PTH အပိုင်း ၁၅

ကောင်းကင်ဘုံသို့ လျှောက်သောလမ်း

အပိုင်း ၁၅ ထွတ်ခွာခြင်း

ကျင်းကျူး ရှုပ်ထွေးသွားပြီး မေးလိုက်၏။
“ဘယ်လို”

လီရှီရှူး စိုးထိတ်စွာ ပြောလိုက်သည်။
“တကယ်လို့ ခင်ဗျားက တခြားဂိုဏ်းက သူလျှိုတစ်ယောက်ဆိုရင် ခင်ဗျား မြန်မြန်ထွက်သွားသင့်တယ်။ ကျွန်တော် ဘယ်သူ့ကိုမှ ပြောပြမှာမဟုတ်ဘူး။”

ကျင်းကျူး နောက်ဆုံးတွင် သူပြောသည့်အရာကို နားလည်သွား၏။ သူ အပြုံးဖြင့် ခေါင်းခါလိုက်ပြီး လက်ထဲရှိ သဲကို အောက်ချလိုက်သည်။

လွန်ခဲ့သည့်တစ်နှစ်က သူ ဘာလို့ သူ့ဘေးတွင် နေချင်သေးလဲဟု လီရှီရှူးကို မေးခဲ့သည်။

သူ နားမလည်သကဲ့သို့ လီရှီရှူး မဖြေခဲ့သော်လည်း သူက သူ့မေးခွန်းကို နားလည်နိုင်ကြောင်း ကျင်းကျူးသိပေသည်။

ထိုအချိန်က လီရှီရှူးသည် သူ့ကို သံသယဝင်လာခဲ့ပြီဖြစ်ပြီး အမေး အဖြေ ပြိုင်ပွဲကိုပင် တမင်တကာ စီစဉ်ခဲ့ကာ အနာဂတ်အတွက် အစီအစဉ်ဆွဲနိုင်အောင် ဂိုဏ်းအတွက် အကျိုးပြုမှုအချို့ပြုလုပ်နိုင်ရန် မျှော်လင့်နေခဲ့သည်။ ဤအတွေးနှင့် စီစဉ်မှုတို့သည် တကယ့်ကို တုံ့အကြသော်လည်း ကောင်‌ကလေးတစ်ယောက်အတွက် သူ တခြားဘာမေးနိုင်မည်နည်း။

ထိုနေ့ကတည်းက လီရှီရှူး ဤအကြောင်းအရာကို မပြောခဲ့ပေ။ ယနေ့ သူ ထိုအကြောင်းကို နောက်ဆုံးတွင် မေးလာ၏။

အကြောင်းမှာ သူသည် ကျင်းကျူး၏ အစေခံကောင်လေးမျှမဟုတ်တော့ဘဲ အတွင်းစည်းကို ဝင်ရောက်ကာ အာအိုးယာမာဂိုဏ်း၏ တကယ့်တပည့်ဖြစ်လာတော့မည်ဖြစ်သောကြောင့်ဖြစ်သည်။

ကျင်းကျူး ဤအရာကို စိတ်ပျက်မသွားသလို ဒေါသလည်းမထွက်ခဲ့ပေ။ ထို့အစား ၎င်းက အနည်းငယ်ချစ်စဖွယ်ကောင်းသည်ဟု သူ တွေးလိုက်၏။

ဤသည်က သစ္စာဖောက်မှုနှင့် ဘာမှမဆိုင်ပေ။ ၎င်းက ကြီးပြင်းလာမှုဖြစ်၏။

ထို့ကြောင့် သူ ပြုံးလိုက်သည်။

သူ့အပြုံးသည် အလွန်လှပ၏။ ထိုသည်မှာ နှစ်ပေါင်း သောင်းချီ အရည်မပျော်ခဲ့သည့် ရေခဲက နောက်ဆုံးတွင် နွေဦးနေအလင်းရောင်ကြောင့် အရည်ပျော်သွားပြီး လှပသော ကြာပန်းပွင့်က ထိုသည်မှ မွေးဖွာလာသည့်အလား ဖြစ်သည်။

သူ့အပြုံးကြောင့် လီရှီရှူး မှိန်းမောသွားပြီး သက်ပြင်းချလိုက်၏။
“သခင်က အရမ်းခန့်ညားနေတုန်းပဲ”

ကျင်းကျူး ကြွေခွက်ထဲရှိ အလင်းပြန်နေသော မျက်နှာကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ဟုတ်တယ်၊ နှစ်နှစ်ရှိသွားပြီဖြစ်ပေမယ့် ငါ အသားမကျသေးဘူး”

လီရှီရှူး အသိစိတ်ပြန်ဝင်လာခဲ့ပြီး စိုးရိမ်တကြီး မေးလိုက်သည်။
“သခင် ခင်ဗျားက ဘယ်သူလဲ”

ကျင်းကျူး ပြောလိုက်၏။
“ငါ မင်းကို မပြောပြချင်ဘူး”

လီရှီရှူး အနည်းငယ် စိတ်ဓာတ်ကျသွားပြီး ပြောလိုက်သည်။
“အိုး”

ဤသို့ဖြစ်သွားသည့်သူ့ကို ကြည့်ကာ ကျင်းကျူး သူ့ကို အာမခံလိုက်၏။
“ဘာပဲဖြစ်ဖြစ် ငါက သူလျှိုတစ်ယောက်မဟုတ်ဘူး”

လီရှီရှူး တွေးလိုက်ပြီး ၎င်းက မှန်ကန်သည်ကို တွေ့လိုက်ရသောကြောင့် သူ နောက်ထပ်မစိုးရိမ်တော့ပေ။

သခင်လေးကဲ့သို့ လှပသော တစ်စုံတစ်ယောက်က သူလျှိုတစ်ယောက်မည်သို့ ဖြစ်နိုင်မည်နည်း။ ထို့အပြင် သူသည်… အလွန်ပျင်းရိ၏။

ကမ္ဘာပေါ်တွင် ထိုမျှပျင်းရိသော သူလျှိုတစ်ယောက် မည်သို့ ရှိနိုင်မည်နည်း။ အကယ်၍ သူသည် ခြံဝန်းထဲတွင် တစ်နေ့ကုန်နေနေခဲ့ပါက သူ ဘာကို ရှာဖွေတွေ့ရှိနိုင်မည်နည်း။

***

တောင်ပိုင်းထင်းရှူးစံအိမ်၏ အပြင်စည်းတပည့်များအားလုံး လေ့ကျင့်ရေးခန်းမသို့ ရောက်လာခဲ့ကြပြီး အစောင့်များသည်လည်း ရောက်လာခဲ့ကြသည်။

လီရှီရှူး ကျောက်တုံးလှေကားပေါ်တွင်ရပ်နေပြီး နောက်သို့ ကြည့်နေခဲ့သည်။ သူသည် အနည်းငယ်စိုးထိတ်နေကာ ထို မျှော်လင့်နေသည့် သို့မဟုတ် မနာလိုအားကျသည့် အကြည့်များကြောင့်မဟုတ်ဘဲ ကျင်းကျူး ရောက်မလာခဲ့သောကြောင့်ဖြစ်သည်။

ဆရာသခင်လု သူ့ပုခုံးကို ပုတ်လိုက်ပြီး ပြောလိုက်၏။
“ဘာမှမဖြစ်ပါဘူး”

သူသည် သူက လီရှီရှူးတွင် မွေးရာပါတာအိုအမျိုးအစားရှိသည်ကို ပထမဆုံးရှာဖွေတွေ့ရှိသည့် ပုဂ္ဂိုလ်မဟုတ်သည်ကို သိရှိထားသော်လည်း သူက လီရှီရှူးကို ထိုတောင်ရွာငယ်လေးမှ ကိုယ်တိုင်ကိုယ်ကျ ခေါ်ယူလာခဲ့ပေသည်။ ပြီးခဲ့သည့်နှစ်အတွင်း သူသည် လီရှီရှူးကို အကြီးမားဆုံးအာရုံစိုက်ထားပြီး အကာအကွယ်ပေးခဲ့သည်။ သူက လီရှီရှူးကို ကောင်းစွာနားလည်ထားသည်ဟု သူ ထင်၏။ ဤကလေးတွင် အလွန်ကောင်းမွန်သည့် ပါရမီနှင့် သာမန်မဟုတ်သော ဝိဉာဉ်အရင်းအမြစ်တို့သာ ရှိသည်သာမက ပို၍ အရေးကြီးသည်မှာ သူသည်ရိုးသားပြီး ကျင့်ကြံခြင်းတွင် ဝီရိယရှိသည်။ သူ့အခြေခံသည် အလွန်အမင်းခိုင်မာပြီး ယနေ့ အတွင်းစည်းစမ်းသပ်မှုကို သူ ဖြတ်ကျော်နိုင်မည့် ဖြစ်နိုင်ခြေသည် အလွန်မြင့်မားသည်။

သူသည် သူ ကြီးစွာ မျှော်လင့်ထားသည့် တခြားတစ်ယောက်အကြောင်းလည်း တွေးလိုက်မိပြီး ထိုလူမှာ ကျင်းကျူးဖြစ်၏။ သူ့အမြင်တွင် ကျင်းကျူး၏ ပါရမီသည် ပုံမှန်ဖြစ်ပြီး သူ့ဝိဉာဉ်အရင်းအမြစ်က သာမန်ဖြစ်သော်လည်း သူ့နားလည်သဘောပေါက်မှုနှင့် အမြော်အမြင်တို့က အလွန်ထူးချွန်ပြောင်မြောက်လှပြီး သာမန်တပည့်များထက် များစွာ ‌သာလွန်ကာ သူ့ထက်ပင် များစွာ ကောင်းမွန်ပေသည်။ ထိုလူငယ်လေးက… တိုးတက်ရန် ပြင်းပြသည့် စိတ်ဆန္ဒမရှိရုံပင်။ လွန်ခဲ့သည့် နှစ်ဝက်က သူသည် စစ်ဆေးကြည့်ရန် ထိုးဖောက်သိမြင်နိုင်သော ဓားကို တစ်ကြိမ်အသုံးပြုခဲ့ပြီး ကျင်းကျူးတွင် တာအိုအမျိုးအစား တိုးတက်မလာခဲ့သည်ကို တွေ့ရှိခဲ့ကာ ၎င်းက သူ့ကို အလွန်အမင်းစိတ်ပျက်သွားစေခဲ့သည်။

ဆရာသခင်လု ဤကိစ္စအကြောင်း တွေးတောနေခြင်းကို ရပ်တန့်လိုက်ပြီး လီရှီရှူးကို ပြောလိုက်သည်။
“သတိရပါ၊ အရေးကြီးဆုံးကိစ္စက မလိုလားအပ်တဲ့အတွေးတွေ မရှိဖို့ပဲ”

လီရှီရှူး တက်ကြွစွာ ခေါင်းညိတ်လိုက်ပြီး သူ့ဆရာသခင်နှင့် ရောင်းရင်းတပည့်များ၏ အကြည့်များအောက်တွင် လေ့ကျင့်ရေးခန်းမရှိ သာမန်ဖြစ်ပုံပေါ်သော အခန်းတစ်ခုထဲသို့ ဝင်ရောက်သွားခဲ့သည်။

ဤစမ်းသပ်မှုကို တာဝန်ယူထားသည့်ပုဂ္ဂိုလ်မှာ ခြောက်ခုမြောက်တောင်ထွတ်ဖြစ်သည့် ရှီးလဲ့တောင်ထွတ်မှ စေလွှတ်လိုက်သော အင်မော်တယ်ဆရာသခင်တစ်ယောက်နှင့် တောင်ပိုင်းထင်းရှူးစံအိမ်အပြင်ဘက်တွင် လူသစ်များစုဆောင်းနေခဲ့သည့် မင်ကွမ်းရှင်တို့ဖြစ်ကြသည်။

“မင်္ဂလာပါ ဦးလေးမင်၊ မင်္ဂလာပါ ဆရာသခင်ဦးလေး”

ယနေ့ထက်ထိ လီရှီရှူး တောင်ထွတ်ကိုးခုကို မဝင်ရောက်ခဲ့သော်လည်း သူသည် တောင်ထွတ်ကိုးခုကြား ကြီးမားသော ဂုဏ်သတင်းကို ရရှိခဲ့ပြီးဖြစ်သည်။

မွေးရာပါတာအိုအမျိုးအစားနှင့် လူတစ်ယောက်သည် အာအိုးယာမာဂိုဏ်း၏ မျက်နှာသာပေးခြင်းကို ခံထားရမည်မှာ သေချာပြီး မည်သူက သူ့ကို အထင်သေးဝံ့မည်နည်း။

ရှီးလဲ့တောင်ထွတ်မှ ဆရာသခင်ဦးလေးသည် နူးညံ့သည့် အမူအရာဖြင့် ခေါင်းညိတ်လိုက်ပြီး မင်ကွမ်းရှင် အလွန်ပျော်ရွှင်နေကာ ပြုံးနေပြီး သူ့ပုခုံးကို ပုတ်လိုက်သည်။

မှတ်တမ်းတွင် လီရှီရှူး၏ နာမည်ကို ရေးခဲ့သည်မှာ သူဖြစ်ပြီး ဤကလေး ကမ္ဘာတစ်လွှား ကျော်ကြားလာသည့်တစ်နေ့ သူ ဂုဏ်ယူရပေလိမ့်မည်။

မင်ကွမ်းရှင် ထိုနေ့က မယုံနိုင်စရာကောင်းလောက်အောင် ကြည့်ကောင်းသည့် အဖြူရောင်ဝတ်လူငယ်လေးကို တွေးလိုက်မိပြီး မေးလိုက်သည်။
“ခုတလော မင်းရဲ့သခင်လေး ဘယ်လိုနေလဲ”

လီရှီရှူး မည်သို့ဖြေရမလဲ မသိခဲ့ပေ။

ရှီးလဲ့တောင်ထွတ်မှ ဆရာသခင်ဦးလေး သူ့ကို ကြည့်လိုက်ပြီး မျက်လုံးဖြင့် မေးမြန်းလိုက်၏။

မင်ကွမ်းရှင် သူ့မျက်နှာပေါ် ညာလက်ဖြင့် အမူအရာလုပ်ပြလိုက်ပြီး ရှီးလဲ့တောင်ထွတ်မှ ဆရာသခင်ဦးလေး ချက်ချင်းသဘောပေါက်သွားကာ ဘာမှမပြောဘဲ ပြုံးလိုက်သည်။

“စမ်းသပ်မှုကို မင်း ဖြတ်ကျော်နိုင်တာဖြစ်စေ မဖြတ်ကျော်နိုင်တာဖြစ်စေ စမ်းသပ်မှုအကြောင်း မင်း ဘယ်သူ့ကိုမှ မပြောပြရဘူး၊ အထူးသဖြင့် အဲကနေ မင်းသိခဲ့တဲ့အရာတွေ”

ရှီးလဲ့တောင်ထွတ်မှ ဆရာသခင်ဦးလေး ပြုံးနေခြင်းကို ရပ်လိုက်ပြီး ဤစကားကိုပြောလိုက်စဉ် လီရှီရှူးကို ကြည့်လိုက်သည်။

မင်ကွမ်းရှင်သည်လည်း အလွန်လေးလက်သွားပြီး ထပ်ဖြည့်လိုက်၏။
“မင်းရဲ့သခင်လေးအပါအဝင်ပဲ”

လီရှီရှူး ပြန်မဖြေမီ တခဏတိတ်ဆိတ်သွားသည်။

မင်ကွမ်းရှင်နှင့် ထိုဆရာသခင်ဦးလေးတို့ အခန်းငယ်ထဲမှ ထွက်လာကြပြီး တံခါးပိတ်လိုက်သည်။

လီရှီရှူး စားပွဲရှေ့သို့ လျှောက်သွားလိုက်ပြီး သက်ပြင်းရှိုက်လိုက်သည်။

စားပွဲပေါ်တွင် စင်တစ်ခုရှိပြီး ထိုစင်ပေါ်တွင် ရှည်သွယ်သော ပုံစံအရာဝတ္ထုတစ်ခုရှိသည်။ ၎င်းသည် အနက်ရောင်ပုံပေါ်သော်လည်း ၎င်း၏ မျက်နှာပြင်က အလွန်ချောမွေ့ပြီး အလွန်အမင်းအေးစက်သည့် အရှိန်အဝါတစ်ခုကို ရေးရေးလေး ထုတ်လွှတ်နေသည်။

ဤသည်မှာ ဓားသန္ဓေသားဖြစ်၏။

လီရှီရှူး ကိုယ့်ကိုယ်ကို တည်ငြိမ်စေလိုက်ပြီး သူ့လက်ဝါးကို ဓားသန္ဓေသားအပေါ် တင်လိုက်သည်။ သူ မျက်စိမှိတ်လိုက်ပြီး သူ့မရီတျန်းများရှိ ကျန်းယွမ်ကို စတင်စီးဆင်းစေလိုက်သည်။

ဓားသန္ဓေသားသည် ကျင့်ကြံသူတစ်ယောက်ရှိ ကျန်းယွမ်ပမာဏကို ခံစားနိုင်ပြီး အ‌သေးစိပ်အကျဆုံး ပုံစံဖြင့် ကျင့်ကြံသူ၏ ဝိဉာဉ်ပင်လယ်ကို ရောင်ပြန်ဟပ်ရန် အပေါ်သို့ပင် ဆန်တက်နိုင်သည်။

ဝိဉာဉ်ပင်လယ် ပြည့်သွားချိန်မှသာ တာအိုမျိုးစေ့အတွက် လုံလောက်သော အာဟာရကို ပေးစွမ်းနိုင်ပြီး ဓားသစ်သီးကို ဖြစ်ပေါ်စေနိုင်ပေသည်။

ဓားသစ်သီးကို ဖြစ်ပေါ်စေရန် မျှော်လင့်ချက်မရှိသည့် ကျင့်ကြံသူများသည် အာအိုးယာမာဂိုဏ်း၏ အတွင်းစည်းကို ဝင်ရောက်ရန် အရည်အချင်းမပြည့်မိကြပေ။

***

အသံတစ်ခုထွက်ပေါ်လာ၏။

ထိုအသံသည် သဲသဲကွဲကွဲမကြားရသော်လည်း မရေမတွက်နိုင်သော ဓားများက တစ်ပြိုင်တည်း တိုက်မိနေကြသည့်အလား မယုံနိုင်စရာကောင်းလောက်အောင် ရှင်းလင်းသည်။

တံခါးအပြင်ဘက်တွင် မင်ကွမ်းရှင်နှင့် ရှီးလဲ့တောင်ထွတ်မှ ဆရာသခင်ဦးလေးတို့သည် အချင်းချင်းကြည့်လိုက်မိကြပြီး သူတို့၏ မျက်လုံးများက တုန်လှုပ်မှု၊ ပျော်ရွှင်မှုတို့ဖြင့် ပြည့်နေသည်။

‘ဒဏ္ဍာရီလာ မွေးရာပါ တာအိုမျိုးစေ့ဆိုတဲ့အတိုင်းပဲ၊ အဲဒါက ဓားသန္ဓေသားနဲ့ ဒီလိုအားကောင်းတဲ့ ပဲ့တင်သံကို ဖြစ်စေနိုင်တယ်’

သိထားရမည်မှာ ထိုကလေးသည် တစ်နှစ်သာ ကျင့်ကြံခဲ့ရပြီး ဆယ့်နှစ်နှစ်သာ ရှိသေးသည်။

***

တစ်နာရီကြာပြီးနောက် လီရှီရှူး လေ့ကျင့်ရေးခန်းမမှ ထွက်လာ၏။

လေ့ကျင့်ရေးခန်းမ အပြင်ဘက်တွင် ဆရာသခင်လု၊ တပည့်များနှင့် အစောင့်များသည် ဓားအသံကို ကြားခဲ့ကြရပြီးဖြစ်သော်လည်း သူ့ကို စိုးထိတ်စွာ ကြည့်နေကြဆဲဖြစ်သည်။

လီရှီရှူး ခေါင်းညိတ်ပြလိုက်ပြီးနောက် ပျော်ရွှင်စွာ ပြုံးပြလိုက်၏။

ဆရာသခင်လု အလွန်အားရဝမ်းသာသွားပြီး အပြင်စည်းတပည့်များက ပို၍ပင် စိတ်လှုပ်ရှားသွားခဲ့ကြကာ သူတို့၏ ဩဘာသံများက အဝေးသို့ ပျံ့လွင့်သွားခဲ့သည်။

ထိုဩဘာသံများသည် တောအနက်ပိုင်းရှိ ခြံငယ်လေးသို့ ရောက်ရှိသွားပြီး ကျင်းကျူးပြုံးလိုက်၏။

သူသည် လီရှီရှူး အတွင်းစည်းစမ်းသပ်မှုကို ကျရှုံးမည်ဟု ဘယ်တုန်းကမှ မတွေးထားခဲ့သောကြောင့် သွားကြည့်ရန် အလွန်ပျင်းနေခဲ့သည်။

မွေးရာပါတာအိုမျိုးစေ့၊ သူ့အခြေခံအုတ်မြစ်ကို နှစ်ဝက်စော၍ တည်ဆောက်ထားပြီး ဇီရွှမ်းဆေးလုံးတစ်လုံးကိုပင် စားထားခဲ့သည်။ သူ မအောင်မြင်ဘဲ မည်သို့ နေမည်နည်း။

ဤပုဂ္ဂိုလ်က သူ့ကဲ့သို့ အဆုံးမဲ့ဝိဉာဉ်ပင်လယ် မရှိသရွေ့… သို့သော် သူ့ကဲ့သို့ ဒုတိယမြောက်လူတစ်ယောက်ကို လောကရှိ မည်သည့်နေရာတွင် သူ တွေ့နိုင်မည်နည်း။

အိမ်တံခါး တွန်းဖွင့်ခံလိုက်ရပြီး လီရှီရှူး ပြေးဝင်လာသော်လည်း သူ စကားမပြောနိုင်ခဲ့ပေ။

သူ သူ့ခံစားချက်များအား မည်သို့ ဖော်ပြရမည်ကို မသိပေ။

ကျင်းကျူး ဝါးကုလားထိုင်မှ ထရပ်သည်မှာ ရှားပါး၏။

သူ လက်နောက်ပစ်ထားပြီး လီရှီရှူးကို ကြည့်လိုက်ကာ တည်ငြိမ်စွာနှင့် လေးနက်စွာ ပြောလိုက်သည်။
“မဟာလမ်းစဉ်က အန္တရာယ်များပြီး ရှည်လျားတယ်၊ အတူတကွလျှောက်လှမ်းဖို့က ရှားပါးတယ်။ နောက်ဆုံးမှာ မင်းက မင်းရဲ့လမ်းကြောင်းပေါ်ရောက်နေပြီမို့ မင်း ပိုပြီးတော့တောင် အာရုံစိုက်ရမယ်။ မင်းက နှစ်ပေါင်းများစွာ သွားရမှာဖြစ်ပြီး မေ့ပျောက်သွားလိမ့်မယ်။ တမင်တကာ သတိရဖို့ မကြိုးစားပါနဲ့၊ မက်မောစရာ ဘာမှမရှိဘူး…”

လီရှီရှူး တခဏမျှ ကြက်သေသေသွားပြီး သူပြောနေသည့် အကြောင်းအရာကို သဘောပေါက်သွားကာ ဒေါသတကြီးပြောလိုက်သည်။
“ကျွန်တော် မေ့မှာ မဟုတ်ဘူး”

*************************

PTH
Author: PTH
ကောင်းကင်ဘုံသို့ လျှောက်သောလမ်း

ကောင်းကင်ဘုံသို့ လျှောက်သောလမ်း

PTH, 大道朝天
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2017 Native Language: Chinese
ငါက ဓားပဲ... မိုင်တစ်ထောင်အတွင်း လူတစ်ယောက်ကို သတ်ဖြတ်တယ်... ဘယ်သူကမှ ခြေဆယ်လှမ်း မလှမ်းရဲကြဘူး။ မိုင်တစ်ထောင်အတွင်း လူတစ်ယောက်ကို သတ်ဖြတ်တယ်... ဘယ်သူကမှ ခြေဆယ်လှမ်း မလှမ်းဝံ့ကြဘူး။ လူတစ်ယောက်ကို မိုင်တစ်ထောင်အတွင်း သတ်ဖြတ်တယ်... ခြေဆယ်လှမ်းလား... မဖြစ်နိုင်ဘူး။ ကောင်းကင်ဘုံကို သွားတဲ့ လမ်းမှာ လူတစ်ယောက်စီတိုင်းက ကိုယ့်ကံကြမ္မာကိုယ် စီရင်ရမယ်။စာစဉ်တင်သည့် ပေ့ချ်- https://www.facebook.com/TheHumanEmperorXoxa

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset