်ရှိတာကို ရှင်သိထားတယ်ပေါ့”

“ငါသိတော့ ဘာဖြစ်လဲ၊ နင်က ငါယွီတင်းအတွက်ပြင်ထားပေးတဲ့ အသုံးချခံလူသားသပ်သပ်ပဲ။ နင့်ကို ကျင့်ကြံခြင်းအကြောင်း သင်ပေးတယ်ဆိုတာ ဝိညာဉ်ချီစုတဲ့နေရာမှာ အထောက်အကူ ဖြစ်စေဖို့အတွက်ပဲ။ နင်က နင့်နေရာနင်နေပြီး သူ့ရဲ့ကျင့်ကြံခြင်းကိုပဲကူညီပေးတဲ့ အသုံးချခံအနေနဲ့ နေရမှာ။ အခုတော့နင်က သူ့ကို ချစ်အောင်လုပ်ပြီး သူ့တာအိုလက်တွဲဖော်အဖြစ် လိုချင်လာအောင်တောင် သွေးဆောင်လိုက်သေးတယ်”

သူ့ပုံစံက စပြီးရူးကြောင်ကြောင်ဖြစ်လာသလိုပဲ။ ပြောနေတဲ့စကားကအစ အံကြိတ်သံနဲ့။

“ငါက သူနဲ့နှစ်တွေ အကြာကြီးအတူတူရှိလာခဲ့တာ။ အခုမှနင်က လာြပီး သူ့တာအိုလက်တွဲဖော် ဖြစ်စရာအကြောင်း ဘာမှမရှိဘူးနော်။ သန့်စင်ယင်ခန္ဓာကိုယ်တစ်ခုက လူသန်းပေါင်းများစွာရဲ့ အနင်းချေခံတစ်ခုပဲ ဖြစ်သင့်တာ။ နင့်ရဲ့မူလကံအတိုင်း ပြန်ဖြစ်အောင်လုပ်တာ ငါဘာမှားလို့လဲ။

ရှန်းရင်: “သောက်ရမ်းဂေး….

ကူယွဲ့: “ဖာ့ကင်းဂေး….’

တစ်ချိန်တည်းမှာပင်….

ယိချင်း: “…” ဟင် သူတို့ဘာပြောလိုက်တာလဲ။ ငါပဲနားမလည်တာလား။

“အဲဒီတော့ရှင်က ကျွန်မကိုအစကတည်းက ဖျက်ဆီးချင်နေခဲ့တာပေါ့”

“ဖျက်ဆီးတယ်ဟုတ်လား နင်အခုနတ်ဝိညာဉ်တည်အဆင့်ကို ပြီးသွားခဲ့ပြီမလား။ မင်ယင်တောင်ကို ပို့ခဲ့လို့တောင် နင်က ငါ့ကို ကျေးဇူးတင်သင့်တာမဟုတ်ဘူးလား”

“နင်…”

“တော်တော့ ရန်မဖြစ်နဲ့တော့”

ရှန်းရင်က ခြေတစ်လှမ်း ရှေ့တိုးလိုက်ပြီး သူတို့နှစ်ယောက်ကို တစ်လှည့်စီကြည့်လေရဲ့။ ပြီးတော့မှ မျက်နှာထား ခပ်တည်တည်နဲ့ ပြောလာတယ်။

“နင်တို့နှစ်ယောက်လုံးအသက်လည်းကြီးနေပြီ။ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ခဏလောက်ရပ်ပြီး အခြေအနေကို ကောင်းအောင်လုပ်ဖို့တွေးကြပါဦး” နှစ်ကောင်လုံး ကိုက်ဖို့ပဲသိတာလား။

ချီချန်းယွီကခဏငြိမ်သွားပြီး တစ်ခုခုကို ပြန်စဉ်းစားနေတယ်။ ပြီးတာနဲ့ သူမရဲ့လက်နက်ကို ဆင့်ခေါ်လိုက်ပြီး မျက်နှာချင်းဆိုင်ကလူဆီကို လျှောက်သွားလိုက်တယ်။ သူမရဲ့ပုံစံက ယင်ချီတွေကို အထိန်းအကွပ်မရှိ ထုတ်လွှတ်နေပြီး နောက်ပြန်ဆုတ်မဲ့သဘောလည်း မရှိဘူး။

သူမလက်ထဲက ဓားမှာပေါ်နေတဲ့ရန်သူရဲ့ပုံရိပ်က အဲ့လူကို နှုတ်ဆက်နေသလိုပဲ။

ကူယွဲ့က မျက်မှောင်ကို ကျုံ့လိုက်တယ်။ အကုန်လုံး ထင်ထင်ရှားရှားဖြစ်နေပြီ။ ရှန်းရင်ပြောတာ မှန်တယ်။ မိစ္ဆာကျင့်ကြံသူက မလိမ်ခဲ့ဘူး။ ဒီကန်းဇီလွေ့ဆိုတဲ့ကောင်က အယုတ်တကာ့အယုတ်ဆုံး မကောင်းဆိုးဝါးပဲ။ သူခဏလောက် ငြိမ်ကျသွားပြီးမှ အစီအရင်တစ်ခုကိုချပြီး လက်ရှိနေရာကို အကာအကွယ် လုပ်လိုက်တယ်။ ဒါမှတခြားလူတွေတိုက်ခိုက်တာတွေမထိမှာ။ အစီအရင်က သိပ်မကြာဘူးဆိုပေမဲ့လို့….။

ချီချန်းယွီနဲ့ ကန်းဇီလွေ့က နတ်ဝိညာဉ်ဖြစ်တည်အဆင့်ချင်းအတူတူပဲဆိုပေမဲ့ အဓိကက ချီချန်းယွီမှာ အရင်က ဒဏ်ရာရထားတာရှိနေတယ်။ အဲ့ဒါကြောင့် လက်တွေ့ကျကျ ပြောရမယ်ဆိုရင် ပြိုင်ဘက်ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ တစ်ဖက်လူကလည်း သူမရဲ့ အရူးလို ကြမ်းကြမ်းတမ်းတမ်း တိုက်ကွက်တွေကို ထိန်းနိုင်မှာ မဟုတ်ဘူး။ သူမအသက်ကိုတောင် ပဓာနမထားဘဲ လက်စားချေဖို့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ ခုခံဖို့ကို လျစ်လျူရှုလိုက်မှာ။ ပြီးတော့ တခြားကျင့်ကြံသူတွေနဲ့ယှဉ်ရင် သူမမှာ ပိုဉာဏ်များတဲ့တိုက်ကွက်တွေရှိတယ်။ အဲ့အရာက ကန်းဇီလွေ့ကို ရှုံးသွားစေနိုင်ပြီး သေတောင်သေသွားစေနိုင်သေးတယ်။

ဒီအတိုင်းဆို ဘယ်လိုမှ မကောင်းနိုင်ဘူး။ ကူယွဲ့ရဲ့ မျက်နှာသိပ်မကောင်းတော့။ ပွဲကိုသိမ်းပေးဖို့ သူ့ချီစွမ်းအင်ကို ထုတ်ဖို့ကြံနေတုန်းမှာပဲ ချီချန်းယွီက ရုတ်တရက် ထအော်လိုက်တယ်။

“မလာနဲ့” ပါးစပ်ထဲကသွေးတွေကို ထွေးထုတ်လိုက်ပြီး သူမရှေ့မှာရှိနေတဲ့လူကို ဆိုးဆိုးရွားရွားပုံစံနဲ့ပဲ လှမ်းအော်လိုက်တယ်။

“ရှင့်ရည်ရွယ်ချက်ကို ကျေးဇူးတင်ပေမဲ့ ကျွန်မကလဲ့စားချေမဲ့ကိစ္စကို ကျွန်မဖာသာပဲရှင်းပါ့မယ်” ပြောလို့ပြီးတာနဲ့ သူမရဲ့တိုက်ကွက်ကို ပြန်လည်စတင်လိုက်တယ်။

ကူယွဲ့ကတော့ လှမ်းဖို့ပြင်နေတဲ့ခြေလှမ်းကို ပြန်ရုပ်လိုက်တယ်။

ကန်းဇီလွေ့ကတော့ တိုက်ပွဲပြင်းထန်လာတာနဲ့အပြိုင် ပုံစံကလည်း ပိုဆိုးလာတယ်။ ချီချန်းယွီက ငရဲကို အတူတူသွားဖို့ တွေးထားမှာဆိုတာကိုလည်း သူကြောက်နေသေးတယ်။ မဟုတ်ဘူး… သူဒီမှာ မသေနိုင်ဘူး။ နတ်ဝိညာဉ်အခြေတည်အဆင့်ကို မအောင်မြင်သေးပဲနဲ့….

“ချီချန်းယွီ…ဒါက ဓားရိပ်ဖမ်းခြင်းတောင်ထွတ်ဆိုတာ မမေ့နဲ့။ ငါ့ကိုသတ်လိုက်ရင် နင်ရော အသက်ရှင်မယ်ထင်လား” သူက ခပ်ကျယ်ကျယ်ပဲ ခြိမ်းခြောက်လိုက်တယ်။

“တောင်သခင်တွေအကုန် သိပ်မကြာခင် သိသွားမှာပဲ”

“ဟင်း…ငါကလဲ ဒီမှာ အသက်ရှင်နေဖို့စိတ်ကူးမရှိဘူး” ခြိမ်းခြောက်တာကို မကြောက်မလန့်နဲ့ပဲ သူမပုံစံက ပိုပြီးအင်အားကြီးလာတယ်။

“ငါတို့ဒီမှာ အကြာကြီးနေလို့မရဘူး” ကူယွဲ့က မျက်မှောင်ကျုံ့ရင်းထပြောတယ်။

“မဟာနတ္ထိဂိုဏ်းက အနှေးနဲ့အမြန် ဘာဖြစ်နေလဲဆိုတာ သိသွားမှာပဲ။ ငါသွားပြီး မျှားထားပေးမယ်။ တောင်မှာကျန်ခဲ့မဲ့ထဲက ရှန်းရင် နင်က….ဟင် ရှန်းရင် ဘယ်ရောက်သွားလဲ”

ယိချင်းလှည့်ကြည့်လိုက်ပြီးလန့်သွားမိတယ်။ ဒါပေမဲ့ သူ့ဘေးကလူကတော့ အစအနတောင်ရှာမရဘဲ ပျောက်သွားခဲ့ပြီ။

ဟိုလီရှစ်

သူဘယ်အချိန်တုန်းက ထွက်သွားတာလဲ။

ဓားရိပ်ဖမ်းခြင်းတောင်ထွတ်တွင်…..

နတ်ဝိညာဉ်ဖြစ်တည်အဆင့်ဆရာသခင်သုံးယောက်က ခန်းမဆောင်ရဲ့ တစ်နေရာမှာ အတူတူ ထိုင်နေကြတယ်။ သူတို့သုံးယောက်ရဲ့ကြားမှာတော့ ကောင်းကင်ဆီကို ထောင်ထွက်နေတဲ့ အဖြူရောင်အလင်းတန်းတစ်ခုရှိနေတယ်။အဲ့ဒီအဖြူရောင်အလင်းတန်းထဲမှာ နတ်တောင်တန်းတွေနဲ့ ဆန်းကြယ်တိမ်တိုက်တွေက မှိန်မှိန်လေး ထင်ဟပ်နေတယ်။ ဒါက အလယ်ဘုံနဲ့ အထက်ထျန်းလျန်လောကကို ဆက်သွယ်ထားတဲ့တစ်ခုတည်းသော လမ်းကြောင်းပဲ။

“ဟင် သူတို့ထဲကတစ်ယောက်က ရုတ်တရက်မျက်လုံးပွင့်လာတယ်။ “တစ်ယောက်ယောက်က ဓားရိပ်ဖမ်းတောင်ထွတ်ရဲ့ ဖြတ်သန်းကျောက်စိမ်းကိုသုံးပြီး ဝင်လာတယ်”

“တကယ်ကြီးလား” သူ့ဘေးက နောက်တစ်ယောက်ကလည်း မျက်လုံးပွင့်လာတယ်။

” ဆရာတူအစ်ကို ချင်းယွမ် ဘယ်သူလဲဆိုတာ အာရုံခံမိလား”

“အခုထိမရသေး” ချင်းယွမ်က ခေါင်းခါပြတယ်။

“ဒါပေမဲ့ သူဒီရောက်နေပြီဆိုတော့ အပေါ်တက်လာရင် တွေ့ရမှာပေါ့”

“ဟင်း” နောက်ထပ်နတ်ဝိညာဉ်ဖြစ်တည်အဆင့်တစ်ယောက်က သက်ပြင်းချရင်း ထပ်ပြောလေရဲ့။

“ဒီရက်ပိုင်းထဲ အလယ်ထျန်းလျန်လောက က နတ်ဝိညာဉ်အခြေတည်အဆင့်သမားတွေနည်းလာတယ်။ အထက်ထျန်းလျန်လောကကို တစ်ယောက်တက်လာခဲ့ပြီး နောက်ပိုင်းကနေတွက်ရင် နှစ်တစ်ရာလောက် ရှိတော့မယ်။

“အခုချီစွမ်းအင်က ခပ်ပျော့ပျော့ဆိုတော့ အခြေအနေက ပုံမှန်ပါပဲ” ချင်းယွမ်က သက်ပြင်းထပ်ချတယ်။

“ဘာပဲဖြစ်ဖြစ်ငါတို့ရဲ့တာဝန်က အလယ်ထျန်းလျန်လောကက ပါရမီပါသူတွေကို ခေါ်လာဖို့ပဲ။ အဲ့လိုလုပ်ရင် ငါတို့ဆရာရဲ့ လမ်းညွှန်ချက်တွေကို ဖြည်းဆည်းပေးပြီးသားဖြစ်မယ်။ အပေါ်ကို ဘယ်နှယောက်တက်လာလာ ပြဿနာမရှိဘူး။ အရေအတွက်ထက် အရည်အချင်းက ပိုအရေးကြီးတယ်။ အကယ်၍ သာမန်ညောင်ညအရည်အချင်းနဲ့လူကိုသာ လက်ခံမိရင် ဆရာလည်း ကျေနပ်မှာမဟုတ်ဘူး။ ငါတို့အလျင်မလိုပါဘူး”

“ဒါပေမဲ့ ကျွန်တော်တို့သုံးယောက်လုံး ဒီမှာပဲစောင့်နေတာ နှစ်ရာချီရှိနေပြီ။ ဘယ်အထိ ကျွန်တော်တို့စောင့်နေရမှာလဲ။ ဘယ်အချိန်မှဆရာက ကျွန်တော်တို့ကိုပြန်ခေါ်မှာလဲ”

“ဟုတ်တယ်။ ကျွန်တော်လည်း ဒီစောက်ရေးမပါတဲ့နေရာကြီးကို စိတ်ကုန်နေပြီ။ ချီစွမ်းအင်ကလည်း နည်းနေပြီ။ အရင်းအမြစ်တွေကလည်း ကန့်သတ်ချက်နဲ့။ ကျွန်တော်တို့ ဒီမှာပဲဆက်ပြီး အချိန်ဖြုန်းနေမယ်ဆိုရင် ဘယ်တော့မှ နတ်ဖြစ်မှာမဟုတ်တော့ဘူး”

“သူပြောသလိုပဲ ဒါက ထန်းလျန်အလယ်လောကလေးပါ။ ကျွန်တော်တို့သုံးယောက်က ဒါကို ဘာကိစ္စစောင့်နေရမှာလဲ။ အရင်းအမြစ်က နည်းနည်းလေးပဲရတော့ ကျွန်တော်တို့ရဲ့ ကျင့်ကြံခြင်းတွေလည်း နှောင့်နှေးကုန်ပြီ။ ပြန်သွားရင်တော့သေချာပေါက် အလှောင်ခံရတော့မှာပဲ”

“ထားလိုက်ပါတော့ ငါတို့ဆရာအမိန့်ဆိုတော့လည်း ဘာလုပ်နိုင်မှာမို့လို့လဲ။ အရည်အချင်းရှိတဲ့သူ နည်းနည်းလောက်ကိုသာ အထက်ထျန်းလျန်လောကဆီ ပို့နိုင်ရင် ငါတို့ပြန်ရမယ်ဆိုတာ သေချာတယ်”

“ဟူး…ဒီတစ်ခါရောက်လာပါစေလို့မျှော်လင့်ရ….ဟင်” ပြောရင်းဆိုရင်း သူက မျက်လုံးပြူးပြီး အလန့်တကြားနဲ့ ရပ်သွားတယ်။

” ငါဘာလို့မိစ္ဆာကျင့်ကြံသူရဲ့ အငွေ့အသက်ကို ရနေတာလဲ”

ကျန်တဲ့နှစ်ယောက်လည်း သိသွားပြီးလန့်သွားတော့တယ်။

“ဒါကတကယ့်ကို မိစ္ဆာကျင့်ကြံသူပဲ။ ဘယ်လိုလုပ်ပြီး မိစ္ဆာကျင့်ကြံသူကဒီကိုရောက်လာရတာလဲ။ ဒီတစ်ခါလာတဲ့တစ်ယောက်က တကယ့်ကို ဘယ်သူလဲ”

“ငါလေ” စကားသံဆုံးသွားတာနဲ့ အသံတစ်သံက သူတို့ဘေးကနေထွက်လာတယ်။

သုံးယောက်သား အလန့်တကြားနဲ့ လှည့်ကြည့်လိုက်တော့ အစိမ်းရောင်ဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်က ချင်းယွမ်ဘေးမှာ သူတို့လိုပဲ ခြေချိတ်ပြီးထိုင်နေတယ်။ မေးပေါ်လက်ထောက်ပြီး ပျင်းတွဲ့တွဲ့အမူအရာနဲ့ပေါ့။

“မင်းဘယ်သူလဲ” ချင်းယွမ်လန့်ပြီး ခုန်လိုက်တာ အနောက်ကိုတောင် ရောက်သွားတယ်။ သူတို့သုံးယောက်လုံး ဒီကောင်မလေး ဘေးမှာ ရှိနေတာကို သတိမထားမိကြဘူး။

“မင်းဘယ်အချိန်တုန်းက အဲ့မှာထိုင်လိုက်တာလဲ”

“ဟိုတစ်ယောက် သူ့အလုပ်ကို မကောင်းပြောနေကတည်းက” သူမကပခုံးတွန့်ပြီး သူမနားကနေ အနောက်ကို ဆုတ်နေတဲ့သုံးယောက်ကို လက်ယမ်းပြီးခေါ်လိုက်တယ်။

“ဘာတွေကြောက်နေတာလဲ ငါကနင်တို့ရဲ့သူဌေးမဟုတ်ပါဘူး၊ ရှန်းရင်ပါဟဲ့။ ဒီကိုလာခဲ့။ ငါ နင်တို့နဲ့ စကားပြောစရာရှိတယ်”

သုံးယောက်လုံးကတော့ သတိကြီးကြီးထားနေကြတယ်။ ဒီမိန်းကလေးက သူတို့နားမှာ တိတ်တိတ်လေး အကြာကြီး ထိုင်နေတာ။ ကြည့်ရတာ သာမန်လူ မဟုတ်လောက်ဘူး။ ဒါပေမဲ့ သူတို့ဘယ်လောက်ကြည့်ဖို့ ကြိုးစားကြိုးစား သူမရဲ့ကျင့်ကြံခြင်းအဆင့်ကို မမြင်ရဘူး။

“ဒီကိုလာထိုင်လေ…မတ်တတ်ကြီးစကားပြောရတာ ညောင်းတယ်” သူမက ဘေးကနေရာကို ပုတ်ပြလိုက်တယ်။

သူတို့သုံးယောက်လုံး အနောက်ကို ဆုတ်သွားကြပြန်ရော။

“ငါတို့ မထိုင်ရင်ရော”

ရှန်းရင်က ခဏလောက် ငြိမ်သွားတယ်။ ပြီးမှ မျက်မှောင်ကိုကျုံ့လိုက်ရင်း လက်ဆစ်တွေကို ထချိုးတော့တယ်။

”ထိုင်မပြောချင်တော့လည်း ဒူးထောက်ပြီးပြောကြပေါ့”

“…”

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset