အခန်း ၁၆
ချန်ရွှယ်မင်သည် အန်းရှကို တစ်ကိုယ်လုံး စမ်းသပ်စစ်ဆေးမှု ပြုလုပ်နိုင်စေရန် ဆွဲခေါ်သွားသည်။ အန်းရှတွင် မည်သည့် ပြဿနာမျှမရှိဟု စစ်ဆေးချက် ထွက်လာသောအခါမှ သူမသည် အန်းရှနှင့်အတူ ဆေးရုံမှ ထွက်လာခဲ့တော့သည်။
“ရှရှ… နင် မော့အိမ်ကနေ နင့်ပစ္စည်းတွေကို သိမ်းဖို့ ငါ နင်နဲ့အတူ လိုက်ခဲ့မယ်”
ကားတံခါးကို ဖွင့်လိုက်ရင်း မော့ယွီစန်းဆိုသူသည် အလွန်ကို ရက်ရောလှသည်ဟု ချန်ရွှယ်မင် တွေးလိုက်မိသည်။
သူသည် အန်းရှကို ပိုင်ဆိုင်မှု များစွာကို ခွဲဝေပေးရုံမျှမက သူမ၏အမည်ဖြင့် မှတ်ပုံတင်ထားသော ပစ္စည်းများကိုလည်း ပြန်မယူဘဲ ရှင်းရှင်းလင်းလင်း ဖြစ်အောင် စီစဉ်ပေးခဲ့လေသည်။
တစ်နည်းအားဖြင့် ဆိုရသော် အန်းရှ၏ အမည်ဖြင့် ဝယ်ယူထားသော အဆင့်အတန်းမြင့် ကားများ၊ ပြိုင်ကားများ၊ မြောက်များစွာသော ဇိမ်ခံပစ္စည်းများ၊ လက်ဝတ် ရတနာများ၊ စသည်ဖြင့် ထိုအရာများကို သူမ၏ သူငယ်ချင်း ဖြစ်သူများလည်း အသုံးပြုနိုင်သည် ဖြစ်သည်။
“မလိုတော့ပါဘူး။ မော့ယွီစန်းက ငါ့ကို အများကြီး လုံလုံလောက်လောက် ပေးထားပြီးပြီလေ”။
ထို့အပြင် ထိုပစ္စည်းများသည် မူလပိုင်ရှင်၏ ပိုင်ဆိုင်မှုများသာ ဖြစ်သည်လေ။ သူမ မဟုတ်ပေ။ သူမ ကိုယ်တိုင်သည်လည်း မော့ယွီစန်း၏ အိမ်သို့ ပြန်သွား၍ ပစ္စည်းများကို သိမ်းဆည်းခြင်းကို မပြုလုပ်ချင်ပေ။
“ဘာကို လုံလောက်တာလဲ အန်းရှ။ ငါတို့ အဲဒီပစ္စည်းတွေကို ပြန်သွား ယူရမယ်လေ။ မဟုတ်ရင် အဲဒါတွေကို ဘယ်သူယူသွားမယ်ဆိုတာ နင် သိလိုက်မှာ မဟုတ်ဘူး”။
ချန်ရွှယ်မင်သည် နှာတစ်ချက် ရှုတ်လိုက်ပြီး သူမ၏ မျက်ဝန်းထဲတွင် စက်ဆုတ်ရွံရှာမှု များဖြင့် ပြည့်နက်သွားတော့သည်။
“နင် အကုန်လုံးကို လှူလိုက်မယ်ဆိုရင်တောင် အဲဒီ မိန်းမအတွက်တော့ ထားခဲ့လို့ မဖြစ်ဘူး”။
ထိုမိန်းမဆိုသည်ကိုတော့ ပြောပြရန်ပင် မလိုအောင် အန်းရှ သိထားပြီသား ဖြစ်လေသည်။
ချန်ရွှယ်မင်ထံမှ ထိုကဲ့သို့ ပြင်းထန်သော တွန်းအားကို ရရှိလိုက်သောအခါ အန်းရှသည် သဘောတူ၍ ခေါင်းညိတ်လိုက်တော့သည်။
မော့စံအိမ်သို့ ကားကို လျင်လျင်မြန်မြန် မောင်းထွက် လာခဲ့တော့သည်။
တစ်ချိန်ထဲမှာပင် ချန်ရွှယ်မင် ခေါ်ယူထားသော အိမ်ပြောင်းရွှေ့ရန် ဝန်ဆောင်မှု ကုမ္ပဏီမှ သူများသည်လည်း ထိုအပန်းဖြေစံအိမ်သို့ ရောက်ရှိလာကြပြီ ဖြစ်သည်။
ဤသည်မှာ အလွန်ပညာသားပါသော လုပ်ရပ်တစ်ခုသာ ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော မူလပိုင်ရှင်သည် ပိုင်ဆိုင်မှု များစွာရှိသောကြောင့် ဖြစ်သည်။
ငါးနှစ်တာ ကာလအတွင်းတွင် မူလပိုင်ရှင်သည် ပစ္စည်းပစ္စယပေါင်း များစွာကို ဝယ်ယူခဲ့သောကြောင့်ပင် ဖြစ်သည်။
မော့ယွီစန်းသည် သူမကို အကြွေးဝယ်ကဒ်ပေါင်း များစွာကို ပေးထားသောကြောင့် သူမသည်လည်း ပိုက်ဆံကိုသာ ဖြန်းနေခဲ့လေသည်။
ဒါ့အပြင် မူလပိုင်ရှင်သည် မော့ယွီစန်း၏ အာရုံစိုက်မှုကို ရယူချင်သဖြင့် ထိုကဲ့သို့ သုံးဖြုန်းနေခဲ့ခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် သူမဝယ်ယူသော ပစ္စည်းများသည် ဈေးကြီးလှပေသည်။
ထို့ကြောင့် ပစ္စည်းများကို သယ်ယူရွှေ့ပြောင်း ကြသောအခါ အန်းရှသည်ပင်မက နှံစပ်မှုရှိလှသော ရှေ့နေတစ်ဦးဖြစ်သည့် ချန်ရွှယ်မင်သည်ပင် အံ့သြသွားရလေတော့သည်။
သေးငယ်လှသော လက်ဝတ်ရတနာများမှ စ၍ ကြီးမားလှသော ရှေးဟောင်း ပရိဘောဂများပင် မကျန် တန်ဖိုး ကြီးမားလှလေသည်။
“ရှရှ…နင့်ရဲ့ ငွေဖြုန်းနိုင်စွမ်းက သူဋ္ဌေးတွေထက်တောင် ပိုကြွယ်ဝတာပဲ…”။
မော့ယွီစန်းကဲ့သို့ သူသာလျှင် ထိုကဲ့သို့ သုံးဖြုန်းမှုကို တတ်နိုင်စွမ်းရှိမည် ဖြစ်သည်။
ချန်ရွှယ်မင်သည် ဤသည်ကိုတော့ ကျိန်းသေပေါက် ပြောရဲသည်လေ။
သို့သော် ချန်ရွှယ်မင်သည် ထိုပစ္စည်းများနှင့် ပတ်သက်ပြီး မအံသြမိပါ။ သူမသည် ထိုပစ္စည်းများ၏ တန်ဖိုးကို အကြမ်းဖျင်း တွက်ချက်ကြည်လိုက်သောအခါ သန်းပေါင်း ၁၀၀ ခန့်မျှ တန်ကြေးရှိနိုင်မည် ဖြစ်သည်။
ပစ္စည်းများ အားလုံးကို ထုတ်ပိုးပြီးသောအခါ ချန်ရွှယ်မင်သည် ထိုအရာများကို မြို့တွင်း တစ်နေရာရှိ စံအိမ်ကြီး တစ်လုံးသို့ ပို့ပေးနိုင်ရန် ဝန်ဆောင်မှု ကုမ္ပဏီမှ သူများကို လိပ်စာ ပေးလိုက်လေသည်။
အရာအားလုံး ပြီးဆုံးခါနီးတွင်တော့ ထိုအရာသည် နောက်ကျ သွားခဲ့ရသည်။
သူမတို့ နှစ်ဦးသည် ထွက်ခွာရန် ပြင်ဆင်နေချိန်တွင် အထက်စီးဆန်သော အရှိန်အဝါရှိသော ကလေးငယ် တစ်ဦးကို သူတို့ တွေ့လိုက်ရလေသည်။
“ကျားရှု!”
ချန်ရွှယ်မင်သည် အန်းရှ၏ သားဖြစ်သူကို မမြင်ဖူးသော်လည်း ကလေး၏ အသွင်အပြင်မှတဆင့် ထိုကလေးသည် အန်းရှနှင့် မော့ယွီစန်း၏ သားဖြစ်ကြောင်း သူမ သိလိုက်သည်။
သူ့မိဘများ၏ ရုပ်ဆင်းများကို ပေါင်းစပ်ထားသကဲ့သို့ ထိုကလေးသည် ကြည့်ကောင်းသော ရုပ်အဆင်းရှိလေသည်။
သူသည် အသက် ၅ နှစ်သာ ရှိသေးသော ကောင်လေးတစ်ယောက် ဖြစ်သော်လည်း မော့ယွီစန်းသည် သူ့ကို ကလေးဘဝကတည်းမှ စ၍ အထက်တန်းစား များသာ တတ်ရောက်ရသော ကျောင်းသို့ပို့၍ ပညာ သင်ကြားစေသဖြင့် သူ၏ အရှိန်အဝါသည် လုံးဝ ကလေးတစ်ယောက်ကဲ့သို့ မဟုတ်ပါ။
ထို ပေါချာချာနိုင်လှသော ကလေးကို ကြည့်၍ အန်းရှသည် သူမ၏ နှုတ်ခမ်းများကို တင်းတင်း စုထားလိုက်မိသည်။ သူမသည် အနည်းငယ် အနေရ ခက်နေပြီး ဘာပြောရမှန်းပင် မသိပါ။
သူမသည် အသက် ၁၈ နှစ်သာ ရှိသေးသူ ဖြစ်သည်လေ။
သူမသည် တစ်ခါမျှပင် မချစ်ဖူးသေးသော မိန်းကလေးသာ ဖြစ်သည်။ ထို့ကြောင့် ငါးနှစ်သားအရွယ် ကလေးတစ်ယောက် ရှိနေသည်ဆိုသည့် အနေအထားကို သူမ အသားမကျလှပါ။
သူမသည် မော့ကျားရှုကို ဂရုစိုက်ပေးမည်ဟူ၍ မူလပိုင်ရှင်ကို ကတိပေးထားသောကြောင့် ဘာပြောရမည် မသိဘဲ ဖြစ်နေစေကာမူ သူမသည် ထိုကလေးကို ဖော်ဖော်ရွေရွေ ပြုံးပြလိုက်တော့သည်။ “ကျားရှု…သား ပြန်ရောက်နေတာလား”။
အေးစက်ပြီး စိတ်ကြီးဝင်နေသော ထို ထုံအအ ကလေးငယ်သည် သူမကို တစ်ချက်ပင် ပြန်မကြည့်ဘဲ ဂရုမစိုက်ဟန်ဖြင့် အပေါ်ထပ်သို့သာ တက်သွားလေတော့သည်။
“…”
ထိုကလေး၏ ဂရုမစိုက်သော အပြုအမူကို တွေ့လိုက်ရသောအခါ အန်းရှသည် သာမာန်ဟုသာ ခံစားလိုက်ရသည်။ အမှန်တကယ်သည်လည်း ဝတ္ထုစာအုပ်ထဲတွင် ထိုကလေးသည် မူလပိုင်ရှင်ကို မချစ်ခင်ဘဲ အမျိုးသမီးဇာတ်ဆောင်ကိုသာ ခင်တွယ်သူ ဖြစ်လေသည်။
ဒါ့အပြင် ထိုကလေးသည် မူလပိုင်ရှင်ဖြစ်သူကို သူ၏အမေနှင့် အတူတူ မရှိစေချင်ကြောင်း ပြောခဲ့ဖူးသည် ဖြစ်သည်။ သူ၏ နှလုံးသားထဲမှ အမေသည် အမျိုးသမီးဇာတ်ဆောင် ဖြစ်သည်ဟူ၍ပင် ဖြစ်သည်။
ထိုအရာသည် မူလပိုင်ရှင် သေဆုံးသွားရခြင်း၏ အကြောင်းအရင်း တစ်ခု ဖြစ်လေသည်။
အန်းရှသည် ဤအနေအထားကို နားလည်သော်လည်း ချန်ရွှယ်မင်သည် စိတ်မချမ်းမသာ ဖြစ်သွားရသည်။
သူမ၏ စိတ်ထဲတွင်တော့ မည်သည့် အခြေအနေတွင်မဆို အန်းရှသည်သာ မော့ကျားရှု၏ မိခင်ဖြစ်သည် ဟူ၍ပင်။
ထို့အပြင် သူမ၏ စိတ်ထဲတွင် အန်းရှသည် ဇနီးဆိုးနှင့် မိခင်ဆိုး ဖြစ်လာရခြင်းအတွက် အပြစ်ရှိသူ မဟုတ်လေဘဲ နစ်နာသူသာ ဖြစ်သည် ဟူ၍ ခံစားရလေသည်။
ထို့ကြောင့်…
“မော့ကျားရှု…မင်းအမေ တစ်ယောက်လုံးကို မြင်လိုက်ရတာတောင် မင်းက မနှုတ်ဆက်တော့ဘူးလား အဲဒါ မင်းရဲ့ ကျင့်ဝတ်ပဲလား”။
ချန်ရွှယ်မင်၏ စိတ်ထဲတွင်တော့ ထိုကလေးသာ အပြစ်ပြုလုပ်လိုက်လျှင် မော့ယွီစန်းသည် သူတို့အားလုံးကို အပြစ်ဆိုမည်သာ ဖြစ်သည်။
မော့ကျားရှုသည် လှည့်ကြည့်လာ၍ အန်းရှကို ဂရုမစိုက်ဟန်ဖြင့် အကြည့်တစ်ချက် ပို့လွှတ်လိုက်ပြီးနောက် ချန်ရွှယ်မင်အား အလွန်အမင်း ဒေါသူပုန်ထသွား စေနိုင်သည့် စကားတစ်ခွန်းကို သူ၏ နီထွေးထွေး နှုတ်ခမ်းများကို ဖွင့်ဟလာ၍ ပြောလာလေသည်။
“သူက ကျွန်တော့်အမေ မဟုတ်ဘူး။ အခုဆိုရင် သူက ကျွန်တော့်အဖေနဲ့ ကွာရှင်းလိုက်ပြီဆိုတော့ ကျွန်တော့်ရဲ့အမေ ပိုလို့တောင် မဟုတ်တော့ဘူးလေ”။