အခန်း ၁၇
ထိုကောင်လေးသည် အသက်ငါးနှစ်သာ ရှိနေသေးသော်လည်း အလွန် သပ်ရပ်လှပသော အနီရောင် လည်စည်းလေးဖြင့် အလှဆင်လို့ထားပြီး အပြာရင့်ရောင်ရှိသည့် ကျောင်းဝတ်စုံကို ဝတ်ဆင်၍ ဆံပင်များကိုလည်း သပ်သပ်ရပ်ရပ် ဖြီးလိမ်းထားသေးသည်။ ထို့ကြောင့် သူ၏ ပုံစံလေးသည် ချစ်စဖွယ်ကောင်းပြီး တော်ဝင် မင်းသားလေးတစ်ပါး ကဲ့သို့ပင် ဖြစ်နေလေသည်။
သို့သော် ထိုကလေးငယ်လေး၏ အသွင်အပြင်သည် ချစ်စဖွယ်ကောင်းသော်လည်း သူ၏ နှုတ်မှထွက်ပေါ်လာသော စကားလုံးများသည် လုံးဝကို အေးစက်မာကြောလို့နေပြီး အထက်စီး ဆန်လှလေသည်။
ထိုကလေးသည် စိတ်ဆိုးလို့နေသည်။
“သူက ကျွန်တော့်အမေ မဟုတ်ဘူး။ သူက ကျွန်တော့်အဖေနဲ့ ကွာရှင်းလိုက်ပြီဆိုတော့ ကျွန်တော့်အမေ ပိုလို့တောင် မဟုတ်တော့ဘူး”။ မော့ကျားရှုသည် လှေကားပေါ်တွင် ရပ်နေရင်းဖြင့်ပင် ထိုကဲ့သို့ ပြောလိုက်လေသည်။
အန်းရှ၏ သူငယ်ချင်း ဖြစ်သည့်အလျောက် ချန်ရွှယ်မင်သည် ထိုကလေးကို ပြေး၍သာ ရိုက်ချင်မိတော့သည်။ “မင်း ဘာတွေပြောနေတာလဲ။ သူက ဘာဖြစ်လို့ မင်းအမေ မဟုတ်ရတော့မှာလဲ။ မင်းအဖေက မင်းကို အဲဒီအတိုင်းပဲ သင်ပေးထားတာလား”။
မော့ကျားရှု၏ အပြုအမူများကို ကြည့်လိုက်ခြင်းအားဖြင့် အန်းရှသည် ဤအိမ်တွင် ဆင်းရဲဒုက္ခပေါင်း များစွာကို ခံစားခဲ့ရသည်ကို အသေအချာ သိသွားလေတော့သည်။
အန်းရှသည် တကယ်ကို ငရဲကျနေသကဲ့သို့ ဖြစ်မည်ဟု သူမဘာသာ တွေးတော့လိုက်မိလေသည်။
သူမ၏ ခင်ပွန်းသည် သူမကို မချစ်သလို သူမ၏ သားအရင်းသည်ပင်လျှင် သူမကို မချစ်ဖို့ ရိုက်သွင်းဆုံးမ ခံထားရလေသည်။
ကလေးတစ်ယောက်က ဘယ်လိုတောင် သူအမေကို မချစ်ဘဲ နေနိုင်ရတာလဲ။
ထိုကလေး နေထိုင်ရာ ပတ်ဝန်းကျင် အခြေအနေကြောင့်သာ မဟုတ်လျှင်၊ ထိုကလေးကို တစ်ယောက်ယောက်ကသာ ခိုင်းစေထားခြင်းသာ မဟုတ်လျှင်…။
“ထားလိုက်ပါတော့…မင်မင်၊ မပြောနဲ့တော့”။
မော့ကျားရှု၏ မထီမဲ့မြင် ဆက်ဆံခံလိုက်ရသော်လည်း အန်းရှသည် ဂရုမစိုက်ပါ။
ဝတ္ထုဇာတ်လမ်းထဲတွင် ကလေးသည် ဤကဲ့သို့ ပုံစံမျိုးဖြစ်သည်ကို သူမ သိထားပြီးသား ဖြစ်လေသည်။
အကြောင်း မညီညွတ်စွာ ကြီးပျင်းခဲ့ရသည် မဆိုထားနှင့် ဝတ္ထုဇာတ်လမ်းအရ မော့ကျားရှုသည် မူလပိုင်ရှင်က သူ့အပေါ်တွင် မချစ်ဘူးဟု ခံစားရသောကြောင့် သူ၏ အမေကို မုန်းတီးနေသည့် သဘောထားရှိနေသူ ဖြစ်သည်။
သူ့အမေသည် သူ့ကို မွေးဖွားခဲ့ခြင်းမှာလည်း ချမ်းသာသော မိသားစုနှင့် ပေါင်းဖက်ချင်ခဲ့သောကြောင့် ဖြစ်သည်ဟု ထင်နေလေသည်။
ထို့ကြောင့် အမျိုးသမီးဇာတ်ဆောင် ပေါ်ပေါက်လာသောအခါ သူမသည် ကလေးအလွန်ချစ်တတ်ပြီး သူ့အပေါ်တွင်လည်း နူးညံ့စွာ ဆက်ဆံလေသောကြောင့် ထိုအမျိုးသမီးကိုပင် ချစ်ခင်မိလေတော့သည်။
သူ၏ နှလုံးသားထဲတွင်တော့ ထို နူးညံသော အမျိုးသမီးကိုသာ သူ၏ အမေ ဖြစ်စေချင်နေခဲ့လေသည်။
ထို့ကြောင့် အန်းရှသည် မော့ကျားရှုကို အမျိုးသမီးဇာတ်ဆောင်ထံမှ ပြန်လည်ခေါ်ဆောင်ထားနိုင်ရန် မမျှော်လင့်ထားခြင်း ဖြစ်သည်။
ထိုကလေးသည် သူမကို ချစ်ခင် နှစ်သက်လာရန် ပို၍ပင် မမျှော်လင့်ထားပေ။
ထို့အပြင် မူလပိုင်ရှင်သည် ထိုကလေး အခက်အခဲရှိလာချိန်တွင် ကူညီစောင့်ရှောက်ပေးရန် သူမကို တောင်းဆိုထားသည်လေ။
တစ်နည်းအားဖြင့်ဆိုရသော် သူမသည် ထိုကလေးကို သာမာန်အချိန်များတွင် ကြည့်ရှုစောင့်ရှောက်ပေးရန် မလိုအပ်ချေ။
သူ့ကို ဆက်သွယ်နေရန်လည်း မလိုအပ်ပေ။
ထို့ကြောင့် အန်းရှသည် မူလပိုင်ရှင်ကို သေဆုံးစေခဲ့သော လူသတ်သမားကဲ့သို့သော သူတစ်ယောက်နှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခု တည်ဆောက်ရန် စိတ်မဝင်စားပါ။
“ရှရှ…ဒီလိုမျိုး ယဉ်ကျေးမှုမရှိတဲ့ ကလေးကို တစ်သက်လုံး အမှတ်ရလောက်အောင် နာနာရိုက်ပစ်ရမှာ”။
အန်းရှ၏ အေးတိအေးစက် နိုင်လှသော တုံ့ပြန်မှုနှင့် နှိုင်းယှဉ်လိုက်လျှင် မျက်မှောင်ကြုတ်လျက်ရှိနေသော ချန်ရွှယ်မင်သည်လျှင် မော့ကျားရှု၏ မိဘနှင့် ပို၍ပင် တူနေလေတော့သည်။
တည်ငြိမ်ပြီး ထက်မြတ်သော ရှေ့နေအပြုအမူများပင် ပျောက်ရှသွားလေတော့သည်။
“ကျွန်တော့်ကို ရိုက်မလို့။ သူ့မှာ ဘာအရည်အချင်းတွေများ ရှိနေလို့ ကျွန်တော့်ကို ရိုက်ရမှာလဲ။ သူက အမေတစ်ယောက်ရဲ့ တာဝန်ကိုတောင် တစ်ရက်ပြည့်အောင် ပြည့်ပြည့်ဝဝ လုပ်ခဲ့ဖူးတာ မဟုတ်ဘူး။ အဲဒါနဲ့များ ကျွန်တော့်ကို ရိုက်ဦးမယ်တဲ့လား”။ မော့ကျားရှုသည် ချစ်စဖွယ် ကလေးတစ်ယောက်၏ လေသံလေးဖြင့် ပြောနေသော်လည်း စကားလုံးများမှာတော့ ရင့်သီးလှသည်။
“အရိုင်းအစိုင်းကောင်လေး။ နင့်အမေက ဘာဖြစ်လို့ မိခင်တာဝန်ကို တစ်ရက်တောင် ကျေပွန်အောင် မဖြည့်ဆည်းပေးနိုင်ရမှာလဲ။ နင့်ရဲ့ အရမ်းတော်တဲ့ အဖေကို သွားမေးကြည့်ပါလား”။
ချန်ရွှယ်မင်သည် ယခုကဲ့သို့ တစ်ခါမျှ ဒေါသမထွက်ဖူးချေ။ သူမ၏ အရှေ့မှ ထိုပျက်စီး ဆိုးသွမ်းနေသော ကလေးသည် အန်းရှ၏ သားဖြစ်သူသာ မဟုတ်ဘူးဆိုလျှင် ထိုကဲ့သို့သော ကလေးကို သူမ လုံးဝကို ဂရုစိုက်နေမည် မဟုတ်ပါ။
“ထားလိုက်ပါတော့ မင်မင်…ဒေါသထွက်နေစရာ မလိုပါဘူး”။
အန်းရှသည် ချန်ရွှယ်မင်၏ လက်မောင်းကို ဆွဲလိုက်ပြီး မိမိနှုတ်ခမ်းကိုသာ ဖိကိုက်ထားလိုက် မိတော့သည်။
သူမအပေါ်တွင် သစ္စာရှိရှိ ခင်မင်နေသော သူငယ်ချင်းဖြစ်သူကို မည်သို့ ရှင်းပြရမည်မှန်း သူမ မသိတော့ပါ။
“ဒီလိုလုပ်ဖို့ မလိုအပ်ဘူးမလား။ ဒီကလေးကို မော့ယွီစန်းကပဲ သွန်သင်ဆုံးမထားတာလေ…မဟုတ်သေးဘူး…နင့်မှာ ဒီကလေးကို စောင့်ရှောက်ခွင့် ရှိနေသေးတယ်”။
ချန်ရွှယ်မင်သည်ပင် စကားပြော၍ မပြီးသေးခင် မော့ကျားရှုသည် စကားဖြတ်ပြောလိုက်လေသည်။ “ကျွန်တော့်ရဲ့အဖေကို ဒီလို မကောင်းပြောပိုင်ခွင့် မရှိဘူး”။
အန်းရှအပေါ်တွင် တစ်စုံတစ်ရာ တုံ့ပြန်မှုမရှိသော မော့ကျားရှုသည် သူမကြောင့် ပို၍ စက်ဆုတ်စရာ ကောင်းလာတော့သည်။ မော့ယွီစန်းအကြောင်းကို ထည့်သွင်းပြောဆိုနေသော ချန်ရွှယ်မင်၏ စကားများကို ကြားလိုက်ရသောအခါ သူသည် ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
ဤပုံစံကို ကြည့်ခြင်းအားဖြင့် သူသည် အသက်ငါးနှစ်အရွယ် ကလေးတစ်ယောက်ပင် ဖြစ်သည်။
သူ၏ ကလေးဆန်စွာ ပြူးကျယ်နေသော မျက်လုံးများနှင့် စူပုတ်နေပုံကို ကြည့်၍ ချန်ရွှယ်မင်သည် ဒေါသထွက်နေရင်း ရယ်မောလိုက်မိသည်။ “ကလေးရယ် မင်းရဲ့ ချစ်လှစွာသောအဖေက နောက်အိမ်ထောင် ပြုတော့မှာဖြစ်ပြီး မင်းကိုလည်း မိထွေးတစ်ယောက် ရအောင်လုပ်ပေးတော့မှာဆိုတော့ မင်းအတွက် ဖခင်ကောင်း ဖြစ်နေတုန်းပဲပေါ့နော်”။
ချန်ရွှယ်မင်သည် အန်းရှကို ကလေးပြုစုစောင့်ရှောက်ခွင့် ရရန် ကူညီချင်သဖြင့် ထိုကဲ့သို့ ပြောဆို၍ ထိုကလေး စိတ်ပြောင်းသွားစေရန် ပြုလုပ်နေခြင်း ဖြစ်သည်။
သို့သော်လည်း သူမ မမျှော်လင့်ထားသော တုံ့ပြန်မှုကြောင့် သူမ ထိတ်လန့်သွားလေတော့သည်။
“အဖေက ကျွန်တော့်အမေအဖြစ် အန်တီ ကျစ်ရှင်းနဲ့ လက်ထပ်တော့မှာလား”။
ထိုကလေး၏ မျက်နှာသည် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်သွားပြီး မျက်လုံးများမှာလည်း တောက်ပသွားသည်။ သူ၏ မျက်နှာပေါ်တွင် “အလွန်ကောင်းတဲ့ ကိစ္စပဲ” ဟုတောင် ရေးထားသကဲ့သို့ပင်။
“…”
ဤလောကကြီးသည်ပဲ ဆန်းကြယ်နေရော့သလား သိုမဟုတ် သူမသည်ပဲ ထင်ယောင်ထင်မှား ဖြစ်နေရော့သလား။
ချန်ရွှယ်မင်သည် တစ်ခဏမျှကြာအောင် မည်သို့ တုံ့ပြန်ရမှန်းမသိ ဖြစ်နေတော့သည်။
“သွားကြစို့…မင်မင်။ နင် ဒီကိစ္စတွေကို စိတ်ပူနေစရာ မလိုပါဘူး။ ဘာပဲဖြစ်ဖြစ် သူ့ဆီမှာ သူ့အဖေ ရှိနေသေးတယ်လေ”။
အန်းရှသည် ထိုကဲ့သို့ တည်ငြိမ်နေခြင်းမှာ ထိုကလေးကို သူမကလေးအဖြစ် လုံးဝ မသတ်မှတ်ထားခြင်းကြောင့်ပင် ဖြစ်သည်။
နောက်တစ်ချက်မှာ အမျိုးသားဇာတ်ဆောင်၏ တာဝန်ယူမှုအရ သူသည် ကျားရှုကို ဖြစ်သလို လုံးဝ ဆက်ဆံမည် မဟုတ်ပါ။
ဒါ့အပြင် အမျိုးသမီးဇာတ်ဆောင်သည် လူဆိုးတစ်ယောက် မဟုတ်သဖြင့် ကျားရှုကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံမည် မဟုတ်ပါ။
ထို့ကြောင့် သူမသည် စိုးရမ်ပူပန်နေရန် မလိုပါ။
မည်သို့ပင် ဆိုစေကာမူ သူမသည် အသက် ၁၈ နှစ်သာရှိသေးသဖြင့် ကလေးတစ်ယောက်ကို မည်ကဲ့သို့ ပြုစုပျိုးထောင်ရမည်ကို လုံးဝမသိသကဲ့သို့ အမေတစ်ယောက်လည်း ဖြစ်လာမည် မဟုတ်ပါ။
အထူးသဖြင့် ထိုကလေးသည် မူလပိုင်ရှင်ကို အသက်သေဆုံးစေခဲ့သည် ပြဿနာကောင်တစ်ဦး ဖြစ်နေသည့်အတွက် သူမ၏ ကျန်းမာရေးကို ထောက်ထားသည့် အနေဖြင့် သူ့ကို မပြုစု မပျိုးထောင်သင့်ပေ။
မည့်သည့်အကြောင်းကြောင့် ဖြစ်စေ ထိုကလေးကို သူမအနေဖြင့် စောင့်ရှောက်ရပေဦးမည်လေ။
မူလပိုင်ရှင်သည် သူမကို ဤကဲ့သို့ တန်ဖိုးရှိ၍ ကျန်းမာသန်စွမ်းသော ခန္ဓာကိုယ်ကို ပေးထားသည်လေ။
“ကျားရှု၊ သားက သားအဖေနဲ့ ထောင်ကျစ်ရှင်းကို သဘောကျတယ်ဆိုတာ အမေသိပါတယ်။ ဒါပေမဲ့ နောင်အနာဂတ်မှာ သား အခက်အခဲတစ်ခုခု ကြုံလာရင်ပဲဖြစ်ဖြစ် စိုးရိမ်စရာတွေနဲ့ ကြုံရတာပဲဖြစ်ဖြစ် အမေ့ကို လာရှာလို့ ရတယ်နော်”။
အန်းရှသည် ချောင်းဆိုးလာလေသည်။ သူသည် ချန်ရွှယ်မင်ပေးထားသော ဘောပင်ကိုထုတ်လိုက်ပြီး စာရွက် တစ်ရွက်ကို ဖြဲလိုက်ကာ ထိုအပေါ်တွင် သူမ ဖုန်းနံပါတ်ကို ရေးလိုက်လေသည်။
“ဒါက အမေ့ရဲ့ ဖုန်းနံပါတ်ပါ။ သား သေချာမှတ်ထားပြီး နောက်ကျရင် အမေ့ကို ဆက်သွယ်လို့ ရတယ်နော်”။
အန်းရှသည် ထိုကဲ့သို့ ပြောလိုက်ရင်းဖြင့် ကျားရှု၏ မလှမ်းမကမ်းတွင်ရှိနေသော အလှဆင်ထားသည့် ပရိဘောဂ တစ်ခုပေါ်တွင် ထိုစာရွက်ကလေးကို တင်ထားလိုက်တော့သည်။
သို့ပေမဲ့ သူမ ထိုကဲ့သို့ ပြုလုပ်လိုက်ခြင်းသည် မော့ကျားရှု၏ မသိနားမလည်မှုကို တုံ့ပြန်ရန် သက်သက်သာဖြစ်သည်။
အန်းရှသည် အလေးထားသောကြောင့် မဟုတ်ပေ။
“ကောင်းပါပြီ။ အမေသွားတော့မယ်နော် ကျားရှု… နှုတ်ဆက်ခဲ့ပါတယ်”။