ကောင်းကင်ဘုံသို့ လျှောက်သောလမ်း
အပိုင်း ၁၆ မင်းနဲ့ပတ်သက်ပြီး ငါမှားခဲ့တာလား
လီရှီရှူး တောင်ခါးပန်းမှ ထွက်ခွာသွားပြီး တောင်ထွတ်များသို့ သွားခဲ့ကာ ဘယ်တော့မှ ပြန်မလာတော့ပေ။
သူ တွေ့လိုက်သည့် နောက်ဆုံးအရာမှာ သူ၏ မျက်နှာသေးသေးလေးဖြစ်ပြီး ၎င်းက ဒေါသကြောင့် အနည်းငယ်နီရဲနေကာ သူ့မျက်လုံးများက ထွက်သွားရန် တွန့်ဆုတ်မှုကြောင့် မျက်ရည်များ ပြည့်နှက်နေခဲ့သည်။
ဤမြင်ကွင်းကို မြင်တွေ့ခဲ့သည့် တစ်ဦးတည်းသော လူမှာ ကျင်းကျူးဖြစ်သော်လည်း သူ မကြာမီ ထိုအကြောင်းကို မေ့ပျောက်သွား၏။
လီရှီရှူးကို သူ ပြောခဲ့သည့်အတိုင်း တာအိုသည် ခရီးရှည်ကြီးဖြစ်ပြီး လူများသည် အတိတ်ရှိအရာရာတိုင်းကို မမှတ်မိနိုင်သလို သူတို့ မှတ်မိစရာမလိုအပ်ခဲ့ပေ။
ဤအမြင်မှနေ၍ သူသည် တကယ့်ကို မွေးရာပါကျင့်ကြံသူတစ်ဦးဖြစ်ပေ၏။
လီရှီရှူး ထွက်သွားပြီးနောက် အိပ်ယာကို ကိုယ်တိုင် ပြင်ရခြင်းကလွဲ၍ ကျင်းကျူး အရင်ကအတိုင်း နေထိုင်ခဲ့သည်။ ခြံဝန်းသည် အနည်းငယ် တိတ်ဆိတ်သွားပုံရပြီး ၎င်းကို နေသားပြန်ကျရန် သူ့အတွက် ရက်အနည်းငယ်ကြာခဲ့သည်။
အပြင်စည်းတပည့်များမှ လှောင်ပြောင်သရော်မှုများသည် ဤအတောအတွင်း နောက်တဖန် တိုးလာခဲ့သည်။
လီရှီရှူး အတွင်းစည်းကို ဝင်ရောက်သွားပြီဖြစ်သော်လည်း သူသည် ဤနေရာတွင် ရှိနေဆဲဖြစ်ပြီး ၎င်းက လူတိုင်း၏ မျက်လုံးထဲတွင် အလွန်ရှက်စရာကောင်းသောအရာဖြစ်ပေသည်။
ကျင်းကျူး ဘာမှမခံစားခဲ့ရပေ။ ခြံငယ်လေးတွင် နေထိုင်နေဆဲဖြစ်ပြီး ကြွေပန်းကန်ထဲ တိတ်ဆိတ်စွာ သဲများ ထည့်နေခဲ့ကာ တစ်ရက်လျှင် သဲအနည်းငယ်သာဖြစ်သည်။
သူ စိတ်မရှည်သော်လည်း ဂရုမစိုက်ခဲ့ပေ။
သို့သော် ဆရာသခင်လု ၎င်းကို တောင့်မခံနိုင်ဘဲ တစ်ညတွင် ခြံငယ်လေးသို့ ရောက်လာခဲ့သည်။
သူ ကျင်းကျူး၏ အခြေအနေကို ဂရုတစိုက် အကဲခတ်ရန် သူ၏ ထိုးဖောက်သိမြင်နိုင်ခြင်းကို အသုံးပြုခဲ့သော်လည်း ကျင်းကျူး၏ ခန္ဓာကိုယ်ထဲတွင် တာအိုမျိုးစေ့ မရှိသေးသည်ကို တွေ့လိုက်ရပြီး မတတ်နိုင်ဘဲ စိတ်ပျက်သွားခဲ့သည်။
တာအိုမျိုးစေ့မရှိဘဲ မရီတျန်းများ မကြီးထွားနိုင်သောကြောင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ ချီကို သူ မည်သို့ စုပ်ယူနိုင်မည်နည်း။
ကျန်းယွမ်မရှိဘဲ တာအိုမျိုးစေ့သည် သစ်ပင်ကြီးတစ်ပင်ဖြစ်လာပြီး ဓားသစ်သီး မည်သို့ သီးလာနိုင်မည်နည်း။
ခုချိန်တွင် သူသည် ကျင်းကျူးက တောင်ထွတ်တစ်ခု၏ ဆရာသခင်တစ်ယောက်မှ ကြိုတင်၍ ရွေးချယ်ထားခဲ့သည့် တပည့်တစ်ယောက်မဟုတ်သည်ကို သေချာသွားပြီဖြစ်သည်။
သူ၏ ကောင်းမွန်လှသော ဉာဏ်ရည်နှင့် နားလည်သဘောပေါက်မှုတို့ကြောင့် ကျင်းကျူး ကျင့်ကြံခြင်းတွင် ရောင်းရင်းတပည့်များကို ညွှန်ကြားနိုင်ခဲ့ပေသည်။
“မင်းက အဖြေမှန်တွေကို ဆယ်ကြိမ်မှာ ကိုးကြိမ် ခန့်မှန်းနိုင်ခဲ့တယ်၊ အဲဒါက မင်းက သာမန်မဟုတ်တဲ့ မိသားစုက လာခဲ့တယ်လို့ ဆိုလိုတာပဲ”
ဆရာသခင်လု သူ့ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ကျောင်းဂီမြို့မှာရှိတဲ့ မင်းရဲ့မိသားစုက သာမန်မိသားစုမဟုတ်ဘူးလို့ ငါ ယုံကြည်တယ်”
ကျင်းကျူး ပြောလိုက်၏။
“ကျွန်တော့်မိသားစုမှာ စာအုပ်တွေအများကြီးရှိတယ်”
“နောက်ဆုံးမှာ လူတစ်ယောက်က ပါရမီအပေါ်ပဲ မှီခိုလို့မရဘူး၊ ရိုးရှင်းတဲ့ဘဝကလည်း တာအိုအတွက် အကူအညီမဖြစ်ဘူး၊ မင်းက ဒီကို စာသင်ဖို့ပဲ လာခဲ့တာမဟုတ်သရွေ့ပေါ့။ မင်းက ကြိုးစားဖို့ ဆန္ဒမရှိရင် စိတ်ဝိဉာဉ်တည်ငြိမ်ခြင်းအဆင့်ကို ဝင်ရောက်ဖို့ မျှော်လင့်လို့မရဘူး။ နောက်ဆုံးမှာ မင်းရဲ့အားထုတ်မှုတွေက အလကားဖြစ်သွားလိမ့်မယ်”
ဆရာသခင်လု သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
“ငါ အဲအကြောင်းကို အကြာကြီး စဉ်းစားခဲ့တယ်။ မင်း ဒီလို ဆက်လုပ်နေရင် အစောင့်အဖြစ် မင်းလုပ်လို့ရတဲ့ နေရာတစ်ခုကို ငါ အကြံပေးနိုင်တယ်။ အဲနေရာမှာ မင်းလုပ်ဖို့လိုတာက စာအုပ်တွေကို သပ်သပ်ရပ်ရပ်လုပ်ပြီး သူတို့ကို လေ့လာဖို့ပဲ။ အဲဒါက မင်းနဲ့ တော်တော်လေး သင့်လျော်လောက်တယ်။”
သူက ရှီးယွီတောင်ထွတ်အကြောင်း ပြောနေသည်ကို ကျင်းကျူး သိပေသည်။ ထိုနေရာတွင် အာအိုးယာမာဂိုဏ်း၏ တကယ့်ဓားနည်းစနစ်များကို သိမ်းဆည်းထားပြီး တစ်ယောက်သည် စာအုပ်ဟောင်းများကြား တာအိုကို ရှာဖွေနိုင်ပေသည်။
ဆရာသခင်လု ဆက်ပြောလိုက်၏။
“အဲနေရာမှာ မင်းက ဂိုဏ်းအတွက် ကောင်းတဲ့အရာတစ်ခုခုကို ပြုလုပ်ပေးနိုင်သေးပြီး မင်းရဲ့အသက်ကို ရှည်စေဖို့ ဆေးလုံးတွေတောင် ချီးမြှင့်ခံရနိုင်တယ်။ ဒါပေမယ့် မင်းက တကယ့်ဓားဝိဉာဉ်ကို ရရှိဖို့ အရည်အချင်းပြည့်မီတော့မှာမဟုတ်ဘူး။ ဒါပေမယ့်.. ဘာပဲပြောပြော အဲဒါက မင်းရဲ့ ပန်းတိုင်မဟုတ်ဘူးလေ။”
ကျင်းကျူး အနည်းငယ် အံ့ဩသွား၏။ တစ်ဖက်လူက သူ့ကို တကယ်ဂရုစိုက်ပြီး သူ့အတွက် သင့်တော်ပုံရသည့် အရန်အစီအစဉ်ကို စီစဉ်ထားမည်ဟု သူ မမျှော်လင့်ထားပေ။
သို့သော် သေချာပေါက် သူ ၎င်းကို လက်ခံမည်မဟုတ်ပေ။ သူ ရှီးယွီတောင်ထွတ်ကို သဘောမကျသလို သူ တစ်နှစ်ကြာပြီးနောက် ဤနေရာမှ ထွက်ခွာပေလိမ့်မည်။
***
နောက်တစ်ကြိမ် နွေဦးရောက်လာခဲ့ပြီး မိုးမခကြောင်မြီးပန်းများက ကောင်းကင်အနှံ့လွင့်မျောနေကြသည်။
သုံးနှစ်တာ၏ ထက်ဝက်ကျော် ကုန်ဆုံးသွားပြီဖြစ်ပြီး တောင်ပိုင်းထင်းရှူး စံအိမ်၏ အပြင်စည်းတပည့်များက ပို၍ စိုးရိမ်လာကြသည်။ သူတို့ နေ့ရက်တိုင်း စက္ကန့်မလပ် လေ့ကျင့်နေကြပြီး အဖြူရောင်မီးခိုးကို တောင်ခါးပန်းအနှံ့ တွေ့နိုင်ပေသည်။
ယခုအခါ တပည့်အများစုတို့သည် စိတ်ဝိဉာဉ်တည်ငြိမ်ခြင်းအဆင့်ကို ဝင်ရောက်သွားကြပြီဖြစ်၏။ ရွှဲယုန်နှင့် တပည့်အနည်းငယ်တို့သည် စိတ်ဝိဉာဉ်ပင်လယ်၏ ပြီးပြည့်စုံခြင်းအဆင့်ကို အောင်မြင့်မည့် ဖြစ်နိုင်ခြေကိုပင် မြင်နိုင်ပြီဖြစ်သည်။
အလွန်တုံးအပြီး ပျင်းရိလွန်းသည့် အလွန်နည်းပါးသော လူများသာ မည်သည့်မျှော်လင့်ချက်မျှ မရှိပေ။
သေချာပေါက် လေ့ကျင့်ရန်အတွက် အာအိုးယာမာဂိုဏ်းကို ဝင်ရောက်ရန် အခွင့်အရေးရှိသော်လည်း အစမှအဆုံးအထိ ပျင်းရိနေသေးသည့် လူ တစ်ယောက်သာရှိပေသည်။
“မင်း ငါ့ကို ဘာလို့ ရှာနေတာလဲ”
ဆရာသခင်လု မေးလိုက်ကာ သူ့ရှေ့တွင် ရပ်နေသည့် ကျင်းကျူးကို ကြည့်နေသည်။
ကျင်းကျူး ရည်မှန်းချက်မဲ့သည်ကို သူ ထုံနေပြီဖြစ်သည်။ သူ့ကို ရှာရန်အတွက် လေ့ကျင့်ရေးခန်းမကို လာရန် ကျင်းကျူး ခြံငယ်လေးမှ ရှားရှားပါးပါးသာ ထွက်ခွာခဲ့သော်လည်း သူ စိတ်မဝင်စားခဲ့ပေ။
“ကျွန်တော် ထွက်သွားတော့မို့”
ကျင်းကျူး ပြောလိုက်၏။
ဤစကားများကို သူ ရုတ်တရက်ကြားလိုက်ရချိန် ဆရာသခင်လု လက်ဖက်ရည်ခွက်ကို ယူပြီး သောက်ရန် ပြင်နေခဲ့သည်။ သူ့လက်က လေထဲ ရပ်တန့်သွား၏။
သူ ကျင်းကျူးကို လက်လျှော့ခဲ့သည်မှာ ကြာသွားပြီဖြစ်သော်လည်း… နောက်ဆုံးတွင် သူသည် ကျင်းကျူး၏ ပါရမီကို တန်ဖိုးထားဆဲဖြစ်ပြီး လက်လျှော့ရန် ဆန္ဒမရှိသောကြောင့် ကျင်းကျူးကို ဂိုဏ်းမှ နှင်မထုတ်ခဲ့ပေ။ အဆုံးတွင် ကျင်းကျူး အရှုံးပေးတော့မည်လော။ သူသည် ထပ်ပြီး အချိန်ဖြုန်းရန်ပင် ဆန္ဒမရှိတော့ပြီလော။
ဆရာသခင်လု၏ စိတ် ထုံကျင်သွားပြီး ခါးသက်သက်ပြုံးပြလိုက်သည်။
“မင်း ဘယ်ကို သွားမို့လဲ”
ကျင်းကျူး တခဏမျှ တွေးလိုက်ပြီး ပြောလိုက်၏။
“ဘယ်တောင်ထွတ်ကိုလဲဆိုတာတော့ ကျွန်တော် ခုထိ မဆုံးဖြတ်ရသေးဘူး။”
“ဒါဆို မင်းဟာမင်း စဉ်းစားပေါ့။ အဲရွာပဲဖြစ်ဖြစ် ကျောင်းဂီပဲဖြစ်ဖြစ် နောက်ဆုံးမှာ အဲဒါက မင်းကိစ္စပဲလေ… ဟမ် နေဦး”
ဆရာသခင်လု ရုတ်တရက် အသိစိတ်ဝင်လာပြီး မေးလိုက်၏။
“မင်း ဘာပြောလိုက်တာလဲ။ ပြန်ပြောပါဦး”
ကျင်းကျူး ပြောလိုက်သည်။
“ကျွန်တော်ပြောတာက ဘယ်တောင်ထွတ်ကို သွားရမလဲဆိုတာ မဆုံးဖြတ်ရသေးဘူးလို့”
ဆရာသခင်လု မသေချာမှု အနည်းငယ်ဖြင့် မေးလိုက်၏။
“မင်းပြောတာ တောင်ထွတ်ကိုးခုကိုလား”
ကျင်းကျူး ပြောလိုက်သည်။
“ဟုတ်တယ်၊ ကျွန်တော် အတွင်းစည်းထဲ ဝင်တော့မို့”
ဆရာသခင်လု သူ့နားကို မယုံကြည်ရဲဖြစ်သွားပြီး ပြောလိုက်သည်။
“မင်းပြောနေတာကို မင်းသိရဲ့လား”
“ကျွန်တော့်ရဲ့ ဝိဉာဉ်ပင်လယ်က အခြေခံအားဖြင့် ပြည့်သွားပြီ၊ စိတ်ဝိဉာဉ်တည်ငြိမ်ခြင်းအဆင့်ကို ပြည့်စုံသွားပြီလို့ ယူဆလို့ရတယ်”
နှစ်နှစ်တာ မနားမနေကျင့်ကြံခြင်းနှင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ ချီကို အဆက်မပြတ်စုပ်ယူခြင်းတို့ အကြောင်းကို ပြန်တွေးလိုက်ကာ ကျင်းကျူးသည်ပင် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
ဆရာသခင်လု ထိုသို့သော အရာမျိုးကို လုံးဝမယုံကြည်ခဲ့ပေ။ အတွေးတစ်ချက်ဖြင့် ကျင်းကျူး၏ခန္ဓာကိုယ်ကို သူ၏ ထိုးဖောက်သိမြင်နိုင်ခြင်းဖြင့် လွှမ်းခြုံလိုက်ပြီး ကျင်းကျူး၏ အလိမ်အညာများကို ထုတ်ဖော်တွေ့ရှိပါက ဂိုဏ်းစဉ်းမျဉ်းများဖြင့် ကျင်းကျူးကို ပြင်းထန်စွာအပြစ်ပေးရန် အသင့်ဖြစ်နေခဲ့သည်။
ဤအချိန်တွင် သူ တကယ့်ကို အနည်းငယ် ဒေါသထွက်နေ၏။
***
အသံတစ်ခု ထွက်ပေါ်နေပေ၏။
လက်ဖက်ရည်ခွက်က မြေပေါ်ပြုတ်ကျသွားပြီး ကွဲကြေသွားသည်။
လက်ဖက်ရည်က မြေကြီးကို စွတ်စိုသွားစေပြီး တောထဲရှိ ဇွဲလုံ့လရှိသော ထိုတပည့်များ၏ ခေါင်းများမှ မြင့်တက်လာနေသည့် အဖြူရောင်မီးခိုးငွေ့များကဲ့သို့ ရေနွေးငွေ့ကို အဆက်မပြန်ထွတ်လွှတ်နေသည်။
ဆရာသခင်လု ကျင်းကျူးကို ကြည့်လိုက်ပြီး သူ့မျက်လုံးများက တုန်လှုပ်မှုနှင့် မယုံကြည်မှုတို့ဖြင့် ပြည့်နေသည်။
လေ့ကျင့်ရေးခန်းမက တိတ်ဆိတ်နေပေ၏။
“ဘာဖြစ်နေတာလဲ”
ဆရာသခင်လု စိတ်အနည်းငယ် လွှတ်သွားကာ သူ့အသံက တုန်ရီနေသည်။
“မင်းရဲ့ပတ်သက်ပြီး ငါမှားခဲ့တာလား”
“ခင်ဗျား မမှားခဲ့ပါဘူး”
ကျင်းကျူး ပြောလိုက်၏။
အကြာကြီး တိတ်ဆိတ်သွားသည်။
မြေပေါ်ရှိ လက်ဖက်ရည်က တဖြည်းဖြည်းအေးစက်သွားပြီး အငွေ့မထွက်တော့ပေ။
ဆရာသခင်လု နောက်ဆုံးတွင် တည်ငြိမ်သွားသော်လည်း သူ ကျင်းကျူးကို ကြည့်နေဆဲဖြစ်ပြီး နတ်ဘုရားတစ်ပါးကို ကြည့်နေသကဲ့သို့ဖြစ်ကာ ထို့နောက် တောင်းပန်မှုနှင့် နောင်တရသည့် လေသံများပါဝင်သည့်အသံဖြင့် ပြောလိုက်သည်။
“ဘာပဲပြောပြော… မင်းနဲ့ပတ်သက်ပြီး ငါမှားခဲ့တယ်”
ကျင်းကျူး သူ့ပုခုံးကို ပုတ်လိုက်ကာ ပြောလိုက်၏။
“ခင်ဗျားအမှားမဟုတ်ပါဘူး”
****
တောင်ခါးပန်းသည် ဓားအလင်းရောင်တစ်ခုကြောင့် တောက်ပသွားပြီး နွေးထွေးသော နွေဦးလေပြေက ရုတ်တရက် အဆင့်တစ်ခုအထိ အေးမြသွားသည်။
ရှီးလဲ့တောင်ထွတ်မှ အင်မော်တယ်ဆရာသခင်သည် သူ့ဓားဖြင့် ရောက်လာခဲ့၏။
ဤမြင်ကွင်းကို ကြည့်ကာ တပည့်များ လေ့ကျင့်ခြင်းကို ရပ်လိုက်ကြပြီး လေ့ကျင့်ရေးခန်းမရှေ့ စုဝေးလိုက်ကြသည်။
အတွင်းစည်း စမ်းသပ်မှုတွင် ပါဝင်နေသည့် နောက်ထပ်တပည့်တစ်ယောက် ရှိရမည်ဟု လူတိုင်း ခန့်မှန်းမိလိုက်ကြပြီး စိတ်လှုပ်ရှားလာကြသည်။
လီရှီရှူးပြီးနောက် တောင်ပိုင်းထင်းရှူးစံအိမ်တွင် မည်သူက ဒုတိယမြောက် အတွင်းစည်းတပည့်ဖြစ်လာမည်နည်း။
တစ်ချို့က လဲလန်စီရင်စုမှ စီနီယာအစ်ကိုယွမ်ဖြစ်လောက်မည်ဟု တွေးထင်ကြပြီး တစ်ချို့က ပါရမီရှိသော ဂျူနီယာညီမလေး ယုချန်းဖြစ်နိုင်သည်ဟု ခန့်မှန်းကြသည်။
တပည့်အများစုက ရွှဲယုန်ဖြစ်မည်ဟု ထင်ထားကြ၏။
သို့သော်လည်း တပည့်များသည် သူတို့ပြောနေသည့် လူသုံးယောက်က လေ့ကျင့်ရေးခန်းမထဲတွင် မဟုတ်ဘဲ သူတို့ဘေးတွင် ရှိနေကြသည်ကို တွေ့လိုက်ရသည်။
ရွှဲယုန်၏ မျက်နှာ အနည်းငယ် မဲမှောင်နေ၏။ သူသည် စိတ်ဝိဉာဉ်တည်ငြိမ်ခြင်းအဆင့်၏ ပြီးပြည့်စုံခြင်းနှင့် အလွန်နီးစပ်ပြီး သူက တောင်ပိုင်းထင်းရှူးစံအိမ်တွင် လီရှီရှူးပြီးနောက် ဒုတိယတစ်ယောက်ဖြစ်လာမည်ဟု ထင်ထားခဲ့သည်။ တခြားတစ်ယောက်က သူ့ကို ရိုက်ချလိမ့်မည်ဟု မည်သူ တွေးထားမိမည်နည်း။
သူ လေ့ကျင့်ရေးခန်းမ ဝင်ပေါက်ကို ကြည့်လိုက်ကာ စိတ်ထဲ ခါးသီးစွာ တွေးလိုက်သည်။
“ဘယ်သူမှမသိလောက်အောင် ဘယ်သူကများ အဲလောက်အထိ ကောင်းကောင်းပုန်းအောင်းနေနိုင်တာလဲ”
လေက သူ့အဖြူရောင်ဝတ်ရုံကို လှိုင်းထသွားစေ၏။ ဆရာသခင်လု၏ ဦးဆောင်မှုဖြင့် ကျင်းကျူး လေ့ကျင့်ရေးခန်းမထဲ ဝင်သွားသည်။
ဤမြင်ကွင်းကိုကြည့်ကာ လူတိုင်း ဆွံ့အသွားကြ၏။
ကျင်းကျူးက အလွန်ထက်မြက်ပြီး မြင့်မားသော နားလည်သဘောပေါက်မှုရှိသည်ကို သူတို့ သိကြသော်လည်း သူက မည်သည့်တိုးတက်လိုစိတ်မျှမရှိဘဲ အလွန်အမင်းပျင်းရိသည်ကိုလည်း သူတို့ သိကြပေသည်။ မည်သူကများ သူ သိုင်းပညာလေ့ကျင့်နေသည်ကို တစ်ကြိမ်ပင် တွေ့ခဲ့ဖူးပါသနည်း။
ထိုသို့သော လူတစ်ယောက်က စိတ်ဝိဉာဉ်တည်ငြိမ်ခြင်းအဆင့်ကို မည်သို့ ပြီးမြောက်နိုင်ခဲ့သနည်း။ သူက အတွင်းစည်း စမ်းသပ်မှုတွင် ပါဝင်ရန် မည်သို့ အရည်အချင်းပြည့်မီခဲ့ပါသနည်း။
ရွှဲယုန်၏ မျက်နှာက အလွန်အမင်း ဆိုးရွားလာ၏။
အကယ်၍ တခြားအပြင်စည်းတပည့်တစ်ယောက်ဖြစ်ခဲ့ပါက သူ ဒေါသထွက်ခဲ့လျှင်ပင် သူ လက်ခံရုံသာ တတ်နိုင်ပေသည်။
သို့သော် ထိုလူက သူ အမြဲအထင်သေးအရွံရှာဆုံးဖြစ်သည့် ကျင်းကျူး ဖြစ်နေသည်လော။
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
*********************************