၉။ ပထမဆုံး အခက်အခဲ
အဲနေ့ညကစပြီး ယိချင်းရဲ့ ခန္ဓာကိုယ်ထဲက မိစ္ဆာအငွေ့အသက်တွေ အကုန်ပျောက်သွားပြီး ပြန်ကျန်းမာလာတော့တယ်။
တစ်ချိန်လုံး သူ့အစွမ်းနဲ့ မိစ္ဆာငွေ့တွေကို ထိန်းချုပ်နေခဲ့ရပြီး အခုတော့ ရှင်းလင်းသွားပြီဖြစ်တဲ့အတွက် တစ်နေတဲ့ ကျင့်ကြံမှုက အခုတော့ နောက်တစ်ဆင့်တက်ဖို့ အရိပ်အမြွက်တွေပြနေပြီ။
ဒါတွေအကုန်လုံးက သူ့ဆရာပေးတဲ့ မိစ္ဆာအမြုတေ ကျေးဇူးကြောင့်ပဲ။ ဒါကြောင့် သူ ဆရာကောင်းတစ်ယောက်ရလို့ နောက်တစ်ခါ စိတ်သက်သာရာရသွားတယ်။ ဒီလိုနဲ့ သူတစ်ချိန်လုံး ထုတ်ပြောချင်တဲ့ ရည်ရွယ်ချက်တွေကို ပြန်မျိုသိပ်လိုက်တယ်။
“အမ်..စားဖိုမှူး…အာ တပည့်လေး ‘ချင်း'[1] ”
ရှန်းရင်က ဟင်းချက်နေတဲ့လူကို တံတောင်နဲ့ အသာတွတ်ပြီး မေးလိုက်တယ်။
“နင်…အဆင်ပြေရဲ့လား”
သူကြောင်သွားရင်း ယိချင်းစိတ်ထဲ အပြစ်ရှိစိတ်တွေ ပိုတောင်လေးလံလာတယ်။ သူလက်ထဲက ယောက်ချိုကို ချလိုက်ပြီး ဦးညွှတ်လိုက်တယ်။
“ဆရာသိသွားပြီပေါ့…၊ ဆရာ့ဆီက ဖုံးထားဖို့ဆိုတာတကယ်မဖြစ်နိုင်တာပဲ”
“…” ဟမ်… နင် ဟင်းတစ်ပွဲတည်းကို ဆားသုံးခါတောင်ခတ်လိုက်တာလေ၊ စားလို့ရသေးရဲ့လားလို့ ငါမေးချင်ရုံလေးတင်ပါ။
ဒါပေမဲ့ သူ့မျက်နှာမှာတော့ အပြစ်ရှိစိတ်တွေက ပိုပိုတိုးလာတယ်။ သူ ခဏတာတုံ့ဆိုင်းသွားပြီးမှ ခိုင်မာစွာပြောလိုက်တယ်။
“ကျွန်တော် ဆရာနဲ့ဆွေးနွေးစရာကိစ္စတစ်ခုရှိပါတယ်၊ ဆရာခွင့်ပြုပေးမယ်လို့ထင်ပါတယ်”
ရှန်းရင်က ဒယ်အိုးကို တစ်ချက်အမြန်ကြည့်ပြီး ခပ်ပေါ့ပေါ့ပြောလိုက်တယ်။
“နင်လိုချင်တာသာပြော…”
အင်း…တော်သေးတယ်၊ ချက်ထားတာက အသားမဟုတ်ဘဲ မုန်လာဥတွေဖြစ်နေလို့။
“ဆရာ့မှာ စိတ်နှလုံးကောင်းရှိတယ်ဆိုတာသိပါတယ်၊ ဒါကြောင့်လည်း မိစ္ဆာတွေ ထွက်လာပြီး ဖျက်ဆီးပစ်မှာကို တားဆီးဖို့ နယ်စပ်မှာ စောင့်ကြည့်နေတာပေါ့”
“အာ…” မဟုတ်ပါဘူး၊ သူ အရပ်လေးမျက်နှာခွဲတဲ့နေရာမှာ ညံ့လွန်းလို့ လျှောက်မသွားရဲတာပါ။
“ဒီလိုပါ…၊ ကျွန်တော့်ရဲ့တောင်းဆိုချက်က သာမန်မဟုတ်ဘဲ အရေးတကြီးကိစ္စလည်းဖြစ်နေလို့ပါ”
သူက လက်လှန်ပြလိုက်ပြီး ချိတ်ပိတ်ထားတဲ့ ဝိညာဉ်စုပ်တံခွန်ကို ထုတ်လိုက်ကာရှင်းပြတယ်။
“ဒီတံခွန်က မကောင်းဆိုးဝါးလွေ့မိ ဖန်တီးမှု ဖြစ်နေတုန်းပဲ၊ သူက တစ်ခါက လူသောင်းချီကို စတေးပြီးတော့ သူတို့ဝိညာဉ်တွေကို ဒီတံခွန်ထဲမှာ ပိတ်ထားခဲ့တယ်၊ မကောင်းဆိုးဝါးသွေးအိုင်ကို ပိုပြီး ပြန့်ပွားလာအောင်လုပ်ဖို့လေ၊ သူတို့ထဲက တစ်ကောင်ကောင် လွှတ်လိုက်တာနဲ့ သေကြေမှုတွေပါလာပြီး ဆိုးဆိုးရွားရွား ထိခိုက်ရလိမ့်မယ်” လက်သီးတင်းတင်း ဆုပ်လိုက်တယ်။ သူက အသက်ဝဝ ရှူပြီးဆက်ပြောတယ်။
“အခု ဒီတံခွန်က ပိုင်ရှင်ထိန်းချုပ်မှုအောက်ကနေလွတ်လာပြီ၊ အထဲက မကောင်းဆိုးဝါးတွေက ဒီအခွင့်အရေးကိုသုံးပြီး လွတ်အောင်လုပ်လိမ့်မယ်၊ မနေ့ညက တံခွန်ကို စည်းပိတ်ခဲ့ပေမဲ့ ဒါက ရေရှည်ဆုံးဖြတ်ချက်မဟုတ်ဘူး၊ လပြည့်ညရောက်တဲ့အခါ ယင်စွမ်းအားတွေက ထိပ်ကိုရောက်ပြီး မကောင်းဆိုးဝါးတွေလွတ်လာပြီး အန္တရာယ်ပေးကြမှာ”
“အိုး…” ရှန်းရင်ကခေါင်းညိတ်ပြပေမဲ့ သူပြောတဲ့စကားတစ်လုံးမှကိုတော့နားမလည်လိုက်ဘူး။ သူမ မေးလိုက်တယ်။
“နင်ဘာပြောချင်နေတာလဲ”
“ဘယ်သူမှ တစ်ယောက်တည်းနဲ့ ဒီမိစ္ဆာသောင်းချီကို နိုင်မယ်လို့မထင်ဘူး” သူ လက်သီးဆုပ်ကာ ယုံကြည်ခိုင်မာစွာပြောလိုက်တယ်။
“ဒါကြောင့်…ကျွန်တော် ဒီတံခွန်ကို မသေမျိုး မဟူရာကောင်းကင်ဂိုဏ်းဆီ ယူသွားဖို့ရည်ရွယ်ထားတယ်၊ အဲဒါက စွမ်းအင်စီးကြောင်းလမ်းတွေပေါ်မှာ တည်ရှိတယ်၊ ပြီးတော့ ဒီစွမ်းအင်စီးကြောင်းတွေဆီက စွမ်းအင်တွေက မကောင်းဆိုးဝါးအငွေ့အသက်တွေကို သန့်စင်ပေးနိုင်တယ်၊ ဒါတွေက ဝိညာဉ်တွေကို သူတို့ခံစားနေရတဲ့ ဝေဒနာကနေလွတ်အောင်လုပ်ပေးဖို့ အခွင့်အရေးပဲ ဒါပေမဲ့…”
သူ ရုတ်တရက် တစ်ခုခုကိုတွေးမိပြီး ရှန်းရင်ဆီ တွန့်ဆုတ်ကာလှမ်းကြည့်လိုက်တယ်။
“ဒီ မဟူရာကောင်းကင်ဂိုဏ်းဆီ သွားဖို့ခရီးက အရမ်းဝေးတဲ့ခရီးပဲ၊ ကျွန်တော့်ရဲ့ အသိဉာဏ်နဲ့ စွမ်းဆောင်နိုင်ရည်က နည်းပါးလွန်းပါတယ်၊ တကယ်လို့ တံခွန်သာတစ်ခုခုဖြစ်ခဲ့ရင် ကျွန်တော့်စွမ်းဆောင်နိုင်ရည်နဲ့အခြေအနေကိုမထိန်းချုပ်နိုင်မှာ စိုးရိမ်မိပါတယ်”
သူလက်သီးနှစ်ဖက်ဆုပ်ကာ သူမရှေ့ရုတ်တရက်ဒူးထောက်ချလိုက်တယ်။
“ကျွန်တော့်ရဲ့ ရဲတင်းမှုကို ခွင့်လွှတ်ပေးပါ၊ ဒါပေမဲ့ ဆရာ ကျွန်တော်နဲ့အတူ မဟူရာကောင်းကင်ဂိုဏ်းဆီ လိုက်ခဲ့ပေးဖို့ခေါ်လို့ရမလား”
“သေချာတာပေါ့”
“ဆရာက ကျင့်ကြံစဉ်အတွက် ဒီမှာနေနေတာနားလည်ပါတယ်၊ ဒီနေရာကို စွန့်ခွာဖို့ တောင်းဆိုတာက… ဟမ် အိုး ဆ.. ဆရာ လက်ခံလိုက်တာပဲ”
ယိချင်းဟာ မယုံကြည်နိုင်စွာ မျက်လုံးတွေ ပြူးသွားတယ်။ သူ ကြားလိုက်ရတာက စိတ်ကူးယဉ်ဖြစ်နေသလိုပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူမိစ္ဆာလောကရဲ့ နယ်နိမိတ်ပေါ်နေဖို့ ဆုံးဖြတ်ချက်က ကျင့်ကြံစဉ်မှာ တစ်ခုခု အတားအဆီးကြီး ကြုံနေလို့ဖြစ်ရမယ်။ ကျင့်ကြံနေတုန်း အရှောင်ရှားသင့်ဆုံး ဖြစ်တဲ့ လက်လျှော့ဖို့ကို သူက လွယ်လင့်တကူ ထွက်သွားဖို့ သဘောတူလိုက်တယ်။
“ထပါ ထပါ” ရှန်းရင်က သူ့ကိုထူလိုက်တယ်။ သူသိတည်းက ပြောသင့်တာ။ သူမဒီတောအုပ်ကြီးမှာ နေတာ လချီကြာနေပြီ။ သူမကို ခေါ်မထုတ်ပေးချင်တဲ့ မုဆိုးထက် သူမရဲ့ အရပ်လေးမျက်နှာ ရှာတာ ဆိုးရွားပုံနဲ့ဆို ညဆိုရင် အိပ်ဖို့ ခေါင်းပေါ်ကအမိုးပါ ပျောက်သွားလိမ့်မယ်။ မဟုတ်ရင် သူမ လျှောက်သွားနေတာ ကြာလှပြီပေါ့။ တပည့်တစ်ယောက်ရတာက တကယ်ကိုအကျိုးထူးတာပဲ။
“ငါတို့ဘယ်ချိန် ထွက်မှာလဲ၊ ဘာလို့ဒီနေ့မဟုတ်တာလဲ၊ ခုချက်ချင်းသွားမယ်လေ နေ့လယ်စာကို ထုပ်ပြီးသယ်လာလို့ရတယ်”
“ဆရာ….” ယိချင်း လည်ပင်းထဲ တစ်ဆို့လာတယ်။ သူတကယ်ရင်ထဲထိသွားတာ။ ဆရာက တကယ် ကြင်နာမှုအပြည့်နဲ့လူပဲ။ သူမနောက်လိုက်ရတာ သူ တကယ်နောင်တမရဘူး။
“ဘာလို့နင် အဲမှာရပ်နေသေးတာလဲ” ရှန်းရင်က မီးဖိုချောင်ထဲကထွက်သွားပြီး အမူအရာပြလိုက်တယ်။
“မြန်မြန် နေ့လယ်စာကိုထုပ်ပိုးတော့၊ ဒါဆိုငါတို့လမ်းမှာစားလို့ရတယ်၊ အချိန် ကအာဟာရပဲ၊ ဒါကြောင့် ဒယ်အိုးထဲက ဟင်းသီးဟင်းရွက်တွေကိုတော့ မေ့လိုက်တော့”
တူးနေပြီကိုး…။
“ဟုတ်ကဲ့” ယိချင်းကနှုတ်ခေါင်းကိုပွတ်ပြီး သူ့စိတ်ထဲက ကျေးဇူးတင်ချင်စိတ်ကို ဖိထားလိုက်တယ်။ သူ မီးကိုငြှိမ်းဖို့လုပ်လိုက်တယ်။ သူ ခပ်မတ်မတ်ရပ်ကာ အပြင်ကို ခြေလှမ်းခပ်ကျဲကျဲလျှောက်လာရင်း သူ့ဆရာရဲ့အရိပ်အောက် ခိုလှုံရတာကို အနည်းငယ်ဂုဏ်ယူနေတယ်။
ရှန်းရင် ဒီလို ချုံနွယ်တွေနဲ့နေရာကနေ ထွက်ခွာနိုင်ပြီမို့ နည်းနည်းစိတ်လှုပ်ရှားနေတယ်။ သူမက အိမ်ထဲကိုအပြေးဝင်သွားပြီး ထုတ်ပိုးဖို့လုပ်ပေမဲ့ များများစားစားတော့ လုပ်စရာမရှိပါဘူး။ အတော်ကြာ တွေးပြီးတဲ့နောက်တော့ ယုန်အတွက် စာတစ်စောင် ချန်ထားပေးခဲ့ဖို့ ဆုံးဖြတ်လိုက်တယ်။ အပြင်ကိုထွက်တော့ သူ့စားဖိုမှူးတပည့်လေးဟာ နေ့လယ်စာ အဆင်သင့် ထုတ်ထားပြီး ဖြစ်နေတာတွေ့ရလေတယ်။
“ငါပြီးပြီ” သူမကလျှောက်လာပြီး သမရိုးကျမေးလိုက်တယ်။
“ငါတို့ဘယ်ဘက်သွားရမှာလဲ”
ယိချင်းက လက်ဆန့်ထုတ်ပြီး ညာဘက်ကိုညွှန်ပြလိုက်တယ်။
“တောင်ဘက်ကို ဦးတည်သွားရင်အဆင်ပြေပါတယ်”
“သွားကြတာပေါ့”
“ဟုတ်ကဲ့” သူက အကျင့်အတိုင်း လက်မြှောက်ချိန် ဓားတစ်ချောင်းက အလိုလိုပေါ်လာတယ်။ သူက အဲဓားပေါ်တက်ပြီး စပျံလိုက်တယ်။ ဒါပေမဲ့အရှိန်ရလာချိန် အနောက်ပြန်ကြည့်လိုက်တော့ တစ်ယောက်သောသူက အရင်နေရာမှာ ရပ်နေတုန်းပဲ။ သူက သတိပေးလိုက်တယ်။
“ဆရာ…မဟူရာကောင်းကင်ဂိုဏ်းဆီ သွားရမဲ့ခရီးကအလွန်ဝေးပါတယ်၊ ဒါကြောင့် ဓားပျံစီးဖို့ လိုအပ်ပါတယ်”
ရှန်းရင် : “…” ဓားပျံစီးတဲ့နည်းပညာမြင့်ကဘာကြီးလဲ၊ သူမသာ ဘယ်လိုပျံရမလဲသိရင် ဒီနေရာမှာ လနဲ့ချီပိတ်နေမိပါ့မလား။
“ဆရာ…”
“ငါဘယ်လိုလုပ်ရမလဲ မသိဘူး”
“ဟမ်”
ယိချင်းက သူနားကြားမှားလိုက်တာလို့ ထင်မိတော့မို့ပဲ။ ဒါပေမဲ့ သူမရုပ်က နောက်နေဟန်မတူဘူး။
ဒါကြောင့်ကြိုးစားမေးကြည့်လိုက်တယ်။
“ဆရာ…လူလုပ်စီးစရာတွေနဲ့ ခရီးသွားနေကျလား”
“အဲဒါလည်း သွားဖူးဘူး”
“လေဟုန်စီးတာကျတော့ရော”
“တစ်ခါမှမကြားဖူးဘူး”
“လျှို့ဝှက်နည်းလမ်းကရော”
“နားမလည်ဘူး”
“…”
ယိချင်းကတစ်မိနစ်နီးပါး တိတ်နေပြီးတော့မှ ရှုပ်ထွေးနေတဲ့ ခံစားချက်တွေနဲ့ ပြန်သွားတယ်။ သူ တွန့်ဆုတ်နေပြီးတော့မှ သူ့လက်ကို ဆန့်ထုတ်လိုက်တယ်။
“ဒါဆို… ဆရာ ကျွန်တော်နဲ့အတူ လိုက်လာမလား”
“ကောင်းတာပေါ့” သူမကချက်ချင်း ပြန်ဖြေပေမဲ့ ဓားပေါ်ခုန်တက်လာတယ်။
“ကျေးဇူးတင်ပါတယ်၊ ငါအခုထိန်းနိုင်သွားပြီ ကားမောင်းတော့ ကားမောင်းတော့”
သူမရဲ့အကြည့်က နည်းနည်း…ပိုပြီးစိတ်လှုပ်ရှားတယ်မလား။ တပည့်ငယ်လေးတွေ ပထမဆုံး ဓားပျံကို စီးရတဲ့အခါ ပုံမျိုးပေါက်နေတယ်။
ယိချင်း ခေါင်းယမ်းပြီး ဒီမဟုတ်တရုတ်အကြံကို ခေါင်းထဲက ထုတ်ကာ သူရဲ့ဓားပျံနဲ့ ခရီးဆက်ခဲ့တော့တယ်။ ခံ့ညားလှတဲ့ ဆရာက ဓားပျံနည်းကို ဘယ်လိုလုပ်မသိရတာလဲ။ နောက် အကြောင်းအရင်းတစ်ခု ရှိရဦးမယ်။
သူ မနေ့ညကမိစ္ဆာအငွေ့အသက်တွေကို ရှင်းပစ်ဖို့ ကူညီတုန်းက အတွင်းဒဏ်ရာတွေရခဲ့လို့များလား။ သူ စိုးရိမ်မှာကို ကြောက်နေလို့များ သူ့ဆီကနေ လျှိုထားတာလား။
သူ တွေးလေလေ ပိုပြီးဖြစ်လာနိုင်လေလေပဲ။ သူက မကျေနပ်ဘဲ ရှန်းရင်ကိုလှည့်ကြည့်လိုက်တယ်။ ဆရာက….အရမ်းကျေနပ်နေတယ်။
ပထမဆုံးအကြိမ် အမှန်တကယ်ပျံနေရသော ရှန်းရင် : “…”
ဟမ် ဘာလို့ဒီစားဖိုမှူးရဲ့ သနားတဲ့အကြည့်က ငါက ကိုယ်လက်ချို့ယွင်းနေတဲ့ကလေးလို ကြည့်နေတာလဲ။ နင့်ဟာလိုက်စီးရုံလေးတင်ကို။
——–
ဒီ ပျံသန်းမှုခရီးစဉ်ဟာ နှစ်ရက်ကြာသွားတယ်။ မိစ္ဆာအငွေ့အသက်တွေပြည့်နေတဲ့ တောအုပ်ကနေ ထွက်လာတဲ့နောက်မှာတော့ သူတို့တွေ စွန့်ပစ်မြေကိုဖြတ်သွားရတယ်။
သုံးရက်မြောက်နေ့ နေ့လယ်မှာတော့ သူတို့တွေ မြို့သေးလေးတစ်ခုရဲ့နံရံကိုမြင်ရပြီး ဆူညံသံအချို့ကို ကြားရတယ်။
“ဆရာ ကျွန်တော်တို့ရောက်ပြီ” ယိချင်းက ရပ်ပြီး သူ့ ချီဓားကို ဖယ်ရှားလိုက်တယ်။
“ဒါမဟူရာကောင်းကင်ဂိုဏ်းလား” ရှန်းရင်ကခေါင်းမော့ပြီး မြို့တံခါးကိုကြည့်ပေမဲ့ သေချာမမြင်ရဘူး။
“ဟင့်အင်း” ယိချင်းခေါင်းယမ်းလိုက်တယ်။
“ဒါက ကျင့်ကြံသူတွေအတွက် အနီးဆုံးမြို့ဖြစ်တဲ့ ရွှင်ယွီ မြို့ပါ၊ မဟူရာကောင်းကင်ဂိုဏ်းကို သွားရမဲ့အကွာအဝေးက အရမ်းဝေးလွန်းတယ်၊ ဒါကြောင့် ဓားပျံနဲ့သာ သွားရင် အဲကိုရောက်ဖို့ လဝက်နီးပါးကြာလိမ့်မယ် ဒီမြို့မှာ မဟူရာကောင်းကင်ဂိုဏ်းကို တိုက်ရိုက်ပို့နိုင်တဲ့ ကူးပြောင်းခရီးအင်းပြားရှိတယ်”
“အိုး” သူမ အတိအကျတော့ နားမလည်ပေမဲ့ သူ့စကားတွေက ဖြတ်လမ်းတစ်ခုအကြောင်း ပြောနေတဲ့ပုံပဲ။
ယိချင်းက သူ့ကိုမြို့ထဲခေါ်သွားပြီး မြို့လည်နေရာဆီ ဆူညံနေတဲ့လမ်းတွေကို ဖြတ်လာတယ်။ သူတို့ လူအကြပ်ဆုံးနေရာကိုရောက်တော့မှပဲ ရပ်တော့တယ်။ အဲနေရာမှာ သေးငယ်တဲ့ ရင်ပြင်လေးတစ်ခု ရှိနေတယ်။ လူတွေအများကြီးဖြစ်နေပြီး တစ်ချို့ကအဖွဲ့နဲ့ တစ်ချို့က တစ်ယောက်တည်း ခရီးသွားနေကြတယ်။ သူတို့အားလုံးက ပညာရှိရုပ်တွေနဲ့ တစ်ခုခုကိုစောင့်မျှော်နေဟန် တန်းစီနေကြတယ်။
ယိချင်းက ရှန်းရင်ကို တန်းအဆုံးမှာရပ်ခိုင်းလိုက်တယ်။ သူက အရှေ့ကိုလက်ညှိုးထိုးပြလိုက်တယ်။
“ဆရာ ကူးပြောင်းခရီးအင်းပြားက အရှေ့တည့်တည့်မှာရှိတာ၊ မဟူရာကောင်းကင်ဂိုဏ်းကို ခဏလေးနဲ့ ရောက်နိုင်လိမ့်မယ်”
“ကောင်းပြီလေ”
ရှန်းရင်က ခေါင်းညိတ်ပြလိုက်တယ်။ အနည်းငယ်ငိုက်နေတဲ့အတွက် ဘေးပတ်ဝန်းကျင်ကို လျှောက်ပတ်ကြည့်ဖို့ အားမရှိတော့ဘူး။
လူတန်းကြီးက မြန်မြန်ပဲ ရွေ့လာတယ်။ အချိန်တိုအတွင်းမှာပဲ သူတို့တွေရှေ့တန်းကိုရောက်လာပြီ။ ရှန်းရင်က နောက်ဆုံးတော့ ကူးပြောင်းခရီးဧရိယာရဲ့ အလယ်ကို ရောက်လာပြီး တောက်ပနေတဲ့အင်းပြားတွေကို ရှင်းရှင်းလင်းလင်း မြင်ရတော့တယ်။ ကာတွန်းကားတွေထဲက မှော်အလင်းတန်းတွေနဲ့ တူလိုက်တာ။ အလင်းတန်းတွေကို ဝိုင်းထားတာကတော့နားမလည်တဲ့ စာတွေထွင်းထားတဲ့ ကျောက်ပြားလေးခုဖြစ်တယ်။ တစ်ယောက်က အဲဒီအင်းပြားဆီ လျှောက်သွားတာနဲ့ ပျောက်သွားတယ်။
ဒါက ကူးပြောင်းခရီးအင်းပြားပေါ့ ရှန်းရင်တော့ သူမ ခန္ဓာကူးပြောင်းလာတာ ပိုပြီး စိတ်ကူးယဉ်ဆန်လာတယ်လို့ ထင်လာတယ်။
“တစ်ယောက်ကို စိတ်ဝိညာဉ်ပုလဲလုံး၅၀” ကူးပြောင်းခရီးအင်းပြားကိုကာကွယ်ထားတဲ့ ကျင့်ကြံသူဟာ သူတို့ဆီ လက်ဆန့်တန်းလာတယ်။
ယိချင်းကတော့ပုံမှန်အတိုင်း သူ့ဘေးမှာဆွဲထားတဲ့ ပစ္စည်းအိတ်ကိုရှာလိုက်တယ်။ ဒါပေမဲ့ ဘေးမှာ ဘာမှရှိမနေဘူး။ သူ တောင့်သွားပြီး မျက်နှာလည်းဖြူဖပ်ဖြူရော်ဖြစ်သွားတယ်။
“ဘာကိစ္စလဲ” ရှန်းရင်ကသူ့ကိုကြည့်လိုက်တယ်။
ယိချင်းမျက်နှာက စိမ်းဖန့်ဖန့်နဲ့ အသံတိုးပြီးမေးလိုက်တယ်။
“ကျွန်တော့်ပစ္စည်းအိတ်က လွေ့မိနဲ့တိုက်တုန်းက ပျောက်သွားတာကို မေ့နေတာ၊ ဆရာ…စိတ်ဝိညာဉ်ပုလဲလုံးများ ရှိလား”
“စိတ်ဝိညာဉ်ပုလဲတွေက ဘာလဲ”
ယိချင်း: “…”
အစောင့်: “…”
သူမဒီကမ္ဘာကို ခန္ဓာကူးပြောင်းလာချိန် ရှန်းရှင်ပထမဆုံးကြုံတွေ့ရတဲ့ အခက်အခဲကတော့ ပိုက်ဆံမရှိတာပဲ။
Note – ချင်းဆိုတာ တရုတ်မှာလူကြီးမင်းလို့ပြောတာပေါ ယိချင်းရဲ့ချင်းနဲ့အသံဆင်ပါတယ် သူမရဲ့တပည့်နာမည်ကိုမမှတ်မိလို့ လူကြီးမင်းဆိုတဲ့သဘောနဲ့ပြောလိုက်တာပါ