ERSY အခန်း ၁၀

အခန်း ၁၀။ ယာယီ အလုပ်အကိုင်

“မင်းတို့နှစ်ယောက် မသွားဘူးဆိုရင် ဖယ်ပေးကြစမ်း… နောက်ကလူတွေကို လမ်းပိတ်မထားနဲ့…”

အစောင့်တစ်ယောက်က သူတို့နှစ်ဦးကို ဖယ်ပေးဆိုတဲ့သဘောနဲ့ လက်ဟန်ပြခါထုတ်လိုက်ပြီး နောက်မှာ တန်းစီရပ်နေသူတွေကို ရှေ့တိုးလာဖို့ အချက်ပြလိုက်တယ်။ နောက်အလှည့်ကျသူက ပုလဲလုံးကြည်ကြည်ကလေးတွေကို လက်တစ်ဆုပ်စာအပြည့် နှိုက်ထုတ်လိုက်ပြီး အစောင့်ကို ပေးလိုက်လေရဲ့။ နောက်တော့ အဲ့ဒီလူက အင်းကွက်ပြားပေါ် တက်သွားလေတယ်။

“ဆရာ…” ယိချင်းမှာ စိတ်မကောင်းခြင်းကြီးစွာနဲ့။ လွေ့မိနဲ့ တိုက်ပြီးတဲ့နောက် သူ အသက်ရှိနေသေးတာကတောင် မဟာကံထူးမှုကြီးဖြစ်နေပြီ။ ဆိုတော့ကာ သူ့ပစ္စည်းသိုလှောင်အိတ်ပျောက်သွားတာကို အမှုမဲ့ အမှတ်မဲ့ နေခဲ့မိလိုက်တယ်။

“ကျွန်တော့်အပြစ်ပါ…၊ ကျွန်တော်သာ ဝိညာဉ်စုပ်တံခွန်ကို ပို့ဖို့ အလျင်မလိုခဲ့ရင် ဆရာလည်း စိတ်ဝိညာဉ်ကျောက်တွေ ယူလာဖို့ မေ့သွားမှာ မဟုတ်ဘူး”

“အာ. . .” ‘မဟုတ်ဘူးလေ… တကယ်တော့ ငါ့မှာ ဘာငွေ ဘာကျောက်မှကို မရှိတာ’

“ဆရာ မြို့ထဲ လျှောက်ပတ်ကြည့်နေလိုက်ပါလား… စိတ်ဝိညာဉ်ပုလဲ ၅၀ ဆိုတာ သိပ်အများကြီး မဟုတ်ပါဘူး၊ ကျွန်တော် ဒီမှာ အလုပ်တစ်ခုရှာလုပ်လိုက်မယ်…၊ နောက်နေမထွက်ခင်တော့ ကူးပြောင်းခရီးသွားခရလောက်ပါရဲ့…” သူက အကြံပြုလိုက်တယ်။

“ထားလိုက်ပါ… အတူတူသွားရအောင်…” ရှန်းရင် ခေါင်းတညိတ်ညိတ်လုပ်နေတယ်။

“နှစ်ယောက်လုပ်တော့ ပိုက်ဆံမြန်မြန်ရှာနိုင်တာပေါ့…” သူ ဘာမှ ပြန်မဖြေနိုင်သေးခင်မှာဘဲ ရှန်းရင်က သူ့ကို ပြည်သူ့ရင်ပြင်ဘက်ကနေ ဆွဲခေါ်လာခဲ့ပြီ။

ဟိချင်းက ဒီကိစ္စလိုမျိုးမှာ အတွေ့အကြုံရှိပုံပဲ။ မြို့ထဲမှာ လျှောက်မေး စုံစမ်းကြည့်ပြီးနောက် သူ ရှန်းရင်ကို အမြင့်ဆုံး အဆောက်အဦတစ်ခုဆီ ခေါ်လာခဲ့တယ်။ သူ စာရေးကို နှုတ်ဆက်ပြီးတော့ ပြောတယ်။ “တောက်မိတ်ဆွေ… ဒီနေရာက အစောင့်အရှောက်အလိုရှိတယ်လို့ ကြားလာခဲ့လို့ပါ”

စာရေးက ပျူငှာပြီး ယိချင်းကို ပြန်နှုတ်ဆက်လိုက်တယ်။ သူတို့ကို ခဏလောာက်တော့ ကြည့်နေသေးတယ်။ ပြီးမှ သူ ပြောလာတယ်။

“ဟုတ်တယ်…၊ ကျွန်တော်တို့ရဲ့ ရတနာနန်းမှာ ရတနာ ပြပွဲတစ်ခုရှိတယ်…၊ အဲ့ဒါ အစောင့်အရှောက်အနေနဲ့ အစွမ်းထက်တဲ့ ကျင့်ကြံသူတွေ အလိုရှိနေပါတယ်…၊ ဒီက တောက်မိတ်ဆွေက. . .”

“ကျွန်တော်က ဓားဝိညာဉ်ကျင့်ကြံသူပါ… ရွှေအမြုတေအဆင့်ရောက်ပြီးပါပြီ”

“ရွှေအမြုတေအဆင့် ဓားကျင့်ကြံသူ…” စာရေးကြီးမှာ ဝမ်းသာလွန်လွန်းလို့ ဦးညွှတ်ဂါရဝပါပြုလိုက်လေသည်။

“ဒါဆို အရှင်က တောက်ဆရာသခင်ပဲ…”

“ကျွန်တော် အလုပ်အတွက် သင့်တော်ပြည့်စုံရဲ့လား…”

“ဒါပေါ့ ဒါပေါ့… ပြည့်စုံတာပေါ့…” စာရေးကြီးမှာ ပါးစပ်နားရွက်တက်ချိတ်မတက် ရယ်နေလေရဲ့။ ဒီနေ့ လေလံပေးကာ ထုတ်ရောင်းလိုက်မဲ့ ရတနာက အလွန်ထူးခြားတယ်လို့ ပြောရမယ်။ ဝယ်သူနဲ့ ပစ္စည်းကို လိုက်ပို့ပေးဖို့ အုတ်မြစ်ခြေတည်အဆင့်ရှိတဲ့ ကျင့်ကြံသူလောက်ရှာပေးနိုင်ရင်ကို လုံလောက်ပါပြီလို့ သူ တွေးနေခဲ့တာ။ ဒါပေမဲ့ သူ အံ့သြနေရလောက်အောင်ကို ရွှေအမြုတေအဆင့်ကျင့်ကြံသူကြီးက မိုးပေါ်က ကျလာတယ်လေ။ ရွှင်းယွိတစ်မြို့လုံး မြေလှန်ရှာတောင် ရွှေအမြုတေအဆင့် ကျင့်ကြံသူ မရှိသလောက်ဖြစ်နေတာ။ ဓားကျင့်ကြံသူဆို ပိုတောင်ရှားသေးတယ်။

“တောက်သခင်… ပွဲပြီးလို့ လေလံအောင်တဲ့သူ ပြန်တဲ့အခါကျရင် လုံခြုံအောင်လို့ ကာကွယ်ပေးရုံရယ်ပါ…၊ တစ်ခါလိုက်ပို့ပေးရင် အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံး ၂ တုံးပေးပါမယ်… ဘယ်လိုသဘောရလဲ…”

ယိချင်းတစ်ခဏလောက်တော့ စဉ်းစားနေလိုက်သေးတယ်။ နောက်တော့ မေးတယ်။ “ဒီမှာ ကျွန်တော်တို့က နှစ်ယောက်လိုက်မှာဆိုတော့… တစ်ယောက်ကို ကျောက် ၂ လုံးဆိုရင်ရော…”

“နှစ်ယောက်…” စာရေးကြီး တုံ့ဆိုင်းသွားတယ်။ ဘယ် ညာကို အပြန်ပြန်အလှန်လှန် လေး ငါးခါလောက် ကြည့်ပြီးမှ သူ ရှန်းရင်ကို တွေ့လေသတဲ့။ ‘အယ်… ဒီတစ်ယောက်က ဘယ်အချိန်ကတည်းက ရောက်လာတာပါလိမ့်…’ သူ ဘယ်လိုလုပ် သူမကို သတိမထားမိတာပါလိမ့်။ သေချာအသေးစိတ် ကြည့်ပြန်တော့လည်း သူမမှာ ဘာ စိတ်ဝိညာဉ်စွမ်းအားမှ ရှိမနေတာကို သိသိသာသာ သတိပြုမိပြန်တယ်။ သူမက သေမျိုး လူသာမန်တစ်ယောက်လိုပါပဲ။ ဒါပေမဲ့ သူမရဲ့ အဖော်က ရွှေအမြုတေအဆင့် ကျင့်ကြံသူဆိုတော့ သူမက လူသာမန်ဆိုတာ ဖြစ်နိုင်ဟန်မတူပြန်ဘူး။ သူ မေးကြည့်တယ်။ “ဒီဘက်က တောက်သခင်…၊ အရှင်လည်း အစောင့်အရှောင့်အဖြစ် လိုက်ပါမလို့လား…၊ စိတ်မရှိပါနဲ့ အရှင်က ဘယ်ကျင့်ကြံဆင့်ရောက်ပြီလဲ သိပါရစေ…”

“ငါ့ဟာငါလည်း မသိ”

“…” ‘မသိဘူးတဲ့လား… ဒါဆို ခင်ဗျားက ဘယ်လို အစောင့်အရှောက် လုပ်မှာလဲ…’ စာရေးကြီး ပြန်နှုတ်လှန်ထိုးလိုက်ချင်မိတယ်။ ဒါပေမဲ့ ရွှေအမြုတေအဆင့် တောက်သခင်ကိုလည်း အပြစ်မပြုဝံ့ပြန်ဘူး။

“ဒါဆို… ဆရာသခင်တို့နှစ်ယောက်ပေါင်းပြီး ကျောက်၃လုံးဆိုရင်ရော…”

“ကောင်းသားပဲ…” ရှန်းရင် ခေါင်းညိတ်လိုက်တယ်။ ဒါ အတွဲလိုက်ပေးတာပဲ။ ဒီမတိုင်ခင် သူမ သိလာသေးတာက အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို စိတ်ဝိညာဉ်ပုလဲ အလုံး ၁၀၀ နဲ့ ညီမျှတယ်ဆိုတော့ အခုရမဲ့ လုပ်အားခက ခရီးစရိတ်အတွက် လောက်ရုံတင်မက ပိုပါ ပိုနေသေးတယ်။

ယိချင်းလျှာဖျားမှာတော့ ရှင်းပြမိတ်ဆက်ပေးဖို့ စကားလုံးတွေ အသင့်ရှိနေပြီ။ ဒါပေမဲ့ သူ ပြန်ံမျိုသိပ်လိုက်ရတယ်။ ‘ဟုတ်တယ်… ဆရာက မထင်မရှားနေလိုလို့ပဲ ဖြစ်မှာ…’

“ဆရာသခင်တို့ နှစ်ယောက် ကြွပါ…” စာရေးကြီးက သူတို့နှစ်ယောက်ကို ဒုတိယထပ်ကို ခေါ်လာခဲ့တယ်။ အဲဒီမှာ လူတွေ လေလံဆွဲသံတွေ အညံညံထွက်ပေါ်လျက်ပေါ့။ လေလံပွဲအသေးစားနေရာလေးလိုပဲ။

စာရေးကြီးက သူတို့ကို ကန့်လန့်ကာနောက်ကွယ်က အခန်းငယ်မှာ စောင့်နေစေတယ်။ ယိချင်းကပဲ ဒီယာယီအလုပ်ရဲ့ အကြောင်းကို ရှန်းရင်အား ရှင်းပြပေးရတော့တယ်။ ဒါက စီးပွားရေး လုပ်ငန်းတစ်မျိုးပဲ။ အလွန်တရာရှားပါးတဲ့ နတ်ရတနာတစ်ပါးပါး၊ နတ်ဆေးရည်တစ်မျိုးမျိုး၊ နတ်လက်နက်တစ်ခုခု လက်ဝယ်ရတဲ့ အခါမျိုးမှာသာ လေလံပွဲတွေလုပ်ပြီး ရောင်းချတာဖြစ်တယ်။ ဒီလိုအချိန်မျိုးဆို ဆိုင်ရှင်က လေလံအောင်သူတွေ အိမ်အပြန်လုံခြုံဘေးကင်းစေဖို့ ကျင့်ကြံသူတွေကို အလုပ်အပ်လေ့ရှိတယ်။ ဒါကို အရောင်းအဝယ်ပြီးနောက် အထူးဝန်ဆောင်မှုလို့ပဲ ပြောရမလား။ ဒါပေမဲ့ ပုံမှန်ခါတိုင်းဆို အခုလို အစောင့်အရှောက်အဖြစ် လိုက်ပါသူတွေဟာ အုတ်မြင့်ခြေတည်အဆင့်ရှိတတ်ကြတာ များတယ်။

“တပည့် အခြေတည်အဆင့်မှာတုန်းကဆို ဒီလိုအလုပ်ကလေးတွေ လိုက်လုပ်ဖူးတယ်…၊ ဆရာစိတ်ချပါ…၊ ဒီမြို့လေးက ကျဉ်းတော့ နယ်မြေတွေလည်း သိပ်မများ မကျယ်ဘူး၊ ကျွန်တော်တို့ သွားရမဲ့ ခရီးကလည်း သိပ်ဝေးမှာ မဟုတ်ဘူး၊ နေမဝင်ခင်တော့ ပြီးလောက်မှာပါ…၊ အချိန်သိပ်မကုန်လောက်ပါဘူး…”

“သြော်…” ရှန်းရင် ခေါင်းညိတ်လိုက်တယ်။ အတိုချုပ်ပြောရရင် ဒီအလုပ်က အချိန်ကုန်သက်သာပြီး မပင်ပန်းမဲ့အလုပ်ပေါ့။…ဒါပေမဲ့ သူပြောတဲ့ ‘အုတ်မြစ်ခြေတည်အဆင့်’ဆိုတာ ဘာကြီးမှန်း သူမ မသိဘူး။

သူတို့ သုံးနာရီနည်းပါး စောင့်လိုက်ရတယ်။ ကောင်းကင်ကြီးတောင် ညိုနှင့်ပြီ။ ပွဲလာသူများလည်း အသီးသီး လူစုကွဲကာ ပြန်ကုန်ကြပြီ။ ခုနက စာရေးကြီးက သူတို့ဆီကို ကျင့်ကြံသူတစ်ဦး ခေါ်ဆောင်လာတယ်။

ယိချင်း ဒီလူကို ကြည့်လိုက်တယ်။ အသက်ငယ်ငယ်ရွယ်ရွယ် ကျင့်ကြံဆင့်ကလည်း နဝမဆင့်သာသာ ဝါနုစဉ်သာ ဖြစ်ပေမဲ့ တတိယဆင့်ရှိတဲ့ မွန်မြတ်အလင်းဝတ်ရုံကို ဝတ်စဉ်ထားနိုင်ပုံ ထောက်ရင် နတ်သိုင်းကျင့်ကြံတဲ့ အိမ်တော်ကြီးတွေက သခင်လေးတစ်ပါးပါး ဖြစ်လောက်တယ်။ သူ့လက်ထဲမှာက သေတ္တာနက်ကလေးတစ်လုံး။ သူ ခုနက လေလံအောင်လာတဲ့ နတ်လက်နက်ဖြစ်မှာပေါ့။

“တောက်သခင်… တောက်မိတ်ဆွေလုက ခင်ဗျားတို့ လိုက်လံပို့ဆောင်ပေးရမဲ့ ဖောက်သည်ပါ…၊ အနောက်ဘက်ခြမ်းက လုအိမ်တော်ကို လိုက်ပို့ပေးရုံပါပဲ”

ယိချင်းလည်း ခေါင်းညိတ်လက်ခံလိုက်ပြီး အဲ့ဒီလူငယ်ကို အပြင်ဦးဆောင်ခေါ်လာလိုက်တယ်။ လုလင်ငယ်ကလည်း ယယဉ်ကျေးပျငှာပါတယ်။ ရွှေအမြုတေအဆင့်ကျင့်ကြံသူ လိုက်လံပို့ဆောင်ပေးခံရတာကိုပဲ အံ့သြနေတာလား မသိဘူး၊ သူ တစ်လမ်းလုံး ဝမ်းသာဝမ်းမြောက် ဖြစ်နေပုံရတယ်။ အခု သူ့လက်ထဲရှိနေတဲ့ လက်နက်ရတနာကို ဘယ်လို ခဲရာခဲဆစ် ရယူခဲ့ကြောင်း သူ ပြောလာတယ်။ စကားတစ်ပြောပြောနဲ့ပဲ မြို့အနောက်ပိုင်းကို ခရီးနှင်လာတာပေါ့။

ဒီဒေသဘက်မှာတော့ လုအိမ်တော်ဟာ ဂုဏ်သရေရှိ သြဇာသက်ရောက်တယ်လို့ ဆိုနိုင်တယ်။ ဒါပေမဲ့ အိမ်တော်ရာက ရွှင်ယွီမြို့နဲ့ နည်းနည်း အလှမ်းဝေးတာတော့ အမှန်ပဲ။ မြို့ပြင်ကို ထွက်ရသေးတဲ့အပြင် မြူခိုးတွေ ထူထပ်လှတဲ့ ဝါးနက်တောကိုလည်း ဖြတ်သွားရသေးတယ်။ ဝါးတောက နက်တော့ ဓားပျံနဲ့သွားလို့ အဆင်မပြေပြန်ဘူး။ သူ လေလံဆွဲလာတဲ့ အလင်းအနှစ်နတ်ရတနာကလည်း စတုတ္ထဆင့်ရှိတဲ့ ရတနာဆိုတော့ ရတနာနန်းက အစောင့်အရှောက်စီစဉ်ပေးရတာ မဆန်းပါဘူး။ ဒီဖောက်သည်ဆီက ရတနာကို သတ်ဖြတ်လုဝှက်မဲ့ရန်ကို ကြောက်ရလို့လေ။

ရှန်းရင်ကတော့ ဒီလို ရိုးရှင်းတဲ့ အလုပ်ကိစ္စမှာ ဝင်စွက်ဖက်ပြောစရာ အကြောင်း ရှိမနေခဲ့ဘူး။ ဒါပေမဲ့ လူတွေများ ခက်ပါတယ်။ ဘာလို့ ညမှောင်တဲ့ အထိ လေလံဆွဲကြသလဲ မသိ။ ညဘက်ကြီး လမ်းလျှောက်ပြန်ရတာကို မငိုက်ကြရော့သလား။

“တောက်သခင်… တောက ထွက်တာနဲ့ လုအိမ်တော်ကို ရောက်တော့မှာ…” လုက အရှေ့ကို ညွှန်ပြရင်း ဆိုတယ်။

“ခရီးလမ်းတစ်လျှောက် ကာကွယ်စောင့်ရှောက်ပေးတာ ကျေးဇူးတင်မဆုံးပါ… တောက်သခင်…”

“ဒါ ကျွန်တော့်တာဝန်ပါ… အားနာစရာ မလိုပါဘူး” ယိချင်း ပတ်ဝန်းကျင်ကို သတိကြီးစွာ ကြည့်ရင်း ပြန်ဖြေလိုက်တယ်။ “ဒီ တောနက်ထဲမှာ အန္တရာယ်တွေ ခိုအောင်းနေလောက်တယ်…”

“တောက်သခင် ပူပန်မနေပါနဲ့ဗျ…” ကျင့်ကြံသူလုက ယိချင်းစကားတွေကို အတည်မယူဘဲ ပြောလေတယ်။ “ရွှင်ယွီမြို့က ချောင်ကျတဲ့ နေရာလေးဆိုပေမဲ့ ငြိမ်းချမ်းအေးဆေးတယ်ဗျ… ဘာအမှုအခင်းမှ ဖြစ်မှာ မဟုတ်ပါဘူး”

“သတိကြီးကြီးထားတော့ ဘေးပိုကင်းတာပေါ့…”

“တောက်သခင် အရွှန်းဖောက်တတ်တာပဲနော်… ဒီတောထဲကို ဓားပျံနဲ့ သွားလာလို့ မရပေမဲ့ ဒါကျွန်တော် ဖြတ်သွား ဖြတ်လာလုပ်နေကျ လမ်းဗျ… ပြဿနာ မရှိဘူးရယ်” ကျင့်ကြံသူလုက အပူအပင်ကင်းနေဆဲ။

“ရတနာနန်းက စာရေးကြီးက စိတ်ပူတတ်လို့သာ… ကျွန်တော့်ကို အစောင့်အရှောက်နဲ့ လိုက်ပို့မှပဲဆိုပြီး အတင်းလုပ်နေလို့၊ စတုတ္ထအဆင့် နတ်လက်နက်တွေက ဒီဘက်တွေမှာ ရှားတာ မှန်ပေမဲ့ အပြင်လောကမှာ ပေါပါဘိနဲ့… ဒီဟာလေးအတွက်နဲ့ လုယက်တိုက်ခိုက်လောက်မှာ…”

သူ စကားတောင် မဆုံးသေးဘူး။ ရုတ်တရက်ဆိုသလို အောက်ဘက်ကနေ အဖြူ ရောင်အလင်းတန်းတွေ ဖြာယှက်လာတယ်။ — အင်းကွက်အစီအရင်တစ်ခု အသက်ဝင်လာပြီး မြေပြင်တစ်ခုလုံး တုန်ခါလာကာ ဆူးနွယ် ဆူးခက်ကြီးတွေ လှုပ်ရှားလာကာ လုကျင့်ကြံသူလေးကို ထိုးနှက် တိုက်ခိုက်လေတယ်။

ကျင့်ကြံသူလုလည်း အလန့်တကြားဖြစ်သွားရတယ်။ သူ လက်ထဲက သေတ္တာနက်ကလေးကိုတောင် လွှတ်ချမိသွားလေတယ်။ သေတ္တာနက်ကလေးကတော့ ဆူးနွယ်တွေ အကြားပြုတ်ကျသွားပြီး ဆူးနွယ်တွေ မြေကြီးထဲ ပြန်ဝင်သွားရာမှာ ရောပါသွားလေတယ်။

“ကျုပ် နတ်လက်နက်…”

“သတိထား…” ယိချင်း သူ့ကို ဆွဲထားပြီး ပြန်ထိန်းပေးထားလိုက်တယ်။ သူ့စိတ်ဝိညာဉ်ဓားကို ဆင့်ခေါ်ယူထုတ်လိုက်ပြီး ရှေ့ဘက်ဆီ ခုတ်ပိုင်းလိုက်လေတယ်။ သူ့ဓားအတွင်းအားက ဆူးခြုံတွေဆီကို တန်းတန်းမတ်မတ် ဦးတည်သွားပြီး ခုတ်ပိုင်းလိုက်ကာ အပိုင်းပိုင်း ပြတ်သွားစေတယ်။ ဒါပေမဲ့ သိပ်မကြာလိုက်ဘူး။ နောက်ထဲ ဆူးခက်ဆူးနွယ်တွေ ပေါ်လာကာ သူတို့ကို တိုက်ခိုက်တော့တယ်။

ယိချင်းက ကျင့်ကြံသူလုကို အန္တရာယ်လွတ်ရာ အနောက်ဘက် ခပ်လှမ်းလှမ်းကို တွန်းထုတ်ပြီး မှာတယ်။ “ကျွန်ုပ်နောက်မှာပဲနေ… ကျွန်ုပ်ဆရာအနားကနေ မခွာနဲ့…”

ကျင့်ကြံသူလုလည်း နားမလည်နိုင်အောင် ကြောင်သွားရရှာတယ်။ ‘ဆရာ… ဘာဆရာလဲ…’ သူ ဘေးဘီဝဲယာတွေ သေချာလိုက်ကြည့်တော့မှ မီးခိုးရောင် ဝတ်ရုံနဲ့ မိန်းကလေးငယ်တစ်ယောက်ကို တွေ့ရတော့တယ်။ သူမကို တွေ့လိုက်ရတော့ သူ ရုတ်တရက် လန့်တောင် လန့်သွားရလေတယ်။

‘ဘယ်. . . ဘယ်တုန်းကတည်းက ဒီပုဂ္ဂိုလ်ရာက်နေတာလဲ… တစ်လမ်းလုံး သူနဲ့ တောက်သခင် နှစ်ယောက်တည်း ရှိတာ မဟုတ်လား… လူပိုတစ်ယောက်လုံး ရှိသေးတာတဲ့လား…’

(⊙ o ⊙)

ယိချင်းရဲ့ ညွှန်ကြားချက်ကို သတိရမိတော့ သူ ချက်ချင်းပဲ မိန်းကလေးရဲ့ ဘေးမှာ သွားနေလိုက်တယ်။ ရွှေအမြုတေအဆင့်တစ်ယောက်က သူမကို ဆရာသခင်လို့ ခေါ်ကတည်းက သူမဟာ သူ့ကို ဘေးရန်စွယ်တွေကနေ ကာကွယ်ပေးနိုင်မဲ့ ပုဂ္ဂိုလ်မျိုးဖြစ်မှာပဲ။

“ကျေးဇူးတင်ထားမယ်နော်… တောက်မိတ်ဆွေ…” သူ ယဉ်ကျေးမှုမပျက်ပြောလိုက်တယ်။ ဒါပေမဲ့ မိန်းကလေးကတော့ ခေါင်းငိုက်စိုက်လျက်သာ ရပ်နေလေသတဲ့။ သူ့ကို ခွန်းတုံ့ပြန်ခြင်း မရှိဘူး။ သူ အစက သူမကို အဖက်မလုပ်မိလို့ သူမ စိတ်ဆိုးနေတာလို့ပဲ သူ ထင်နေတာ။ ဒါ့ကြောင့်မို့ သူ အနားပိုတိုးသွားလိုက်တယ်။

“ကျွန်ုပ် မသိကျိုးကျွံပြုမိတာ ခွင့်လွှတ်ပါ… ခရီးပန်းသွားလို့ပါ… တောက်မိတ်ဆွေ အချင်းချင်း စိတ်မခုဖို့ မျှော်လင့်ပါရဲ့… တောက်မိတ်ဆွေ… တောက်မိတ်ဆွေ… တောက်… ခင်ဗျား…”

နောက်သိပ်မကြာလိုက်ပါဘူး။ သူ ဟောက်သံသဲ့သဲ့ ကြားလိုက်ရတော့တယ်။

သူမ… အိပ်ပျော် သွားပြီ။

Σ(°△°|||)

“…” ‘ဒီအခြေအနေကြီးမှာ အိပ်ပျော်သွားရတယ်လို့… မင်းတို့ ငါ့ကို နောက်နေကြတာလားလို့…’

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset