ERST အခန်း ၂၄

အခန်း (၂၄)

ရှန်းရွှမ်‌က ပြောမပြီးသေးခင် ဖူလဲ့ထျန်းက သူမ ပါးစပ်ကို ပိတ်လိုက်သည်။ “မင်း ဘာတွေ ပြောနေတာလဲ၊ ငါက ပစ္စည်းတစ်ခုလား၊ မင်းလိုသလို သွားခိုင်းလို့ ရမှာလား “

ရှန်းရွှမ်က တဖန် မျက်ရည်များကျလာခဲ့ပြီး သူမက ခေါင်းခါလိုက်သည်။

“မဟုတ်ဘူး၊ ကျွန်မ မခံစားနိုင်ဘူး “

“ကိုယ့်ကို သွားခိုင်းပြီး မင်းက သည်းခံနိုင်လို့လား “ ဖူလဲ့ထျန်းက ပူဆွေးမှုများဖြင့် ရှန်းရွှမ်ကို သူ့လက်မောင်းကြား ပွေ့ဖက်ထားလိုက်သည်။

ရှန်းရွှမ်က တိတ်တဆိတ် ငိုကြွေးနေပြီး သူမကို ကြည့်ရတာ ဘယ်‌လောက် သနားစရာကောင်းနေမလဲ ပြောစရာပင် မလိုချေ။ ဖူလဲ့ထျန်းက ရှန်းရွှမ်၏မျက်ရည်များကို စိတ်မကောင်းဖြစ်စွာ သုတ်ပေးနေပြီး ရှန်းထင်ရွှမ်းကို ခေါက်တုံ့ခေါက်ပြန် ရိုက်ချင်နေပေသည်။

ဤအရာအားလုံးကို ကြည့်ခြင်းအားဖြင့် ရှန်းထျန်းသဲက ဖူလဲ့ထျန်း၏သဘောထားကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။ သူက ပြောလိုက်သည်။

“စိတ်မပူပါနဲ့၊ သခင်လေးဖူ၊ မနက်ဖြန်ကျရင် အဲ့တစ်ယောက်ကို ရှာဖို့ သွားလိုက်ပါ့မယ်၊ အခုကစပြီး ရှန်းထင်ရွှမ်းနဲ့ သားအဖဆက်ဆံရေးကို ဖြတ်တောက်လိုက်ပါ့မယ် “

ရှန်းမိသားစု၏ထောက်ပံ့မှု မရှိလျှင် ရှန်းထင်ရွှမ်းက ရှန်းရွှမ်ကို ဆန့်ကျင်ပြီး တိုက်ခိုက်ရဲလိမ့်မည် မဟုတ်ချေ။

ရှန်းထျန်းသဲ၏ သဘောထားက မှန်ကန်သည်ဟု ဖူလဲ့ထျန်းက ခံစားခဲ့ရသည်။ ရှန်းရွှမ်က စကားပြောချင်နေဆဲ ဖြစ်သည်ကို သူက မြင်လိုက်သည်။ ထို့ကြောင့် သူက ရှန်းရွှမ်၏ နှုတ်ခမ်းပေါ်တွင် သူ၏လက်ညှိုးကို တင်ထားလိုက်ပြီး “ကိုယ်ပြောတာ နားထောင်၊ ဒီတစ်ခါတော့ ဦးလေးပြောသလိုပဲ လုပ်လိုက်နော် “

ဖူလဲ့ထျန်းက ရှန်းရွှမ်ကို ကြင်ကြင်နာနာ ကြည့်လိုက်ပြီး “ရွှမ်ရွှမ်၊ တစ်ခါတစ်လေ အရမ်းကောင်းလွန်းရင် တခြားသူတွေ လွယ်လွယ်နဲ့ လှည့်စားတာ ခံရလိမ့်မယ်၊ စိတ်မပူနဲ့နော် “

ရှန်းထျန်းသဲကလည်း ပြောလိုက်သည်။

“ဟုတ်တယ်၊ သခင်လေးဖူပြောတာ မှန်တယ်၊ သူက ရှန်းမိသားစုကို ရောက်လာကတည်းက ဘယ်တော့မှ ကောင်းတာ မလုပ်သေးဘူး၊ သူ့အမေကြောင့်သာ မဟုတ်ရင် သူ့ကို ပြန်ပို့ပြီးပြီ၊ အခု ရှန်းမိသားစုက အသုံးမကျတဲ့ သူမအတွက် အရာအားလုံး လုပ်ပေးပြီးပြီ၊ သူ့ကို ရှန်းမိသားစုနဲ့ဆက်ဆံ‌ရေးကို ဖြတ်တောက်လိုက်တာ မကောင်းတဲ့အရာတော့ မဟုတ်ပါဘူး “

ဖူလဲ့ထျန်းက ထွက်မသွားခင် ရှန်းမိသားစုတွင် တခဏကြာ နေလိုက်သည်။

ရှန်းရွှမ်က စိတ်ဆင်းရဲစွာဖြင့် သူမ၏အိပ်ခန်းဆီသို့ ပြန်သွားခဲ့သည်။ သို့သော် သူမက တံခါးမှ ဝင်ဝင်ချင်း သူမမျက်နှာပေါ်ရှိ ဝမ်းနည်းမှုအားလုံးက ပျောက်ကွယ်သွားခဲ့ပြီး သူမ၏ ကျေနပ်အားရနေသည့် သွင်ပြင်သာ ကျန်ရှိနေပေတော့သည်။

ရှန်းထင်ရွှမ်း၊ မကြာခင်မှာ နင်က ရှန်းမိသားစုဝင် ထပ် မဖြစ်နိုင်တော့ဘူး။ အဲဒီကျရင် နင် ဘယ်လိုများ ဂုဏ်ယူဝင့်ကြွားနိုင်ဦးမလဲ မြင်ချင်သေးတယ်။

မနက်ငါးနာရီတွင် ရှန်းထင်ရွှမ်းက တာဝန်ကို လက်ခံရရှိလိုက်သည်။ “ကျေးဇူးပြုပြီး မင်းစိုက်ထားတဲ့အသီးတွေကို ၇ နာရီအတွင်း လူ ၄၀၉၆ ယောက်ကို စားခိုင်းပါ “

ရှန်းထင်ရွှမ်းက အသီးများကို ခူးယူရန် အိပ်ရာမှ ထလိုက်သည်။ ကံကောင်းစွာပင် သူမက အသီးများကို အကန့်အသတ်ဖြင့် ဝယ်ယူရန် ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။

ထိုနည်းလမ်းဖြင့် ဝယ်သူများ အလွန်အကျွံ ဝယ်ယူမည်ကို စိတ်ပူစရာ မလိုတော့ချေ။

အနာဂတ်အတွက် ရှန်းထင်ရွှမ်းက ယင်းအကြောင်းကို တွေးမိသည်။ ဆီးသီးနှင့် မက်မွန်သီးများကို ခူးယူပြီးနောက် သူမက ဖရဲစိုက်ခင်းသို့ သွားပြီး ဖရဲသီးများကို စတင်ခူးယူလိုက်သည်။

ဤကြီးမားသည့် ဖရဲသီးစိုက်ခင်းက လွန်ခဲ့သည့် ရက်အနည်းငယ်က ဝိညာဉ်စွမ်းအင်များဖြင့် ရေအပြည့်လောင်းခဲ့ပြီး ယခု ရင့်မှည့်နေကြပြီ ဖြစ်သည်။

မနက်ခုနစ်နာရီတွင် လုမင်ဟွေ့နှင့် တခြားသူများက ရောက်လာကြသည်။

ရှန်းထင်ရွှမ်း၏ ထော်လာဂျီပေါ်တွင် ကြီးမားသည့် ဖရဲသီးများလည်း ရှိပေသည်။

“စကားမစပ် ဒါက ဖရဲသီးအသစ်တွေ၊ ရှင် ဒါတွေကို ဘူးတွေထဲ ခွဲထည့်ပြီး ရောင်းမယ်ဆိုရင် စမ်းကြည့်လို့ ရတယ် “ သူတို့က ၎င်းကို တစ်လုံးလုံးရောင်းလျှင် နည်းနည်းသာ ရောင်းနိုင်မည်ဖြစ်ပြီး အစိပ်များ စိပ်ကာ ဘူးအသေးထဲတွင် ထည့်ရောင်းမည်ဆိုပါက ဝယ်သူအများကြီးကို ရောင်းနိုင်ပေလိမ့်မည်။

လုမင်ဟွေ့က အသစ်ထုတ်လာသည့် ဖရဲသီးများကို မြင်သောအခါ သူက ပြောလိုက်သည်။

“ကောင်းပါပြီ “

လွန်ခဲ့သည့် ရက်အနည်းငယ်က စူပါမားကတ်များတွင် ဆီးသီးများနှင့် မက်မွန်သီးများ၏ ဝယ်ယူမှုကို ကန့်သတ်ထားခဲ့ပြီး ဝယ်သူများစွာက သူတို့ကို မကျေမနပ် ပြောဆိုနေကြပေသည်။

သူတို့က စားသုံးသူအသင်းကိုတောင် တိုင်ကြားခဲ့ကြပေသည်။ သူက နေ့တိုင်း ထိုအငြင်းပွားမှုများကို ဖြေရှင်းပေးရင်း အလုပ်ရှုပ်နေခဲ့သည်။ ယခု စင်များပေါ်တွင် အသီးအသစ်များ ရှိလာပါက ဝယ်သူများနှင့် အသင်းအဖွဲ့များကို ဖြေရှင်းရန် ပိုပြီး လွယ်ကူသွားပေလိမ့်မည်။

ရှန်းထင်ရွှမ်က ဖရဲသီးကို ဒရိုင်ဘာတင်းအား ပြီးခဲ့သည့်ရက်က တစ်ကတ်တီ ၅ ယွမ်ဖြင့် ရောင်းပေးခဲ့သည်။ ယခု ကတ်တီ ၁၀၀၀ ခန့် နေ့စဉ် ပို့ပေးရပေမည်။

စူပါမောမှ ဝန်ထမ်း ထွက်သွားပြီးနောက် မကြာမီ ရှန်းထင်ရွှမ်း၏ ပိုက်ဆံက ၉၁၇၃၇ ယွမ် ဖြစ်လာခဲ့သည်။ ပြီးနောက် တောင်အောက်ရှိ စားပွဲတွင် ဟိုတစ်စု ဒီတစ်စု ရောင်းရခြင်းမှ လက်ခံရရှိသည့် ပိုက်ဆံများလည်း ရှိသေးသည်။ ရှန်းထင်ရွှမ်းက တောင်ပေါ်သို့ ပြန်သွားပြီး ဆက်လက် စိုက်ပျိုးနေခဲ့သည်။

ရှောင်ဖုန်းက ယခုရက်များတွင် ရှန်းထင်ရွှမ်းဆီသို့ အသီးဝယ်ရန် မသွားခဲ့ပေ။ ရှန်းထင်ရွှမ်းက သူတို့၏ဝါးများနှင့် လဲလှယ်ရန် အသီးအမြောက်အများကို ပေးခဲ့သောကြောင့် ဖြစ်သည်။ သူက အသီးအားလုံးကို စားမကုန်သေး‌ပေ။

မနက်ပိုင်းတွင် ရှောင်ဖုန်းက အိပ်ရာမှ ထပြီး သူ့အိမ် ဒုတိယထပ်တွင် မတ်တတ်ရပ်နေစဉ် ရှန်းထင်ရွှမ်းက ထရပ်ကားပေါ်တွင် အသီးများ တင်နေသည့် စူပါမောမှ လူများနှင့် အလုပ်ရှုပ်နေသည်ကို မြင်တွေ့ခဲ့သည်။

မူလက ရှန်းထင်ရွှမ်း၏ အသီးများကို ပိုင်လျန်စူပါမားကတ်တွင် ရောင်းချနေသည်ဟု ထင်ခဲ့သည်။ သို့သော် ရှန်းထင်ရွှမ်းနှင့် ပိုင်လျန်စူပါမားကတ်က ရက်အနည်းငယ်အတွင်း စာချုပ်ကို ဖျက်သိမ်းလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ထို့နောက် ဖေးမိသားစု၏စူပါမောသို့ ဝင်ရောက်ခဲ့သည်။ ထိုအရာအားလုံးက တီဗီဇာတ်လမ်းတွဲထဲတွင် ဖြစ်ပွားနေသကဲ့သို့ ထင်ရပေသည်။

“မြန်မြန်လုပ်၊ မနက်စာစားရအောင် “ ရှောင်ဖုန်း၏အမေက အော်လိုက်သည်။

ရှောင်ဖုန်းက ပူပူနွေးနွေး ဘန်းကိတ်ကို ကောက်ကိုင်လိုက်ပြီး ၎င်းကို ကိုက်လိုက်သည်။ ညာဘက်လက်ဖြင့် ဖုန်းကို ဖွင့်လိုက်ပြီး Weibo ကို နှိပ်လိုက်သည်။ ထို့နောက် ဖုန်းက ပိတ်သွားခဲ့သည်။

Weibo ကို ခဏခဏ စောင့်ကြည့်နေသည့် ရှောင်ဖုန်းက များစွာသော မှတ်ချက်များ၊ ပို့စ်ပြန်တင်သူများနှင့် သီးသန့်စာပို့သူများကြောင့် ဖုန်းက ပိတ်သွားမှန်း သိပေသည်။ သူက ရှန်းထင်ရွှမ်း၏ ပုံကို တင်ခဲ့သည့် နောက်ဆုံးအခေါက်တုန်းကလည်း ဖုန်းပိတ်သွားခဲ့ဖူးသည်။ သို့သော် ရှောင်ဖုန်းက လွန်ခဲ့သည့် ရက်အနည်းငယ်က ဘာမှ မလုပ်ခဲ့ပေ။ လမ်းဘေးဓာတ်ပုံများ တင်ထားသည့်ပို့စ်များ၏ တုံ့ပြန်မှုက သာမန်မျှသာ ဖြစ်သည်။

Weibo ထိပ်ဆုံးစာရင်းတွင် ရှန်းထင်ရွှမ်း၏ ပို့စ်ကို ပြန်တင်သည့်သူ တစ်သိန်းကျော်သွားပြီးနောက် ဘာမှဆက်မဖြစ်တော့ပေ။

ဒါဆို ဘာကြောင့် ရုတ်တရက်ကြီး ဒီလို ဖြစ်သွားတာလဲ။

မကြာမီ၌ မှတ်ချက်များနှင့် သီးသန့်စာတိုများ တိုးလာခြင်းကြောင့် ဖုန်းပိတ်သွားကြောင်း မကြာမီ ရှောင်ဖုန်းက ရှာတွေ့သွားခဲ့သည်။

ထိုမှတ်ချက်များနှင့် သီးသန့်စာတိုများက ချင်ယွဲ့ကျီကြောင့် ဖြစ်ပေသည်။

ချင်ယွဲ့ကျီနှင့် ရှောင်ဖုန်းက တစ်ဦးနှင့်တစ်ဦး လုပ်စရာကိစ္စ ဘာမှမရှိပေ။ တစ်ယောက်က လမ်းဘေးစတိုင် ဓာတ်ပုံဆရာဖြစ်ပြီး တခြားတစ်ယောက်က ရုပ်ရှင်သရုပ်ဆောင်တစ်ယောက် ဖြစ်သည်။

သူတို့၏ ရပ်ဝန်းက ကွဲပြားပြီး အဆက်အသွယ်လည်း ကွဲပြားပေသည်။ ဆုံစည်းစရာကိစ္စ မရှိသင့်ပေ။

သို့သော် ချင်ယွဲ့ကျီ၏ ပြီးခဲ့သည့်ကားမတော်တဆမှုက သူ၏ပရိသတ်များကို ဖမ်းစားထားဆဲ ဖြစ်သည်။

ချင်ယွဲ့ကျီက မြို့တော် B မှ သိပ်မဝေးသည့် ရွာငယ်လေးတွင် ကားမတော်တဆမှု ဖြစ်ခဲ့သည်ကို လူတိုင်းက ရှာဖွေတွေ့ရှိခဲ့ကြသည်။ ချင်ယွဲ့ကျီက ထိုအချိန်တွင် ဝါးတောကို တိုက်ရိုက် တိုက်မိခဲ့သည်။

လွန်ခဲ့သည့်ညက ၎င်းဗီဒီယို ထွက်ပေါ်လာသောအခါ များစွာသော ပရိသတ်များက စိတ်ပူပန်စွာ ဖုန်းခေါ်ဆိုခဲ့ကြသည်။ သူတို့က သူ့အစား နာကျင်နေကြပြီး ဆုတောင်းပေးနေကြသည်။

[ဒီအရှိန်က အရမ်းမြန်တယ်။ အဲဒါကို တိုက်မိသွားတဲ့အားက ဘယ်လောက်တောင် များမလဲ။ ]

[ငါ ခုပဲ ကြည့်လိုက်တာ အဲ့ဒါက အတော်ထိခိုက်သွားမှာပဲ။ ငါ့ယောက်ျားက အဲ့ဒါကို ဘယ်လိုတောင် သည်းခံခဲ့လဲ မသိဘူး။ ]

[သူတို့ပြောတော့ ဆိုက်ဘာအကြမ်းဖက်မှု မလုပ်ဘူးတဲ့။ ငါက တော်တော်ဆိုးဆိုးဝါးဝါး ကျိန်စာတိုက်ချင်လာပြီ။ ]

[ငါ အဲ့ဒီ anti-fan ကို အရမ်းသတ်ချင်နေပြီ၊ မျက်ရည်တွေနဲ့ ဆက်မကြည့်နိုင်တော့ဘူး။ ]

[အဲဒီ anti-fan က လူမဟုတ်ဘူးလား။ ဘာလို့ အရမ်းရက်စက်ရတာလဲ။ ]

[ဖြတ်သွားဖြတ်လာတစ်ယောက်အနေနဲ့တောင် ဒါကို မြင်ရတာ ငါ အရမ်းထိတ်လန့်မိတယ်။ ပရိသတ်တွေရဲ့ ခံစားချက်ကို ခန့်မှန်းလို့ရတယ်။ ]

[ဘာမှ မပြောနဲ့။ အဲ့လိုလုပ်တဲ့ကောင် ထွက်လာခဲ့။ ရိုက်ပစ်မယ်။ ]

တစ်ခဏကြာပြီးနောက် #ချင်ယွဲ့ကျီ ကားမတော်တဆမှု မှတ်တမ်း# ဟူသည့် ခေါင်းစဉ်က ရှာဖွေမှု အမြင့်ဆုံး ဖြစ်နေပေသည်။ ယင်းက ညသန်းခေါင်ရှိနေပြီ ဖြစ်သော်လည်း အင်တာနက်သုံးစွဲသူ များစွာက တစ်ခုပြီးတစ်ခု ရှာဖွေနေခဲ့ကြသည်။

သူတို့က ထိုဗီဒီယိုကို မြင်သောအခါ လူတိုင်းက ထိတ်လန့်သွားကြသည်။ ထိုမှတ်ချက်များထဲမှ အချို့က ဤကဲ့သို့ ဖြစ်သည်။

[ ငါ ဒီတောင်ကို နည်းနည်း ရင်းနှီးနေတယ်လို့ ထင်တယ်။ ]

[ငါလည်း ရင်းရင်းနှီးနှီး ခံစားနေရတယ်။ ဒါပေမဲ့ ငါ မမှတ်မိနိုင်ဘူး ဖြစ်နေတယ်။ ]

[ငါ သိတယ်။ ဟေ့လူတွေ @ဖုန်းကော လမ်းဘေးဓာတ်ပုံဆရာဆီ သွားလို့ရတယ်၊ လူသိများတဲ့ ပိုစ့်က ပုံတွေကို ငါ မြင်ခဲ့တယ်။ ]

……

လူတိုင်းက ပိုပိုပြီး စူးစမ်းချင်စိတ် ပြင်းပြလာကြပြီး လူများစွာက စစ်ဆေးရန် ၎င်းထဲသို့ ‌ရောက်သွားကြသည်။ လူတချို့က ဗီဒီယိုနှင့် ပုံများကို ဆက်စပ်လိုက်ကြပြီး ထိုနေရာက အမှန်တကယ် တူညီသည်ကို ရှာတွေ့သွားကြသည်။

မကြာမီ လူတိုင်းက ရှာတွေ့သွားကြပြီး ၎င်းနေရာကို ရှင်းယွမ်ရှန်ဟု ခေါ်ပေသည်။

ရှောင်ဖုန်း၏ လက်ထဲရှိ ဘန်းကိတ်က ပြုတ်ကျသွားပေသည်။ ဒီအင်တာနက်သုံးစွဲသူတွေက လူတွေ‌ရော ဟုတ်ရဲ့လား။ သူတို့ရဲ့ မျက်စိတွေက ဘာလို့ ဒီလောက် ကောင်းနေတာလဲ။

သူက ရှင်းယွမ်ရှန်၏ မျက်နှာချင်းဆိုင်တောင်တွင် နေထိုင်ပြီး ရှန်းထင်ရွှမ်း၏တောင်၌ ချင်ယွဲ့ကျီ ကားမတော်တဆမှု ဖြစ်ခဲ့သည်ကိုတောင် မသိခဲ့ပေ။

အင်တာနက်သုံးစွဲသူများအဖွဲ့က မမျှော်လင့်ဘဲ ရှာဖွေ့တွေ့ရှိသွားကြသည်။

ယင်းအကြောင်းကို တွေးပြီးနောက် ရှောင်ဖုန်းက ရှန်းထင်ရွှမ်းကို မေးရန် စီစဉ်လိုက်သည်။

သူက အိပ်ရာထလာသောအခါ ရှင်းယွမ်ရှန်က ရှာဖွေမှုအမြင့်ဆုံးနေရာတွင်သာ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ရှောင်ဖုန်းက ဝင်ကြည့်လိုက်ပြီး အင်တာနက်အသုံးပြုသူများက ရှန်းထင်ရွှမ်းကိုလည်း ဖော်ထုတ်လာကြသည်။

[ငါ တစ်ခုခုကို မတော်တဆ ရှာတွေ့ခဲ့တယ်။ ရှင်းယွမ်ရှန်က အရင်တုန်းက ဝူမျိုးရိုးနဲ့ အဘွားတစ်ယောက်ပိုင်တာ၊ သူ မသေခင်က သူ့မြေးမလေးအတွက် တောင်ကို ချန်ထားခဲ့တာ၊ သိပ်မကြာခင်လောက်က ရှင်းယွမ်ရှန်ကို သူ့မြေးမလေး ပြောင်းလာခဲ့တယ်။ ]

[ငါ အဲ့ဒီအကြောင်း ဆက်ပြောမယ်။ သူ့မြေးမလေးနာမည်က ရှန်းထင်ရွှမ်း။ ပြီးတော့ သူက မြို့တော် B က ရှန်းမိသားစုရဲ့ သမီးတစ်ယောက်ပဲ။ လူတိုင်းက ရှန်းမိသားစုမှာ ရှန်းရွှမ်ကိုပဲ သိကြတာ။ ]

[ရှန်းရွှမ်လား။ ပန်းလေးပွင့်ထဲက မင်းသမီးလား။ ]

[ဟုတ်တယ်။ ရှင်းယွမ်ရွှမ်မှာနေတဲ့တစ်ယောက်က ရှန်းရွှမ်ရဲ့အစ်မ ရှန်းထင်ရွှမ်းပဲ။ ]

[ငါတို့မိသားစုက ရွှမ်ရွှမ်နဲ့ မပတ်သက်နဲ့။ ထွက်သွားကြ။ ]

[ငါတို့မိသားစုက ရွှမ်ရွှမ်က ဒီစကားဝိုင်းကို ပါမှာမဟုတ်ဘူး။ နှုတ်ဆက်ပါတယ်။ ]

ရှန်းရွှမ်၏ ပရိသတ်များက သူတို့၏ အိုင်ဒေါနှင့် ချင်ယွဲ့ကျီ ကားမတော်တဆမှုကို အတူတကွ ဆွဲခေါ်သွားပါက သေချာပေါက် ကောင်းသည့်အရာ မဟုတ်မှန်း သိပေသည်။

ရှောင်းဖုန်း၏ ဦးနှောက်က ဗလာဖြစ်သွားသည်။ ရှန်းထင်ရွှမ်းက ရှန်းရွှမ်နှင့် အမျိုးတော်သည်လား။

သူက အောက်သို့ ဆက်ဆွဲကြည့်ပြီး တစ်စုံတစ်ယောက်က လင့်ခ်တစ်ခုကို ပြန်တင်ထားသည်ကို တွေ့ရှိသွားသည်။ [ဒီပို့စ်ကို တစ်ချက် ကြည့်ကြည့်လိုက် ။ http… ]

ရှောင်ဖုန်းက သူ၏ တုန်ယင်နေသောလက်ကြောင့် လင့်ခ်ကို မဝင်ခင် အကြိမ်အနည်းငယ် နှိပ်လိုက်ရသည်။

ထိုဖိုရမ်က ပိတ်ထားခဲ့ပြီး အထက်ပါ ခေါင်းစဉ်က “818 ရှင်းယွမ်ရှန်နှင့် သူ၏ ပိုင်ရှင် “

(TN: အင်တာနက်မှ ရှာဖွေမှုအရ 818 သည် အသစ်စတင်ခြင်းဟု အဓိပ္ပာယ်ရပေသည်။)

[ပို့စ်တင်သူ။ ဒီအပိုင်းမှာ အင်တာနက်သုံးစွဲသူအများစုက ရှင်းယွမ်က ပိုင်လျန်စူပါမားကတ်ကြောင့် ဖြစ်လိမ့်မယ်လို့ ကြားခဲ့ကြတယ်။ ဒီနေ့ ချင်ယွဲ့ကျီရဲ့ ကားမတော်တဆမှုကြောင့် ထပ်ပြီး ဖော်ပြခံရလိုက်တယ်။ ငါက အဲ့ဒါကို ရှင်းမယ်။ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေ ဖတ်ပြီးတဲ့နောက်မှာ ရှင်းယွမ်ရှန်ပိုင်ရှင်က အရမ်းသနားဖို့ကောင်းတာကို ရှာတွေ့ခဲ့တယ်။ သူက ရှန်းမိသားစုရဲ့ သမီးပဲ။ ဒါပေမဲ့ မွေးတုန်းက ကလေးမှားသွားတာ၊ သူ အသက်ဆယ့်ရှစ်နှစ်ရောက်မှသာ ရှန်းမိသားစုကို ပြန်လာခဲ့ရတာ။ ဒါပေမဲ့လည်း ရှန်းမိသားစုက သူ့ကို သိပ်ကြိုက်ပုံမပေါ်ဘူး။ ပြီးတော့ သူတို့က ဘယ်တုန်းကမှ သူတို့မှာ ဒီသမီးရှိတယ်ဆိုတာ မကြေညာခဲ့ဘူးလေ။ ]

[မှတ်ချက် ၁။ အမှားတစ်ခုက ကလေးတစ်ယောက်ကို တစ်ဘ၀လုံး ပျက်စီးစေတယ်။ ]

[မှတ်ချက် ၂။ သူက အိမ်ပြန်သွားနိုင်တာ ကောင်းတာပဲ။ ဒါပေမဲ့ သူက ဘာလို့ ရှင်းယွမ်ရှန်မှာ တစ်ယောက်ထဲ နေနေပြီး ဘာလို့ စိုက်ပျိုးရေးလုပ်နေသေးတာလဲ။ ]

[မှတ်ချက် ၃။ မင်းက စိုက်ပျိုးနိုင်ရင် အဲ့ဒါကို နားလည်လိမ့်မယ်။ အဓမ္မခေါ်ဆောင်သွားခံရပြီးတဲ့နောက်မှာ သူက မိသားစုကောင်းကောင်းမှာ သေချာပေါက် နေရမှာ မဟုတ်ဘူးလေ။ အဲတော့ စိုက်ပျိုးရေးလုပ်တာက ပုံမှန်ပဲမလား။ ]

[မှတ်ချက် ၄။ ရှန်းရွှမ်နဲ့ယှဉ်ရင် ပိုပြီး ဒုက္ခရောက်ခဲ့မှာပဲ။ တူညီတဲ့ ကလေးဘဝကိုလည်း မရရှိခဲ့သလို ကြီးပြင်းလာရတဲ့ လမ်းကြောင်းကလည်း တူညီမှာ မဟုတ်ဘူး။ ]

[မှတ်ချက် ၅။ ကျေးဇူးပြုပြီး အပေါ်ကတစ်ယောက် အာရုံစိုက်ပေးပါ။ ရှန်းရွှမ်ရဲ့ပရိသတ်တွေက စစ်မြေပြင်ကို ရောက်ဖို့ ငါးမိနစ်ပဲ လိုတော့တယ်။ ]

[ငါ ဘယ်လိုပြောရမလဲ မသိဘူး။ ဒီရှန်းထင်ရွှမ်းက အရမ်းသနားဖို့ကောင်းတာပဲ။ Baidu ကို သွားပြီး ရှန်းထျန်းသဲရဲ့ ကိုယ်ရေးအချက်အလက်ကို ကြည့်ခဲ့တယ်။ သူ့သမီးနေရာမှာ ရှန်းရွှမ်တစ်ယောက်ပဲ ရှိတယ်။ ]

[မှတ်ချက် ၇။ သူတို့က ဆင်းရဲတဲ့သူတွေကို မုန်းတာဖြစ်ရမယ်။ ]

[မှတ်ချက် ၈။ အတွင်းသတင်းတွေအရတော့ ပိုင်လျန်နဲ့ ရှန်းထင်ရွှမ်းက သူတို့ရဲ့စာချုပ်ကို ဖျက်သိမ်းလိုက်တာက ရှန်းမိသားစုရဲ့ ဖိအားပေးမှုကြောင့်တဲ့။ ]

[မှတ်ချက် ၉။ တကယ်လား။ ချီးပဲ။ ရက်စက်ကြမ်းကြုတ်တဲ့ ကျားတွေတောင် သူတို့ရဲ့ ကလေးကို မစားဘူး။ ရှန်းမိသားစုက အရမ်း အဆိပ်ပြင်းတာပဲ။ ]

[မှတ်ချက် ၁၀။ ငါတို့မိသားစုက ရွှမ်ရွှမ်ကို ဖယ်ထုတ်ပေး။ ကျေးဇူးပြုပြီး ရွှမ်ရွှမ်ကို မပတ်သက်ပါနဲ့။ နင် လုပ်နိုင်လား။ ငါတို့ ဒီလို အာရုံစိုက်တာမျိုး မလိုအပ်ဘူး။ ]

[မှတ်ချက် ၁၁။ ငါတော့ ‌@#¥%အာရုံတွေ ရနေပြီ။ ငါတို့က ရှင်းယွမ်ရှန်အကြောင်း ဆွေးနွေးနေတာ။ ရွှမ်းရှန်ပရိသတ်တွေ ထွက်သွားကြ။ ]

[မှတ်ချက် ၁၂။ ငါ ၁၁ ယောက်မြောက်ကို report ထုလိုက်ပြီ။ ]

[မှတ်ချက် ၁၃။ ၁၁ ယောက်မြောက်ကို @#¥%……&* ပဲ။ ]

[မှတ်ချက် ၁၄။ အဲဒီပရိသတ်တွေကို လျစ်လျူရှုထားလိုက်။ ဆက်ဆွေးနွေးရအောင်။ ]

ညအချိန် ဖြစ်သောကြောင့် ရေတပ်များလည်း မရှိပေ။ ပရိသတ်တချို့သာ အနီးအနားတွင် ဖုန်ထနေကြသည်။ ရှန်းရွှမ်က မနက်ခင်းတွင် အိပ်ရာထလာသောအခါ ရှန်းမိသားစု၏ အတင်းအဖျင်းများအားလုံးက ဖော်ထုတ်ခံနေရသည်ကို တွေ့ရှိသွားသည်။

(TN: ရေတပ် = အခကြေးငွေယူ၍ မှတ်ချက်ပေးသူများ။ တစ်ဦးချင်း သို့မဟုတ် ကုမ္ပဏီများက Weibo တွင် ခေါင်းစဉ်တစ်ခုကို ထိပ်ဆုံးသို့ တင်ချင်း သို့မဟုတ် အောက်ဆုံးသို့ ချခြင်းများ ပြုလုပ်ရာတွင် သုံးလေ့ရှိသည်။ တစ်စုံတစ်ယောက်၏ ဂုဏ်သတင်း သန့်ရှင်းစေရန် သို့မဟုတ် မကောင်းသတင်းထွက်စေရန်လည်း မကြာခဏ အသုံးပြုလေ့ရှိကြသည်။ )

ရှန်းရွှမ်က သူမ၏အေးဂျင့်ကို အလျင်စလို ဆက်သွယ်လိုက်ပြီး သူမ၏ ပုံရိပ်ကို ပိုကောင်းအောင် တည်‌ဆောက်ရန် ရေတပ်တစ်တပ်ကို ငှားလိုက်သည်။ တစ်ခြားတစ်ဖက်တွင် သူတို့က ရှန်းထင်ရွှမ်း၏ မကောင်းသတင်းများကို စတင် ဖော်ထုတ်လာကြသည်။

ထို့ကြောင့် မကြာမီ ထိုပို့စ်၏ ဦးတည်ရာက …

[မှတ်ချက် ၃၄၉။ စိတ်တိုနေတဲ့ ပရိသတ်တွေကို ဘေးမှာ ထားလိုက်။ ရှန်းရွှမ် အမှားလည်း မဟုတ်ဘူး။ သူက ရှန်းအိမ်ကို မြှင့်တင်ပေးခဲ့တဲ့ ကံကောင်းတဲ့သူလေး။ ]

[မှတ်ချက် ၃၅၀။ တကယ်တော့ ရှန်းရွှမ်က ဘာအမှားမှ မလုပ်ခဲ့ဘူး။ ရှန်းထင်ရွှမ်းက ရှန်းမိသားစုကို တစ်ခုခု စိတ်ပျက်အောင် လုပ်ခဲ့တာ ဖြစ်ရမယ်။ အဲလိုမဟုတ်ရင် သူတို့ရဲ့ သမီးရင်းကို ဘယ်လိုလုပ် အပြင်မှာ ထားနိုင်မှာလဲ။ ]

……

[မှတ်ချက် ၄၉၁။ မင်းသာ ကျေးလက်ဒေသကလာတာဆိုရင် ရှန်းအိမ်တော်မှာ နေသင့်တာပေါ့။ ဘာလို့ ရှန်းအိမ်တော်က ထွက်ပြီး ရှင်းယွမ်ရှန်မှာ သွားနေမှာလဲ။ ]

တစ်ခါတစ်ရံ ရှန်းထင်ရွှမ်းအတွက် ပြောပေးမည့်သူ တစ်ယောက်ယောက်ရှိသော်လည်း ရှန်းရွှမ်၏ ရေတပ်က ဖိနှိပ်ခြင်းကို ခံလိုက်ရသည်။

[မှတ်ချက် ၄၉၂။ သူက သူကိုယ်တိုင် နေချင်လို့ ဖြစ်မှာပေါ့။ သူက ကျေးလက်ဒေသမှာ ကြီးပြင်းခဲ့တာလေ။ ပြီးတော့ သူ့ကိုယ်သူ အရမ်းအထင်ကြီးနေတာနေမှာပေါ့။ ]

[မှတ်ချက် ၄၉၃။ အပေါ်ကတစ်ယောက်က ကျေးလက်ဒေသက လူတွေကို အထင်သေးနေတာပဲ။ ပုံတွေကို ကြည့်လိုက်။ ရှန်းထင်ရွှမ်းရဲ့ နောက်ကျောကတောင် အသက်ရှုမှားလောက်တယ်။ ]

[မှတ်ချက် ၄၉၄။ ငါလည်း တွေးမိတယ်။ အလွန်အကျူး မလုပ်သရွေ့တော့ သူ့မိဘတွေက သူ့ကို ဒီလို ဆက်ဆံမှာ မဟုတ်ပါဘူး။ ]

……

ဤအရာများကို မြင်ပြီး ရှောင်ဖုန်းက ရှန်းမိသားစု၏ အရှက်မရှိမှုအတွက် ရှန်းမိသားစုကို စတင် ကြိမ်းမောင်းလိုက်သည်။

‌ရှောင်ဖုန်းအမေက “ဘာဖြစ်လို့လဲ။ မနက်စာစားပြီး ဘာလို့ အရမ်းဒေါသထွက်နေရတာလဲ “

ထို့နောက် ရှောင်ဖုန်းက ရှန်းထင်ရွှမ်းအကြောင်းကို ပြောပြလိုက်သည်။

ရှန်းမျိုးရိုးနှင့် လူများစွာရှိပေသည်။ သို့သော် ရှန်းထင်ရွှမ်းက မြို့တော် B ရှိ ရှန်းမိသားစုမှ လာသည်ဟု ရှောင်ဖုန်း၏အမေက ထင်မထားခဲ့ပေ။

“ချမ်းသာတဲ့လူတွေမှာ တကယ်ပဲ ရှုပ်ထွေးတဲ့အရာတွေ အများကြီး ရှိကြတယ်၊ အခုပဲကြည့် မိန်းကလေး ရှန်းထင်ရွှမ်းက အရမ်းလှတယ်၊ ပြီးတော့ ရှန်းမိသားစုက တစ်ယောက်ကတော့ အရမ်းဆိုးတယ် “

ကြည့်လိုက်ရင် ရှန်းထင်ရွှမ်းနှင့် ဆက်သွယ်ဖူးသည့် လူများက ရှန်းထင်ရွှမ်းက ကောင်းသည်ဟု ပြောကြလိမ့်မည်။ ရှန်းမိသားစု ဘာတွေလုပ်နေမှန်း ရှောင်ဖုန်း တကယ်ပဲ နားမလည်တော့ချေ။

ရှန်းထျန်းသဲက ထိုအရာများအားလုံးကို မသိခဲ့ပေ။ သူက ရှန်းထင်ရွှမ်းနှင့် သားအဖဆက်ဆံရေးကို ဖြတ်တောက်ရန် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနေခဲ့ခြင်းကြောင့်ဖြစ်သည်။

“လက်မှတ်ထိုးပြီးရင် အနာဂတ်မှာ မင်းက ငါတို့ ရှန်းမိသားစုရဲ့ သမီးမဟုတ်တော့ဘူးနော် “

ရှန်းထင်ရွှမ်းက သဘောတူစာချုပ်ကို စိတ်အားထက်သန်စွာ ချက်ချင်း လက်မှတ်ရေးထိုးလိုက်သည်။ သူတို့နှစ်ဦးစလုံးက သဘောတူစာချုပ်မိတ္တူတစ်စောင်စီကို သိမ်းထားလိုက်ကြသည်။ ရှန်းထျန်းသဲက သဘောတူစာချုပ်ကို ယူပြီးနောက် နောက်ကို မကြည့်ဘဲ ထွက်သွားတော့သည်။

ယခုအချိန်မှ စပြီး သူတို့ တစ်ယောက်နှင့်တစ်ယောက် မပတ်သက်တော့ပေ။

ရှန်းထျန်းသဲက ကားထဲတွင် ထိုင်နေပြီး သူ့ခံစားချက်က ဘယ်လိုဖြစ်နေလဲ မပြောနိုင်ပေ။ ရှန်းထင်ရွှမ်းက ကလေးဘဝတည်းက သူ့ဘေးတွင် ကြီးပြင်းလာခြင်း မဟုတ်ပေ။ သူက ခံစားချက်များအကြောင်း ပြောရလျှင် သူက အမှန်တကယ် ဘာမှမရှိပေ။ သူက လွန်ခဲ့သည့်နှစ်များက သူမကို ပြန်ခေါ်ခဲ့သော်လည်း သူက မကြာခဏ စိတ်မချမ်းမသာ ဖြစ်ခဲ့ရသည်။

သူက သူတို့၏ဆက်ဆံရေးကို ဖြတ်တောက်ပြီးနောက် ယခု ပျော်ရွှင်သင့်ပေသည်။ သို့သော် သူက ဘာကြောင့်မှန်းမသိ ပျော်ရွှင်မှုကို မခံစားရပေ။

ဖုန်းသံက မြည်လာခဲ့သည်။ သူ့အတွင်းရေးမှူးက ခေါ်ဆိုနေခြင်း ဖြစ်ပြီး ရှန်းထျန်းသဲက ဖုန်းဖြေလိုက်သည်။

အတွင်းရေးမှူးက ပြောလိုက်သည်။ “မစ္စတာရှန်း မကောင်းတော့ဘူး၊ ကုမ္ပဏီရှယ်ယာတွေက ဒီနေ့ ထိုးကျနေတယ် “

ရှန်းထျန်းသဲ “ဘာလို့လဲ “

ဤအတောအတွင်း ရှန်းမိသားစုက အပျက်သဘောဆောင်သည့် မည်သည့်အရာကိုမှ မပြုလုပ်ခဲ့ပေ။ ဘဏ္ဍာ‌ရေးတွင်လည်း ပြဿနာမရှိပေ။ စတော့ရှယ်ယာများက အဘယ်ကြောင့် ထိုးကျနေရသနည်း။

အတွင်းရေးမှူးက အကြောင်းရင်းကို အတိုချုပ် ရှင်းပြလိုက်သည်။ ရှန်းထျန်းသဲက အကျိုးမပေးသည့် ရှန်းထင်ရွှမ်းကို လျှို့ဝှက်စွာ ကြိမ်းမောင်းလိုက်သည်။

“အခု ပြည်ပဆက်ဆံရေးဌာနကို ဖြေရှင်းခိုင်းလိုက် “ ဖုန်းချပြီးနောက် ဆက်ဆံရေးက လုံးဝပျက်စီးသွားပြီဟု ရှန်းထျန်းသဲက ခံစားလိုက်ရသည်။

ရှန်းထျန်းသဲက အင်တာနက်ပေါ်တွင် ပြည်သူ့အမြင်ကို ကြည့်လိုက်သည်။ သူတို့ အများစုက ရှန်းမိသားစုကို ကြိမ်းမောင်းနေကြပြီး ကံကောင်းစွာပင် ရွှမ်ရွှမ်ကို ဘယ်သူမှ မကြိမ်းမောင်းကြပေ။

ထိုအကြောင်းကို တွေးပြီးနောက် ရှန်းထျန်းသဲက ရှန်းရွှမ်ကို ဖုန်းခေါ်လိုက်သည်။

ရှန်းရွှမ်၏ အသံက အနည်းငယ် ဆို့နင့်နေပေသည်။ “အဖေ လိုင်းပေါ်မှာ ဘာတွေဖြစ်နေတာလဲ သမီးမသိဘူး “

ရှန်းထျန်းသဲက သူမကို နှစ်သိမ့်ပေးရန် ကြိုးစားလိုက်သည်။ ရှန်းရွှမ်းက ဆက်ပြောသည်ကို ကြားလိုက်သောအခါ “ရှန်းမိသားစုပုံရိပ်ကို ထိန်းသိမ်းဖို့ ရေတပ်တစ်တပ်ကို ငှားရမ်းဖို့ သမီး အေးဂျင့်ကို မေးထားတယ် “

ရှန်းထျန်းသဲက ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်သည်။ ရှန်းရွှမ်၏ ချဉ်းကပ်မှုက သေချာပေါက် ပါးနပ်ပေသည်။ သူမက ရှန်းမိသားစုနှင့် ထိုက်တန်ပေသည်။ ရှန်းမိသားစုနှင့် ပတ်သက်ပြီး တစ်ခုခုမှားသွားပါက သူမအတွက်လည်း ကောင်းသည့်အရာ ဖြစ်လာလိမ့်မည် မဟုတ်ပေ။

“ရွှမ်ရွှမ် သမီးက ငယ်ငယ်ကတည်းက အရမ်း ထောက်ထားညှာတာတတ်တာပဲ “

ရှန်းရွှမ် “သမီးကလည်း ရှန်းမိသားစုကပဲလေ၊ စကားမစပ် အဖေ လဲ့ထျန်းက အရေးယူဆောင်ရွက်နေပါပြီ၊ မစိုးရိမ်ပါနဲ့ “

ဖူမိသားစုက အရေးယူဆောင်ရွက်နေမှတော့ ရှန်းထျန်းသဲက မည်သို့ စိုးရိမ်နိုင်‌တော့မည်နည်း။

“ရွှမ်ရွှမ်က ကြီးပြင်းလာတော့ ပြဿနာတွေကို ဖြေရှင်းပြီး ရှန်းမိသားစုကို ကူညီနိုင်လာပြီပေါ့၊ ရှန်းမိသားစုက အနာဂတ်ကျရင် သမီးပေါ်မှာပဲ မှီခိုနေရတော့မှာ “

ရှန်းရွှမ်က ထိုစကားများကို ကြားသောအခါ သူမ မည်မျှ ပျော်ရွှင်နေကြောင်း မဖော်ပြနိုင်တော့ပေ။ သို့သော် သူမ၏ အသံက အလွန် ယဉ်‌ကျေးနေဆဲ ဖြစ်ပြီး “ဟုတ်တယ်၊ ညီမလေး ဘယ်လိုနေလဲ “

သူမက ထိုအကြောင်း ပြောလိုက်သည်နှင့် ရှန်းထျန်းသဲ၏ အသံက အေးစက်သွားသည်။ ခဏလောက် တိတ်ဆိတ်သွားပြီးနောက် “သူက ရှန်းမိသာစုနဲ့ ဘာမှမပတ်သက်တော့ဘူး “

ရှန်းရွှမ်က ရယ်မောလုနီးပါးဖြစ်သွားပြီး “ ဒါဆို အဖေ အလုပ်သွားတော့လေ၊ ကျန်းမာရေးလည်း ဂရုစိုက်နော်၊ မကြာခင်မှာ အကုန်လုံး ဖြေရှင်းပြီးသွားလိမ့်မယ် “

ရှန်းထျန်းသဲက ဖုန်းချလိုက်ပြီး ရှန်းရွှမ်၏ ချစ်စရာကောင်းမှုကို သက်ပြင်းချလိုက်သည်။ ယခု ရှန်းထင်ရွှမ်းအကြောင်း တွေးပြီး ရှန်းထျန်းသဲက နှလုံးဖောက်လုမတတ် စိတ်တိုသွားပေသည်။

ရှန်းရွှမ်၏မျက်လုံးထဲတွင် ဂုဏ်ယူသည့်အရိပ်အယောင်က ဖျတ်ခနဲပေါ်သွားခဲ့သည်။ လွန်ခဲ့သည့်နှစ်များစွာက ရှန်းထျန်းသဲသည် ရှန်းမိသားစုကို သူမဆီသို့ နောင်ကျ လက်လွှဲပေးမည်ဟု တစ်ခါမှ မပြောခဲ့ပေ။ ယနေ့က ပထမဆုံးအကြိမ် ဖြစ်သည်။

ရှန်းရွှမ်က အလျင်လိုမနေပေ။ အနာဂတ်တွင် ရှန်းအုပ်စုက သူမအပိုင်ဖြစ်မည်ဟု ယုံကြည်ပေသည်။

ရှန်းမိသားစုရှိ ပြင်ပဆက်ဆံရေးဌာနနှင့် ဖူမိသားစု၏ ပြင်ပဆက်ဆံရေးဌာတို့ ပူးပေါင်းပြီး အချိန်တစ်ခုကြာ ရှန်းမိသားစုအကြောင်း ရှာဖွေမှု အမြင့်ဆုံးဖြစ်နေသည်ကို အားလုံးနီးပါး ရုတ်သိမ်းခဲ့ပြီး အင်တာနက်ပေါ်ရှိ ရှန်းရွှမ်၏သတင်းများကိုလည်း ကောင်းကောင်း အဖတ်ဆယ်နိုင်ခဲ့သည်။

ဖူလဲ့ထျန်းက ထိုမျှနှင့် မရပ်သေးပေ။ သူက ဖေးဝမ်ရှုကိုလည်း ဖုန်းခေါ်လိုက်သည်။

ဖူလဲ့ထျန်းက ရှန်းထင်ရွှမ်း၏အသီးများကို စူပါမော၏စင်များပေါ်မှ ထုတ်ပယ်စေချင်ခဲ့သည်။ ရှန်းရွှမ်က အနာဂတ်တွင် ဖူမိသားစု၏ သခင်မ ဖြစ်လာမည်ကို မသိမသာရော သိသိသာသာပါ သူက ပြောခဲ့သည်။ ဖေးဝမ်ရှုက ရှန်းထင်ရွှမ်းလို မထင်ရှားသည့် လူတစ်ယောက်အတွက် ဖူမိသားစုကို အမှားမပြုလုပ်သင့်ပေ။

မကြာသေးသည့်နှစ်များတွင် ဖေးမိသားစုက ဖူမိသားစုထက် အနည်းငယ် နိမ့်ကျနေခဲ့သော်လည်း သူတို့က ဖူလဲ့ထျန်း၏ သိသိသာသာ ခြိမ်းခြောက်မှုမျိုးကို မကြောက်ပေ။

“သခင်လေးဖူက ကျွန်တော်တို့ကို သတိပေးနေတာပဲ၊ ကျွန်တော်တို့ နားလည်ပါပြီ “

သို့သော်ဖေးဝမ်ရှုက ရှန်းထင်ရွှမ်း၏အသီးများကို စင်ပေါ်မှ ဖြုတ်ချရန် တစ်ခွန်းမှ မပြောခဲ့ပေ။

ဖူလဲ့ထျန်းက အနည်းငယ် ဒေါသထွက်သွားပြီး “ဦးလေးဖေး ဘာလို့ ဒီလိုဖြစ်နေတာလဲ “

ဖေးဝမ်ရှုက ခပ်ပြတ်ပြတ် ပြောလိုက်သည်။ “မင်းက ငါ့ကို ဦးလေးလို့ခေါ်တယ်၊ ပြီးတော် အကြီးတစ်ယောက်အနေနဲ့ ငါလည်း မင်းကို သတိပေးရဦးမယ်၊ ရှန်းမိသားစုရဲ့ရှန်းရွှမ်နဲ့ မင်းနဲ့က မလိုက်ဖက်ဘူး “

နောက်ဆုံးတွင် ဖူလဲ့ထျန်းက လုံးဝ ဒေါသထွက်သွားပြီ ဖြစ်သည်။ “ဖေးဝမ်ရှု ကိုယ့်ကိစ္စကိုယ်ပဲ အာရုံစိုက်ပါ “

ဖေးဝမ်ရှုက ဖုန်းချလိုက်သည်။ ဖူလဲ့ထျန်းက စီးပွားလောကတွင် ကောင်းမွန်သည့် အရည်အချင်းများရှိသည့် ကလေးတစ်ယောက် ဖြစ်သည်။ သို့သော် သူက ဖေးမိသားစုကို ခြိမ်းခြောက်ရန် အရည်အချင်း မပြည့်မီပေ။

ဖူလဲ့ထျန်းက သူ့ဖုန်းကို ရိုက်ခွဲလိုက်သည်။ “ဘာဖေးမိသားစုလဲ၊ အရမ်းအရှက်မရှိတာပဲ၊ ဒါဆို ငါကလဲ ဖေးမိသားစုကို ရှင်းဖို့ စိတ်မခုတော့ဘူး“ ဖူမိသားစုက ထိပ်တန်းမိသားစုသို့ အချိန်တစ်ခုကြာ ဝင်ရောက်ချင်ခဲ့သည်။ တခြား ထိပ်တန်းမိသားစုများကို ပေါင်းစည်းခြင်းဖြင့် ၎င်းကို ပြုလုပ်ရန် နည်းလမ်းကောင်းတစ်ခုလည်း ဖြစ်သည်။

ဖေးဝမ်ရှုက ထိုအကြောင်း အဘိုးဖေးကို ပြောလိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။

“ဖူမိသားစုက ဘာလို့ ဖူလဲ့ထျန်းလို ခွေးကောင်ကို မြေတောင်မြှောက်ပေးထားတာလဲ “

ရှန်းထင်ရွှမ်းက အဘိုးဖေးကို ကယ်ခဲ့သည့်အတွက် သူတို့က ရှန်းမိသားစုကို ကျေးဇူးတင်ရန် မသွားခဲ့လျှင် သူတို့က ရှန်းရွှမ်၏ မျက်နှာအစစ်ကို သိခဲ့လိမ့်မည် မဟုတ်ပေ။

ဖူလဲ့ထျန်းအတွက် အပေါ်ယံမျက်နှာကို ဖြတ်ပြီး မမြင်နိုင်သည်က တကယ်တော့ ပုံမှန်ပင် ဖြစ်သည်။

ဖူလဲ့ထျန်းက တစ်မနက်လုံး အလုပ်ရှုပ်နေခဲ့သည်။ ဖေးမိသားစု၏ စီးပွားရေးကို ယိုင်နဲ့စေရန် သူ့လက်အောက်ငယ်သားအား မေးမြန်းခဲ့ပြီးနောက် သူက လူသိများသည့် ဒါရိုက်တာ ကျန်းချင်နှင့် တွေ့ဆုံခဲ့သည်။ “ဒါရိုက်တာကျန်း ဒီရက်ပိုင်း ဘယ်လိုနေလဲ “

ကျန်းချင်နှင့် ဖူလဲ့ထျန်းက တစ်ယောက်နှင့် တစ်ယောက် အဆက်အသွယ် သိပ်မရှိပေ။ သို့သော် သူတို့ကလည်း စီးပွားရေးလောကတွင် ဩဇာအနည်းငယ်ညောင်းသည့် ဖူလဲ့ထျန်းကို သိပေသည်။

“အဆင်ပြေပါတယ်၊ သခင်လေးဖူက ကျွန်တော့်ကို ဘာလို့ ခေါ်တာလဲ “

ဖူလဲ့ထျန်းက အလွန်ညင်သာစွာ ပြောလိုက်သည်။

“ဒါရိုက်တာကျန်းက အရမ်းယဉ်ကျေးလွန်းနေပါပြီ၊ မကြာသေးခင်က ဇာတ်ညွှန်းကောင်းများ မရှိဘူးလား “

ကျန်းချန်က ရယ်မောလိုက်ပြီး “ဘာလို့လဲ သခင်လေးဖူက သရုပ်ဆောင်အဖြစ် ပွဲဦးထွက်ချင်လို့လား“ ဖူလဲ့ထျန်းက သူ့အသိကို အဖွဲ့ထဲသို့ ထည့်ရန် စီစဉ်ပေးချင်သည်ကို ကျန်းချန်းက သိပြီးသားဖြစ်သည်။

ကျန်းချန်က ဒါရိုက်တာဖြစ်လာခဲ့သည်မှာ ကြာပြီဖြစ်သည်။ ထို့ကြောင့် သူက သဘာဝကျစွာပင် အခုမှ ပွဲထွက်လာသည့် လူငယ်ဒါရိုက်တာများနှင့် ကွဲပြားပေသည်။ သူ့အဖွဲ့သားများက ဘယ်တော့မှ ငွေမလုံလောက်တာမျိုး မရှိခဲ့ပေ။

ဖူလဲ့ထျန်းက “ကျွန်တော့်အရည်အချင်းနဲ့ ဘယ်လိုလုပ် ဝင်နိုင်မှာလဲ၊ ဒါပေမဲ့ ကျွန်တော့်မှာ အရမ်းသင့်တော်တဲ့သူတစ်ယောက်ရှိတယ်၊ သူမက အနာဂတ်မှာ သေချာပေါက် ထင်ရှားလာမဲ့သူဆိုတာ ကျွန်တော် သိတယ် “

အနုပညာနယ်ပယ်တွင် အရည်အချင်းရှိသည့်သူက ရှားပါးမှု မရှိပေ။ ဖူလဲ့ထျန်းပြောသည့် အနာဂတ်တွင် ကျော်ကြားလာမည့်သူက အခုလည်း ကျော်ကြားပြီးသားဟု အဓိပ္ပာယ်ရပေသည်။

“အိုး သခင်လေးဖူပြောတဲ့သူက ဘယ်သူများလဲ “

ဖူလဲ့ထျန်း “ကျွန်တော့်ရဲ့အနာဂတ် သတို့သမီးလောင်း ရှန်းရွှမ်ပါ “

ရှန်းရွှမ်နှင့် ကျန်းချန်က တစ်ဦးနှင့်တစ်ဦး သိကြပေသည်။ သူမက အနုပညာနယ်ပယ်တွင် အဆင့်လေးမင်းသမီးတစ်ယောက် ဖြစ်သည်။ သူမက ကြည့်ကောင်းပြီး သရုပ်ဆောင်စွမ်းရည် မရှိသည်တော့ မဟုတ်ပေ။ ဒါပေါ့၊ တကယ့် အရည်အချင်းရှိသည့် မင်းသမီးနှင့်တော့ နှိုင်းယှဉ်၍ မရနိုင်ပေ။ သို့သော် ဖူလဲ့ထျန်းက ရှန်းရွှမ်က သူ့သတို့သမီးလောင်းဟု ပြောခဲ့ပြီး ဖူမိသားစု၏ အနာဂတ်သခင်မလေး ဖြစ်သည်။ ထိုကဲ့သို့ ဆက်ဆံရေးမျိုးဖြစ်လျှင် ကျန်းချန်က ပြန်စဉ်းစားရန် လိုပေသည်။

သူက ငွေမပြတ်ပေ။ သို့သော် အနုပညာနယ်ပယ်ရှိ လူများက ထိုကဲ့သို့ အရာများကို လူးသာလွန့်သာအခြေအနေ ပေးရမည်ဖြစ်သည်။

ကျန်းချန်က ချက်ချင်း ပြန်မပြောခဲ့ပေ။ ဖူလဲ့ထျန်းကလည်း ကြားဖြတ်မပြောခဲ့ပေ။

ခဏကြာပြီးနောက် ကျန်းချန်က ပြောလိုက်သည်။ “ကောင်းပြီ ငါ့မှာ သိပ်မကြာခင် ရိုက်ကူးမဲ့ သင့်တော်တဲ့ ရှိုးတစ်ခု ရှိတယ်၊ နှစ်ရက်အတွင်း ဇာတ်ညွှန်းကို ပို့လိုက်မယ် “

“ဟုတ်ကဲ့ပါ၊ ကျေးဇူးတင်ပါတယ် ဒါရိုက်တာကျန်း “

တစ်ခါတစ်ရံ ၎င်းက သရုပ်‌ဆောင်များပေါ်တွင် မူတည်သော်လည်း ဤနယ်ပယ်တွင် နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီးနောက် ကျန်းချန်၏ ဘယ်ဇာတ်ညွှန်းကမှ ဆိုးရွားလိမ့်မည်မဟုတ်ပေ။

ဖုန်းချလိုက်ပြီးနောက် ဖူလဲ့ထျန်းက ညစာစားရန် ရှန်းရွှမ်ကို ဖိတ်လိုက်ပြီး ထိုသတင်းအား ပြောပြလိုက်သည်။

ရှန်းရွှမ်က အလွန်ခံစားသွားရပြီး “လဲ့ထျန်း ရှင်က ကျွန်မကို အရမ်းကြင်နာတာပဲ၊ ရှင့်ကို ဘယ်လိုပြန်ပေးဆပ်ရမလဲ‌တောင် မသိတော့ဘူး “

ဖူလဲ့ထျန်းက ရှန်းရွှမ်လက်ကို ကိုင်လိုက်ပြီး ပြောလိုက်သည်။ “ကိုယ့်ကို မင်းရဲ့နှလုံးသားပဲ ပေးပါ “

မူလက ရှောင်ဖုန်းသည် ရှန်းထင်ရွှမ်းကို ရှာချင်ခဲ့သော်လည်း သူက Weibo နှင့် ပို့စ်များကို စစ်ဆေးပြီးသောအခါ ရှန်းထင်ရွှမ်းက ရှင်းယွမ်ရှန်တောင်ခြေတွင် မရှိတော့သည်ကို တွေ့လိုက်ရသည်။

ရှောင်ဖုန်းက တောင်ခြေတွင် နေ့ခင်းတိုင်အောင် လှည့်လည်သွားလာနေခဲ့သော်လည်း ရှန်းထင်ရွှမ်းကို မမြင်ရသေးပေ။ သူက စဉ်းစားလိုက်ပြီးနောက် WeChat မှ စာတစ်စောင် ပို့လိုက်တော့သည်။ သို့သော် ရှန်းထင်ရွှမ်းက စာမပြန်ပေ။

နောက်နေ့ မနက်စောစောတွင် ရှောင်ဖုန်းက အသီးစားပွဲကို စောစောစီးစီး လာစောင့်နေပေသည်။

၇ နာရီမထိုးခင် ရှန်းထင်ရွှမ်းက ရောက်လာခဲ့သည်။

ရှောင်ဖုန်းက သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်ပြီး “မင်း လာပြီပဲ “

ရှန်းထင်ရွှမ်းက “ရှင် ကျွန်မနဲ့ တစ်ခုခုလုပ်စရာ ရှိလို့လား “

ရှောင်ဖုန်းက ရှန်းထင်ရွှမ်းကို မြင်‌သောအခါ လိုင်းပေါ်မှ အဖြစ်အပျက်များကို မည်ကဲ့သို့ ရှင်းပြရမှန်းမသိ ဖြစ်နေပေသည်။ “မင်း ချင်ယွဲ့ကျီကို သိလား “

ရှန်းထင်ရွှမ်းက ခေါင်းညိတ်လိုက်သည်။ “သိတယ် “

လူအသွင် bug သူက ရှင်းယွမ်ရှန်တွင် တစ်ချိန်လုံး ရှိနေနိုင်လျှင် ကောင်းပေလိမ့်မည်။

“သူက ကားမတော်တဆမှုတစ်ခု ဖြစ်ခဲ့တော့ သူ့ပရိသတ်တွေက မင်းကို ရှာတွေ့သွားပြီ “

ရှန်းထင်ရွှမ်းက ချင်ယွဲ့ကျီကို သရုပ်ဆောင်မှန်းသိမည်ဟု ရှောင်ဖုန်းက ထင်နေခဲ့သည်။

ရှန်းထင်ရွှမ်းက “ပရိသတ်တွေ “ ဟူသည့် စကားလုံးကို အရင်ဆုံး ကြားသွားခဲ့သည်။ ကြယ်ပွင့်များ သို့မဟုတ် အင်တာနက် ဆယ်လီများက ပရိသတ်များရှိသည်ကို သူမက သိခဲ့သည်။ ချင်ယွဲ့ကျီ၏နာမည်ကို ပထမဆုံးအကြိမ် ကြားခဲ့တုန်းက ဘာ့ကြောင့် ရင်းနှီးသလို ခံစားနေရမှန်း နောက်ဆုံးတွင် သူမက နားလည်သွားခဲ့သည်။ ချင်ယွဲ့ကျီက အနုပညာနယ်ပယ်က ထင်ရှားသည့် ကြယ်ပွင့်တစ်ပွင့် ဖြစ်သောကြောင့် ဖြစ်သည်။

ရှောင်ဖုန်းက ရှန်းထင်ရွှမ်း၏ တုံ့ပြန်မှုကို ကြည့်ပြီး အနည်းငယ် စိတ်ရှုပ်သွားခဲ့သည်။ ပထမက သူမသည် စိတ်မဝင်စားပုံရပေသည်။ ပြီးနောက် ရုတ်တရက် သဘောပေါက်သွားပြီး ချင်ယွဲ့ကျီက ဘယ်သူလဲဆိုတာ မှတ်မိသွားပုံရပေသည်။ ရှောင်ဖုန်းက မှားမြင်တာ ဖြစ်နိုင်သည်ဟု ခံစားနေရသည်။

“သူက ဒီမှာ ကားမတော်တဆ ဖြစ်ခဲ့တာလား “

ယခု အမှန်တကယ် ကားတိုက်ခဲ့သည့်နေရာကို ဝါးများဖြင့် ဖုံးထားခဲ့သော်လည်း နောက်ကျ သိသွားကြလိမ့်ကို ရှန်းထင်ရွှမ်းက သိပေသည်။ “ဟုတ်တယ် “

ရှန်းထင်ရွှမ်းက ၎င်းကို ဝန်ခံသည်ကို ကြားရခြင်းနှင့် ယှဉ်လျှင် အင်တာနက်မှ သတင်းများကို မြင်ရခြင်းက ကွဲပြားပေသည်။ ရှောင်ဖုန်းက စိတ်ပို ရှုပ်ထွေးလာခဲ့သည်။ “သံသယရှိတဲ့သူက anti fan တစ်ယောက်လို့ ကြားတယ်၊ ပြီးတော့ သူ့ကို ရဲတွေ ဖမ်းသွားပြီတဲ့ “

ရှန်းထင်ရွှမ်း “မကောင်းတဲ့သူတွေက မကောင်းတဲ့ကံရှိတာပဲ၊ အပြစ်ခံရသင့်တယ် “

သူ့စကားလမ်းကြောင်းက အနည်းငယ် လွဲနေသည်ဟု ရှောင်ဖုန်းက ခံစားလိုက်ရသည်။ သူက ဒီနေ့ ဘာ့ကြောင့် လာခဲ့ရသည့် အကြောင်းရင်းကို ပြောပြလိုက်သည်။

“မင်းက ရှန်းမိသားစုနဲ့ ပတ်သက်တယ်ဆိုတာ အင်တာနက်အသုံးပြုသူတွေ ရှာတွေ့သွားကြတယ် “

ရှန်းထင်ရွှမ်းက မျက်တောင်ခပ်လိုက်သည်။

“အဲဒီတော့ ကျွန်မနဲ့ ရှန်းမိသားစုက ဆက်ဆံရေးဖြတ်တောက်ဖို့ သဘောတူစာချုပ်မှာ လက်မှတ်ထိုးထားတာ သူတို့က မသိကြဘူးလား “

ရုတ်တရက် ရှောင်ဖုန်းက မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူက ရှန်းမိသားစု အရမ်းလွန်သည်ဟု ထင်မိသော်လည်း ရှန်းထင်ရွှမ်းနှင့် သူတို့၏ဆက်ဆံရေးကို ဖြတ်တောက်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ သူတို့က အလွန်အကြူး ဖြစ်နေသည်ကို သူက နားမလည်နိုင်ခဲ့ချေ။ ဤကဲ့သို့ လုပ်သည့် မိဘများက တကယ်ပဲ ရှိနေပေသည်။ “ဘာလို့လဲ “

ရှန်းထင်ရွှမ်းက အလွန်တည်ငြိမ်နေသည်။

“ကျွန်မတို့က အမြဲတမ်း ဆိုးရွားတဲ့ ဆက်ဆံရေးတစ်ခု ရှိနေပြီးသားလေ “

သူမက တည်ငြိမ်သော်လည်း ရှောင်ဖုန်းက သူမအတွက် ပိုပြီး စိတ်ထိခိုက်မိနေသည်။ သူမ၏အဖေက ဂရုမစိုက်သလို သူ့အမေကလည်း မချစ်ခဲ့ပေ။ သူမက ငွေရှာရန် စိုက်ပျိုးခြင်းတွင်သာ မှီခိုအားထားနေရဆဲ ဖြစ်သည်။

ရှန်းထင်ရွှမ်းက “ကျွန်မအမေက သေသွားခဲ့တာ ကြာပြီ “ ရှန်းထျန်းသဲ၏ လက်ရှိဇနီးက သူမနှင့် ပတ်သက်မှု မရှိပေ။

ရှောင်ဖုန်းက နားလည်သည့် အကြည့်ဖြင့် ကြည့်နေခဲ့သည်။ မင်းမှာသာ မိထွေးတစ်ယောက်ရှိခဲ့ရင် ပထွေးတစ်ယောက်လည်း ရှိလာလိမ့်မယ်လို့ ပြောကြတာက တကယ် မှန်နေတာပဲ။

“မင်း Weibo ဖွင့်ဖို့ စဉ်းစားပြီးပြီလား “

ရှန်းထင်ရွှမ်းက ‌ရှောင်ဖုန်း၏ အရင်က အကြံပေးချက်ကို သတိရသွားခဲ့သည်။ “ကျွန်မမှာ အဲဒီအစီအစဉ် မရှိသေးဘူး “

ရှောင်ဖုန်းက အင်တာနက်ပေါ်ရှိ ရေတပ်များအကြောင်းနှင့် ရှန်းထင်ရွှမ်း၏ အနာဂတ်အကြောင်း နှစ်ခုစလုံးကို တွေးမိပြီး ပြောလိုက်သည်။

“မင်း Weibo ဖွင့်သင့်တယ်လို့ ထင်တယ်၊ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခု ဖွင့်ဖို့လည်း အဆင်ပြေတယ်၊ တကယ်လို့ မင်းမှာ ပရိသတ်တွေ ရှိလာရင် အဲ့ဒီတိုက်ရိုက်ထုတ်လွှင့်မှုမှာလည်း ကြော်ငြာလို့ရတယ်“

သူက ပထမဆုံး ဓာတ်ပုံရိုက်သည့် လမ်းကြောင်းကို စတင်သောအခါ သူ့မိဘများက ၎င်းကို ကန့်ကွက်ခဲ့ကြသော်လည်း ယခု သူက သူ့ကိုယ်သူ ထောက်ပံ့ရန် ပိုက်ဆံ အလုံအလောက် ရှာနိုင်ပေသည်။

ယင်းက အနည်းငယ် ဒုက္ခပေးမည်ဟု ရှန်းထင်ရွှမ်းက တွေးနေခဲ့သည်။

ရှန်းထင်ရွှမ်းက ငြင်းပယ်ရန် အသင့်ဖြစ်နေသည်ကို မြင်သောအခါ ရှောင်ဖုန်းက ဆက်ပြောလိုက်သည်။

“တိုက်ရိုက်ထုတ်လွှင့်ပြီး မင်းရဲ့ အသီးတွေကို ကြော်ငြာလို့ ရတယ်၊ အနာဂတ်မှာ မင်းက ကျော်ကြားလာရင် တစ်ညတည်းနဲ့ တစ်တောင်လုံးက အသီးတွေကိုတောင် ‌ရောင်းလို့ရတယ်၊ တချို့အင်တာနက်ဆယ်လီတွေက ပရိသတ် ဆယ်သန်းလောက် ရှိကြတာ၊ သူတို့က တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းထဲမှာ ပစ္စည်းတွေ ကူကြော်ငြာဖို့ ထင်ရှားတဲ့ ကြယ်ပွင့်တွေကိုလည်း ဖိတ်ကြတယ် “

ရှန်းထင်ရွှမ်းက ပထမစာကြောင်းတစ်ဝက်ကို ကြားသောအခါ ခေါင်းခါနေဆဲဖြစ်သည်။ သူမက တစ်ညတည်းဖြင့် တစ်တောင်လုံးကို မရောင်းချင်ပေ။ ထိုသို့မဟုတ်ပါက သူမက နောက်တာဝန်ကို ဘယ်လိုလုပ် ပြီးတော့မည်နည်း။

သို့သော် နောက်စာကြောင်းတစ်ဝက်ကို ကြားပြီးနောက် သူမက စိတ်ဝင်စားလာခဲ့သည်။

“ထင်ရှားတဲ့ ကြယ်ပွင့်ကို ဖိတ်တာလား “ ထင်ရှားတဲ့ ကြယ်ပွင့်က ချင်ယွဲ့ကျီ မဟုတ်ဘူးလား။

ရှောင်ဖုန်းက “ဟုတ်တယ်၊ ပရိသတ်ဆယ်သန်းအထက် ရှိတဲ့ အင်တာနက်ဆယ်လီ ဗီဗီက သိပ်မကြာသေးခင်ကပဲ သူမရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ မင်းသမီး ကျစ်ရင်ကို ဖိတ်ခဲ့တာ “

“အဲဒီတော့ အနာဂတ်မှာ ပရိသတ်တွေပိုများလာရင် ကျွန်မလည်း သရုပ်ဆောင်တွေကို ဖိတ်နိုင်မှာလား “ ရှန်းထင်ရွှမ်းက မူလကိုယ်၏ မှတ်ဉာဏ်များကို ချက်ချင်း ရှာဖွေလိုက်ပြီး ချင်ယွဲ့ကျီက သရုပ်ဆောင်တစ်ယောက်ဆိုတာ သေချာသွားသည်။

“ဒါပေါ့ မင်းက ချင်ယွဲ့ကျီကိုတောင် ဖိတ်နိုင်တယ် “ ရှောင်ဖုန်းက ပြောလိုက်သော်လည်း ချင်ယွဲ့ကျီက မည့်သည့်ရသစုံလင်ရှိုး သို့မဟုတ် တိုက်ရိုက်ထုတ်လွှင့်မှုတွင်မှ မပါဝင်ခဲ့ပုံရသည်။

“ကောင်းပြီ နောက်ကျ ကျွန်မ Weibo အကောင့်တစ်ခု ဖွင့်လိုက်မယ် “ မူလကိုယ်တွင် ဖွင့်ပြီးသား Weibo အကောင့်တစ်ခုရှိလောက်မည်ကို သတိရသွားခဲ့သည်။ သို့သော် သူမက သူမကိုယ်တိုင် အသစ်တစ်ခု စာရင်းသွင်းရန် စီစဉ်ထားသည်။

နောက်ဆုံးတွင် ရှန်းထင်ရွှမ်းက Weibo တစ်ခု ဖွင့်မည်ကို ကြားသောအခါ ရှောင်ဖုန်းက အလွန်ပျော်သွားခဲ့သည်။ “ကောင်းပြီ၊ မင်းမှာ မေးစရာရှိရင် ငါ့ကို WeChat ကနေ ဆက်သွယ်လို့ရတယ် “

“ကောင်းပါပြီ “

ငြီးငွေ့ဖွယ်ကောင်းသည့် မနက်ခင်းအလုပ်များ ပြီးသွားပြီးနောက် သူမဖုန်းတွင် Weibo အက်ပလီကေးရှင်းက အဆင်သင့်ရှိနေသည်ကို တွေ့လိုက်ရသည်။ သူမက နှိပ်ဝင်လိုက်ပြီး မူလပိုင်ရှင်က ရှန်းထင်ရွှမ်းဟူသည့် အမည်ဖြင့် Weibo အကောင့်တစ်ခု ဖွင့်ထားသည်ကို တွေ့လိုက်ရသည်။

Weibo ပို့စ်တချို့ တင်ထားခဲ့သော်လည်း ရှန်းထင်ရွှမ်းက မူလကိုယ်၏ Weibo အကောင့်ကို သုံးရန် ရည်ရွယ်ချက်မရှိပေ။ သူမက နာမည်နေရာတွင် ရိုက်ထည့်ရန် စဉ်းစားလိုက်ပြီး ရေးလိုက်သည်။

“အပင်စိုက်တဲ့ အားရွှမ်း “

ရှောင်ဖုန်းက ရှန်းထင်ရွှမ်း၏ Weibo အကောင့်ကို WeChat တွင် မေးလိုက်ပြီး ရှန်းထင်ရွှမ်းက Weibo တွင် အသစ်ဖွင့်ထားသည့် အကောင့်နာမည်ကို ပေးလိုက်သည်။

ထို့နောက် သူမက ရှာဖွေသည့်နေရာကို နှိပ်လိုက်ပြီး ကြယ်ပွင့်များနှင့် အင်တာနက်ဆယ်လီများ၏ Weibo ကို စစ်ဆေးရန် စတင်လိုက်သည်။ တကယ်တော့ သူမက မူလကိုယ်ကိုလည်း စစ်ဆေးခဲ့သည်။ ရှန်းရွှမ်က သရုပ်ဆောင်တစ်ယောက်ဖြစ်လာပြီးနောက် မူလကိုယ်ကလည်း အနုပညာရပ်ဝန်းသို့ ဝင်ချင်ခဲ့သည်။ သို့သော် မလွယ်ကူခဲ့ချေ။

ထို့အပြင် သူမက သွင်ပြင်နှင့် ပင်ကိုယ်အရည်အသွေးက သရုပ်ဆောင်တစ်‌ယောက်ဖြစ်ရန် မသင့်တော်ဘူးဟု မူလကိုယ်၏ အနားရှိ သူငယ်ချင်းများက ပြောခဲ့ကြသည်။

မူလကိုယ်က ထိုစကားများကြောင့် စိတ်ထိခိုက်ခဲ့ရသည်။

အပြင်ဘက် ရှုထောင့်မှ ကြည့်လျှင် ရှန်းရွှမ်နှင့် မူလကိုယ်က တကယ့်ကို အတော်လေး ဆင်ပေသည်။ ရှန်းရွှမ်က ကြည့်ကောင်းသည့်တိုင် မူလကိုယ်က ရှန်းရွှမ်ထက် ပို၍ ကြည့်ကောင်းပေသည်။

သူငယ်ချင်းဟု ခေါ်သည့်သူများ ပြောကြသည်က သေချာပေါက် ဆန့်ကျင်ဘက် ဖြစ်နေပေသည်။

နှစ်နာရီကျော်ကြာ ဖတ်ရှုပြီးနောက် ရှန်းထင်ရွှမ်းက သူမ၏ Weibo ကို ပြန်သွားကြည့်လိုက်ရာ သူမတွင် ပရိသတ်အများအပြား ရှိနေသည်ကို တွေ့လိုက်ရသည်။ ပထမဆုံး ပရိသတ်က “Feng Ge Street Photography” ဟုခေါ်ပြီး ၎င်းနောက်တွင် အဝါရောင် V တစ်လုံး ရှိပေသည်။

ရှန်းထင်ရွှမ်းက ရှောင်ဖုန်းဖြစ်ကြောင်း သိလိုက်သည်။ ထို့ကြောင့် သူမက ပြန်ပြီး follow လုပ်လိုက်သည်။

ရှန်းထင်ရွှမ်းက သူ့ကို Weibo အမည်ကို ပြောလိုက်ပြီးနောက် သူက အရမ်းပျော်သွားခဲ့သည်။ ပြီးနောက် ပြန်တင်ပို့စ် တစ်သိန်းကျော်ခဲ့သည့် Weibo ပို့စ်ကို ထပ်ဆင့်ပို့ပေးလိုက်သည်။

[Feng Ge Street Photography V: မင်းတို့ လိုချင်နေတဲ့ ကျောဘက်မြင်ကွင်းနဲ့သူက ဒီမှာပဲ။ @အပင်စိုက်တဲ့ အားရွှမ်း //

@Feng Ge Street Photography V: မနေ့ကနဲ့ ဒီနေ့ … ]

Weibo ပို့စ်တင်သည်မှာ ခဏသာ ရှိသေးသော်လည်း ဤပုံရိပ်က ဘယ်သူလဲ သိချင်နေကြသည့် များစွာသော အင်တာနက်အသုံးပြုသူများ ရှိနေကြဆဲဖြစ်ပြီး လူများစွာက ရှောင်ဖုန်း၏ Weibo ပို့စ်ကို နှိပ်ကြည့်ကြတော့သည်။ လက်စသတ်တော့ တစ်ဖက်လူက အခုမှ စာရင်းသွင်းထားပြီး ပို့စ်တစ်ခုတောင် မတင်ရသေးသည့် အသုံးပြုသူအသစ်တစ်ယောက် ဖြစ်နေသည်။

တချို့ စပ်စုချင်သည့် အင်တာနက်အသုံးပြုသူများက follow လုပ်လိုက်ကြသည်။

ရှန်းထင်ရွှမ်းက Weibo ကို စာရင်းသွင်းပြီး တစ်ခဏကြာပြီးနောက် ပရိသတ်အရေအတွက်က ၁ မှ ၁၀၀၊ ထို့နောက် ၁၀၀၀ အထိ ရှိသွားပြီး ဆက်လက်မြင့်တက်နေဆဲ ဖြစ်သည်။

ရှန်းထင်ရွှမ်းက Weibo တွင် ပို့စ်တစ်ခုမှ မတင်ခဲ့သောကြောင့် အင်တာနက်အသုံးပြုသူများက မှတ်ချက်ပေးရန် နေရာကို ရှာမတွေ့နိုင်ခဲ့ပေ။ ထို့ကြောင့် သူတို့က ရှောင်ဖုန်း၏ Weibo သို့ ပြန်ပြေးကြလေသည်။

[အစ်ကိုဖုန်း အားရွှမ်းကို ပြောပေးပါ၊ သူမ ပို့စ်တစ်ခု တင်ဖို့လိုတယ်။ ]

[သူမက ခုပဲ စာရင်းသွင်းထားတာ ဘာပို့စ်မှ မရှိဘူး။ ]

[ငါ ဘောင်းဘီတောင် ချွတ်ပြီးပြီ။ ဒါပေမဲ့ မင်းက Weibo အလွတ်တစ်ခုကို ပြနေတာလား။]

……

ရှောင်ဖုန်းက ရှန်းထင်ရွှမ်းကို ပို့စ်တင်ရန် WeChat မှတဆင့် တိုက်တွန်းလိုက်သည်။

အချိန်က နေ့လယ် ၁၂နာရီကျော်နေပြီဖြစ်ပြီး နေရောင်ခြည်က ဆီးသီးများပေါ်သို့ တိုက်ရိုက် ဖြာကျနေပေသည်။ အလင်းရောင်ဘက်သို့ မျက်နှာမူလျက် ရှန်းထင်ရွှမ်းက ဆီးသီးများကို ဓာတ်ပုံတစ်ပုံရိုက်ယူလိုက်ပြီး သူမ၏ဘဝတွင် ပထမဆုံးအကြိမ် Weibo တွင် ပို့စ်တင်ခဲ့ပေသည်။

[အပင်စိုက်တဲ့ အားရွှမ်း။ တောင်ပေါ်ရှိ ဆီးသီးများ (ပုံ) ]

မနက်က စာရင်းသွင်းပြီးကတည်းက ယခု ရှန်ထင်ရွှမ်းတွင် ပရိသတ် အယောက် ၅၀၀၀ ခန့် ရရှိနေပြီ ဖြစ်သည်။ အများစုက ရှောင်ဖုန်း၏ပရိသတ်များ ဖြစ်ပြီး တချို့က အတင်းအဖျင်းပြောပြီး စပ်စုတတ်သည့် အင်တာနက်အသုံးပြုသူများ ဖြစ်ကြသည်။ ဤပို့စ်အသစ်က လိုင်းပေါ်တွင် ရှိနေဆဲဖြစ်သော အင်တာနက်အသုံးပြုသူအားလုံးက ၎င်းပို့စ်ကို မြင်သွားကြသည်။

[ဝိုး… အစ်မက တကယ်ပဲ အပင်ကောင်းကောင်း စိုက်တတ်တာပဲ။ ]

[မနက်ခင်းမှာ စောစောစီးစီး ဒီပုံကို ကြည့်မဲ့အစား မိန်းမလှလေးတွေပဲ ကြည့်ချင်တယ်၊ ဒါပေမဲ့ ငါ ဘာလုပ်သင့်လဲ၊ တကယ်ပဲ ဒီအသီးကို စားချင်နေတယ်။ ]

[ ဒီဆီးသီးကို ငါလိုချင်တယ်။ ]

[အစ်မ အဲဒါက ဘယ်မှာလဲ။ ဆီးသီးတွေ ဝယ်ချင်ပါတယ်။ ]

[အဲဒါက ရှင်းယွမ်ရှန်မှာလေ။ အရမ်းနာမည်ကြီးတာ။ ]

[ဝိုး ငါ့သူငယ်ချင်းတွေက သူတို့ စူပါမားကတ်မှာ အဲဒီဆီးသီးတွေ ဝယ်လို့ရတယ်။ ငါ သူတို့ကို တကယ်ပဲ မနာလိုဘူး။ ]

[နင် မပြောနဲ့။ စူပါမောက ဝယ်ယူမှုကို ကန့်သတ်ထားတာ၊ တစ်နေ့ကို တစ်လုံးပဲ ဝယ်လို့ရတယ်၊ အဲဒါက ဘာကိုမှ မရလောက်ဘူးလို့ ပြောတာပဲ]

မှတ်ချက်များက လျင်မြန်စွာ ထိုးတက်လာခဲ့သည်။ ရှန်းထင်ရွှမ်းက တချို့ကို စာပြန်လိုက်သည်။ ထို့နောက် လိုင်းပိတ်လိုက်ပြီး ဆက်လက် စိုက်ပျိုးတော့သည်။

ရှန်းထင်ရွှမ်းက Weibo ကို စာရင်းသွင်းလိုက်ပြီး မကြာမီ အဖွဲ့အသီးသီးက သိသွားကြတော့သည်။

ဖေးမိသားစု၊ ဖူလဲ့ထျန်း၊ ရှန်းရွှမ်နှင့် ဝမ့်ချန်တို့ ဖြစ်ကြသည်။

ဝမ့်ချန်က ရှန်းရွှမ်းကို အရင်က ခေါ်ခဲ့ပြီးနောက် သူက ထပ်ပြီး ဆက်သွယ်ရန် ကြိုးစားခဲ့သည်။ သို့သော် သူမက ဆက်သွယ်၍ မရတော့သည်ကို တွေ့ရှိသွားသည်။ သူမက ရှန်းထင်ရွှမ်းကို ရှာချင်ခဲ့သော်လည်း သူမက ထိုနေရာကို ရှာမတွေ့နိုင်ခဲ့ပေ။

သိပ်မကြာခင်က ရှန်းထင်ရွှမ်းသည် အဘိုးဖေး၏ မွေးနေ့ပွဲသို့ တက်ရောက်ခဲ့သည်ဟု ကြားခဲ့သည်။ ဝမ့်ချန်က မနာလိုလွန်း၍ ရူးလုနီးပါး ဖြစ်နေပေသည်။ အကြောင်းရင်းတချို့ကြောင့် ရှန်းထင်ရွှမ်းလိုလူက ညတွင်းချင်း ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

ယနေ့ ရှန်းထင်ရွှမ်းက Weibo တွင် အကောင့်ဖွင့်လိုက်သည်ကို သူမက မြင်လိုက်ရပြီး ချက်ချင်း အကောင့်တုဖြင့် follow လုပ်လိုက်ပြီးနောက် ထူးဆန်းသည့် မှတ်ချက်ကို အောက်ပါအတိုင်း ရေးလိုက်သည်။

[အိုး။ ဒီအိမ်မဲ့ရာမဲ့ငမွဲမလေးက ရှန်းမိသားစုက နှင်ထုတ်ခံလိုက်ရတဲ့ တစ်ယောက်မလား။ ]

ရှန်းထျန်းသဲနှင့် ရှန်းထင်ရွှမ်းတို့ ဆက်ဆံရေးဖြတ်တောက်ခြင်း သဘောတူစာချုပ်တွင် လက်မှတ်ထိုးပြီးနောက် ရှန်းရွှမ်က တိတ်တိတ်လေး ပျော်ရွှင်နေခဲ့သည်။ မနက်ပိုင်းတွင် ရှန်းထျန်းသဲက ရှင်းယွမ်ရှန်မှ ထွက်လာသောအခါ သူမနှင့် ဖုန်းပြောခဲ့ပြီး သူမက ဖုန်းချပြီးပြီးချင်း ထိုကိစ္စကို လူသိရှင်ကြား သတင်းလွှင့်လိုက်တော့သည်။

ဝမ့်ချန်က အထက်တန်းလွှာမှ မဟုတ်သော်လည်း သူမ အနီးအနားရှိ လူများပြောသည့် အတင်းအဖျင်းစကားများကို ကြားခဲ့ရသည်။ ယခု မြို့တော် B တစ်ခုလုံးနီးပါး ဤအကြောင်းကို သိနေကြပြီ ဖြစ်သည်။

သို့သော်လည်း ဖေးမိသားစုက ရှန်းထင်ရွှမ်းကို ဆက်လက် ထောက်ခံနေခဲ့သည်။ ရှန်းထင်ရွှမ်း၏ပရိသတ်က ၁ယောက်မှ ၁၀၀၊ ၁၀၀မှ ၁၀၀၀၊ နောက်ဆုံးတွင် ၅၀၀၀ သို့ ရောက်ရှိသွားသည်ကို ဝမ့်ချန်က မြင်လိုက်ရသည်။ ယခု ဖေးမိသားစု၏ တရားဝင် Weibo ကလည်း ရှန်းထင်ရွှမ်း၏ Weibo ကို follow လုပ်လိုက်သည်။

ဝမ့်ချန်၏ မျက်လုံးများက အလွန်နီရဲနေသောကြောင့် သွေးထွက်လုမတတ် ဖြစ်နေပေသည်။ ထိုအကြောင်းကို စဉ်းစားပြီးနောက် သူမက ထိုပို့စ်ကို မှတ်တမ်းပုံရိုက်ယူပြီး ရှန်းရွှမ်ဆီသို့ ပို့လိုက်သည်။

ဖေးမိသားစု၏ ပြင်ပဆက်ဆံရေးဌာနက အင်တာနက်ပေါ်ရှိ လူထုအမြင်ကို အာရုံစိုက်ကြရပြီး ယနေ့တွင် ရုတ်တရက် ရှန်းထင်ရွှမ်းက Weibo အကောင့်ဖွင့်လိုက်သည်ကို ရှာဖွေတွေ့ရှိသွားကြသည်။

သူတို့က ဥက္ကဌ၏ အတွင်းရေးမှူးကို အကြောင်းကြားလိုက်ကြသည်။

ဖေးဝမ်ရှု၏ အတွင်းရေးမှူးက ဖေးဝမ်ရှုနှင့်အတူ နေ့တိုင်းရှိနေခဲ့ပြီး သူက ဖေးဝမ်ရှု၏ တခြားသူများအပေါ် သဘောထားကို ခန့်မှန်းလို့ရပေသည်။ မူလက ဖေးဝမ်ရှုသည် ရှန်းထင်ရွှမ်းအပေါ် သာမန်သာဖြစ်သည်။ နောက်ပိုင်းတွင် အဘိုးဖေးက ရှန်းထင်ရွှမ်းကို မွေးနေ့ပွဲသို့ ဖိတ်ခဲ့သည်။

ရှန်းထင်ရွှမ်းက ဖေးမိသားစုတစ်ခုလုံးတွင် အဆင့်အတန်းတစ်ခု ရှိကြောင်း ဖေးဝမ်ရှု၏ အတွင်းရေးမှူးက သိပေသည်။ ထို့ကြောင့် အတွင်းရေးမှူးက ရှန်းထင်ရွှမ်း၏ Weibo အကြောင်း ဖေးဝမ်ရှုကို တင်ပြခဲ့သည်။

ဖေးဝမ်ရှုက ရှန်းထင်ရွှမ်းကို ချက်ချင်း ဖုန်းခေါ်လိုက်သည်။ “ထင်ရွှမ်း မင်း Weibo အကောင့်ဖွင့်လိုက်တာလား “

ရှန်းထင်ရွှမ်းက “ဟုတ်တယ်၊ ကျွန်မ ပိုများတဲ့ ပရိသတ်တွေ လိုချင်လို့ “ ပိုများသည့် ပရိသတ်များဖြင့် သူမက သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသို့ချင်ယွဲ့ကျီကို ဖိတ်နိုင်ပေသည်။ ထို့နောက် သူမက ချင်ယွဲ့ကျီကို အသီးစားရန် တောင်းဆိုနိုင်ပေသည်။

ဖေးဝမ်ရှုက ဖုန်းချလိုက်ပြီး အတွင်းရေးမှူးကို ပြောလိုက်သည်။

“ကုမ္ပဏီရဲ့တရားဝင်အကောင့်ကနေ ရှန်းထင်ရွှမ်းကို ချက်ချင်း follow လုပ်ခိုင်းလိုက် “

“နားလည်ပါပြီ “ အတွင်းရေးမှူးက ဖေးဝမ်ရှု၏ ရုံးခန်းမှ ထွက်သွားပြီး ချက်ချင်းပင် ပြင်ပဆက်ဆံရေးဌာန၏ မန်နေဂျာကို ရှာလိုက်သည်။

မကြာမီ ဖေးအုပ်စု၏ တရားဝင် Weibo အကောင့်မှ ရှန်းထင်ရွှမ်းကို follow လုပ်လိုက်ပြီး ပို့စ်တစ်ခု တင်လိုက်သည်။

[ဖေးအုပ်စု ။ မင်းတို့ကို လျှို့ဝှက်ချက်တစ်ခု တိတ်တိတ်လေး ပြောပြမယ်။ စူပါမောမှာ ရောင်းတဲ့ အရသာရှိတဲ့ ဆီးသီးတွေ၊ မက်မွန်သီးတွေနဲ့ ဖရဲသီးတွေက ဒီမိန်းမပျိုလေးဆီကလေ။ @အပင်စိုက်တဲ့ အားရွှမ်း]

ဖေးအုပ်စု၏ တရားဝင် Weibo အကောင့်က လူသိများသော ဆယ်လီများနှင့် ယှဉ်လျှင် သိပ်မများသော်လည်း ဖေးအုပ်စုက ရှာဖွေမှုအမြင့်ဆုံးနေရာကို ဝယ်ယူခဲ့သည်။ ခဏကြာပြီးနောက် #အပင်စိုက်တဲ့အားရွှမ်း # အကောင့်က ရှာဖွေမှုအမြင့်ဆုံးနေရာတွင် ရှိနေပေသည်။

သို့သော်လည်း ဖေးအုပ်စုက အင်တာနက်အသုံးပြုသူများ၏ မနှစ်သက်မှုကို မနှိုးဆွချင်သောကြောင့် အဆင့် ၂၇ တွင်သာ ထားပြီး ထိပ်ဆုံးနေရာဆယ်ခုကိုတော့ မဝယ်ရဲပေ။ သို့တိုင်အောင် ရှန်းထင်ရွှမ်း၏ ပရိသတ်များက ငါးထောင်မှ တစ်သိန်းထိ ခုန်တက်သွားပေသည်။

ရှောင်ဖုန်းက ရှန်းထင်ရွှမ်းကို ရှာဖွေမှုအမြင့်ဆုံးစာရင်းတွင် မြင်သောအခါ တစ်စုံတစ်ယောက်က သူမနောက်ကွယ်တွင် ရှိမည်ဟု ခန့်မှန်းမိပေသည်။ သို့သော် ရှာဖွေမှုအမြင့်ဆုံးစာရင်းတွင် ပါရှိသည့် အကြောင်းအရာက ကောင်းမွန်သည်ကို မြင်ရသောအခါ ရှောင်ဖုန်းက စိတ်သက်သာရာရသွားပေသည်။

ရှန်းရွှမ်က မတုံ့ပြန်သည်ကို ဝမ့်ချန်က မြင်လိုက်သည်။ ရှာဖွေမှုအမြင့်ဆုံးစာရင်းကို တွေ့လိုက်သောအခါ သူမက ရုတ်တရက် မခံမရပ်နိုင်ဖြစ်လာခဲ့သည်။ သူမက အောက်တွင် မကောင်းသည့်မှတ်ချက်များ ပေးရန် ကြိုးစားသော်လည်း တခဏကြာပြီးနောက် ချီးကျူးမှုများ ပါဝင်သည့် ပို့စ်အမျိုးမျိုးက သူမကို တိုက်ချသွားပေသည်။

ဝမ့်ချန်က ရှန်းထင်ရွှမ်း၏ ရှာဖွေမှုအမြင့်ဆုံးစာရင်းတွင် ရောက်ရှိနေသည့် ပုံကို မှတ်တမ်းယူလိုက်ပြီး ရှန်းရွှမ်ဆီ ပို့လိုက်သည်။

ထိုအခိုက်အတန့်၌ ရှန်းရွှမ်က ဇာတ်ညွှန်းကို သင်ယူနေခဲ့ပြီး သူမက ဖုန်းမှ အသိပေးစာများကိုသာ ကြည့်လိုက်ပြီးနောက် သူမဖုန်းကို ပိတ်ထားလိုက်သည်။

ဤရက်ပိုင်းတွင် ကျန်းချန်၏ အတော်အသင့်ကောင်းမွန်သည့် ရုပ်ရှင်ဇာတ်ညွှန်းက သူမလက်ထဲတွင် ရှိပေသည်။ သူမက ကောင်းကောင်း သရုပ်ဆောင်နိုင်သရွေ့ ရုပ်ရှင်ဘုရင်မဆု မဆွတ်ခူးနိုင်မှာကို စိုးရိမ်နေပါဦးမလား။

သူမက ရုပ်ရှင်ဘုရင်မတစ်ယောက်ဖြစ်လာသည်နှင့် ရှန်းထင်ရွှမ်းက သူမ ရှေ့ဆက်လှမ်းရန် ကူညီမည့်သူတစ်ယောက် ဖြစ်ပေမည်။

ယခုအချိန်၌ သူက သူမကို ရက်အနည်းငယ်ကြာ နေခွင့်ပေးလိုက်မည် ဖြစ်သည်။

ပရိသတ်များက တစ်သိန်းသာရှိပြီး ရှာဖွေမှုအဆင့်က ၂၇သာ ရှိပေသည်။ ရှန်းရွှမ်တွင် ပရိသတ်ပေါင်း သန်းနှစ်ဆယ်တောင် ရှိပြီး အကြိမ်ပေါင်းများစွာ ရှာဖွေမှုအမြင့်ဆုံးစားရင်းတွင် နံပါတ်တစ်နေရာ၌ ရှိခဲ့ပြီးပြီဖြစ်သည်။ ထို့ကြောင့် သူမက ထိုအကြောင်းနှင့် ပတ်သက်ပြီး စိုးရိမ်ခြင်း မရှိပေ။

အင်တာနက်အသုံးပြုသူများ၏ မှတ်ဉာဏ်က အကန့်အသတ်ရှိပေသည်။

သို့သော်လည်း ရှန်းရွှမ်က လက်ထောက်ကို စကားအနည်းငယ် တီးတိုးပြောလိုက်သည်။

လက်ထောက်က အနည်းငယ် တွန့်ဆုတ်သွားခဲ့သည်။ “အစ်မရွှမ် အဲလိုလုပ်လို့ ရလို့လား “

ရှန်းရွှမ်က “ဘာလို့လဲ၊ နင်က ငါ့ကို သံသယဖြစ်နေတာလား “

လက်ထောက်က လျင်မြန်စွာ ခေါင်းခါလိုက်ပြီး “ကျွန်မ အခုပဲ လုပ်လိုက်ပါ့မယ် “

အပြင်တွင် မှောင်လာသောအခါ ရှန်းထင်ရွှမ်းက ခြံဝန်းဆီသို့ ပြန်လာခဲ့သည်။ ညစာစားပြီးနောက် ရေချိုးလိုက်ကာ အိပ်ရာပေါ်တွင် လဲလျောင်းလိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို စကြည့်လိုက်သည်။

သူမက ဗီဗီ၏တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို သွားလိုက်သည်။ ဗီဗီက တိုက်ရိုက်ထုတ်လွှင့်ကြသည့် သူများထဲတွင် အင်အားအကြီးဆုံးဖြစ်သည်။ ရှန်းထင်ရွှမ်းက ဝင်လိုက်သောအခါ ဗီဗီက အလှအပဆိုင်ရာ ထုတ်ကုန်များကို တိုက်ရိုက် ထုတ်လွှင့်နေပေသည်။

ရှန်းထင်ရွှမ်းက မိတ်ကပ်မလိမ်းသော်လည်း သူမက ဗီဗီ၏ ရှင်းလင်းချက်များ ကြည့်ရသည်ကို ပျော်ရွှင်နေဆဲဖြစ်သည်။

နာရီဝက်ကြာပြီးနောက် နောက်ဆုံးမိတ်ကပ်ထုတ်ကုန်၏ လင့်ခ်ကို ပို့ပြီးနောက် ဗီဗီက အာလူးကြော်တစ်ထုပ်ကို ထုတ်ယူလိုက်သည်။

ရှန်းထင်ရွှမ်းက မျက်လုံးများ ကျယ်သွားတော့သည်။ ဖန်သားပြင်ရှေ့တွင် ရှိသည့်ဗီဗီက အာလူးကြော်ထုပ်ကို ဆုတ်ဖြဲလိုက်သည်။ ပြီးနောက် ဝိုင်းစက်ပါးလွှာသည့် အာလူးကြော်တစ်ချပ်ကို ထုတ်ယူလိုက်ကာ ပါးစပ်ထဲသို့ ထည့်ပြီး စားလိုက်တော့သည်။

တချွတ်ချွတ်မြည်သံက ဖုန်းမှ ထွက်လာပြီး ရှန်းထင်ရွှမ်းက စားချင်စိတ်ဖြင့် တံတွေးမျိုချလိုက်သည်။

ယင်းက မုန့်တစ်မျိုးဖြစ်သည်ကို သူမသိပေသည်။ စိုက်ပျိုးနေရသည့်အတွက်ကြောင့် သူမက အရင်ဘဝတွင် တောင်မှ ထွက်ခဲသည်မှာ သနားစရာကောင်းပေသည်။ သဘာဝကျစွာပင် ထိုကဲ့သို့ အရသာရှိသည့် မုန့်မျိုးကို မစားနိုင်ချေ။ သို့သော် တောင်သို့လာသည့် လူသားများက ထိုကဲ့သို့မုန့်များ ယူလာသည်ကို သူမ မကြာခဏ မြင်ဖူးပေသည်။

ဗီဗီက နောက်ထပ် အာလူးကြော်တစ်ချပ်ကို ထုတ်ယူလိုက်ပြီး ကင်မရာရှေ့တွင် ကိုင်ထားပေသည်။

“လူတိုင်းကို ပြောမယ်၊ ဒီအာလူးကြော်က ဝယ်ကို ဝယ်ရမယ်၊ ကယ်လိုရီလည်း မများဘူး၊ အထူးသဖြင့် တီဗီကြည့်တဲ့အချိန်မှာ ဒါမှမဟုတ် ရုပ်ရှင်ကြည့်တဲ့ အချိန်တွေမှာ စားလို့ရတယ်၊ ရှင်တို့ စိတ်မသန့်ဖြစ်နေရမှာ မဟုတ်ဘူး “ စကားပြောပြီးနောက် ဗီဗီက ထိုအာလူးကြော်ကို ပါးစပ်ထဲ ထည့်စားလိုက်သည်။

ရှန်းထင်ရွှမ်းက ဤအာလူးကြော်ကို ဝယ်ရန် အဆင့်သင့် ဖြစ်နေပြီ ဖြစ်သည်။

အောက်ရှိ မှတ်ချက်များက ကမန်းကတန်း မှတ်ချက်ပေးနေကြသည်။ [ငါတို့ လင့်ခ်လိုတယ်။ ]

[လာပြီ။]

[နင် စားပြနေတာကို မကြည့်ချင်ဘူး။ ]

[ပရိသတ်ဟောင်း တစ်ယောက်ဆိုရင် ဒါက အရသာရှိတယ်ဆိုတာ သိကြမှာပါ။ ]

“ဒီအာလူးကြော်တွေက စူပါမားကတ်မှာ တစ်ထုပ်ကို ၈ယွမ် ရောင်းတယ်၊ ဗီဗီ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ခြောက်ထုပ်ကို ၁၉.၉ ယွမ်နဲ့ ရမယ် “ ဗီဗီက နှစ်ခါထပ်ပိုပြီး စားပြလိုက်ကာ

“ဒါပေမဲ့ ကျွန်မတို့မှာ ဒီအာလူးကြော်တွေ အထုပ် ငါးသောင်းပဲ ရှိတာပါ “

“ကောင်းပြီ၊ စလိုက်ရအောင် ငါး၊ လေး၊ သုံး၊ နှစ်၊ တစ် “

နံပါတ်စဉ်ရေတွက်ပြီးနောက် ဖန်သားပြင်၏ ဘယ်ဘက်ထောင့်အောက်နားတွင် လင့်ခ်တစ်ခု တက်လာပေသည်။

ရှန်းထင်ရွှမ်းက အော်ဒါတင်ရန် အပြေးအလွှား သွားခဲ့ပြီး တွေ့လိုက်ရသည်က “ကုန်ပစ္စည်းများ ရောင်းကုန်သွားပါပြီ “

ရှန်းထင်ရွှမ်း။ ??

ဗီဗီက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင် စကားပြောနေဆဲ ဖြစ်သည်။ “အိုး မဟုတ်ဘူး၊ တခြား အထုပ် တစ်သောင်းထပ်ထည့်လိုက်တယ်၊ အဆင်ပြေကြလား “

ရှန်းထင်ရွှမ်း တဖန် သွားလုခဲ့သော်လည်း တစ်ခုမှ မရရှိသေးပေ။

လူများစွာက ဖန်သားပြင်ပေါ်တွင် တဖန် မှတ်ချက်များ ရေးလိုက်ကြသည်။ [မြန်လိုက်တာ၊ ဖြည့်ပေးပါဦး။]

[လူတွေ ကန်ထုတ်နေတာပဲ။]

[ငါ ဒီည တစ်ခုမှ မလုရသေးဘူး။ ငါက ကံမကောင်းတဲ့လူတစ်ယောက်ပဲ။]

[အားးးးးးးးးးးး ငါ အားလူးကြော် စားချင်တယ်လေ။]

ရှန်းထင်ရွှမ်းက သူမလည်း လုချင်သည်ဟု ပြောခဲ့သည်။ သို့သော် မရရှိခဲ့ပေ။ ဗီဗီက “ကောင်းပြီ၊ ကျွန်မတို့ ပစ္စည်းအားလုံး ခုပဲ ပေါင်းထည့်ခွင့်ပြုပါ၊ ကျွန်မတို့မှာ နောက်ဆုံးအထုပ်ရေ နှစ်သောင်းပဲ ကျန်ပါတော့တယ် “

ရှန်းထင်ရွှမ်းက ဗီဗီပြောတာကို နားထောင်နေစဉ် လုရန် စတင်လိုက်သည်။ “မြန်မြန်လေး၊ လူတိုင်းပဲ ဒါက နောက်ဆုံး အထုပ် နှစ်သောင်းပါနော်၊ ကျေးဇူးပြုပြီး ဗီဗီတိုက်ရိုက်ထုတ်လွှင့်မှုကိုလည်း ပိုပြီး follow လုပ်ပေးကြပါ၊ မင်းတို့ ဗီဗီကို နှစ်သက်တယ်ဆိုရင် အပေါ်ဘက်ညာဘက်ထောင့်နားမှာ follow လုပ်ပေးဖို့ မမေ့ကြပါနဲ့နော် “

ရှန်းထင်ရွှမ်းက တဖန် နှိပ်လိုက်ပြီး ပစ္စည်းပြတ်နေသည်ကို တွေ့လိုက်ရပြန်သည်။

ဗီဗီက ပြောလိုက်သည်။

“ကုန်သွားပါပြီနော်၊ နောက်ထပ် မရှိတော့ပါဘူး၊ တကယ့်ကို တောင်းပန်ပါတယ်၊ ကျွန်မတို့ရဲ့ နောက်ထုတ်ကုန်ကို ကြိုဆိုပါတယ်၊ ချိုချဉ်အရသာ ကိတ်တွေက ဒီမှာပါ “

ရှန်းထင်ရွှမ်းက အင်တာနက်အသုံးပြုသူများ ပို့သည့် ကံမကောင်းဘူးဟူသည့် မှတ်ချက်များကို နေက်ဆုံးတွင် နားလည်သွားခဲ့သည်။ သူမက တိုက်ရိုက်ထုတ်လွှင့်မှုတွင် ကုန်ပစ္စည်းများ လုယူသည့် အချက်များကို ရှာဖွေရန် Baidu သို့သွားခဲ့သည်။

တကယ်တော့ ကုန်ပစ္စည်းများ ကုန်သွားသည်ဟု ပြပြီးနောက် အချိန်တိုင်းတွင် ကုန်ပစ္စည်းများတွင် refresh နှိပ်နိုင်သည်ကို သူမက သဘောပေါက်သွားခဲ့သည်။ refresh မလုပ်ခင် သူတို့က ကုန်ပစ္စည်းများ ထပ်ထည့်မည်ဟု ပြောသည်ကို ကျောက်ချပြီး စောင့်နေစရာမလိုပေ။ တိုက်ရိုက်ထုတ်လွှင့်မှုဖြစ်သ‌သောကြောင့် တချို့သော ကြန့်ကြာမှုများ ရှိပေလိမ့်မည်။

ထိုအချိန်တွင် ရှန်းထင်ရွှမ်း၏ လက်ချောင်းများက အများကြီး ပိုမြန်လာပေသည်။

တစ်ညလောက် တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်ပြီးနောက် ရှန်းထင်ရွှမ်းက ပရိသတ်အသစ်မှ အမာခံပရိသတ်သို့ ပြောင်းလဲသွားသည်။

လက်ခံရရှိသည့် ရတနာ။ ၃

ပို့ဆောင်ရန် ပစ္စည်း။ ၁၉

ရှန်းထင်ရွှမ်းက ကျေနပ်အားရစွာ အိပ်သွားခဲ့သည်။

မနက် ငါးနာရီတွင် စနစ်၏ တာဝန်ကြေညာချက်အသံက အိပ်ပျော်နေသည့် ရှန်းထင်းရွှမ်းကို ပုံမှန်အတိုင်း နိူးသွားစေခဲ့သည်။ “ကျေးဇူးပြုပြီး မင်းစိုက်ထားတဲ့အသီးတွေကို လူ ၁၆၃၈၄ ယောက်ကို စားခိုင်းပါ “

အချိန်က ၇နာရီမှ ၁၉နာရီသို့ ပြောင်းလဲသွားသည်။

သို့သော် သူမအသီးများကို စားရန် လိုအပ်သည့်လူက ဂဏန်းလေးလုံးမှ ဂဏန်းငါးလုံးသို့ ပြောင်းလဲသွားသည်။

မက်မွန်သီး တစ်ကတ်တီတွင် ၂လုံးမှ ၃လုံးပါရှိပြီး ဆီးသီးတစ်ကတ်တီတွင် ၅လုံးမှ ၆လုံး ပါရှိပေသည်။ ဆီးသီးနှင့် မက်မွန်သီး၏ စုစုပေါင်းအရေအတွက်က ကတ်တီတစ်ထောင်ခန့်ရှိပြီး အလုံးရေ ၈၀၀၀ ပါရှိပေသည်။

ဖရဲသီးကတ်တီတစ်ထောင်က တစ်ကတ်တီတွင် တစ်ဘူးစီ ရောင်းချပြီး အခွံနွှာပြီးသား အလေးချိန်ကို တွက်ချက်ပါက တချို့ အမှားအယွင်းရှိသည့်အတွက် ‌ဘေးဖယ်ထားရသည်များကိုပါ ထည့်တွက်လျှင် အထုပ် ၇၀၀၀ ကျော် ထုတ်ပေးနိုင်ပေလိမ့်မည်။

စုစုပေါင်း ရှန်းထင်ရွှမ်းတွင် သူမအသီးများကို စားပေးရန် လူအယောက် ၁၆၀၀၀ ကျော် ရှိနေပေသည်။ ဤအရာက ခန့်မှန်းတွက်ချက်ထားခြင်း မဟုတ်သော်လည်း အကောင်းဆုံးအမြင်တစ်ခု ဖြစ်ပေသည်။

ကျန်တဲ့ ၃၈၄ ယောက်ကရော ဘယ်လိုလုပ်မလဲ။

ရှန်းထင်ရွှမ်းက မနေ့က ကြည့်ခဲ့သည့် ဗီဗီ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို တွေးမိပြီး သူမရဲ့အသီးတွေကို ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်ပြီး ရောင်းသင့်လား။

သို့သော် အသစ်အသုံးပြုသူတစ်ယောက်ကို ဘယ်အင်တာနက်အသုံးပြုသူက ဘယ်လိုလုပ် ယုံကြည်ပြီး သူမအသီးတွေကို ဝယ်နိုင်မှာလဲ။

ရှန်းထင်ရွှမ်းက အဖြေကို စဉ်းစားရင်း အသီးများကို ကောက်နေပေသည်။

အသီးများ ပို့ဆောင်ပြီးနောက် ရှန်းထင်ရွှမ်းက နည်းလမ်းကောင်းတစ်ခုကို မစဉ်းစားရသေးပေ။

လုမင်ဟွေ့နှင့် တခြားသူများ ထွက်ခွာသွားသည်နှင့် ရှောင်ဖုန်းက ရောက်လာခဲ့သည်။ “ငါ မင်းကို သတင်းဆိုးတွေ ပြောစရာရှိတယ် “

“ဘာတွေလဲ “ ရှန်းထင်ရွှမ်းက မည်သည့်သတင်းဆိုးကိုမှ မစဉ်းစားနိုင်ပေ။

“ရှန်းရွှမ်က ဒါရိုက်တာကျန်း ရိုက်တဲ့ ရုပ်ရှင်မှာ သရုပ်ဆောင်ရမှာ၊ သူက ချင်ယွဲ့ကျီနဲ့ ယှဉ်ပြီး ရိုက်မှာ“

ရှောင်ဖုန်းက ရှန်းထင်ရွှမ်းဘက်မှ ဖြစ်သောကြောင့် ရှန်းရွှမ်က မကောင်းဘူးဟု သူက ခံစားရသည်။

ပထမစာကြောင်းတစ်ဝက်က တကယ်ပဲ ရှန်းရွှမ်းကို သက်ရောက်မှု မရှိပေ။ ရှန်းရွှမ်က မူလတည်းက အနုပညာလောကမှ ဖြစ်ပြီး သရုပ်ဆောင်ခြင်းက သိပ်အံ့ဩစရာ မရှိပေ။ သို့သော် ဒုတိယတစ်ဝက်ကို ကြားပြီးနောက် ရှန်းထင်ရွှမ်းက “!!!”

ဘာလို့လဲ။ ရှန်းထင်ရွှမ်းက အနည်းငယ် စိတ်မကောင်း ဖြစ်သွားခဲ့သည်။

ရှောင်ဖုန်းက ရှန်းထင်ရွှမ်း၏ အမူအရာကို

မြင်သောအခါ သူမကို နှစ်သိမ့်လိုက်ပြီး “ငါလည်း ရှန်းရွှမ်က ကောင်းတယ်လို့ မထင်ပါဘူး “ ရှန်းထင်ရွှမ်းက ချင်ယွဲ့ကျီကို ဤနေရာသို့ အသီးစားရန် ဖိတ်ဖို့မဖြစ်နိုင်သဖြင့် စိတ်မကောင်းဖြစ်နေခဲ့သည်။ သို့သော် ရှန်းရွှမ်ကမူ ချင်ယွဲ့ကျီနှင့်အတူ သရုပ်ဆောင်တော့မှာ ဖြစ်သည်။

ယနေ့ လူ ၃၀၀ကျော်အတွက် ချင်ယွဲ့ကျီသာ တစ်ကိုက်လောက်စားပြီး သူမကို ကူညီခဲ့လျှင် သူမက ကျန်သည့် လူ ၂၀၀အတွက်သာ အဖြေရှာရန် လိုအပ်ပေသည်။ သူမက ဘယ်လိုစိတ်မကောင်း မဖြစ်ဘဲ နေမည်နည်း။

—–

စာ‌ရေးသူမှာ ပြောစရာရှိနေပါတယ်။

တာဝန်ပြီးမြောက်ရန် လိုအပ်နေသည့် ရှန်းထင်ရွှမ်း။ ၁၆၃၈၄ ယောက်က ပြဿနာ မရှိသင့်ဘူး။

စနစ်။ သည်းခံပါ။ နောက်တာဝန်က ၃၂၇၆၈၊ ၆၅၅၃၆၊ …… ၂၆၂၁၄၄၊ ၅၂၄၂၈၈… ဖြစ်လိမ့်မယ် …

ရှန်းထင်ရွှမ်း။ ??

နင်က နတ်ဆိုးလား။

ERST
Author: ERST
ကူးပြောင်းလာပြီးနောက် ဘော့စ်တွေက ငါလေးကို အပင်စိုက်ဖို့ တောင်းပန်နေလေရဲ့

ကူးပြောင်းလာပြီးနောက် ဘော့စ်တွေက ငါလေးကို အပင်စိုက်ဖို့ တောင်းပန်နေလေရဲ့

穿书后大佬都跪求我种地
Score 8.4
Status: Ongoing Type: Author: , , Artist: Released: 2020 Native Language: Chinese
မိတ်ဆက်ရှန်းထင်ရွှမ်းသည် နှစ်တစ်သောင်းသက်တမ်းရှိသော ဂျင်ဆင်း၀ိညာဉ်လေး ဖြစ်သည်။ သူသည် မိုးကြိုးပစ်ခံလိုက်ရပြီးနောက် စာအုပ်တစ်အုပ်ထဲသို့ ကူးပြောင်းခြင်း ခံလိုက်ရရှာသည်။ မူလကိုယ်က အနုပညာနယ်ပယ်မှ ဗီလိန်မ တစ်ယောက် ဖြစ်သည်။မူလကိုယ်သည် သမီးအရင်း ဖြစ်သော်ငြား ဟန်ဆောင်ထားသောသမီးကြောင့် အိမ်မှ နှင်ထုတ်ခံခဲ့ရ၏။သူမ၏ပိုက်ဆံများ ပြတ်လပ်သွားသောကြောင့် သူမ၏အမေဘက်မှ အဘွားချန်ထားခဲ့သော တောင်ကို ရောင်းလိုက်ရသည်။ ထိုပိုက်ဆံများဖြင့် သူမက အင်တာနက်ဆယ်လီလမ်းကြောင်းပေါ်သို့ ရောက်သွားတော့သည်။နှစ်ဝက်မတိုင်ခင်မှာပဲ သူမ၏ပိုက်ဆံများ ကုန်သွားခဲ့သည်။ သူမက အမျိုးသားဇာတ်လိုက်နှင့် ငြိခဲ့ပြီး အမျိုးသမီးဇာတ်လိုက်ကို အန္တရာယ်ပေးခဲ့ကာ တက်လမ်းပိတ်သွားခဲ့ရသည်။ကူးပြောင်းခံလိုက်ရသော ရှန်းထင်ရွှမ်းခမျာ ဆင်းဆင်းရဲရဲနှင့် သေလုမျောပါးဖြစ်နေခဲ့သည်။ ထို့နောက် သူမသည် သူမ၏ဝိညာဉ်ကြောများကို ပြန်လည်စုဆောင်းရန် စနစ်မှ ခိုင်းသော ဆန်းကြယ်သည့်တာဝန်များကို ပြီးမြောက်ရန် လုပ်ရပေမည်။ဝိညာဉ်ကြောများအားလုံး ပြန်လည်ရရှိပြီးနောက် ရှန်းထင်ရွှမ်းက အင်္ကျီလက်ကို လိပ်တင်လိုက်ပြီး စနစ်နှင့် တိုက်ခိုက်ရန် တံခါးကို ဖွင့်လိုက်သည်။ ပြီးနောက် လူကြီးတစ်စုက တံခါးနားမှာ ဆောင့်ကြောင့်ထိုင်နေကြတာကို တွေ့လိုက်ရသည်။ သူမကို မြင်သောအခါ သူတို့၏မျက်နှာများက ပြုံးရွှင်သွားကြသည်။ ဘော့စ် ကျွန်တော်တို့က ဘော့စ်ကို ကူတိုက်ပေးမယ်။ ဘော့စ်က ကျွန်တော်တို့ကို အသီးသေတ္တာတစ်လုံးလောက် ပိုပေးနိုင်မလား။ဒါက ဇာတ်ညွှန်းအတိုင်း သွားနေတာနဲ့ မတူတော့ဘူးမလား။ရှန်းထင်ရွှမ်းသည် မြေယာကိုသာ ကောင်းစွာ စိုက်ပျိုးချင်ခဲ့သည်။ သို့သော်ငြား လူတချို့က သူမစိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များနှင့် အသီးများသည် ဟော်မုန်းများ ပါဝင်နေသည်ဟု တင်ပြခဲ့ကြသည်။ဘယ်သူဝယ်ချင်ချင် ကိစ္စမရှိဘူး။ သူမကလည်း ရောင်းမှာ မဟုတ်ဘူး။ဒီည ဘော့စ် ABC တို့သည် သူမ၏တောင်ခြေ၌ စိတ်အားထက်သန်စွာ အတူတကွ စုဝေးနေကြသည်။ဘော့စ် A: ဘော့စ် အခုဆိုရင် ဘော့စ် စိုက်ပျိုးတာက အကောင်းဆုံးဆိုတာ ကွန်ရက်တစ်ခုလုံးက သိနေကြပြီ။ဘော့စ် B: အဲ့ဒီလူတွေက သတင်းမှားတွေကို ကြာကြာမဖြန့်ရဲတော့ပါဘူး။ဘော့စ် C: ဒါ့ကြောင့် ဘော့စ်, ကျွန်တော်တို့ကို ဟင်းသီးဟင်းရွက်တွေ ဆက်ရောင်းပေးနိုင်မလား။...

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset