ကောင်းကင်ဘုံသို့ လျှောက်သောလမ်း
အပိုင်း ၁၂ လေ့ကျင့်ရေးခန်းမရှိ မေးခွန်းများ
ယုတ္တိတန်သော ဆက်စပ်မှု မရှိသောကြောင့် ဤစာသားသည် နားလည်ရန် အလွန်ခက်ခဲ၏။ ၎င်းတွင် အစနှင့် အဆုံး ရှိပုံမရပေ။
ကျင်းကျူး ယခုလေးတင် ပြောလိုက်သည့်အရာကို လီရှီရှူး နားလည်သလား ပြောရန် ခက်ခဲသော်လည်း သူ သူ့မေးခွန်းကို မဖြေခဲ့ပေ။
သူ ခေါင်းငုံ့ထားကာ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး စကားပြောရန် ငြင်းဆန်နေခဲ့သည်။ သူသည် သေရမည်ဆိုလျှင်ပင် သူ့အမှားကို ဝန်ခံရန် ငြင်းဆန်နေသည့် ခေါင်းမာသော ကလေးတစ်ယောက်အလားပင်။ ပြဿနာမှာ သူက ထိုသို့ပြုမူလေလေ မိဘများက ထိုကလေး အမှားပြုလုပ်ထားသည်ကို ပိုသိလေလေဖြစ်၏။
လူတိုင်း သူက ကျင်းကျူး၏ စကားများအား နားလည်သည်ကို သိကြပေသည်။
ကျင်းကျူး သူ့ကို ထပ်မမေးခဲ့ပေ။
နောက်တစ်နေ့ သူတို့ နိုးထလာသောအခါ ကျင်းကျူး မျက်နှာသစ်ရန်အတွက် လီရှီရှူး ရေအနည်းငယ်ယူလာပေးခဲ့သည်။ ထို့နောက် သူ ခေါင်းဖီးလိုက်၏။
သစ်သားခေါင်းဖီးက သူ့အနက်ရောင်ဆံကေသာများကို ဖြတ်သန်းသွားသည်။
လီရှီရှူး တစ်ခုခုပြောချင်သော်လည်း ရပ်တန့်လိုက်၏။ တခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူ စကားပြောရန် သတ္တိမွေးလိုက်သည်။
“သခင်လေး အစ်ကိုကြီးတွေမှာလည်း ခင်ဗျားကို မေးချင်တဲ့ မေးခွန်းတွေအများကြီးရှိကြတယ်။”
ကျင်းကျူး လှည့်လိုက်ပြီး သူ့ကို တစ်ချက်ကြည့်လိုက်သည်။
ရှီရှူး ခေါင်းငုံ့ထားလျက် ပြောလိုက်၏။
“ကျွန်တော်တို့ မနေ့က စဉ်းစားမရတဲ့ မေးခွန်းအနည်းငယ်ကို ဆွေးနွေးခဲ့ကြတယ်။ ခင်ဗျား ညနေပိုင်းမှာ ကျွန်တော်ကို သင်ပေးခဲ့ပြီး ကျွန်တော် ပြန်သွားတဲ့အခါ သူတို့ကို ပြောပြလိုက်တယ်။ သူတို့မှာ မေးခွန်းတစ်ချို့ ရှိနေကြဆဲဖြစ်ပြီး တစ်ချို့ကို ကျွန်တော် ဖြေနိုင်ပေမယ့် တစ်ချို့ကို ကျွန်တော် နားမလည်ဘူး၊ ဒါကြောင့်…”
ကျင်းကျူး အံ့ဩမသွားပေ။ ရှီရှူးသည် စိတ်ကောင်းရှိသော ကလေးဖြစ်၏။ ကျင်းကျူးက သူ့ကို မနေ့ညကအကြောင်း တခြားသူများကို မပြောရဟု မပြောခဲ့သောကြောင့် ဤသည်မှာ မျှော်လင့်ထားသော ရလဒ်ဖြစ်သည်။
ထိုသည်မှာ အာအိုးယာမာဂိုဏ်း၏ စည်းမျဉ်းဖြစ်၏။ အပြင်စည်းတပည့်များအတွက် သူတို့၏ ဆရာသခင်များထံမှ လမ်းညွှန်ချက်များစွာနှင့် အကူအညီများစွာ ရရန် ခက်ခဲသည်။ သူတို့ ရှေ့ဆက်ရန် သူတို့၏ ကိုယ်ပိုင်သဘောပေါက်မှုနှင့် ကြိုးစားအားထုတ်မှုအပေါ်သာ အားကိုးနိုင်သည်။ ထို့ကြောင့် သူတို့၏ မေးခွန်းများကို ဖြေဆိုပေးနိုင်သည့် အခွင့်အရေးကို သူတို့ တန်ဖိုးထားကြသည်။
“ဒါက ဒုက္ခများတယ်…”
ကျင်းကျူး သက်ပြင်းချလိုက်၏။
ကျင်းကျူး ဒေါသထွက်မသွားသည်ကို ကြည့်ကာ သူ့တွင် အခွင့်အရေးတစ်ခုရှိသည်ကို လီရှီရှူး သိသောကြောင့် သူ အလျင်အမြန်ပြောလိုက်သည်။
“ရွာမှာ စာတွေကို ကျွန်တော်တို့ နားမလည်တဲ့အခါ ခင်ဗျား ကျွန်တော်တို့ကို သင်မပေးခဲ့ဘူးလား”
“ဟုတ်တယ် မင်းမှန်တယ်၊ မင်း မျက်နှာကိုထောက်ပြီး နောက်ပြီး… ငါကလည်း အရမ်းပျင်းတာကြောင့် ဒါ့အပြင် ငါ တစ်ခုခုမလုပ်ပြရင် ငါ တကယ် မောင်းထုတ်ခံရမှာကို စိုးရိမ်မိတယ်။”
ကျင်းကျူး သူ့ကိုယ်သူ ပြောနေပုံရသော်လည်း သူ့အကြည့်က ရှီရှူးအပေါ် ရောက်နေသည်။
သူက သူ့ရည်ရွယ်ချက်အား ခန့်မှန်းမိသွားပြီဆိုသည်ကို ရှီရှူး သဘောပေါက်သွားပြီး ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်မိသည်။
ကျင်းကျူး သူ့ခေါင်းကို ပုတ်လိုက်ပြီး ပြောလိုက်၏။
“မင်းက ကလေးတစ်ယောက်ဖြစ်နေတုန်းပဲ။ အနာဂတ်မှာ ကျင့်ကြံခြင်းကို အာရုံစိုက်ထားသင့်တယ်။ တခြားအကြောင်း အများကြီးမတွေးနဲ့”
ရှီရှူး သူ့ဘာသာတွေးလိုက်မိ၏။
‘ခင်ဗျားက ကျွန်တော့်ထက် အသက်အများကြီးမကြီးပါဘူး၊ ဒါကြောင့် ခင်ဗျားက ဘာလို့ အကြီးတစ်ယောက်လို အမြဲပြောနေရတာလဲ’
***
လေ့ကျင့်ရေးခန်းမထဲသို့ လျှောက်လာကာ ကျင်းကျူး တပည့်ငယ်အတော်များများကို တွေ့လိုက်ရသည်။
မနေ့က ဤတပည့်ငယ်များသည်လည်း လေ့ကျင့်ရေးခန်းမထဲ ရှိနေခဲ့ကြ၏။ စိတ်ဝိဉာဉ်တည်ငြိမ်ခြင်းအဆင့်အကြောင်း လီရှီရှူးနှင့် ဆွေးနွေးနိုင်ကြသည့် ဤလူများသည် ဤအသုတ်တွင် ပါရမီအရှိဆုံး အပြင်စည်းတပည့်များထဲမှ ဖြစ်ရပေမည်။
ကျင်းကျူးကို ကြည့်နေကြကာ သူတို့၏ အမူအယာများက အနည်းငယ် ကိုးရိုးကားရားဖြစ်နေကြ၏။
တောင်ပိုင်းထင်းရှူးစံအိမ်၌ ရှိနေသည့် ရက်များအတွင်း သူတို့သည် ကျင်းကျူးကို လှောင်ရယ်ခဲ့ကြသည့် လူများထဲ ပါဝင်ခဲ့ကြသည်။
‘မင်းက ကျင့်ကြံခြင်းမှာ အရူးတစ်ယောက်ဖြစ်ပေမယ့် မင်းရဲ့အခြွေအရံက ပါရမီရှင်တစ်ယောက်ဖြစ်တယ်။ မင်း ဒီမှာနေဖို့ ဘယ်လိုလုပ် မျက်နှာရှိနေသေးတာလဲ’
ခုပြန်ကြည့်လိုက်သောအခါ ဤမှတ်ချက်များက သူတို့၏ မျက်နှာများကို ရိုက်နှက်လိုက်သည့် လက်ဝါးများအလား… သူတို့ မျက်နှာ အလွန်ပူမိ၏။
ရှိနေသည့် လူတိုင်းက ကျင်းကျူး၏ အဖြေကို စောင့်ဆိုင်းနေကြခြင်းမဟုတ်ပေ။ ဥပမာ- ရွှဲယုန်။
ရွှဲယုန်၏ ဦးလေးသည် ခြောက်ခုမြောက်တောင်ဖြစ်သည့် ရှီးယွီတောင်ထွတ်၏ အကြီးအကဲတစ်ယောက်ဖြစ်သည်။ သူ ကျင့်ကြံခြင်းအကြောင်း သိရှိခဲ့သည်မှာ ကလေးဘဝကတည်းကဖြစ်သောကြောင့် အခြေခံနည်းလမ်းများကို လေ့လာရန် သူ့အတွက် မခက်ခဲခဲ့ပေ။ သူ ကျင်းကျူးကို ကြည့်လိုက်ပြီး သရော်တော်တော်ပြောလိုက်သည်။
“မင်းမိသားစုရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ အာဏာတွေကို အားထားပြီး မင်းက စာအုပ်အနည်းငယ်ဖတ်ခဲ့ရုံလောက်နဲ့ လောကကြီးကို အုပ်စိုးလို့ရပြီလို့ မင်း ထင်နေတာလား။ မွေးရာပါ တာအိုအမျိုးအစားနဲ့လူက ဘယ်သူလဲ။”
ကျင်းကျူး သူ့ကို အာရုံမစိုက်ခဲ့ပေ။ သူ တပည့်ငယ်များကို ပြောလိုက်၏။
“ငါ့ကို ပြောပြ”
ကျင်းကျူးက သူ့ကို လျစ်လျူရှုလိုက်သောကြောင့် ရွှဲယုန် ပို၍ပင် ဒေါသထွက်သွား၏။ သူ သူ့အား နောက်ထပ် အနည်းငယ် လှောင်ပြောင်ရန် ပြင်လိုက်သောအခါ လီရှီရှူး၏ မျက်လုံးများကို သူ ရုတ်တရက် မြင်တွေ့လိုက်ရသည်။
ထိုမျက်လုံးတစ်စုံသည် ကလေးဆန်သည့် အရိပ်အယောင်နှင့်အတူ အလွန်ကြည်လင်၏။ သို့သော် ခုချိန်တွင် သူတို့သည် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်နှင့်အတူ အလွန်စူးစိုက်နေပုံရပြီး ကျားငယ်လေးတစ်ကောင်က သူ့သားကောင်ကို စိုက်ကြည့်နေသည့်အလားပင်။
အကြောင်းပြချက်အချို့ကြောင့် ရွှဲယုန် အနည်းငယ် အေးစက်သွား၏။ လီရှီရှူးက မွေးရာပါတာအို အမျိုးအစားဖြင့် လူတစ်ယောက်ဖြစ်သည်ကို သူ သိပြီး အကယ်၍ သူ ပြဿနာရှာခဲ့ပါက သူ ဘာကောင်းကျိုးမှ ရလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် သူ လက်လျှော့လိုက်ပြီး လှည့်လိုက်ကာ လေ့ကျင့်ရေးခန်းမမှ လျှောက်ထွက်သွားခဲ့သည်။
ကျင်းကျူး ရွှဲယုန်ပြောခဲ့သည့်စကားကို ဂရုမစိုက်ခဲ့သလို လီရှီရှူး၏ မျက်လုံးထဲရှိ ပြောင်းလဲမှုကိုလည်း သတိမပြုမိခဲ့ပေ။ ထိုတပည့်ငယ်များ မှိန်းမောနေသေးသည်ကို ကြည့်ကာ သူ သူတို့ကို ထပ်သတိပေးလိုက်သည်။
“မေးခွန်းတွေကရော..”
ထိုတပည့်ငယ်များ သတိပြန်ဝင်လာကြ၏။
ထိုမေးခွန်းများအားလုံးကို ကျင်းကျူး ဖြေပေးခဲ့သည်ဟူသော မနေ့ညက လီရှီရှူး၏ ဝန်ခံချက်ကို သူတို့ မကြားခဲ့ရပါက သူတို့ သေချာပေါက် ကျင်းကျူးကို အကြံတောင်းခဲ့ကြလိမ့်မည်မဟုတ်ပေ။ သို့သော် သူတို့အားလုံးတို့သည် ကျင့်ကြံခြင်းထဲ စိတ်နစ်ထားကြသောကြောင့် သူတို့ စိတ်ကို ပြင်ဆင်ပြီးပါက တုံ့ဆိုင်းလိမ့်မည်မဟုတ်ပေ။ မကြာမီ သူတို့ ကြိုတင်ပြင်ဆင်ထားခဲ့သည့် စာရွက်များကို အလွန်ယဉ်ကျေးစွာ ကမ်းပေးလိုက်ကြ၏။
ကျင်းကျူး စာရွက်များကို ယူလိုက်ပြီး မြန်ဆန်စွာ ဖတ်လိုက်သည်။ ထို့နောက် သူ ခေါင်းမော့လိုက်ပြီး လူအုပ်ကို ကြည့်ကာ မေးလိုက်သည်။
“မင်းတို့အားလုံး ဒီမေးခွန်းတွေထဲက တစ်ခုကိုမှ နားမလည်ကြဘူးလား”
သူ့အသံသည် အလွန်တည်ငြိမ်ပြီး သူသည် ‘အားလုံး’ဟူသော စကားလုံးကို များစွာ အလေးမပေးခဲ့သလို သူတို့ကို လှောင်ပြောင်ရန်လည်း သူ မဆိုလိုခဲ့ပေ။
သို့သော် ဤတည်ငြိမ်မှုကို သူ့မျက်လုံးထဲရှိ ရှုပ်ထွေးမှုနှင့် ပေါင်းစပ်လိုက်သောအခါ ရှင်းပြ၍မရသော ခံစားချက်များ ရှိနေကြသေး၏။
ထိုသည်မှာ စာရွက်ထဲရှိ မေးခွန်းများကြောင့် သူတို့ ဒုက္ခရောက်နေကြသည်ကို သူ့အတွက် နားလည်ရ ခက်ခဲပုံပေါ်နေသည်။
တစ်နည်းပြောရပါက လောကတွင် ထိုမျှတုံးအသော လူများရှိနေကြသည်ကို သူ့အတွက် စိတ်ကူးကြည့်ရန် ခက်ခဲပုံပေါ်နေသည်။
တပည့်များ အလွန်မသက်မသာဖြစ်သွားကြ၏။
ကျင်းကျူး စာရွက်တစ်ရွက်ကို ယူထုတ်လိုက်ပြီး လူအုပ်ကိုကြည့်ရန် ခေါင်းမော့လိုက်သည်။
ကောင်မလေးတစ်ယောက် တုံ့ဆိုင်းစွာ လမ်းလျှောက်ထွက်လာပြီး မဝံ့မရဲပြောလိုက်၏။
“ဂျူနီယာမောင်လေးကျင်း ကျွန်မ ဒါကို ရေးခဲ့တာ”
ကျင်းကျူး သူမကို မကြည့်လဲ ပွင့်ပွင့်လင်းလင်းပြောလိုက်၏။
“မင်း ဒီနေရာမှာ မှားတယ်။ မင်းရဲ့လက်ရှိအဆင့်နဲ့ ဝိဉာဉ်ပင်လယ်နဲ့ ဓားသစ်သီးကြား ဆက်နွယ်မှုကို အများကြီး စဉ်းစားစရာမလိုအပ်ဘူး။ မဟုတ်ရင် ဒါက ကျန်းယွမ်ရဲ့ လုပ်ငန်းဆောင်တာတွေအပေါ် မင်းရဲ့ နားလည်သဘောပေါက်မှုကို သက်ရောက်လိမ့်မယ်။ ဒါကို ငါတို့ ဘယ်လို ဖြေရှင်းမလဲဆိုတာကို ခနနေ မင်းအတွက် ငါ ချရေးပေးလိုက်မယ်”
ထို့နောက် သူ ဒုတိယစာရွက်ကို ထုတ်ယူလိုက်၏။
ယောက်ျားလေးတပည့်တစ်ယောက် စိုးရိမ်ကြီးစွာ သူ့ညာလက်ကို မြှောက်ပြလိုက်သည်။
ကျင်းကျူး သူ့ကို မကြည့်ခဲ့သေးပေ။ စာရွက်ပေါ်ရှိ မေးခွန်းများကို ကြည့်လိုက်ကာ သူ ပြောလိုက်သည်။
“စာအုပ်ထဲမှာ ခေါင်းကို စင်ကြယ်စေဖို့ ကောင်းကင်ဘုံစမ်းရေကို ဘယ်လိုအသုံးပြုရမလဲဆိုတာ ဖော်ပြထားပေမယ့် ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ ချီအကြောင်း ဘာမှပြောမထားဘူး၊ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ ချီကို အာရုံခံစားနိုင်ဖို့ ခန္ဓာကိုယ်နဲ့ စိတ်ကို ပေါင်းစည်းနိုင်ရမယ်။ မင်းက ဒီအဆင့်ကိုတောင် မပြီးမြောက်သေးဘူး၊ ဒါပေမယ့် မင်းက မင်းရဲ့ နတ်ဘုရားစိတ်အာရုံကို ခန္ဓာကိုယ်နဲ့ ခွဲခြားချင်နေတယ်။ ဒါပေါ့ ဒါကမှားတယ်။ အဲဒါကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကိုတော့ ခနနေ မင်းအတွက် ငါ ပုံတစ်ပုံဆွဲပေးမယ်။”
ထို့နောက် သူ တတိယမြောက်စာရွက်ကို ထုတ်ယူလိုက်၏။
***
“မင်းက ဒီစာသားကို နားလည်မှုလွဲနေတာပဲ။ ဒါက မဖြစ်နိုင်ဘူး”
“မင်း လုံးဝကို နားလည်မှုလွဲနေတာပဲ။ တာအိုမျိုးစေ့က ခြောက်သွေ့ပြီး သေသွားလိမ့်မယ်။”
“မင်းက မရီတျန်းတွေရဲ့ ပုံတွေကို မှားဆွဲထားတာပဲ၊ သူတို့က တုံ့ဆိုင်းသွားကြလိမ့်မယ်”
“မင်း ရှေ့ပိုင်းမှာ မှန်ပေမယ့် နောက်ပိုင်းမှာ မှားနေတယ်”
“မင်းက အစပိုင်းမှာ မှားနေတာမို့ အဆုံးမှာလည်း မှားတယ်”
“အစကနေ အဆုံးအထိ မင်း မမှန်ဘူး”
***
ကျင်းကျူး၏ အသံက တိတ်ဆိတ်သည့် လေ့ကျင့်ရေးခန်းမထဲ ပဲ့တင်ထပ်နေ၏။
ဤစကားလုံးများ၏ အကြောင်းအရာသည် အလွန်ပွင့်လင်းပြီး အနည်းငယ်ပင် ရက်စက်သော်လည်း သူ့အသံက အလွန်တည်ငြိမ်ကာ အနိမ့်အမြင့်သံမပါဘဲ တော်တော်လည်း ချောမွေ့ပြီး ခံစားချက်မရှိပေ။
သို့တိုင် ၎င်းက ဤသို့ဖြစ်လေလေ ပို၍ ရှင်းလင်းလေလေဖြစ်ပြီး ပို၍ ညှို့ယူနိုင်လေလေဖြစ်သည်။
တပည့်ငယ်များသည် ခေါင်းများ ပို၍ ပို၍ ငုံ့လာကြပြီး သူတို့၏ မျက်နှာများက နီသထက် နီလာသည်။
ထိုသည်မှာ သူတို့ မည်မျှ ကြိုးစားအားထုတ်ပါစေ သူတို့နားမလည်နိုင်သည့်အရာဖြစ်သောကြောင့် တစ်ဖက်လူသည် ဘာကြောင့် အလွယ်ကူဆုံးစကားလုံးများဖြင့် ၎င်းကို ရှင်းလင်းစွာ ရှင်းပြနိုင်ပြီး သူတို့ကို သူတို့၏ အမှားများကို နားလည်စေနိုင်ခဲ့သနည်း။
ကျင်းကျူး စားပွဲနောက်သို့ လျှောက်သွားပြီး လီရှီရှူး ကမ်းပေးသည့် ခဲတံကို ယူလိုက်သည်။ သူ ဤတပည့်များကို ကတိပေးထားသည့် အရာကို စတင်ရေးလိုက်၏။
တပည့်များက သူတို့ကို ဝိုင်းရံထားကြပြီး ဂရုစိုက်စွာ ကြည့်နေကြသည်။ မည်သူမျှ စကားမပြောနေခဲ့ကြသလို သူတို့၏ အသက်ရှူသံများသည်ပင် တိုးညင်းလာခဲ့၏။
လေ့ကျင့်ရေးခန်းမက ပို၍ပင် တိတ်ဆိတ်လို့လာသည်။
မနက်ခင်းအလင်းရောင်က တဖြည်းဖြည်း တောက်ပလာခဲ့ပြီး နေမင်းကြီးက တောင်ထိပ်မှနေ၍ မြင့်တက်လာသည်။
အသံတစ်သံ ထွက်ပေါ်လာ၏။
“မင်း ဘာလုပ်နေတာလဲ”
*********************************