အပိုင်း ၂၉။ အချိန်ကိုက် ကလဲ့စား
အပြင်မှာ အာရုံလွှဲပြီး ကူယွဲ့ပြန်လာတော့ ချီချန်းယွီရဲ့ တိုက်ပွဲက ပြီးတောင်သွားပြီ။ နဂိုမာန်တက်နေတဲ့ ကန်းဇီလွေ့ကတော့ အသက်တောင် မရှူနိုင်တော့ဘူး။ ချီချန်းယွီကတော့ တစ်ကိုယ်လုံးမှာ ဒဏ်ရာဒဏ်ချက်တွေနဲ့ချည်း ပြည့်နေတယ်။ သူမကတော့ သူမစကားကို တည်ခဲ့တာပဲ။ သူမလက်စားချေချင်သလောက် အပီအပြင်ကို တိုက်ခိုက်ခဲ့ပြီး ဘယ်သူ့ကိုမှ အကူမခံခဲ့ဘူး။ ကန်းဇီလွေ့ရဲ့ နောက်ဆုံးထွက်သက်ကို မြင်ပြီးမှ သူမရဲ့ ဒယိမ်းဒယိုင်ခန္ဓာကိုယ်ကလည်း နောက်ဆုံးအသက်တစ်ချက်ကို ရှိုက်ပြီးမြေကြီးပေါ်ကိုပစ်လဲပစ်လဲသွားတော့တယ်။ သွေးစွန်းနေတဲ့သူ့မရဲ့ဓားလည်း လွတ်ကျသွားတာပေါ့။
“ဟေး…ပြီးသွားပြီ” ရုတ်တရက်ကြီး ပြန်ရောက်ချလာတဲ့ရှန်းရင်က သူ့ဘေးကလူကို တံတောင်နဲ့ တွတ်ရင်း ပြောလိုက်တယ်။
“ဟိုလီရှစ်ထ်” အလန့်တကြားနဲ့ ကူယွဲ့အနောက်ကိုတောင် ဆုတ်မိသွားတယ်။
“မင်း ဘယ်ထွက်သွားလိုက်တာလဲ”
“တောင်ပေါ်လေ” ရှန်းရင်က အပေါ်ကို လက်ညှိုးထိုးပြလေရဲ့။
ကူယွဲ့ကတော့ ခဏရပ်ပြီးတစ်ခုခုကို စဉ်းစားနေသလိုပဲ။ ခဏနေတော့ သူ့နှုတ်ခမ်းဖျားတွေက အကြောင်းပြချက်မရှိဘဲ ကွေးညွတ်သွားရော… ရှန်းရင် ဘာလုပ်ခဲ့လဲဆိုတာကို သူမမေးချင်တော့ဘူး။
“မဟာနတ္ထိဂိုဏ်းမှာ ဘာဖြစ်ခဲ့တာလဲ။ ယိချင်းက တောင်ထိပ်ကို မော့ကြည့်ရင်းမေးလိုက်တယ်။ အစတုန်းက ဓားရိပ်ဖမ်းခြင်းတောင်ထွတ်ရဲ့အစွန်းနားမှာ ဆူညံသဲ့သဲ့ကြားလိုက်ရသလိုပဲ။
“အော်…ငါ သူတို့ရဲ့ ဂိုဏ်းခေါင်းဆောင်ကို ဒီနေရာမှာ ငါတို့မိစ္ဆာကျင့်ကြံသူကိုရှုံးခဲ့တယ်လို့၊ ပြီးတော့ မဟာနတ္ထိဂိုဏ်းထဲမှာ မိစ္ဆာကျင့်ကြံသူ သူလျှိုရှိတယ်လို့ပြောခဲ့လိုက်တယ်” ကူယွဲ့က အတည်ပေါက်ကြီးနဲ့ကို ပြောနေတာ။ “သူတို့အခုသူလျှိုကိုရှာဖို့ အလုပ်ရှုပ်နေလောက်ပြီ။ အဲဒါကြောင့်ခဏတော့ဘယ်သူမှဓားရိပ်ဖမ်းခြင်းတောင်ထွတ်ကိုရောက်လာြကမှာမဟုတ်ဘူး။ အခွင့်အရေးရတုန်း ထွက်ကြရအောင်”
“နင်သူတို့ကို လိမ်ခဲ့တာပေါ့” ရှန်းရင်က ပြောပြောဆိုဆိုနဲ့ သူ့ကို လှမ်းကြည့်လိုက်တယ်။
ယိချင်းတောင် စိတ်ပျက်သွားတဲ့ပုံစံနဲ့ သူ့ကိုလှည့်ကြည့်လာရော။ ခင်ဗျားကို ဒီလိုအကြီးအကဲမျိုးဆိုတာ မသိခဲ့ဘူးဆိုတဲ့ပုံစံနဲ့။
“မင်းတို့ပုံစံက အဲ့ဒါဘာဖြစ်ကြတာလဲ” သူလည်း နှစ်ယောက်ကို ပြန်ကြည့်လိုက်တယ်။
“မင်းတို့အရှုပ်တွေကို ငါရှင်းပေးခဲ့တာမဟုတ်ဘူးလား။ ပြီးတော့ ငါတို့အကုန် မဟူရာကောင်းကင်ဂိုဏ်းက လာပြီး သူတို့တောင်ပေါ်ကို ပြဿနာလာရှာပါတယ်လို့ ပြောလို့မရဘူးလေ”
သူပြောလို့ပြီးတာနဲ့ ဟန့်ခနဲတစ်ချက်လုပ်ပြီး မြေကြီးပေါ်မှာသွေးတွေနဲ့ မလှုပ်တော့တဲ့လူကို လှမ်းကြည့်လိုက်တယ်။ ပြီးတာနဲ့ သူ့မျက်ခုံးတွေတွန့်ချိုးသွားရော….
အဲဒီအချိန်မှာ ချီချန်းယွီက ဓားရိုးကို အားပြုပြီး လဲနေရာကနေ ယိုင်တိယိုင်တိုင်နဲ့ ထလာတယ်။ သူမတစ်လှမ်းချင်းလျောက်လာတဲ့ မြေပြင်အစိမ်းရောင်တောင် အနီရောင်အဖြစ်ပြောင်းသွားလေရဲ့။ သူ့တို့နဲ့ ငါးလှမ်းစာလောက် အကွာဝေးလေးကို ရောက်အောင်ပဲ အတော် အားတင်း လျှောက်ခဲ့ပြီးပြီးချင်းပဲ ဒူးထောက်ကျသွားတော့တယ်။
“ကျွန်မကို လက်စားချေဖို့ကူညီတဲ့အတွက် ရှင်တို့သုံးယောက်လုံးကို ကျေးဇူးတင်ပါတယ်”
နောက်ဆုံးတော့ ဖိစီးနေတဲ့ဝန်ထုပ်ဝန်ပိုးကြီးကို လွှတ်ချလိုက်နိုင်တဲ့အတိုင်းကြည့်လိုက်တယ်။ ပြီးတော့ သူတို့ကိုပြုံးပြရင်း “ကျွန်မဘဝမှာ ဘာနောင်တမှ မရှိတော့ဘူး။ ဂိုဏ်းသခင်…ကျွန်မရှင်နဲ့အတူ မဟူရာကောင်းကင်ဂိုဏ်းကို ပြန်လိုက်ပြီး အဆုံးအဖြတ်ကိုခံယူပါ့မယ်။ ရှင့်ရဲ့ဂိုဏ်းစည်းကမ်းနဲ့ ဘယ်လိုအပြစ်ကိုပဲပေးပေး ဘာမှမပြောတော့ပါဘူး”
သူမက တကယ်တမ်းကျတော့လည်း မိစ္ဆာကျင့်ကြံသူပါပဲ။ ဒါ့အပြင် မဟူရာကောင်းကင်ဂိုဏ်းရဲ့ ဂိုဏ်းဆရာတွေကို သတ်ခဲ့တာမို့ အကောင်းနဲ့အဆိုးက အစွန်းတစ်ဖက်ဆီမှာ ရှိနေပေမဲ့လည်း ကျင့်ဝတ်ရှိတဲ့ကျင့်ကြံသူတစ်ယောက်အနေနဲ့ ခြွင်းချက်မရှိ ဖမ်းခေါ်ခံသင့်တာပဲ။
သူမတစ်ဘဝလုံး အမတကျင့်စဉ်ကြောင့် ပျက်စီးခဲ့ရပြီး အရှက်တကွဲအကျိုးနည်းဖြစ်ခဲ့ရတယ်။ အဲဒါကြောင့် အဲဒီလမ်းစဉ်ကို စွန့်ပြီး မိစ္ဆာလမ်းကိုလိုက်ခဲ့တာ။ အခုတော့ ပုံမှန် အမတလမ်းစဉ် ကျင့်ကြံသူတွေက သူမကို ကူညီလိမ့်မယ်လို့မမျှော်လင့်ခဲ့ဘူး။
ဒီနှစ်တွေအတွင်း ကန်းဇီလွေ့ကို လက်စားချေဖို့အတွက်ပဲ ရှင်သန်ခဲ့တာ။ ဒင်း ဓားရိပ်ဖမ်းခြင်းတောင်ထွတ်မှာ ရှိနေသရွေ့ သူ့ကို သတ်ဖို့ ဘယ်လိုမှမျှော်လင့်ချက်မရှိဘူးဆိုတာ သူမ သိထားပြီးသား။ ရှန်းရင်ကြောင့်သာ မဟုတ်ရင် တစ်သက်လုံးကြိုးစားရင်တောင် ဓားရိပ်ဖမ်းခြင်းတောင်ထွတ်ကို ဝင်လို့ရမှာမဟုတ်ဘူး။
အမှန်အတိုင်းပြောရရင် ဓားရိပ်ဖမ်းခြင်းတောင်ထွတ်ကို ခြေချလိုက်ကတည်းက အသက်ရှင်လျက် ပြန်ထွက်မဲ့ စိတ်ကူးတကယ်မရှိခဲ့ဘူး။ ဓားကျင့်ကြံသူယိချင်းကပြောတယ်။ ကူယွဲ့က မဟူရာကောင်းကင်ဂိုဏ်းရဲ့ နတ်ဝိညာဉ်အခြေတည်အဆင့် ဂိုဏ်းသခင်တဲ့။ သူမကို လွှတ်ပေးစရာ ဘာအကြောင်းမှမရှိဘူး။ ဆိုတော့ကား သူမ ရှန်းရင်ကို အကြွေးမဆပ်နိုင်တော့ဘူး။
အဲလိုတွေးရင်းဘာဖြစ်နေမှန်းမသိဘဲ စဉ်းစားနေရှာတဲ့ရှန်းရင်ကို သူမလှမ်းကြည့်လိုက်တယ်။ ဒီလောက် နှစ်ပေါင်းများစွာအတွင်းမှာ နွေးထွေးမှုကို ပထမဆုံးအနေနဲ့ သူမပြန်ခံစားရတာပဲ။ သူမတို့သာ အစကတည်းက တွေ့ခဲ့ကြရင်….
“ဂိုဏ်းသခင်…ကျွန်မကိုအပြစ်ပေးပါ” ရှန်းရင်က သူမကို လုံလောက်တဲ့မျှော်လင့်ချက်တွေ ပေးခဲ့ပြီးပြီပဲ။ ထပ်ပြီး ခက်ခဲအောင် လုပ်လို့မဖြစ်တော့ဘူး။ သူမအသက်ကို ဝဝရှူလိုက်ပြီး လက်သီးကို ခက်ခက်ခဲခဲနဲ့ ကျစ်ကျစ်ပါအောင်ဆုပ်လိုက်တယ်။ သူမပုံစံက သေဖို့ဆုံးဖြတ်ထားပြီးတဲ့သူလိုပဲ။
နောက်ဆုံးအားကိုတင်းထားတဲ့ မိစ္ဆာကျင့်ကြံသူကို ကြည့်ရင်း ကူယွဲ့ မျက်မှောင်ကျုံ့ထားတာတွေ ပြေလျော့သွားတယ်။ အစက ကျင့်ဝတ်ရှိတဲ့ကျင့်ကြံသူတစ်ယောက်အနေနဲ့ သူမကိုဖမ်းပြီး ရှီချိုးကို အပြစ်ပေးခိုင်းမလို့ပဲ။ ပြီးတော့ ဓားရိပ်ဖမ်းခြင်းတောင်ထွတ်ကို ရှန်းရင်ကြောင့် တခြားရည်ရွယ်ချက်နဲ့ လာခဲ့တာ။ ဒါတွေအားလုံးပြီးသွားရင် အပြစ်ပေးဖို့အစီအစဉ်ရှိတယ်။
အခု ချီချန်းယွီကလိုလိုလားလားနဲ့တောင်းဆိုလာတော့ ရုတ်တရက်ပြဿနာတစ်ခုကိုတွေ့သွားမိတယ်။ သူ…ဒီလိုမလုပ်နိုင်ဘူး။
ဒါတွေအကုန် ချီးထုပ်ရှန်းရင်ကြောင့်ပဲ…ပြီးတော့အပြစ်ပေးဖို့ကိစ္စကို ဘာကိစ္စငါ့လာမေးနေတာလဲ။ ဟိုအစားသောင်းကျန်းတဲ့တစ်ယောက်ကို မေးပါလား။
“အဟမ်း…ငါ ဒီကိုလူရှာဖို့လာခဲ့တာ…မိစ္ဆာဖမ်းပြီး တာအိုကို ကာကွယ်ဖို့မဟုတ်ဘူး” သူပြောပြီးတာနဲ့ ချက်ချင်း ခေါင်းကိုလွှဲလိုက်တယ်။
“ဂိုဏ်းသခင်” ချီချန်းယွီကတော့ မယုံနိုင်သလိုကြည့်ရင်း အံ့ဩနေရှာတယ်။ သူက ငါ့ကိုလွှတ်ပေးလိုက်တာလား။
“ငါဒီနေ့လုပ်စရာတွေ အများကြီးရှိတယ်။ မင်းအတွက်အချိန်မရှိဘူး”
သူက သူမကို တစ်ချက်လှမ်းကြည့်ရင်း ပြောလိုက်တယ်။ ” ဒါပေမဲ့ နောက်တစ်ခါ အပြစ်မဲ့တဲ့သူတွေကို ထိခိုက်အောင်လုပ်ရင်တော့ ငါညှာမှာမဟုတ်ဘူး”
ချီချန်းယွီ မျက်နှာအမူအရာမျိုးစုံပြောင်းပြီးသွားတာနဲ့ အသိပြန်ဝင်လာလေရဲ့…မျက်ရည်တွေဝဲရင်းနဲ့ပဲ သူ့ကို အသေအချာ ဂါဝရပြုလိုက်တယ်။
“ကျေးဇူးတင်ပါတယ် ဂိုဏ်းသခင်။ ကျွန်မ သေချာမှတ်ထားပါ့မယ်”
ကူယွဲ့က လှည့်လိုက်ပြီး ဓားပျံပေါ်တက်ဖို့ ပြင်လိုက်တယ်။ ဒါပေမဲ့ လေးနက်တဲ့မျက်လုံးတစ်စုံနဲ့ တွေ့လိုက်တာမို့ “နင်က ဘာကြည့်နေတာလဲ” သူနှလုံးခုန်မြန်နေရင်းပဲ မေးလိုက်မိတယ်။
” ငါ ဖြေရှင်းတဲ့နည်းကို မကြိုက်လို့လား”
“မဟုတ်”
ရှန်းရင် ခေါင်းခါပြတယ်။
“ဒါဖြင့် နင်က ဘာလို့မသွားသေးတာလဲ၊ အဖမ်းခံရမှာကိုစောင့်နေတာလား”
သူ့ပုံစံက ပိုပြီးစိတ်တိုလာသလိုပဲ။
“ဒါအကုန် နင့်လုပ်တာပဲမလား။ ငါတို့သာ တစ်မြို့တည်းကမဟုတ်ရင် ငါနင့်ကို အဲ့တံဆိပ်ပြား ပေးခဲ့မှာတောင်မဟုတ်ဘူး”
သူက မဟူရာကောင်းကင်ဂိုဏ်းရဲ့ နတ်ဝိညာဉ်အခြေတည်အဆင့် သခင်ပဲလေ။ ဒီပြဿနာမှာ မျက်စိတစ်ဖက် မှိတ်ပေးထားဖို့ ဘယ်လွယ်ပါ့မလဲ။
“အော်….”
“ချီးကို အော်…လာ မြန်မြန်သွားမယ်”
“အော်”
“…”
——-
သုံးရက်ကြာပြီးနောက်
“ရှန်းရင် နင်အဲ့နေ့က ဘာလို့ ဓားရိပ်ဖမ်းခြင်းတောင်ထွတ်ကိုသွားခဲ့တာလဲ”
ကူယွဲ့က မနေနိုင်မထိုင်နိုင် ထမေးလိုက်တယ်။ တကယ်တမ်းကျ အဲ့တုန်းက ကန်းဇီလွေ့နဲ့ ချီချန်းယွီ တိုက်နေတာ မကြာသေးဘူး။ သူမကလည်း မိစ္ဆာကျင့်ကြံသူပဲ ဖြစ်တဲ့အပြင် တောင်ပေါ်မှာ နတ်ဝိညာဉ်ဖြစ်တည်အဆင့် အစောင့်သုံးယောက်က ရှိသေးတယ်။ သူတို့မသိတာတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဲဒါထက် အစကနေအဆုံးထိ ရှန်းရင်တစ်ကောင်ပေါ်မလာဘူး။
“မေးပါရစေဦး”
ရှန်းရင်က ပျင်းတွဲ့တွဲ့ပြန်ဖြေတယ်။
“ကန်းဇီလွေ့အကြောင်းလား”
သူ လန့်သွားမိတယ်။
“နင် သူ့အကြောင်းဘာရှာတွေ့ခဲ့လဲ”
ရှန်းရင်က သူ့ကိုကြည့်ရင်း သက်သောင့်သက်သာဖြစ်သွားအောင်တောင်ပြောင်းထိုင်လိုက်သေး။ ပြီးမှပြန်ပြောတယ်။
“အဲဒီ ကန်း ဘာကြီး….ကန်း…ကန်း…”
“ကန်းဇီလွေ့”
“အော် အေး…အဲ့အကောင်က မတရားသေရတာမျိုး မဟုတ်ဘူး။ ချီ ချီ…ဟိုကြက်ကင်ကောင်မလေး”
“…”
နင့်စိတ်မှာ သောက်ကျိုးနည်း မှတ်မိတာက ကြက်ကင်ပဲရှိတာလား။
“သူက ယွီတင်းအတွက် ကန်းဇိလွေ့ရှာပေးတဲ့ တူနှစ်ကိုယ်ကျင့်စဉ်ရဲ့ အသုံးချခံမိန်းကလေးထဲမှာ ပထမဆုံး မဟုတ်ဘူး။ ငါကြားတာတော့ သူ့အောက်မှာ ရှိသမျှတပည့်တွေအကုန် မိန်းကလေးတွေချည်းပဲတဲ့။ ဘယ်သူမှလည်း အသက်ကြာကြာ မရှည်ကြဘူးပြောတယ်။ နောက်တော့ ကြက်ကင်မိန်းကလေးက မိစ္ဆာလမ်းစဉ်ကိုကျင့်ပြီး နတ်ဝိညာဉ် အခြေတည်အဆင့်ထိရောက်သွားတော့ သူမရဲ့တပည့်မိစ္ဆာတွေကို ရှာခိုင်းတော့တာ။ အဲအကောင်က သူ့အန္တရာယ်အနံ့ကိုခံမိသွားတော့ ဓားရိပ်ဖမ်းခြင်းတောင်ထွတ်မှာ သွားပုန်းနေတာလေ”
“အဲလိုသာဆိုရင် အဲကောင်သေသင့်တာပဲ”
ကူယွဲ့က မျက်မှောင်ကျုံ့တယ်။
“ဒါပေမဲ့ သူက ဘာလို့ ဓားရိပ်ဖမ်းခြင်းတောင်ထွတ်ကိုသွားတာလဲ”
ထျန်းလျန်လောကသုံးသွယ်မှာ အသုံးချခံမိန်းမ မွေးတာပုံမှန်ဆိုပေမဲ့ အထူးသဖြင့် တပည့်မတွေကို အသုံးချခံမိန်းမ လုပ်ပစ်တာကတော့ အရမ်းစက်ဆုပ်ဖို့ကော င်းလွန်းတယ်။ ပြီးတော့ သူ့လက်အောက်က တပည့်တွေအကုန် သန့်စင်ယင်ခန္ဓာကိုယ်ရှိဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး။ ဂိုဏ်းသုံးဂိုဏ်းကျောင်းခြောက်ကျောင်းကလည်း ဒီလိုကိစ္စမျိုးကို ခွင့်ပြုမထားဘူး။
“အဘိုးကြီးတစ်သိုက်ပြောတာကတော့ သူက ထျန်းချန်လောကက တစ်ယောက်ယောက်နဲ့ အဆက်အသွယ်ရှိနေလို့ ခြွင်းချက်အနေနဲ့ ၀င်လို့ရခဲ့တာတဲ့။ သူက ဓားရိပ်ဖမ်းခြင်းတောင်ထွတ်ကို စောင့်တဲ့ တပည့်နာမည်ခံ ထားတာလေ။ နတ်ဝိညာဉ် အခြေတည်အဆင့်ကိုရောက်သွားတော့ အထက်လောကကို တိုက်ရိုက်တက်လို့ရသွားတာပေါ့။
“အထက်ထျန်းလျန်လောက ဟုတ်လား”
ကူယွဲ့ အလန့်တကြားဖြစ်သွားတယ်။
“သူ့ပင်ကိုယ်အရည်အချင်းအရဆိုရင် နတ်ဝိညာဉ်အခြေတည်အဆင့်ရောက်တာ မဆန်းပါဘူး။ အဲ့ဒါကြောင့်လည်း အထက်ထျန်းလျန်လောကနဲ့ အဆက်အသွယ်ရတာနေမှာပေါ့”
ရှန်းရင်က ရုတ်တရက် သူ့ကို ပဟေဠိဆန်တဲ့မျက်လုံးတွေနဲ့ ကြည့်လာတယ်။
“နင် အဲဒါကိုယုံတယ်ပေါ့”
“အာ”
သူမ ဘာကိုပြောချင်တာလဲ။
“ယွီတင်း”
ရုတ်တရက် နာမည်တစ်ခုကိုသူမထုတ်ပြောလာတယ်။
ကူယွဲ့လန့်ဖျပ်သွားပြီး တစ်ခုခုကို သတိရမိသွားသလိုမျိုး မျက်လုံးတွေပြူးကျယ်သွားတယ်။
“နင် ပြောချင်တာက…..”
ရှန်းရင်တောင် ဘာမှမပြောရသေးဘူး ကူယွဲ့က ချက်ချင်းထရပ်ပြီး ယွီတင်းရဲ့ဆေးတောင်ထွတ်ကို တက်သွားပြီ။
နာရီ၀က်လောက်ကြာတော့ နားမလည်နိုင်တဲ့မျက်နှာထားမျိုးနဲ့ ပြန်လာတယ်။ လက်ထဲမှာလည်း ဆေးရည်ပုလင်းတွေ ကိုင်လို့။ အဲ့ဟာတွေကို ရှန်းရင်ရှေ့က စားပွဲခုံပေါ်ချရင်း သူ့မျက်မှောင်တွေ ကျုံ့နေတော့တယ်။
“နင်မှန်းတာမှန်တယ်။ ဒါ တကယ်ပဲ အထက်ထျန်းလျန်လောကနဲ့ပတ်သက်နေတာ။ ယွီတင်းပဲ…”
…