PTH အပိုင်း ၁၈

အပိုင်း ၁၈ တစ်ယောက်မပါဘဲ တစ်ယောက်

ချီယန် ခါးသက်သက်ပြုံးလိုက်၏။ သူ့အစ်ကိုကြီးက မည်သို့သော လူများကို အမုန်းတီးဆုံးဖြစ်သည်ကို သူ ကောင်းကောင်းကြီးသိပေသည်။ စီနီယာဆရာသခင်လေးကို သူ ထုတ်ပြောချိန်၌ပင် သူ့အစ်ကိုကြီး၏ မျက်နှာပေါ်တွင် လေးစားသမှု မရှိခဲ့ပေ။ သူ အကြောင်းအရာကို လျင်မြန်စွာ ပြောင်းလိုက်ပြီး ပြောလိုက်၏။

“တောင်ထွတ်တွေက ဘီးဟူတောင်ထွတ်အကြောင်း ဒီကနေ့ မေးကြလိမ့်မယ်လို့ ကျွန်တော်ထင်ထားခဲ့တာ”

ယွမ်ချီကျင်း သရော်လိုက်၏။

“ဂိုဏ်းသခင်က ခွင့်မပြုရင် ဘယ်သူက မေးရဲမှာလဲ”

ချီယန် မသက်မသာပြောလိုက်သည်။

“သူတို့က မမေးခဲ့ရင်တောင် အဖြေတစ်ခုက ပေးရဦးမှာပဲ”

ယွမ်ချီကျင်း ပြောလိုက်၏။

“ညီလေးလေ့ကို ကျောင်းဂီမြို့မှာ ပူးလောင်းလင်နဲ့ မြေအောက်လောကတို့က ချောင်းမြောင်းတိုက်ခိုက်ခဲ့ကြပြီး ဒဏ်ရာရသွားခဲ့တယ်လို့ ပြောလိုက်ရုံပဲပေါ့။ သူက အခု နာလန်ထူလာနေပြီ”

ချီယန် တိတ်တဆိတ်ခေါင်းညိတ်လိုက်၏။

သူ သေချာပေါက် ၎င်းက အမှန်မဟုတ်သည်ကို သိပေသည်။

ဘီးဟူတောင်ထွတ်၏ တောင်ထွတ်သခင် လေ့ပိုယွမ်း ရူးသွပ်သွားခဲ့သည်။

သူသည် ထျန်းကွမ်တောင်ထွတ်မှ ရှိုင်းတောင်ထွတ်သို့ သူ့ကို ပို့လိုက်ချိန် ရူးသွပ်သွားခဲ့ပေ၏။

ယွမ်ချီကျင်း ဂူအနက်ပိုင်း အဆုံးသို့ လျှောက်လာခဲ့ပြီး ရေအိုင်ရှေ့သို့ ရောက်လာခဲ့သည်။

ရှိုင်းတောင်ထွတ်၏ တောင်ထိပ်သည် မြေပြင်မှ ပေထောင်ချီရှိပေ၏။ တောင်နံရံထဲတွင် ရေအချို့ရှိခဲ့လျှင်ပင် ထုတ်ယူရန် မဖြစ်နိုင်ပေ။

ဤနေရာတွင် နေအိုင်ရှိနေသည်မှာ အမှန်ပင် ထူးဆန်း၏။

ရေအိုင်နှုတ်ခမ်းဝသည် မဲမှောင်ပြီး ၎င်းက ဘယ်လောက်နက်သည်မှာ မသိနိုင်ပေ။

အာအိုးယာမာဂိုဏ်းတစ်ခုလုံးတွင် အရေးကြီးသော ပုဂ္ဂိုလ်များသာ ဤရေအိုင်က မြေအောက်ရှိ ဓားထောင်သို့ ဦးတည်သွားသည်ကို သိကြပေသည်။

မည်သူမျှ မျက်နှာချင်းမဆိုင်ချင်သည့် နတ်ဆိုးများနှင့် သစ္စာဖောက်များကို ထိုဓားထောင်ထဲတွင် အကျဉ်းချထားပေသည်။

ကြောက်မက်ဖွယ်ကောင်းသော အသံတစ်ခုက ရေတွင်းအောက်ခြေမှနေ၍ ထွက်ပေါ်လာ၏။

ထိုအသံရင်းမြစ်သည် တော်တော်လေး ဝေးကွာလောက်ပြီး သဲသဲကွဲကွဲမကြားရသော်လည်း အသံထဲတွင် ဖုံးကွယ်နေသည့် မုန်းတီးမှုနှင့် ရူးသွပ်မှုတို့က တော်တော်လေး ရှင်းလင်းလှသည်။

“အဲဒါက ပထမမဟုတ်ရင်တောင် ဒုတိယဆိုရင်ရော”

ထိုအသံသည် ခါးသီးသော ခံစားချက်များဖြင့် ပြည့်နှက်နေပြီး တစ္ဆေတစ်ကောင်၏ ဆွဲဆွဲငင်ငင်မြည်ကြွေးသံကဲ့သို့ဖြစ်ကာ အသံကြားရသူများကို ကြောက်ရွံ့စေသည်။

ချီယန်သည် နှစ်ပေါင်းများစွာကြာ လွတ်လွတ်လပ်လပ်ခရီးသွားခြင်းအဆင့်ကို ရောက်နေခဲ့ပြီး အင်မော်တယ်ဓားသမားကို ဆင့်ခေါ်နိုင်ပြီဖြစ်သော်လည်း ဤအသံကို ကြားလိုက်ရသောအခါ သူ့မျက်နှာက ဖြူလျော်သွားဆဲဖြစ်သည်။

ထိုသည်မှာ ဓားထောင်၏ အနက်ရှိုင်းဆုံး အပိုင်းရှိ ထိုအရူးက အာအိုးယာမာဂိုဏ်းတွင် မြင့်မားသော အဆင့်အတန်းဖြင့် ဘီးဟူတောင်ထွတ်၏ တောင်ထွတ်သခင်ဖြစ်သောကြောင့် ဖြစ်နိုင်၏။

ချီယန် မေးလိုက်၏။

“ငါတို့ ဘာလုပ်ရမှာလဲ။ ငါတို့ စီနီယာဆရာသခင်လေ့ကို တစ်ချိန်လုံး အကျဉ်းဆက်ချထားလို့မရဘူး။ သူက စကားတစ်ခွန်းတည်းကို အော်ဟစ်နေပေမယ့် သူ ဘာဆိုလိုသလဲ ငါတို့မသိဘူး။ ငါတို့ ဘယ်လို စုံစမ်းရမှာလဲ”

“ငါတို့ သူ့ကို ဘာလို့ တစ်ချိန်လုံး အကျဉ်းချထားလို့ မရရမှာလဲ။ သူ ဘာလို့ ရူးသွပ်သွားသလဲ ငါ ဂရုမစိုက်ဘူး၊ သူ တိုက်ခိုက်ခံခဲ့ရချိန် သူ တကယ်ရူးသွပ်သွားသလား ငါ ဂရုမစိုက်ဘူး။ သူက ဂိုဏ်းခေါင်းဆောင်ကို မလေးမစားလုပ်ရဲတာမို့ သူ့ကို အကျဉ်းချထားသင့်တယ်။”

ယွမ်ချီကျင်း ရေတွင်းအောက်ခြေကို ကြည့်လိုက်ပြီး ထိုအော်သံကို နားထောင်လိုက်သည်။ သူ့အမူအရာက အလွန်ဆိုးဝါးနေ၏။

“တစ်မဟုတ်ရင် နှစ်”

“တစ်မဟုတ်ရင် နှစ်”

ချီယန် ဤစာသားကို နားမလည်ခဲ့ပေ။

ရိုးရိုးသားသားပြောရပါက အာအိုးယာမာဂိုဏ်းတစ်ခုလုံးရှိ လူအနည်းငယ်က ဤစာသားကို နားလည်နိုင်ပေသည်။

သူ နားလည်ပေ၏။

ဤစကားလုံးများကြောင့် လေ့ပိုယွမ်း ရူးသွပ်သွားခဲ့သည်ကိုပင် သူ သိပေသည်။

သို့သော် ဂိုဏ်းခေါင်းဆောင်က သူ့ကို ရူးသွပ်စေခဲ့သည့်လူဖြစ်ခဲ့ပါက သူ သူ့ကို ဘာကြောင့် သေဆုံးခွင့်မပေးခဲ့ပါသနည်း။ အမှန်တရားဖြစ်စေ ရူးသွပ်မှုဖြစ်စေ သေလူက ဘယ်တော့မှ စကားပြောလိမ့်မည်မဟုတ်ပေ။

ဂိုဏ်းခေါင်းဆောင်က ဘာကြောင့် သူ့ကို ရှိုင်းတောင်ထွတ်သို့ ပို့ခဲ့ပါသနည်း။ ကောင်းကင်ဘုံက ထိုသက်ရှိများအားလုံးကို ချစ်ခင်သောကြောင့်လော။ သို့မဟုတ်…

‘ဒီအရူးနဲ့ မင်း ငါ့ကို ဘာကို စမ်းသပ်ဖို့ ကြိုးစားနေတာလဲ’

***

ကျင်းကျူး တိတ်ဆိတ်ပြီး သီးသန့်ဖြစ်နေသည့် အဆောက်အဦငယ်ထဲသို့ လျှောက်သွားကာ အနည်းငယ် ပူနွေးနေသည့် လက်ကောက်ကို ပွတ်သပ်လိုက်သည်။

ဤအဆောက်အဦငယ်သည် တောင်ပိုင်းထင်းရှူးစံအိမ်နောက်ဘက်တွင် တည်ရှိသည်။ လီ ခုနစ်လီလောက် တောင်လမ်းအတိုင်း လျှောက်သွားပြီးနောက် ၎င်းက သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာ၏။ ၎င်းက လောကနှစ်ခုကို ခြားနားထားသည့် အတားအဆီးတစ်ခုအလားပင်။

လက်ကောက်က ဘာလို့ နွေးလာသည်ကို သူ သိပေ၏။ ထိုသည်မှာ ၎င်း၏ အရင်ပိုင်ရှင်များ၏ ပုံတူပန်းချီကားများက ဤအဆောက်အဦငယ်ထဲတွင် ရှိသောကြောင့် ဖြစ်ပေသည်။

ဤအဆောက်အဦငယ်သည် ပြီးခဲ့သည့် ဂိုဏ်းသခင်များနှင့် အာအိုးယာမာဂိုဏ်း၏ အခြားအရေးကြီး ပုဂ္ဂိုလ်များ၏ ပုံတူပန်းချီကားများကို ထိန်းသိမ်းထားပေသည်။

လျန်းဝမ်တောင်ထွတ်သည် အပြင်လူများကို ဆန့်ကျင်တိုက်ပွဲများတွင် အာအိုးယာမာဂိုဏ်းကို ကိုယ်စားပြုခဲ့သည်။ ၎င်းသည် သွေးအများစုကို စတေးရသည့် တောင်ထွတ်ဖြစ်သောကြောင့် ယခင်တောင်ထွတ်သခင်များကို အရေးကြီးပုဂ္ဂိုလ်များအဖြစ် ခေါ်ဆိုရန် အရည်အချင်းပြည့်မီခဲ့သည်။

သို့သော်လည်း ကျင့်ကြံသူများသည် အသက်ရှည်ကြ၏။ လျန်းဝမ်တောင်ထွတ်၏ တောင်ထွတ်သခင်အများစုတို့သည် တိုက်ပွဲများတွင် သေဆုံးသွားခဲ့ကြသော်လည်း ဤအဆောက်အဦငယ်လေးတွင် ပုံတူပန်းချီကား ခုနစ်ခုသာ ရှိကြသည်။

လက်ကောက်၏ စိတ်ဆန္ဒနောက်လိုက်၍ ကျင်းကျူး ပန်းချီကားခုနစ်ခုလုံးကို ကြည့်လိုက်၏။ ပို၍ ထင်ပေါ်သော ပြီးခဲ့သည့် ဂိုဏ်းခေါင်းဆောင်များ၏ ပုံတူပန်းချီကားများအတွက်မူ သူ ၎င်းတို့ကို မကြည့်ခဲ့ပေ။

စင်္ကြန်လမ်း အဆုံးတွင် သူ ပုံတူပန်းချီကားတစ်ချပ်ရှေ့ ရပ်လိုက်သည်။ ထိုပန်းချီကားသည် အနည်းငယ် သစ်လွင်ပုံရသောကြောင့် ထိုနေရာတွင် နှစ်အနည်းငယ်လောက်သာ ချိတ်ဆွဲထားခဲ့ခြင်း ဖြစ်လောက်သည်။

၎င်းသည် အင်မော်တယ်ကျင်းယန်၏ ပုံတူပန်းချီကားဖြစ်၏။

ကျင်းကျူး ထိုပန်းချီကားရှိ မျက်နှာကို အကြာကြီး တိတ်တဆိတ်‌ကြည့်နေပြီး ပြောလိုက်သည်။

“မင်း ဘယ်လိုပုံစံရှိသလဲဆိုတာကို ငါ မေ့ပျောက်လုနီးပါပဲ”

အဆောက်အဦငယ်ထဲမှ ထွက်လာကာ သူ သေမျိုးလောကကို စွန့်ခွာပြီး အာအိုးယာမာဂိုဏ်း၏ အတွင်းစည်းဂိတ်တံခါးကို ရောက်လာခဲ့သည်။

ကျင်းကျူး မော့ကြည့်လိုက်ပြီး အာအိုးယာမာ၏ တောင်ထွတ်အားလုံးတို့က ပျောက်ကွယ်သွားကြပြီး ကောင်းကင်အောက် ရပ်နေသည့် တောင်ထွတ်ကိုးခုသာ ကျန်နေသည်ကို တွေ့လိုက်ရသည်။

တိမ်တိုက်များက တောင်ထွတ်များကြား မစီးဆင်းနေပေ။ သူတို့သည် ထီးတစ်ခု သို့မဟုတ် အမိုးအကာတစ်ခုကဲ့သို့ တွဲလောင်းကျနေပြီး အပါးလွှာဆုံးအပိုင်းက စာရွက်တစ်ရွက်ကဲ့သို့ဖြစ်သည်။ ထိုရှုခင်းက အလွန်တရာလှပ၏။

ဆရာသခင်လု အဆောက်အဦအပြင်ဘက်တွင် သူ့ကို စောင့်‌နေသည်။ သူ၏ တွေးတွေးဆဆအမူအရာကိုကြည့်ကာ သူ ပြုံးလိုက်မိပြီး သူက နောက်ဆုံးတွင် ဤလူငယ်မှ ခံစားချက်အနည်းငယ်ကို မြင်လိုက်ရပြီဟု တွေးလိုက်သည်။

ထို့နောက် သူ အတွင်းဂိတ်တံခါးကို ပထမဆုံးဝင်ရောက်လာပြီး တောင်ထွတ်ကိုးခုကို မြင်လိုက်ရချိန် သူသည်လည်း မှိန်းမောသွားခဲ့သည်ကို သူ သတိရလိုက်သည်။ သူ မတတ်နိုင်ဘဲ ပြန်လွမ်းမိသွား၏။

ပြီးခဲ့သည့်နှစ်များအတွင် သူသည် လွတ်လွတ်လပ်လပ်ခရီးသွားခြင်းအဆင့်ကို မဝင်ရောက်နိုင်ခဲ့ပေ။ သူ့သက်တမ်းသည် အကန့်အသတ်ရှိပြီး သူ့အနာဂတ်က စိတ်ဓာတ်ကျစရာဖြစ်၏။ ထို့ကြောင့် တောင်ထွတ်ကိုးခုကို သူ စွန့်ခွာခဲ့ရပြီး အင်မော်တယ်ဆရာတစ်ယောက်ဖြစ်လာခဲ့သည်။

အကယ်၍ သူသည် ထိုစကားများကို ကံကောင်းထောက်မစွာ မကြားခဲ့ရဘဲ တိမ်တိုက်မြို့ ပတ်ပတ်လည်ကို စိတ်ရှည်စွာ မရှာဖွေခဲ့ပါက နောက်ဆုံး လီရှီရှူးနှင့် ကျင်းကျူးတို့ကို ထိုရွာလေးတွင် မတွေ့ရှိခဲ့ပါက သူသည် သူ၏ကျန်ရှိနေသည့်ဘဝတစ်လျှောက်လုံးကို တောင်ပိုင်းထင်းရှူးစံအိမ်တွင် ကုန်ဆုံးခဲ့ရပေလိမ့်မည်။ ယခုအခါ သူသည် သူ့အကျိူးပြုမှုကြောင့် ထိပ်တန်းအဆင့် ဆေးလုံးတစ်လုံးကို ချီးမြှင့်ခံခဲ့ရပြီး ဆက်လက်ကျင့်ကြံရန် ရှန်းဟိုင်တောင်ထွတ်ကို ပြန်နိုင်ပြီဖြစ်သည်။ တစ်နေ့နေ့တွင် သူသည် လွတ်လွတ်လပ်လပ်ခရီးသွားခြင်းအဆင့်ကို ချိုးဖျက်နိုင်ပေလိမ့်မည်။

“ညီလေးကျင်း မင်း ဘာအကြောင်း တွေးတောနေတာလဲ”

သူတို့က အတွင်းဂိတ်တံခါးကို ဝင်ရောက်လိုက်သည်နှင့် သူတို့အားလုံးက တတိယမျိုးဆက်တပည့်များဖြစ်ကြသောကြောင့် သူတို့သည် အချင်းချင်း အစ်ကို၊ အစ်မ ဟု ခေါ်ဝေါ်ကြပေလိမ့်မည်။ အသေးစိပ်ကျသော အမွေဆက်ခံခြင်းအတွက်မူ ဓားဆက်ခံခြင်းပြိုင်ပွဲပြီးနောက် ဆုံးဖြတ်ပေလိမ့်မည်။ သေချာပေါက် လူတစ်ယောက်သည် တောင်ထွတ်တစ်ခု၏ ဆရာသခင်တစ်ယောက်မှ ရွေးချယ်ခြင်းခံရရန် လိုအပ်ပေသည်။

ဆရာသခင်လုသည် ရှိုင်း(ရှန်းဟိုင်)တောင်ထွတ်မှ ဖြစ်သောကြောင့် သူသည် ကျင်းကျူးသည်လည်း ရှိုင်းတောင်ထွတ်သို့ သွားရန် မျှော်လင့်နေပေသည်။

ကျင်းကျူးပြောလိုက်၏။

“အင်မော်တယ်ကျင်းယန်က တက်ရောက်သွားခဲ့တာ၊ သေသွားတာမဟုတ်ဘူး။ ဘာလို့ သူ့ပုံတူပန်းချီကားကိုလည်း အဲထဲမှာ ချိတ်ဆွဲထားတာလဲ”

ဆရာသခင်လု မှင်သက်သွား၏။ သူ ထိုသို့သော မေးခွန်းမျိုး မေးမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ညီလေးကျင်းက သာမန်လူများနှင့် တကယ့်ကို ကွဲပြားသည်ဟု သူ တွေးလိုက်သည်။ မရေမတွက်နိုင်သော တပည့်များသည် ထိုအဆောက်အဦလေးထဲရှိ ကွယ်လွန်သွားပြီဖြစ်သော အကြီးအကဲများ၏ ပန်ချီကားများကို လေးစားအားကျခဲ့ကြသော်လည်း မည်သူက ဤအရာကို တွေးခဲ့မိလိမ့်မည်နည်း။

သူ ဤမေးခွန်းကို မဖြေနိုင်သောကြောင့် ခါးသီးစွာသာ ပြုံးလိုက်နိုင်သည်။ ထို့နောက် သူ လေးနက်စွာ ပြောလိုက်၏။

“သီးသန့်ကျင့်ကြံဖို့ တောင်ထွတ်ကို ငါ ပြန်သွားတော့မယ်။ ငါတို့ နောက်တစ်ကြိမ် ဘယ်တော့ပြန်ဆုံမလဲ မသိရဘူး။ ဂရုစိုက်ပါ ညီအစ်ကို”

ကျင်းကျူး သူ့ကို ကြည့်လိုက်ပြီး ပြောလိုက်၏။

“ခင်ဗျားမှာ ပြဿနာရှိလိမ့်မယ်လို့ ကျွန်တော် မထင်ဘူး။”

ဆရာသခင်လု နောက်တစ်ကြိမ် ခါးသက်စွာ ပြုံးလိုက်ကာ ညီအစ်ကိုကျင်းက တကယ့်ကို အပြောချိုသူတစ်ယောက် ဖြစ်သည်ဟု တွေးလိုက်သည်။

***

တောင်ထွတ်ကိုးခုကြားတွင် စမ်းချောင်းတစ်ခုရှိနေ၏။ အဆောက်အဦမျိုးစုံတို့က ထိုမြစ်တစ်လျှောက် ပြန့်ကျဲတည်ရှိနေကြသည်။ ကမ်းပါးများတွင် ဂူများစွာလည်း ရှိနေကြ၏။

သုံးနှစ်တစ်ကြိမ် ကျင်းပသည့် ဓားဆက်ခံခြင်းပြိုင်ပွဲမတိုင်မီ အတွင်းစည်းသို့ စုဆောင်းခံခဲ့ရသည့် တပည့်ငယ်များအားလုံးတို့သည် ဤနေရာတွင် ဓားပညာရပ်ကို လေ့လာကြပေလိမ့်မည်။

တပည့်များက သူတို့၏ ဓားများကို ထိုစမ်းချောင်းဘေးတွင် ဆေးကြော၍ကြောင့်လား တခြားအကြောင်းပြချက်ကြောင့်လားမသိ ဤစမ်းချောင်းတွင် နာမည်တစ်ခုရှိသည်။ ဓားဆေးကြောသည့် စမ်းချောင်း…။

ရလဒ်အနေဖြင့် တပည့်များ ‌ကျင့်ကြံခြင်းလေ့ကျင့်သည့် အချိန်ကာလအတောအတွင်းကို ဓားများဆေးကြောခြင်းဟု ခေါ်၏။

ဤနေရာတွင် တပည့်များသည် အသိပညာဗဟုသုတနားလည်သဘောပေါက်ခြင်း အဆင့် တစ်ခု နှစ်ခုကို ချိုးဖျက်ရန် လိုအပ်ပြီး သူတို့က တတိယအဆင့်ကို ရောက်သည်အထိဖြစ်သည်။ ထို့နောက်မှသာ သူတို့သည် ဓားဆက်ခံခြင်းပြိုင်ပွဲတွင် ပါဝင်ရန် အရည်အချင်းပြည့်မီနိုင်ပေမည်။

အကယ်၍ တပည့်တစ်ယောက်သည် ဓားဆက်ခံခြင်းပြိုင်ပွဲတွင် ဆရာသခင်တစ်ယောက်၏ ရွေးချယ်ခြင်းခံခဲ့ရပါက ထိုတပည့်သည် တပည့်ရင်းတစ်ယောက်ဖြစ်လာနိုင်ပြီး အာအိုးယာမာဂိုဏ်း၏ တကယ့်ဓားပညာများကို လေ့လာနိုင်ပေသည်။

သေချာပေါက် ထိုတပည့်သည် အကယ်၍ လျန်းဝမ်တောင်ထွတ်ပေါ်ရှိ မောက်မာသော စီနီယာအစ်ကိုများက သူ့ကို သဘောကျပါက လျန်းဝမ်တောင်ထွတ်ကို ဝင်ရောက်ရန်လည်း စာရင်းပေးသွင်းနိုင်ပေသည်။

လျန်းဝမ်တောင်ထွတ်သည် အာအိုးယာမာဂိုဏ်းတွင် အလွန်ထူးခြားသော နေရာတစ်ခုရှိသည်။

ဤတောင်ထွတ်ပေါ်တွင် အမွေဆက်ခံခြင်း သို့မဟုတ် ဆရာသခင်တို့ မရှိကြသော်လည်း တောင်ထွတ်ပေါ်ရှိ တပည့်များသည် တောင်ထွတ်ကိုးခု၏ ဆရာသခင်များ အားလုံးတို့မှ အကြီးမားဆုံး စိတ်ရှည်မှုနှင့် အတင်းကြပ်ဆုံး ပညာရေးကို လက်ခံရရှိနိုင်ကြသည်။

အကြောင်းမှာ လျန်းဝမ်တောင်ထွတ်က အာအိုးယာမာဂိုဏ်း၏ ဓားဖြစ်သောကြောင့်ဖြစ်၏။

ကျင့်ကြံခြင်းအပြင် လျန်းဝမ်တောင်ထွတ်၏ တပည့်များအတွက် ‌အရေးအကြီးဆုံးသော အရာမှာ အပြင်လောကကို ရင်ဆိုင်တိုက်ခိုက်ရန်အတွက် အာအိုးယာမာဂိုဏ်းကို ကိုယ်စားပြုရန်၊ မြေအောက်လောက၏ ကြောက်မက်ဖွယ်ကောင်းသည့် နတ်ဆိုးများနှင့် ဓားသမားများကို ရင်‌ဆိုင်တိုက်ခိုက်ရန်ဖြစ်သည်။

သေချာပေါက်ပင် လျန်းဝမ်တောင်ထွတ်၏ တပည့်တစ်ယောက်ဖြစ်လာခြင်းက အလွန်အန္တရာယ်များသော်လည်း ဆက်လက်တိုက်ပွဲဝင်ရန် အလွန်လည်း အကျိုးရှိပေသည်။

ပို၍အရေးကြီးသည်မှာ ဤသည်မှာ အစကတည်းက ကြီးမားသော ဂုဏ်ယူစရာဖြစ်၏။

အကယ်၍ လူတစ်ယောက်သည် ဓားဆေးကြောခြင်း စမ်းချောင်းဘေးတွင် မည်မျှ ကြိုးစားကျင့်ကြံခဲ့ပါစေ အဆင့်နှစ်ခုကို မချိုးဖျက်နိုင်ခဲ့ပါက၊ ဓားဆက်ခံခြင်းပြိုင်ပွဲတွင် မပါဝင်နိုင်ခဲ့ပါက၊ တောင်ထွတ်များ၏ တပည့်ရင်းတစ်ယောက်အဖြစ် အရွေးချယ် မခံခဲ့ရပါက သူ ဘာလုပ်သင့်ပါသနည်း။

ဤသို့သော အခြေအနေမျိုးသည် ရှားပါးသော်လည်း ယခင်က ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူး ဟု မဆိုလိုပေ။

ကျင်းကျူးက ရှီးလဲ့တောင်ထွတ်မှ အင်မော်တယ်ဆရာသခင်ကို တွေ့ဆုံရန် စမ်းချောင်းကို လာခဲ့ချိန် သူကြားလိုက်ရသည့် ပထမဆုံးမေးခွန်းမှာ ဤမေးခွန်းဖြစ်သည်။

ကျင်းကျူး ထိုအကြောင်း ဂရုတစိုက် စဉ်းစားလိုက်ကာ ပြောလိုက်သည်။

“ကျွန်တော် ဒီမေးခွန်းအကြောင်း ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးဘူး”

ထိုအကြောင်း သူ ဘယ်တုန်းကမှ မတွေးတောခဲ့ဖူးသည်မှာ အမှန်ဖြစ်သော်လည်း တခြားသူများ၏ နားများထဲတွင် သူ့စကားများက အနည်းငယ် မောက်မာပုံရသည်။

ရှီးယွီတောင်ထွတ်မှ စီနီယာဆရာသခင် ဒေါသထွက်အသွားဘဲ ရယ်မောလိုက်၏။ သူ ကျင်းကျူး၏ ပုခုံးကို ပုတ်လိုက်ပြီး ပြောလိုက်သည်။

“မင်းက တကယ့်ကို ကျင်းကျူးပဲ။ ဒါက ပြည့်စုံတဲ့ အဖြေပါ။”

********************************

ဘာသာပြန်သူမှတ်ချက်။ ။ ဒီဝတ္ထုမှာ သိုင်းအဆင့် အတည်တကျမရှိပါဘူး။ နောက် တောင်နာမည်ကလည်း တချို့

နေရာမှာ ရှိုင်း(Shangde)တောင်ထွတ်လို့ဖြစ်နေပေမယ့် တချို့နေရာတွေမှာ ရှန်းဟိုင်(Shanghai)တောင်ထွတ်လို့ဖြစ်နေပါတယ်။ ဒီအပိုင်းမှာကိုက အသုံးအနှုန်း နှစ်မျိုးကွဲနေခဲ့တာပါ။

PTH
Author: PTH
ကောင်းကင်ဘုံသို့ လျှောက်သောလမ်း

ကောင်းကင်ဘုံသို့ လျှောက်သောလမ်း

PTH, 大道朝天
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2017 Native Language: Chinese
ငါက ဓားပဲ... မိုင်တစ်ထောင်အတွင်း လူတစ်ယောက်ကို သတ်ဖြတ်တယ်... ဘယ်သူကမှ ခြေဆယ်လှမ်း မလှမ်းရဲကြဘူး။ မိုင်တစ်ထောင်အတွင်း လူတစ်ယောက်ကို သတ်ဖြတ်တယ်... ဘယ်သူကမှ ခြေဆယ်လှမ်း မလှမ်းဝံ့ကြဘူး။ လူတစ်ယောက်ကို မိုင်တစ်ထောင်အတွင်း သတ်ဖြတ်တယ်... ခြေဆယ်လှမ်းလား... မဖြစ်နိုင်ဘူး။ ကောင်းကင်ဘုံကို သွားတဲ့ လမ်းမှာ လူတစ်ယောက်စီတိုင်းက ကိုယ့်ကံကြမ္မာကိုယ် စီရင်ရမယ်။စာစဉ်တင်သည့် ပေ့ချ်- https://www.facebook.com/TheHumanEmperorXoxa

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset