အပိုင်း ၁၇ ချမ်းအေးသည့် တစ်ရက်တည်းတွင် မဟုတ်
“ဒါက လုံးဝရယ်စရာပဲ။ အတွင်းစည်း စမ်းသပ်မှုက ဟာသတစ်ခုလား”
ရွှဲယုန်၏ ဥပမာနောက်လိုက်ကာ တပည့်အချို့တို့ စတင် အတွန့်တက်လိုက်ကြ၏။
ညီမငယ် ယုချန်းသည် သူမ မတိုင်မီ တစ်စုံတစ်ယောက်က အတွင်းစည်းစမ်းသပ်မှုအား ယူသွားသည်ကို တွေ့လိုက်ရသောအခါ စိတ်ပျက်သွားသော်လည်း ထိုလူက ကျင်းကျူးဖြစ်နေသည်ကို သူမ တွေ့လိုက်ရချိန် သူမ၏ စိတ်ပျက်မှုက အံ့အားသင့်မှုအဖြစ် ပြောင်းလဲသွားသည်။
“ဘာလို့မဖြစ်နိုင်ရမှာလဲ။ တောင်ပိုင်းထင်းရှူးစံအိမ်မှာ အစ်ကိုကျင်းကျူးက ဘယ်လောက်တော်သလဲဆိုတာ ဘယ်သူက မသိလို့လဲ။ ရှင်တို့က မနာလိုဖြစ်နေကြတာလို့ပဲ ကျွန်မထင်တယ်။ အရင်က အစ်ကိုကျင်းကို ရှင်တို့ ဘယ်လောက်အထိ လှောင်ပြောင်ခဲ့ကြသလဲဆိုတာကို ရှင်တို့ တကယ် မရှက်ကြဘူးလား။”
ရွှဲယုန်နှင့် တခြားတပည့်များကို ကြည့်ကာ သူမ သရော်လိုက်၏။
တောင်ပိုင်းထင်းရှူးစံအိမ်၌ရှိနေသည့် နှစ်နှစ်တာအတွင်း ကျင်းကျူးသည် သူ့ရောင်းရင်းများမှ မေးခွန်းများကို ရံဖန်ရံခါ ဖြေပေးပေလိမ့်မည်။ သူသည် မကြာခဏမဖြေပေးခဲ့သော်လည်း ဘယ်တုန်းကမှ မကျင့်ကြံခဲ့ဖူးသည့် ဤတပည့်ငယ်များအတွက် အလွန်အရေးကြီးသော အကူအညီဖြစ်ပေသည်။ တပည့်အချို့တို့သည် ထိုအကူအညီများကို မေ့ပျောက်ပြီး ကျင်းကျူးအား သူစိမ်းတစ်ယောက်အဖြစ် ဆက်ဆံရန် ရွေးချယ်ကြသော်လည်း တပည့်အချို့တို့သည် သူတို့ရရှိသည့် အကူအညီကြောင့် ကျင်းကျူးကိုပင် လှောင်ပြောင်ကြပေလိမ့်မည်။ သို့တိုင် သူတို့၏ စိတ်ထဲတွင် တပည့်များစုတို့သည် ကျေးဇူးတင်နေခဲ့ကြသည်။ သူတို့ ညီမငယ်ယုချန်းဘက်တွင် ရပ်ခဲ့ကြပြီး ရွှဲယုန်နှင့် တခြားတပည့်များကို ဆွံ့အသွားစေကာ လေ့ကျင့်ရေးခန်းမထဲ ဝင်သွားပြီဖြစ်သည့် ကျင်းကျူးကို ဩဘာပေးလိုက်ကြ၏။
***
“သူ့ထင်ပေါ်ကျော်ကြားမှုက ဆိုးတယ်လို့ ငါ ထင်ခဲ့တာ”
လေ့ကျင့်ရေးခန်းမ အပြင်ဘက်ရှိ ဆူညံသံများကို နားထောင်ကာ မင်ကွမ်းရှင် အနည်းငယ် အံ့အားသင့်သွား၏။
ရှီးလဲ့တောင်ထွတ်မှ အင်မော်တယ်ဆရာသခင် ပြုံးလိုက်ပြီး ပြောလိုက်သည်။
“အားလုံးပြီးနောက်မှာ သူက လူသိများသူတစ်ယောက်ပဲလေ”
ဤအရာကို ပြောပြီးနောက် သူတို့နှစ်ယောက် တင်းကြပ်စွာ ပိတ်ထားသည့် တံခါးကို ကြည့်လိုက်ကြသည်။
သူတို့သည် ကျင်းကျူးက အတွင်းစည်း စမ်းသပ်မှုကို ဖြတ်ကျော်နိုင်မည်လား ဆိုသည်ကို လွန်ခဲ့သည့် တစ်နှစ်က လီရှီရှူးထက်ပင် ပို၍ စိတ်ဝင်စားနေခဲ့ကြသည်။
တောင်ပိုင်းထင်းရှူးစံအိမ်ရှိ အပြင်စည်းတပည့်များသည် တောင်ထွတ်ကိုးခုကြား ကျော်ကြားကြသည်။
အကျော်ကြားဆုံးမှာ မွေးရာပါ တာအိုအမျိုးအစားဖြင့် လီရှီရှူးဖြစ်ပြီး ထို့နောက် ကျင်းကျူးဖြစ်၏။ ချောမောခန့်ညားသည့် အဖြူရောင်ဝတ်လူငယ်လေးတစ်ယောက်က အာအိုးယာမာဂိုဏ်းဆီ ရောက်လာခဲ့သည်ကို လူတိုင်း သိကြပေသည်။ ချင်းရောင်တောင်ထွတ်ရှိ မိန်းကလေးတပည့်အချို့တို့သည် သူ မည်သို့မည်ပုံရှိသည်ကို ကြည့်ရန် တောင်ပိုင်းထင်းရှူးစံအိမ်သို့ အကြိမ်အနည်းငယ်ခန့်ပင် လာခဲ့ကြသည်။
သို့သော် ကျင်းကျူးက သူ့ကိုယ်ပိုင်ခြံလေးထဲတွင် အမြဲနေနေခဲ့သောကြောင့် ထိုချင်းရောင်တောင်ထွတ်၏ အမျိုးသမီးတပည့်များ စိတ်ပျက်လက်ပျက် ပြန်သွားခဲ့ရသည်။
သူသည် အလွန်တရာချောမောသောကြောင့်သာ ဆိုပါက ကျင်းကျူး ထိုမျှ ကျော်ကြားလာခဲ့မည်မဟုတ်ပေ။ အဓိကအချက်မှာ သူသည် အလွန်တရာ ပျင်းရိသောကြောင့်လည်း ဖြစ်၏။
ဤသို့သော ဆန့်ကျင့်ဘက်အရာနှစ်ခုသည် အတင်းအဖျင်းပြောရန် အလွန်သင့်လျော်သည်။
မင်ကွမ်းရှင် ပြောခဲ့သည့်အတိုင်း လူများစွာတို့သည် ကျင်းကျူး၏ တခြားသူများနှင့်ဆက်ဆံရေးက ဤအချက်နှစ်ချက်ကြောင့် အလွန်ဆိုးရွားလောက်သည်ဟု ထင်ထားခဲ့ကြသည်။
တိုးတက်ရန် မကြိုးစားခြင်းက ရှက်စရာကောင်းသော်လည်း အလွန်အမင်းလှပခြင်းက မနာလိုမှုကို ဆွဲဆောင်ရန် လွယ်ကူပေသည်။
ကျင်းကျူးသည် စိတ်ဝိဉာဉ်တည်ငြိမ်ခြင်း၏ ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိခဲ့သည်သာမက သူ့ဘက်တွင် ရောင်းရင်းတပည့်များစွာလည်း ရှိနေမည်ဟု မည်သူကများ ထင်ထားမိလိမ့်မည်နည်း။
ရုတ်တရက်ဆိုသလို အေးစက်သည့် ဓားမြည်သံက ပိတ်ထားသည့် တံခါးမှ ထွက်ပေါ်လာပြီး တောင်ခါးပန်း ပတ်ပတ်လည်ကို လွင့်ပျံသွားသည်။
မင်ကွမ်းရှင်နှင့် ရှီးလဲ့တောင်ထွတ်မှ အင်မော်တယ်ဆရာသခင်တို့ အချင်းချင်းကြည့်လိုက်မိကြပြီး ပြုံးလိုက်ကြ၏။
ဤဓားမြည်သံသည် လီရှီးရှူး ဖြစ်စေခဲ့သည့် မြည်သံထက် များစွာ အားနည်းသော်လည်း ပြတ်သားဆဲဖြစ်၏။
လေ့ကျင့်ရေးခန်းမ၏ အဓိကဝင်ပေါက်တွင် ဆရာသခင်လုသည်လည်း ထိုဓားမြည်သံကို ကြားလိုက်ရသည်။ သူ့ခန္ဓာကိုယ်က ရုတ်တရက် သက်သောင့်သက်သာရှိသွားပြီး စိတ်လှုပ်ရှားနေသည့် အမူအရာတစ်ခု ပေါ်လာခဲ့သည်။
တိတ်ဆိတ်သည့်အခန်းထဲတွင် ကျင်းကျူးသည် အနက်ရောင် ဓားသန္ဓေသားမှ သူ့အကြည့်ကို ရုတ်သိမ်းလိုက်ပြီး ထွက်ခွာရန် လှည့်လိုက်သည်။
သူကလွဲ၍ မည်သူမျှ သူက ဓားသန္ဓေသားအပေါ် လက် မတင်ခဲ့သလို သူက ကျန်းယွမ်အားလုံးအား မဆင့်ခေါ်ခဲ့သည်ကို မသိခဲ့ပေ။
အတွင်းစည်း စမ်းသပ်မှုတွင် ပါဝင်နေသည့် သာမန်တပည့်တစ်ယောက်ကဲ့သို့ သူ ပြုလုပ်ခဲ့ပါက သူသည် ဓားသန္ဓေသားကို သံတုံးအဖြစ် အရည်ပျော်သွားစေနိုင်သည်။
အစမှ အဆုံးအထိ ဓားသန္ဓေသားကို သူ တစ်ချက်သာ ကြည့်ခဲ့၏။
***
လေ့ကျင့်ရေးခန်းမ၏ တံခါး ပွင့်သွားပြီး ဆရာသခင်လု ကျင်းကျူးနှင့်အတူ ထွက်လာ၏။ မျက်နှာအပေါ် အမူအရာအမျိုးမျိုးရှိနေကြသည့် တပည့်များကို သူ ပြုံးပြလိုက်သည်။
အားပေးသံများထွက်ပေါ်လာသော်လည်း သက်ပြင်းချသံနှင့် တံထွေးထွေးသံ အနည်းငယ်တို့ကို ရေးရေးလေး ကြားနိုင်ပေ၏။
သူ့ကို ဂုဏ်ပြုရန် ရှေ့ထွက်လာကြသည့် ရောင်းရင်းတပည့်များကို ကြည့်ကာ ကျင်းကျူး သူတို့ကို တည်ငြိမ်စွာ နှုတ်ဆက်လိုက်သော်လည်း အနည်းငယ်ထူးဆန်းနေ၏။
ဤလူများနှင့် ဆက်ဆံရေးကို သူ အများကြီးမမှတ်မိပေ။ သူတို့နှင့် သူ မည်သည့်ရင်းနှီးမှုကိုမျှ မခံစားခဲ့ရပေ။ သူ သူတို့၏ နာမည် နှစ်ခု သုံးခုကိုသာ မှတ်မိ၏။
‘ဇီးသီးပုံ ဆံထုံးနဲ့ ဒီကလေးမလေးကို ယုချန်းလို့ခေါ်တာလား၊ ကျင်ချန်းလို့ ခေါ်တာလား’
ခြံငယ်လေးကို ပြန်သွားကာ သူ ဝေ့ကြည့်လိုက်ပြီး တခဏမျှ တိတ်ဆိတ်နေပြီးနောက် တုံ့ဆိုင်းခြင်းမရှိဘဲ သူ ထွက်ခွာသွားသည်။
ဝါးကုလားထိုင်နှင့် ကြွေပန်းကန်ပြားတို့သည်လည်း ပျောက်ကွယ်သွားကြ၏။
***
အာအိုးယာမာ၏ တောင်ထွတ်များကို တစ်နှစ်ပတ်လုံး တိမ်တိုက်များ လွှမ်းခြုံထားသည်။ လူတစ်ယောက်က ဒဏ္ဍာရီလာ တောင်ထွတ်ကိုးခုကို ရောက်လာချိန်မှသာ ထိုတိမ်တိုက်များ များစွာ ပါးလျလာပေမည်။
ထျန်းကွမ်တောင်ထွတ်၏ တောင်ထိပ်ရှိ တိမ်တိုက်များသည် တစ်နှစ်ပတ်လုံး မပျောက်ကွယ်ခဲ့ကြသော်လည်း သူတို့သည် ယောင်ရှင်းတောင်ထွတ်ရှိ လိပ်နေသည့် တိမ်တိုက်များထက် များစွာ ပါးလျကြ၏။
အဖြူရောင်မြူခိုးများသည် တိမ်ပင်လယ်ကြီးအလား တောင်ထွတ်ရှေ့ရှိ မြေပြင်ပေါ် ဖြည်းညင်းစွာ စီးမျောနေသည်။ ရှေးကျသည့် ကျောက်တုံးတံခါးများနှင့် စံအိမ်များကို အဝေးတွင် ရေးရေးလေးမြင်နိုင်ပြီး နတ်ဘုံအလားပင်။
ဓားပျံငါးလက်က တိမ်တိုက်ပင်လယ်အပေါ် တိတ်တဆိတ် ရစ်ဝဲနေကြ၏။ ဤဓားပျံများသည် ရှေးကျပြီး အေးစက်ကာ ထက်ရှကြပြီး ဖော်ပြ၍မရသော ဖိအားတစ်ခုကို ထုတ်လွှတ်နေသည်။
ပေ သုံးပေဓား..။
ဘာမှမရှိခြင်း ဓား..။
ဇီသာဗျတ်စောင်းဓား..။
ပြန်လာသော နေ ဓား..။
အချိန် ဓား…။
ဓားအိုကြီး…။
အာအိုးယာမာဂိုဏ်း တောင်ထွတ်များ၏ အဓိကဓားများထဲတွင် ငါးခု ရှိနေကြသည်။
ထျန်းကွမ်တောင်ထွတ်၏ ကောင်းကင်ဘုံဓားသည် ဂိုဏ်းသခင်၏ ဓားဖြစ်ပြီး လွယ်လွယ်နှင့် ပေါ်လာမည်မဟုတ်ပေ။
ရှန်းမိုတောင်ထွတ်၏ အတွေးမဲ့ဓားသည် မဟာဆရာသခင် ကျင်းယန်နှင့်အတူ တခြားလောကသို့ တက်ရောက်သွားခဲ့သည်။
လျန်းဝမ်တောင်ထွတ်၏ အဖော်မဲ့ဓား အတွက်မူ ၎င်းက နှစ်ပေါင်းများစွာကြာ ပျောက်ကွယ်နေခဲ့၏။ ထိုတောင်ထွတ်သည် လူငယ်တပည့်များ သူတို့၏ ဓားပညာများကို ကျင့်ကြံသည့်နေရာဖြစ်သောကြောင့် ပုံမှန်အားဖြင့် အာအိုးယာမာ၏ အစည်းအဝေးများတွင် မပါဝင်ခဲ့ပေ။
သို့သော် ဘီးဟူတောင်ထွတ်၏ ဒီရေဓားက ဘာကြောင့် မပေါ်လာခဲ့သေးသနည်း။ ခုနှစ်ခုမြောက်တောင်ထွတ်ဖြစ်သည့် ဤတောင်ထွတ်တွင် တစ်ခုခုဖြစ်သွားခဲ့သည်လော။
တောင်ကမ်းပါးထိပ်တွင် တိတ်ဆိတ်နေ၏။ ဒီရေဓားရောက်မလာသည်ကို မည်သူမျှ မေးခွန်းမထုတ်ခဲ့ပေ။
အသက်ကြီးကြီးအသံတစ်ခုက သုံးပေဓားမှ ထွက်ပေါ်လာ၏။
ရှိုင်းတောင်ထွတ်၏ အဓိကဓားက ပုံသဏ္ဍာန်အရ ဖြောင့်မတ်သောကြောင့်ဖြစ်နိုင်သည်။ ထိုအသံသည်လည်း ဖြောင့်မတ်နေ၏။
ထိုအသံပိုင်ရှင်သည် အာအိုးယာမာဂိုဏ်း၏ တရားမျှတမှု ဓားဖြစ်သည့် ယွမ်ချီကျင်းဖြစ်ပြီး သူ့အေးစက်မှုကြောင့် ကျော်ကြားသည့် ရှိုင်းတောင်ထွတ်၏ တောင်ထွတ်သခင်ဖြစ်သည်။
“ဆုလာဘ်နဲ့ ပြစ်ဒဏ်စာလွှာတွေကို ဓားပျံတွေနဲ့ တောင်ထွတ်အားလုံးကို ပို့လိုက်ပြီ။ ကန့်ကွက်မှုတွေမရှိတော့ရင် အဲဒါကို ဒီနေ့ ဆုံးဖြတ်ချက်ချလိုက်မယ်”
ဂိုဏ်းသခင် မပေါ်လာခဲ့ပါက ယွမ်ချီကျင်းသည် အာအိုးယာမာဂိုဏ်းတွင် ဩဇာအကြီးဆုံးဖြစ်သည်။ ထို့အပြင် သူသည် ကြီးမားသော အာဏာကို ကိုင်စွဲထားပြီး အေးစက်သောကြောင့် လူအနည်းငယ်သာ သူ့အမြင်ကို ဆန့်ကျင်ပေလိမ့်မည်။
ယနေ့သည် ချို့ယွင်းချက်မဟုတ်ခဲ့ပေ။ ဓားများမှနေ၍ အသံအနည်းငယ် ထွက်လာ၏။
“ကန့်ကွက်စရာမရှိပါဘူး”
နူးညံ့ပြီး သာယာသော အသံတစ်သံက ဇီသာဗျတ်စောင်းဓားမှ ထွက်လာ၏။ ၎င်းသည် ချင်းရောင်တောင်ထွတ်၏ တောင်ထွတ်သခင်ဖြစ်လောက်သည်။
“တောင်ပိုင်းထင်းရှူးစံအိမ်ရဲ့ တပည့်အများကြီးက အတွင်းစည်းကို ဝင်ရောက်လာခဲ့ကြပြီး လီရှီရှူးလို ပါရမီရှင် တပည့်တစ်ယောက်အပါအဝင်ပဲ။ ဆရာသခင်လေးလုက ကြီးမားတဲ့အကျိုးဆောင်မှုကို လုပ်ခဲ့တာကြောင့် ရှင် ဘာလို့ သူ့ကို ပိုပြီး မချီးမြှင့်ရမှာလဲ”
သုံးပေဓားမှ ဘာအသံမှမထွက်လာခဲ့သောကြောင့် ယွမ်ချီကျင်းက ချင်းရောင်တောင်ထွတ်သခင်၏ အကြံပေးချက်ကို သဘောတူကြောင်း ညွှန်ပြနေသည်။
ဤသည်က တောင်ထွတ်များအတွက် မမျှော်လင့်ထားခဲ့ခြင်းမဟုတ်ပေ။ အကြောင်းမှာ တောင်ပိုင်းထင်းရှူးစံအိမ်၏ လုက သူ့တပည့်ရင်းဖြစ်သည်ကို လူတိုင်း သိကြသောကြောင့်ဖြစ်၏။
ယောင်ရှင်းတောင်ထွတ်သခင်၏ အသံသည် ဘာမှမရှိခြင်းဓားမှ ထွက်ပေါ်လာသည်။
“စီနီယာဆရာသခင်လေး တက်ရောက်ပြီးနောက် ငါတို့ရဲ့ ဂိုဏ်းက အရင်ကထက်တောင် ပိုပြီး ကျော်ကြားလာခဲ့တယ်။ နောက်ဆယ်နှစ်အတွင်း ဘယ်သူကမှ ငါတို့ကို နှောက်ယှက်ရဲမှာမဟုတ်ဘူးလို့ ငါထင်တယ်။ ဒါပေမယ့်လည်း ငါတို့က အနာဂတ်အတွက် ပြင်ဆင်ထားရမယ်။ လာမယ့်ယှဥ်ပြိုင်ပွဲမှာ ကျောင်းဂီနဲ့ မြေအောက်လောကတို့ရဲ့ ပါရမီရှင်လူငယ်တွေနဲ့ ရေခဲစားမကောင်းဆိုးဝါးတွေအကြောင်း ငါ တွေးလိုက်မိချိန်တိုင်း ငါ စိုးရိမ်ခဲ့တယ်။ ဒါပေမယ့် အခု ချိုး၊ လေးလုနဲ့ ရှီရှူးတို့ ရှိနေကြပြီမို့ ငါ အများကြီး စိတ်သက်သာရရသွားပြီ။”
ချင်းရောင်တောင်ထွတ်သခင်က ပြန်ဖြေလိုက်၏။
“ဆရာသခင်လေးချိုးက တံခါးပိတ်ကျင့်ကြံနေပြီး ကျောင်းလေးယုက ရှင့်ရဲ့တောင်ထွတ်ပေါ်မှာ ကြိုးစားကျင့်ကြံနေတယ်။ ဒါပေမယ့် လီရှီရှူးက အရမ်းငယ်ရွယ်သေးတယ်။ ကျွန်မတို့ သူ့ကို တောင်ထွတ်တွေဆီ ကြိုတင်ပြီး ခေါ်ယူသင့်လား။”
ယွမ်ချီကျင်း၏ အသံက နောက်တစ်ခေါက် ထွက်ပေါ်လာကာ ယခင်ကကဲ့သို့ အေးစက်ဆဲဖြစ်သည်။
“ငါစိုးရိမ်တာက လီရှီရှူးမှာ မွေးရာပါတာအိုအမျိုးအစား ရှိ၊ မရှိ ဆိုတာပဲ။ ကျောင်းလေးယု ကျောင်းဂီမှာ မွေးဖွားလာခဲ့ချိန်က သူမကို ဂရုစိုက်ဖို့ လူတစ်ယောက်ကို ငါ စေလွှတ်ခဲ့တာကြောင့် သူမရဲ့ အခြေအနေကို ငါ ကောင်းကောင်းသိတယ်။ ဒါပေမယ့် ဒီလီရှီရှူးကရော”
ချင်းရောင်တောင်ထွတ်သခင်၏ အသံ ပို၍ပင် အေးစက်လာ၏။
“အစ်ကိုကြီး မစိုးရိမ်ပါနဲ့”
သူမ ပြောလိုက်သည်။
“ကျွန်မကိုယ်တိုင် လီရှီရှူးကို စစ်ဆေးခဲ့ပြီး သူနဲ့ ဘာပြဿနာမှမရှိဘူး။”
ယခုမှ သူမက လီရှီရှူးကို သွားတွေ့ခဲ့ကြောင်း ယွမ်ချီကျင်း သိလိုက်သည်။ သူ ခနမျှ တိတ်ဆိတ်နေပြီးနောက် မေးလိုက်၏။
“ဘယ်တုန်းက ဖြစ်ခဲ့တာလဲ”
“လွန်ခဲ့တဲ့ တစ်နှစ်ကပါ”
ချင်းရောင်တောင်ထွတ်သခင် ပြောလိုက်သည်။
ချင်းရောင် တောင်ထွတ်သခင်သည် သူမကိုယ်တိုင် လီရှီရှူးကို စစ်ဆေးခဲ့ပြီး သူ့ကို ကာကွယ်ရန် ရည်ရွယ်ချက်ရှိသောကြောင့် ပုံမှန်အားဖြင့် ယွမ်ချီကျင်း ထိုကိစ္စကို လွှတ်ချသင့်ပေသည်။ သို့သော် သူ ပြောခဲ့သေး၏။
“ငါလည်း သူ့ကို စစ်ဆေးခဲ့တယ်။ သူက တောင်ဂိတ်တံခါးထဲ မဝင်ရောက်ခင် ရှားပါးတဲ့ အသက်ရှူနည်းစနစ်တစ်ခုကို သင်ယူထားခဲ့တယ်။ သူက သူလျှိုတစ်ယောက်ဖြစ်နေမှာကို ငါ သံသယရှိတာကြောင့် ငါတို့ သူ့ကို စေ့စေ့စပ်စပ် စစ်ဆေးသင့်တယ်”
သို့တိုင် ချင်းရောင်တောင်ထွတ်သခင်၏ အသံသည် တည်ငြိမ်နေသေးပြီး သူမ ခပ်တည်တည်ပြောလိုက်သည်။
“ရှင်က သူ့ကို စစ်ဆေးကြည့်ခဲ့ပြီးပြီမို့ သူက သူလျှိုတစ်ယောက်မဟုတ်ဘူးဆိုတာ ရှင် သိလောက်မှာပါ။”
တခြား ဓားသုံးလက်တို့သည် တိတ်ဆိတ်နေကြသော်လည်း ဆယ်မိုင်အကွာအဝေးလောက် ဓားများနောက် ပုန်းကွယ်နေကြသည့် တောင်ထွတ်သခင်သုံးယောက်တို့က စကားဝိုင်းကို ရှင်းလင်းစွာ ကြားခဲ့ကြသည်။ ချင်းရောင်တောင်ထွတ်သခင်၏ စကားများထဲရှိ စောင်းပါးရိပ်ခြေအဓိပ္ပာယ်ကို ခံစားမိလိုက်ကြကာ ဤသည်က ယနေ့၏ အဆုံးသတ်ဖြစ်သည်ကို သူတို့ သိလိုက်ကြသည်။
မျှော်လင့်ထားသည့်အတိုင်း ချင်းရောင်တောင်ထွတ်သခင်ပြောသည့် အရာကို ကြားပြီးနောက် ယွမ်ချီကျင်း ဘာမှ မပြောခဲ့ပေ။
သို့သော်လည်း ချင်းရောင်တောင်ထွတ်သခင်က လီရှီရှူးကို တောင်ထွတ်ကိုးခုသို့ ကြိုတင်ခေါ်ယူခြင်းအပေါ် အတင်းအကျပ်မတိုက်တွန်းခဲ့ပေ။
တခဏကြာပြီးနောက် ဓားပျံငါးလက် ပြန့်ကျဲသွားခဲ့ကြပြီး ကမ်းပါးရံထိပ်ရှိ တိမ်တိုက်ပင်လယ်က ပုံမှန်ပြန်ဖြစ်သွားကာ ဘာမှ မဖြစ်ခဲ့သည့်အလားပင်။
***
ရှိုင်းတောင်ထွတ်၏ တောင်ထိပ်တွင် အလွန်အေးစက်ပြီး အထူးသဖြင့် ဓားအလင်းက ကျောက်တုံးအခန်းထဲ ဝင်ရောက်ပြီးနောက်တွင်ဖြစ်သည်။ အပူချိန်က ဒီဂရီအနည်းငယ်လောက် ကျဆင်းသွားပြီး ရေခဲလွှာတစ်ခုက ကျောက်နံရံအပေါ် ချက်ချင်း ပေါ်လာ၏။
အာအိုးယာမာဂိုဏ်းတစ်ခုလုံးကို စောင့်ကြည့်စစ်ဆေးရန် တာဝန်ယူထားသည့် ဤတောင်ထွတ်၏ အဓိကဓားကို သုံးပေဓားဟု ခေါ်သည်။
ဤဓားနာမည်သည် ‘နတ်ဘုရားက ခေါင်းအထက် သုံးပေမှ စောင့်ကြည့်နေသည်’ ဟူသော စကားပုံမှ ဆင်းသက်လာခဲ့ခြင်းမဟုတ်ဘဲ ‘သုံးပေအမြင့်ရှိ ရေခဲ အေးခဲရန် တစ်ရက်ထက် ပိုကြာသည်’ ဟူသော စကားပုံမှ ဆင်းသက်လာခဲ့ပေသည်။
ဂူအနက်ပိုင်း အဆုံးတွင် လူအိုကြီးတစ်ယောက်သည် နံရံပေါ်ရှိ ရေခဲကို ကြည့်နေပြီး တိတ်ဆိတ်နေသည်။
ရှိုင်းတောင်ထွတ်၏ တောင်သခင် ယွမ်ချီကျင်းသည် တရားမျှတမှုဓားကို တာဝန်ယူထားပြီး အာအိုးယာမာဂိုဏ်းရှိ သူ့အဆင့်အတန်းက ဂိုဏ်းသခင်အောက်သာ နိမ့်သည်။ သူ့တွင် အေးစက်ပြီး အုံ့မှိုင်းသော စိတ်နေသဘောထားရှိပြီး လူငယ်မျိုးဆက် တပည့်များက ကြောက်ရွံ့ကြ၏။
“ကြည့်ရတာ လီရှီရှူး လို့ အမည်ရတဲ့ တပည့်ကို တောင်ထွတ်တွေထဲက တစ်ခုက ကြိုတင်ပြီး ရွေးချယ်ထားခဲ့ပုံပဲ။”
စကားပြောလိုက်သည့် သတ်လတ်ပိုင်းအရွယ် ဓားသခင်သည် ချီယန်ဖြစ်ပြီး တောင်ထွတ်တစ်ခုတည်းမှ ယွမ်ချီကျင်း၏ ညီငယ်ဖြစ်သည်။ သူက အစည်းအဝေးတစ်ခုလုံးကို နားထောင်ခဲ့ပုံရ၏။
အေးစက်မှု အရိပ်အယောင်တစ်ခုက ယွမ်ချီကျင်း၏ မျက်လုံးထဲ လင်းလက်သွားသည်။
ပြီးခဲ့သည့် နှစ်များအတွင်း ပို၍ပို၍ များသော ထိုသို့သော အရာများ အာအိုးယာမာဂိုဏ်း၌ ဖြစ်ပျက်ခဲ့၏။ ဂိုဏ်း၏ တိုးတက်မှုနှင့် ဆက်ခံမှုတို့ကို သေချာစေရန် အလို့ငှာ တောင်ထွတ်များသည် ကြိုတင်၍ အစီအစဉ်ဆွဲခြင်းကို အသားကျနေကြပြီဖြစ်ပြီး ကောင်းချီးကို ပေးအပ်ရန် လောကရှိ ပါရမီရှိသော တပည့်များကို ရှာဖွေကာ နည်းစနစ်များကိုပင် လျှို့ဝှက် သင်ကြားပေးခဲ့ကြသည်။ ထိုသို့ ကြိုတင်တည်ဆောက်ထားသော ဆက်ဆံရေးများဖြင့် အနာဂတ်တွင် ဓားဆက်ခံခြင်းပြိုင်ပွဲ၌ ပါရမီရှင်များကို ယဉ်ပြိုင်ရန် သူတို့အတွက် ပို၍ လွယ်ကူပေလိမ့်မည်။
ထျန်းကွမ်တောင်ထွတ်တွင် တံခါးပိတ်ကျင့်ကြံနေသည့် ပါရမီရှင် ဂျူနီယာဆရာသခင်ချိုးသည် အသက်ခြောက်နှစ်တွင် ဂိုဏ်းသခင်ဆီမှ ကျောက်စိမ်းလည်ဆွဲကို လက်ခံရရှိခဲ့သည်။
လျန်းဝမ်တောင်ထွတ်ရှိ လူငယ်များကိုလည်း သူတို့က တောင်ဂိတ်တံခါးကို မဝင်ရောက်မီ တောင်ထွတ်များက ဆက်သွယ်ခဲ့ကြသည်။ ကျောင်းလေးယုကို သူမ မမွေးဖွားခင်ကပင် အာအိုးယာမာဂိုဏ်းက ကာကွယ်ထားခဲ့ပြီး သူမ အသက်ဆယ့်နှစ်နှစ်တွင် တောင်ဂိတ်တံခါးသို့ ခေါ်ဆောင်ခြင်းခံခဲ့ရသည်။ တစ်ခုတည်းသော ပြဿနာမှာ ကျောင်းလေးယုကို မည်သည့်တောင်ထွတ်က ရှာဖွေတွေ့ရှိခဲ့သည်ကို မည်သူမျှ မသိခြင်းဖြစ်၏။ ဤပဟေဠိအတွက် အဖြေကို တစ်နှစ်ကြာပြီးနောက် ကျင်းပမည့် ဓားဆက်ခံခြင်းပြိုင်ပွဲ၌သာ သိနိုင်ပေမည်။
သေချာပေါက် အာအိုးယာမာဂိုဏ်း၏ စည်းမျဉ်းများကြောင့် တောင်ထွတ်များသည် သူတို့က ကြိုတင်ပြင်ဆင်ထားခဲ့လျှင်ပင် လိုချင်သည့် တပည့်များကို ယှဉ်ပြိုင်နိုင်မည်မဟုတ်သော်လည်း ဘာမှမလုပ်ခြင်းထက် သာလွန်ဆဲဖြစ်သည်။
ချီယန်ပြောသည့် အရာမှာ ဤထင်မြင်ယူဆချက်အပေါ် အခြေခံသော်လည်း သူ့အစ်ကိုကြီးက ချင်းရောင်တောင်ထွတ်သခင် ထိုအရာကို ပြောပြီးနောက် ဘာကြောင့် တခြားဘာမှ မပြောခဲ့သည်ကို သူ သိချင်နေဆဲဖြစ်သည်။ သူ့အစ်ကိုကြီးက လီရှီရှူး မည်သို့သော အသက်ရှူခြင်း နည်းလမ်းအား ကြိုတင်၍ လေ့ကျင့်ထားသည်ကို သိထားခဲ့ပြီလော။
“ယုမန် အသက်ရှုခြင်းနည်းစနစ်”
ယွမ်ချီကျင်း၏ အသံသည် အလွန်အေးစက်ကာ လေနှင့် နှင်းတို့ ပေါင်းစပ်ထားသည့်အလားပင်။
ဤအရာကို ကြားသည်နှင့် ချီယန် အနည်းငယ် အံ့အားသင့်သွားပြီး လီရှီရှူးက ဂိုဏ်းသခင်မှ ရွေးချယ်ထားသည့် တပည့်ဖြစ်သည်ဟု တွေးထင်လိုက်၏။ ချင်းရောင်တောင်ထွတ်သခင် ၎င်းကို ထုတ်မပြောခဲ့သလို သူ့အစ်ကိုကြီး ဆက်မပြောခဲ့သည်မှာ အံ့အားသင့်စရာမရှိပေ။
ဤအရာကို တွေးတောကာ သူ အနည်းငယ်နောင်တရသွားပြီး ဒေါသလည်း အနည်းငယ် ထွက်သွား၏။
တစ်နှစ်ကြာပြီးနောက် ဓားဆက်ခံခြင်းပြိုင်ပွဲတွင် သူနှင့် သူ့အစ်ကြီးတို့ လီရှီရှူးအတွက် ယှဉ်ပြိုင်နိုင်တော့မည့်ပုံမရပေ။
အာအိုးယာမာဂိုဏ်းတွင် ရှိုင်းတောင်ထွတ်၏ အဆင့်အတန်းက မည်မျှ ထူးခြားကောင်းမွန်နေပါစေ ဂိုဏ်းသခင်ရှိသည့် ထျန်းကွမ်တောင်ထွတ်ကို မယှဉ်နိုင်ပေ။
“သူ့မှာ တူလေးချိုးနဲ့ လျန်းကွမ်တောင်ထွတ်က တပည့် ထက်ဝက်ရှိတယ်၊ အခု လီရှီရှူး…”
ချီယန် သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။
“ဒါကြောင့် ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ မွေးရာပါတာအိုအမျိုးအစားနဲ့ နောက်ထပ်တပည့်ကို လက်လွှတ်လို့မရဘူး။”
သူ ဤအရာကို ပြောလိုက်သော်လည်း သူ့တွင် ယုံကြည်ချက် အများကြီး မရှိခဲ့ပေ။ အာအိုးယာမာရှိ တောင်ထွတ်များထဲတွင် မည်သူက ဓားဆက်ခံရန် ကျောင်းလေးယုကို မလိုချင်မည်နည်း။
တစ်ခုခုကို တွေးလိုက်မိကာ သူ ပြောလိုက်သည်။
“တူလေးလုက ဒီပြီးခဲ့တဲ့နှစ်နှစ်အတွင်း တောင်ပိုင်းထင်းရှူးစံအိမ်မှာ ကောင်းကောင်းအကျိုးပြုခဲ့တယ်။ နောက်ထပ်တပည့်တစ်ယောက်က အတွင်းစည်းစမ်းသပ်မှုကို အောင်မြင်ခဲ့တယ်လို့ ကျွန်တော်ကြားခဲ့ရတယ်။ ကျွန်တေ
ာ် သွားပြီး သူ့ကို လေ့လာရမလား။”
“သူ့နာမည်က ဘာလဲ”
ယွမ်ချီကျင်း ခံစားချက်မဲ့စွာ မေးလိုက်၏။
“ကျင်းကျူး”
ချီယန်ပြောလိုက်သည်။
“အဲငပျင်းကောင်လား”
ယွမ်ချီကျင်း နှာခေါင်းရှုံ့လိုက်၏။
*******************************