PTH အပိုင်း ၇

ကောင်းကင်ဘုံသို့ လျှောက်သောလမ်း

အပိုင်း ၇ ပထမဆုံးသင်ခန်းစာ

ဆရာသခင်လု ရှေ့သို့ လျှောက်သွားပြီး စားပွဲကို ခေါက်လိုက်၏။

မီးခိုးရောင်ဝတ်လူ နိုးထလာပြီး သူ့မျက်လုံးများကို ပွတ်သပ်လိုက်သည်။ သူသည် ဆရာသခင်လုကို တွေ့လိုက်ရသောကြောင့် အလွန်ပျော်ရွှင်သွားသော်လည်း သူ့ဖိနပ် ရှေ့နှင့် နောက်တို့က ရွှံ့များဖြင့် ပေကျံနေသည်ကို တွေ့လိုက်ရသောကြောင့် အံ့အားသင့်သွားသည်။

“စီနီယာအစ်ကိုလု ဘာဖြစ်ခဲ့တာလဲ”

လမ်းလျှောက်တတ်သွားသည့် ကလေးတစ်ယောက်သည် ဘယ်တော့မှ နောက်ထပ် တွားသွားရန် တွေးလိမ့်မည်မဟုတ်ပေ။ ဓားတစ်ချောင်းကို စီးနင်းပြီး ပျံတတ်သွားပြီးနောက် မည်သူက လမ်းလျှောက်ချင်လိမ့်မည်နည်း။

ဆရာသခင်လု ပြောလိုက်သည်။
“ငါ သတိထားချင်ရုံပါ။ တခြားတောင်ထွတ်တွေရဲ့ ဆရာသခင်တွေက သတင်းကို ကြားသိပြီး သူ့ကို လုယူဖို့ လာခဲ့ရင် ဘယ်လိုလုပ်မလဲ”

မီးခိုးရောင်ဝတ်လူ ပြောလိုက်၏။
“ငါတို့အားလုံးက ဂိုဏ်းတစ်ခုတည်းကပါ။ ဒါက မလိုအပ်ပါဘူး။”

ဆရာသခင်လု ပြောလိုက်၏။
“တခြားဂိုဏ်းတွေက သူ့ကို လုယူဖို့လာခဲ့ရင်ရော”

မီးခိုးရောင်ဝတ်လူ ရယ်မောလိုက်၏။
“စီနီယာအစ်ကို ခင်ဗျားက ချဲ့ကားနေတာပဲ။ ခင်ဗျားကို အရမ်းစိုးရိမ်တကြီးဖြစ်နေစေရလောက်အောင် ခင်ဗျား ဘယ်လိုပါရမီရှင်တွေ ရှာတွေ့ခဲ့သလဲ‌ဆိုတာ ငါ ကြည့်ချင်နေပြီ”

ဆရာသခင်လု ကျင်းကျူးနှင့် လီရှီရှူးတို့ကို ရှေ့သို့လာရန် အချက်ပြလိုက်ပြီး ပြောလိုက်သည်။
“ဒါက ငါတို့ဂိုဏ်း တောင်ဘက်ဂိတ်တံခါးရဲ့ အင်မော်တယ်ဆရာသခင် မင်ကွမ်းရှင် ပဲ။ အတွင်းစည်းကို မဝင်ရောက်ခင် မင်းတို့ သူ့ကို ဆရာသခင်ဦးလေး လို့ ခေါ်ရမယ်”

လီရှီရှူး လျင်မြန်စွာ အော်ဟစ်လိုက်၏။
“ဆရာသခင်ဦးလေးမင်”

ကျင်းကျူးကို မြင်သည်နှင့် ဆရာသခင်မင် တခဏမျှ အံ့အားသင့်သွားပြီး သတိပြန်ဝင်လာသည်။ သူ ချီးကျူးလိုက်၏။
“ရေခဲနဲ့ ကျောက်စိမ်းတွေကနေ ထုဆစ်ထားတဲ့ ဘယ်လိုတောင် လှပလိုက်တဲ့ ကလေးလဲ။ စီနီယာအစ်ကိုလု ခင်ဗျား ဒီတစ်ကြိမ် သာမန်မဟုတ်တဲ့ လူတစ်ယောက်ကို တကယ်ရှာတွေ့လာခဲ့တာပဲ။”

“သူက အခွံသက်သက်ပဲလားဆိုတာက တခြားကိစ္စတစ်ခုပါ။ ငါ အငယ်တစ်ယောက်ကို ခေါ်ယူလာခဲ့တာ”

ဆရာသခင်လု သက်ပြင်းချလိုက်ပြီး သူ့စကားသံများကို ကျင်းကျူးဆီမှ ဖုံးကွယ်မထားခဲ့ပေ။

လမ်းပေါ် သုံးရက်မျှ ကြာပြီးနောက် ကျင်းကျူးအပေါ်ရှိ သူ့ထင်မြင်ချက်သည် ဆိုးရွာလာခဲ့ပြီး သူ နောင်တပင်ရနေသည်။

သူသည် ထိုမျှ ပျင်းရိလွန်းသော လူတစ်ယောက်ကို ဘယ်တုန်းကမှ မမြင်တွေ့ခဲ့ဖူးပေ။

သေချာပေါက်ပင် သူ့ကို အမှန်တကယ် စိတ်အနှောက်အယှက်ဖြစ်စေသည့်အရာမှာ သူ့မျက်လုံးထဲတွင် ပါရမီရှင်တစ်ယောက်ဖြစ်သည့် လီရှီရှုးသည် တစ်စုံတစ်ယောက်၏ အစေခံအဖြစ် အသုံးချခံနေရသည်။

ဆရာသခင်ဦးလေးမင် လီရှိရှူးကို ကြည့်လိုက်ပြီး ထိုကလေး၏ အသက်ရှူသံက လန်းဆန်းပြီး မျက်လုံးများက တည်ကြည်သည်ကို တွေ့လိုက်ရသည်။ သူ ခေါင်းညိတ်လိုက်ပြီး သူက တကယ့်ကို မဆိုးဘူး ဟု တွေးလိုက်မိသည်။

စစ်ဆေးရန် သူ၏ထိုးဖောက်သိမြင်နိုင်သော ဓားကို အသုံးပြုလိုက်သောအခါ သူသည် အသံတုန်ရီသွားသည်အထိ အလွန်အံ့ဩသွားသည်။

“မွေးရာပါတာအိုအမျိုးအစားလား”

ဆရာသခင်လု ပြုံးလိုက်ပြီး ပြောလိုက်သည်။
“အမှန်ပဲ”

မင်ကွမ်းရှင် စိုးရိမ်တကြီး အော်ဟစ်လိုက်၏။
“ဒါဆို ခင်ဗျား ဘာကို စောင့်နေတာလဲ။ မြန်မြန်ဝင်လာ။”

ဆရာသခင်လု ကျင်းကျူးနှင့် လီရှီရှူးတို့ကို ကျောက်တုံးတံခါးဆီသို့ ဦးဆောင်လိုက်သည်။

မင်ကွမ်းရှင် သူ့ရင်ဘက်ကို ပွတ်သပ်လိုက်ပြီး သူ့ကို ပြုံးပြလိုက်၏။ သူ နောက်ဆုံးတွင် စိတ်သက်သာရာရသွားသည်။

တောင်ဂိတ်တံခါးကို သူ ဝင်ရောက်လိုက်သည်နှင့် သူသည် အာအိုးယာမာဂိုဏ်း၏ တပည့်တစ်ယောက်ဖြစ်လာလိမ့်မည်ဖြစ်ပြီး မည်သူမျှ သူ့ကို ခိုးယူနိုင်လိမ့်မည်မဟုတ်ပေ။

ထိုကျင့်ကြံခြင်းဂိုဏ်းများ မဆိုထားနှင့် ကျောင်းဂီမြို့မှ လူများသည်ပင် ဘာမှမလုပ်နိုင်ပေ။ လူအိုကြီးများနှင့် ကန့်လန့်ကာနောက်ကွယ်မှ လူများသည်ပင် ဤနေရာသို့ ခြေမချရဲကြပေ။

နှစ်ပေါင်းများစွာ မည်သူကများ အာအိုးယာမာဂိုဏ်းထဲတွင် စိတ်ကြီးဝင်ရဲခဲ့သနည်း။

မင်ကွမ်းရှင် စုတ်တံကို ယူလိုက်ပြီး မှင်တုံးထဲနစ်လိုက်ကာ စာအုပ်ကို ဖွင့်လိုက်သည်။ သူ လီရှီရှူးကို ကြည့်လိုက်ပြီး မေးလိုက်၏။
“နာမည်က”

လီရှီရှူး စိတ်လှုပ်ရှားစွာ ဖြေလိုက်သည်။
“လီရှီရှူး”

မင်ကွမ်းရှင် အနည်းငယ် အံ့ဩသွားပြီး ပြောလိုက်သည်။
“နာမည်ကိုပြောတာ အသက်ကိုမဟုတ်ဘူး”

လီရှီရှူး မျက်လုံးပြူးသွားပြီး ပြောလိုက်သည်။
“ဒါက ကျွန်တော့်နာမည်ပါ၊ အဆင်မပြေလို့လားဗျ”

အစတုန်းက သူသည် ထိုနာမည်ကို မကျေနပ်ခဲ့သော်လည်း ယခုခါ သူသည် အသားကျနေခဲ့ပြီဖြစ်ပြီး သဘောတောင် ကျနေခဲ့ပြီဖြစ်သည်။

“ရှီရှူးမပြောနဲ့ ဝမ်ရှူးလို့ ခေါ်ချင်ရင်တောင် ခေါ်လို့ရတယ်”

မင်ကွမ်းရှင် အပြုံးဖြင့် ပြောလိုက်သည်။

လီရှီရှူး၏ အချက်အလက်ကို မှတ်တမ်းတင်ပြီးနောက် သူ ကျင်းကျူးကို ကြည့်လိုက်ပြီး မေးလိုက်သည်။
“မင်းရော”

သူ စိတ်ကို ပြင်ဆင်ထားသော်လည်း မယုံနိုင်စရာကောင်းလောက်အောင် လှပသောမျက်နှာကို မြင်လိုက်ရသောအခါ သူ မျက်လုံး မှေးလိုက်မိဆဲဖြစ်သည်။

“ကျင်းကျူး၊ ကျောင်းဂီမြို့က”

လူငယ်လေးသည် အဝေးရှိ အထီးကျန်ဆန်သော တောင်ထွတ်ကို ကြည့်နေကာ သာမန်ကာလျှံကာဖြေလိုက်သည်။

မင်ကွမ်းရှင် အလွန်စိတ်လှုပ်ရှားနေသောကြောင့် သူ့ရိုင်းပျမှုကို စိတ်ထဲမထားခဲ့ပေ။ သူ သူ့ကို အားပေးစကားအနည်းငယ်ပင် ပြောလိုက်ပြီး ထို့နောက် မွေးရာပါ တာအိုအမျိုးအစား ပိုင်ဆိုင်ထားသည့် လီရှီရှူးနှင့် စကားစမြည်းပြောရန် လှည့်လိုက်သည်။

မမျှော်လင့်စွာဖြင့် ကျင်းကျူးက သွားနေခဲ့ပြီဖြစ်သောကြောင့် လီရှီရှူး သူ့ကို ကြည့်ပင် ကြည့်မနေခဲ့ဘဲ တောင်ဂိတ်တံခါးဆီသို့ လျှောက်သွားခဲ့သည်။

တောင်တက်လမ်းတွင် အဖြူရောင်ဝတ်လူငယ်က ရှေ့မှသွားနေပြီး လူငယ်လေးက သူ့အထုပ်နှင့်အတူ နောက်မှ လိုက်ပါနေသည်။

ဤအရာကို မြင်သည်နှင့် မင်ကွမ်းရှင် တော်တော်လေး အံ့အားသင့်သွားပြီး မေးလိုက်သည်။
“ဘာတွေဖြစ်နေတာလဲ”

“သူတို့က သခင်နဲ့ ကျေးကျွန်တွေပဲ”

ဆရာသခင်လု ထိုညက သူ့ဖခင် သူ့ကို ပြောခဲ့သည့်အရာကို တွေးလိုက်မိပြီး မျက်မှောင် ကျုံ့နေသည်။

“မွေးရာပါ တာအိုအမျိုးအစားနဲ့လူက တကယ်ပဲ ကျေးကျွန်တစ်‌ယောက်လား”
မင်ကွမ်းရှင် အလွန်အမင်း တုန်လှုပ်သွား၏။ သူ ဆရာသခင်လုကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
“အတိတ်မှာ သူတို့ရဲ့ ဆက်နွယ်မှုက ဘယ်လိုပဲ ဖြစ်ခဲ့ပါစေ တောင်ဂိတ်တံခါးကို သူတို့ ဝင်လိုက်တာနဲ့ သေမျိုးလောကမှာရှိတဲ့ ကိစ္စတွေက အရေးမပါတော့ဘူး။ ခင်ဗျား သူတို့ကို မပြောခဲ့ဘူးလား”

ဆရာသခင်လု တော်တော်လေး ကူကယ်ရာမဲ့သွား၏။ပထမဆုံးနေ့က သူ ဤကိစ္စကို ရှင်းရှင်းလင်းလင်း ရှင်းပြခဲ့သည်။ ကျင်းကျူး ဘာမှ မပြောခဲ့သော်လည်းလီရှီရှူးက သူ ဘာပဲပြောပါစေ နားမထောင်ခဲ့ပေ။

****

တိမ်နှင့် မြူခိုးများ ပျောက်ကွယ်သွားကြပြီဖြစ်သော်လည်း လေက စွတ်စိုနေသေး၏။ တောင်တက်လမ်းသည်လည်း အလွန်ချောမွေ့ပြီး လမ်းလျှောက်ရသည်မှာ တော်တော်လေး သက်သောင့်သက်သာ ရှိလှသည်။

လီရှီရှူး ပတ်ပတ်လည်ရှိ တောင်ကမ်းပါးများကို စိတ်ဝင်တစား ကြည့်ရှု့နေပြီး စိတ်လှုပ်ရှားနေသည်။

သူ့လွှမ်းမိုးမှုကြောင့်လား သို့မဟုတ် ဝေးကွာလွန်းလှသည့် မှတ်ဉာဏ်များ ထွက်ပေါ်လာ၍လားမသိ ကျင်းကျူး၏ အကြည့်သည့် ပတ်ဝန်းကျင်ရှိ ရှု့ခင်းများအပေါ် အနည်းငယ်ကြာကြာ ရစ်ဝဲနေခဲ့သည်။

ဤစိတ်ခံစားချက်ဖြင့် သူတို့သည် ဆယ်မိုင်ထက်ကျော်သော တောင်တက်လမ်းကို လျင်မြန်စွာ လျှောက်လှမ်းခဲ့ကြပြီး တောင်ကမ်းပါးများအလယ်ရှိ တောင်ခါးပန်းသို့ ရောက်လာခဲ့ကြသည်။

ကမ်းပါးများအပေါ် မြင့်မားလှသည့် သစ်ပင်များက နေရာတိုင်း ရှိနေကြပြီး သက်ကယ်မိုးတဲ ဒါဇင်ချီက သူတို့ထဲ ပြန့်ကျဲတည်ရှိနေကြသည်။

တိမ်တိုက်နှင့် မြူခိုးများ နောက်တစ်ကြိမ် မြင့်တက်လာပြီး သက်ကယ်မိုးတဲများကို ရေးရေးလေး မြင်နိုင်တော့သည်။ အနီးကပ်ကြည့်ရှု့ပါက တဲတစ်ခုချင်းစီကို ခြံဝင်းတံတိုင်းဖြင့် ခွဲခြားထားသည်ကို မြင်နိုင်ပေသည်။

သူတို့ တောင်ခါးပန်းသို့ ရောက်လာသောအခါ ပိုများသော လမ်းများ‌ရှိနေကြသည်။ လီရှီရှူး ဘယ်သွားရမလဲ မသိသောကြောင့် ကျင်းကျူးကို ကြည့်လိုက်၏။

ကမ်းပါးနောက်တွင် ရေသံများ ထွက်ပေါ်နေပြီး ကြည်လင်ကာ ကျေနပ်ဖွယ်ရာကောင်းလှသည်။ ၎င်းသည် စမ်းချောင်းဖြစ်လောက်၏။ နောက်ထပ် သီချင်းသံတစ်ခု ဖြည်းဖြည်းချင်း ထွက်ပေါ်လာပြီး ရေသံနှင့်အတူ ယှဉ်တွဲကာ ၎င်းကို ပို၍ပင် ယစ်မူးဖွယ်ရာ ကောင်းစေသည်။

ကျင်းကျူး ထိုအရပ်ကို လျှောက်သွားလိုက်ပြီး လီရှီရှူး အလျင်အမြန်လိုက်လာခဲ့သည်။

အသံနောက်လိုက်ကာ သူတို့နှစ်ယောက်သည် အစိမ်းရောင်သစ်ပင်များကို ဖြတ်ကျော်ပြီး မြူးခိုးထဲရှိ ဝေဝေဝါးဝါး အဆောက်အဦတစ်ခုကို တွေ့လိုက်ရသည်။

နေရောင်ခြည်က ရုတ်တရက် ကျရောက်လာပြီး မြူခိုးများကို ပျောက်ကွယ်သွားစေကာ အဆောက်အဦ၏ ပုံစံအမှန်က ထွက်ပေါ်လာသည်။ ၎င်းသည် အနက်ရောင် တံစက်မြိတ်နှင့် အစိမ်းရောင် နံရံများဖြင့် အဆောက်အဦဖြစ်ပြီး တော်တော်လေး စည်းကမ်းတင်းကြပ်သော ခံစားချက်တစ်ခုကို ပေးစွမ်းနေသည်။

ဤသည်က အာအိုးယာမာဂိုဏ်း တောင်ဘက်ထင်းရှူးစံအိမ်၏ လေ့ကျင့်ရေးခန်းမဖြစ်ပြီး တပည့်အသစ်များ အချိန်အကြာကြီး နေထိုင်ပြီး သင်ယူရမည့် နေရာဖြစ်သည်။

ဒါဇင်ချီသော ကောင်ကလေးများနှင့် ကောင်မလေးများသည် လေ့ကျင့်ရေးခန်းမရှေ့ ညီညာသော မြေပြင်ပေါ် ရပ်နေကြပြီး အားလုံး တူညီသော အစိမ်းရောင် အဝတ်အစားများကို ဝတ်ဆင်ထားကြသည်။

ဆရာသခင်လု ကျောက်တုံးလှေခါးများအပေါ် ရပ်နေပြီး ပြောလိုက်၏။
“ငါတို့က မင်းတို့နှစ်ယောက်ကို စောင့်နေကြတာ။ မြန်မြန် တန်းစီ”

လီရှီရှူး အလွန်အံ့ဩသွားပြီး ကျင်းကျူးကို မေးလိုက်သည်။
“သခင်လေး အင်မော်တယ်ဆရာသခင်က ‌ဒီနေရာကို ဘယ်လိုရောက်လာခဲ့တာလဲ။ လမ်းမှာ သူက ကျွန်တော်တို့ကို ဖြတ်သွားတာ မတွေ့ခဲ့ပါဘူး”

တောင်ဂိတ်တံခါးကို ဝင်ရောက်ပြီးနောက် တခြားဂိုဏ်းများ၏ တွေ့ရှိခြင်းကို ခံရပြီး ဓားပြတိုက်ခြင်းကို ခံရရန် စိုးရိမ်စရာမလိုတော့ပေ။ ဆရာသခင်လု တခဏအတွင်း ရောက်လာရန် သူ့ဓားပျံဖြင့် ပျံသန်းရန်သာ လိုအပ်သည်။

ကျင်းကျူး ဤအရာကို နားလည်သော်လည်း လီရှီရှူး မသိခဲ့ပေ။

ဆရာသခင်လု၏ စကားများကို ကြားသည်နှင့် ဒါဇင်ချီသော တပည့်များ ကျင်းကျူးနှင့် လီရှိရှူးတို့ကို စိတ်ဝင်တစား လှည့်ကြည့်လာကြသည်။

လေ့ကျင့်ရေးခန်းမရှေ့တွင် ‘နောက်ဆုံးတော့ ရောက်လာပြီလား’ ဟူသော လေထုမျိုး ရှိနေသည်။

ဤတပည့်များသည် ကုန်းမြေတိုက် အရပ်ရပ်မှ လာခဲ့ကြပြီး တောင်ပိုင်းထင်းရှူးစံအိမ်တွင် အချိန်တစ်ခုအထိ ရှိခဲ့ကြပြီဖြစ်သော်လည်း သူတို့သည် ထူးခြားဆန်းကျယ်သော နည်းစနစ်များနှင့် ဓားပညာများကို အသင်မခံခဲ့ရ‌သေးပေ။ သူတို့သည် ရင်တဖိုဖိုဖြင့် အချိန်အကြာကြီး စောင့်နေခဲ့ကြသည်။

အင်မော်တယ်ဆရာသခင်က တပည့်တစ်ယောက်ကို စောင့်နေသည်ဟု ပြောကြ၏။

တပည့်တစ်ယောက်အတွက် လူများစွာကို စောင့်စေပြီး အချိန်ဖြုန်းခိုင်းခြင်းမှာ အင်မော်တယ်ဆရာသခင်က သူ့အားများစွာ တန်ဖိုးထားသည်ကို သူတို့ သိပေသည်။

ဤတပည့်များအားလုံးတို့သည် အာအိုးယာမာ၏ အင်မော်တယ်ဆရာသခင်က ကိုယ်တိုင်ကိုယ်ကျရွေးချယ်ထားသည့် ထူးချွန်သော ပါရမီရှင်များဖြစ်ကြပြီး ကောင်းကင်ဘုံသို့ သွားသော လမ်းစဉ်အပေါ် ခြေချနိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိကြပေသည်။ ဤသို့သော အခြေအနေတစ်ခုတွင် သူတို့သည် သဘာဝအားဖြင့် ထိုတပည့်အသစ်အကြောင်းကို စိတ်ဝင်စားကြပြီး တစ်ချိန်တည်း၌ သူတို့တွင် မလိုလားမှုအချို့လည်း ရှိကြမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။

သူတို့အားလုံးတို့သည် အာအိုးယာမာသို့ ယခုလေးတင် ဝင်ရောက်လာခဲ့ကြသည့် အပြင်စည်းတပည့်များဖြစ်ကြပြီး ထိုးထွင်းသိမြင်နိုင်သောဓားမှတဆင့် လီရှီရှူး၏ ပါရမီကို ရှာဖွေမတွေ့နိုင်ကြပေ။ သူတို့၏ မျက်လုံးများသည် သူတို့ရှေ့ရှိ ကျင်းကျူးအပေါ် ကျရောက်လို့နေကြသည်။

လူအုပ်ထဲတွင် မထိန်းနိုင်သော တိုးညင်းသည့် အံ့အားသင့်နေသော အသံများ ထွက်ပေါ်လာပြီးနောက် စိတ်လှုပ်ရှားနေသည့် ဆွေးနွေးမှုများဖြစ်လာကာ ပျားအော်သံများအလား ဖြစ်လာသည်။

“ဒီလူက ဘာလို့ အရမ်းချောနေရတာလဲ”

“သူ အဲမျက်နှာကို ဘယ်လိုရခဲ့တာလဲ”

“သူ့ရဲ့ ဟန်ပန်အမူအရာကလည်း သာမန်မဟုတ်ဘူး။ ‌သူက ကျောင်းဂီက မင်းဆွေမင်းမျိုးတစ်ယောက်ဖြစ်နိုင်တယ်”

အထူးသဖြင့် ထိုခန့်ညားသော မျက်နှာကို ကြည့်နေကြသည့် မိန်းကလေးတပည့်များသည် အနည်းငယ်ပူအိုက်လာခဲ့ကြသည်။ သူတို့ လှည့်လိုက်ကြပြီး လက်များကို မြှောက်လိုက်ကြကာ သူတို့၏ ပါးများကို ယပ်ခတ်လိုက်ကြသည်။

ယောက်ျားလေးတပည့်တစ်ယောက်က ရုတ်တရက် ပြောလိုက်၏။
“သူ့နားရွက်တွေက အရမ်းထူးဆန်းတယ်လို့ မင်းတို့ မထင်ကြဘူးလား”

ဤအရာကို ကြားသည်နှင့် လူအုပ်ကြီးသည် ကြည့်လိုက်ကြပြီး အဖြူရောင်ဝတ်လူငယ်လေးတွင် ထင်ရှားသော နားတစ်စုံရှိသည်ကို သဘောပေါက်လိုက်ကြသည်။

“အရမ်းချစ်ဖို့ကောင်းတာပဲ”

မိန်းကလေးတစ်ယောက်က ကျင်းကျူးကိုကြည့်ပြီး ရူးသွပ်သည့်ပုံစံဖြင့် ပြောလိုက်သည်။

ဆရာသခင်လု နှစ်ကြိမ်တိုင် ချောင်းဆိုးလိုက်၏။

ကျင့်ကြံရန် တောင်သို့ ဝင်ရောက်လာကြသော လူငယ်များသည် သဘာဝအားဖြင့် တာအိုထဲ နှစ်မြှုပ်ထားကြသည်။ သူတို့ဆရာသခင်၏သတိပေးချက်နှင့်အတူ သူတို့သည် သူတို့၏ တာအိုနှလုံးသားများကို တိတ်တဆိတ်ကာကွယ်လိုက်ကြကာ ကျင်းကျူးကို မကြည့်ကြတော့သလို မဆွေးနွေးနေကြတော့ပေ။

လေ့ကျင့်ရေးခန်းမရှေ့သည် အလွန်တိတ်ဆိတ်လာခဲ့၏။

ဆရာသခင်လု အကြည့်၏ သတိပေးချက်အောက်တွင် ကျင်းကျူးနှင့် လီရှီရှူးတို့သည် အဖွဲ့၏နောက်ဘက်သို့ လျှောက်သွား၍ရပ်လိုက်ကြသည်။

“ဒီမှာ အခြေခံလမ်းညွှန်ချက်တွေ၊ မင်းတို့ ကောင်းကောင်းလေ့လာရမယ်။”

ဆရာသခင်လုသည် သူ့လက်မောင်းအိုးကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ပြီး ကြွေကျနေသော သစ်ရွက်ခြောက်များကဲ့သို့ ပြန့်ကျဲနေသော စာအုပ်ပါးပါး ဒါဇင်ပေါင်းများစွာသည် လေ့ကျင့်ရေးခန်းမမှ ပျံထွက်လာခဲ့ပြီး တပည့်တစ်ဦးစီ၏ လက်ထဲသို့ တိကျစွာ ကျရောက်သွားသည်။

ဤမြင်ကွင်းသည် တကယ့်ကို အံ့သြစရာကောင်းပြီး လီရှီရှူးနှင့် တပည့်ငယ်များအားလုံး အံ့သြသွားကြသည်။

“လောကမှာ ကျင့်ကြံသူ အများအပြား ရှိပြီး ဂိုဏ်းတစ်ခုချင်းစီရဲ့ နည်းစနစ်တွေက ကွဲပြားကြတယ်။ အဆင့်‌တွေ ခွဲခြားမှု ကွဲပြားပေမယ့် အနှစ်သာရကတော့ ကွာခြားမှု မရှိပါဘူး။ အခု မင်းတို့လေ့လာနေတဲ့ အရာက စဦးအဆင့်ရဲ့ နည်းစနစ်ပဲ”

ဆရာသခင်လုသည် တပည့်များကို စာအုပ်များအား ဖွင့်ခိုင်းပြီး ပြောလိုက်သည်။
“ငါတို့ အာအိုးယာမာဂိုဏ်းရဲ့ မဟာတာအိုက ရိုးရှင်းပြီး စဦးအဆင့်ကို အဆင့်နှစ်ဆင့်အဖြစ်ပဲ ခွဲခြားထားတယ်။ ပထမတစ်ခုက သူတော်ကောင်းတရားကို ပိုင်ဆိုင်ခြင်းပဲ”

နောက်ဆုံးတွင် တကယ့်ကျင့်ကြံခြင်းနည်းစနစ်ကို ကြားလိုက်ရသောအခါ တပည့်ငယ်များ၏ အမူအရာများသည် အလွန်လေးနက်လာပြီး စာအုပ်ထဲရှိ စကားလုံးများကို မျက်လုံးများဖြင့် ကြည့်ကာ သူတို့၏ ဆရာသခင်ထံမှ စကားတစ်လုံးတစ်ပါဒမှ လွတ်မသွားနေစေတော့ပေ။

“သူတော်ကောင်းတရားကို ပိုင်ဆိုင်ခြင်းဆိုတာ ဘာလဲ။ နန်းဟွမ်တာအိုကျမ်းက ဒီလိုပြောတယ်… ခန္ဓာကိုယ်က စိတ်ဝိညာဉ်ကို ကာကွယ်ပေးတယ်၊ တစ်ခုချင်းစီမှာ သူတို့ရဲ့ကိုယ်ပိုင်ထူးခြားတဲ့ဂုဏ်သတ္တိတွေရှိပြီး အဲဒါကို သဘာဝလို့ ခေါ်တယ်။”

“မင်းတို့လုပ်ရမှာက အခြေခံလမ်းညွှန်ချက်နဲ့ ရင်းနှီးအောင်၊ မင်းတို့ရဲ့ခန္ဓာကိုယ်ကို အားကောင်းအောင်၊ မင်းတို့ရဲ့စိတ်ဆန္ဒကို သန်မာအောင်လုပ်ရမယ်။ အဲဒါမှ မင်းတို့ အဲနှစ်ခုကို ချိတ်ဆက်နိုင်ပြီး အစနဲ့အဆုံးကို ရနိုင်လိမ့်မယ်။”

“အပြင်ကနေ အတွင်းထဲကို ပြန်လာပြီး သူတော်ကောင်းတရားကို ပိုင်ဆိုင်ခြင်းအဆင့် ပြီးပြည့်စုံသွားတဲ့အခါ မင်းတို့ရဲ့ ခန္ဓာကိုယ်ထဲက တာအိုမျိုးစေ့ဟာ စိတ်နှလုံးသားရဲ့ ပရမ်းပတာဖြစ်မှုတွေကို ခံနိုင်ရည်ရှိလောက်အောင် တည်ငြိမ်လာမယ်၊ သန်မာလာမယ်၊ စိတ်ဝိဉာဉ်ဆိုင်ရာ တည်ငြိမ်မှုရဲ့ ဒုတိယအဆင့်ကို ရောက်ရှိလာလိမ့်မယ်”

ဤအရာကိုကြားသည်နှင့် တပည့်တချို့သည် ခေါင်းကို မော့လိုက်ကြပြီး သူတို့၏မျက်နှာများက မျှော်လင့်ချက်နှင့် စိတ်အားထက်သန်မှုတို့ဖြင့် ပြည့်နှက်နေသည်။

“စိတ်ဝိဉာဉ်ဆိုင်ရာ တည်ငြိမ်မှုဆိုတာဘာလဲ။ ကွန်ဖြူးရှပ်ပညာရှင်က ဒီလိုဆိုတယ်… စိတ်ဝိဉာဉ်က တည်ငြိမ်သွားတဲ့အခါ ခန္ဓာကိုယ်က ဟန်ချက်ညီသွားလိမ့်မယ် တဲ့”

“ဒီအဆင့်ကို သူတော်ကောင်းတရားကို ပိုင်ဆိုင်ခြင်းအဆင့်ရဲ့ ချဲ့ထွင်မှုလို့ ဆိုနိုင်တယ်၊ နောက်ပြီး ကျင့်ကြံသူရဲ့ ပထမဆုံးခြေလှမ်းလည်းဟုတ်တယ်၊ ဘာကြောင့်လဲဆိုတော့ ဒီအဆင့်မှာ ကျင့်ကြံသူရဲ့စိတ်ဆန္ဒက မယုံနိုင်စရာကောင်းလောက်အောင်ခိုင်မာလာမှာဖြစ်ပြီး သူတို့ဟာ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးတို့ရဲ့ ဝိဥာဥ်ချီကို သဘာဝအတိုင်း ခံစားသိရှိနိုင်မှာဖြစ်တယ်၊ တာအိုမျိုးစေ့တွေက တဖြည်းဖြည်းကြီးထွားလာမှာဖြစ်ပြီး မရီတျန်းတွေက တဖြည်းဖြည်းကြီးထွားလာလိမ့်မယ်၊ သူတို့ဟာ ကောင်းကင်နဲ့ကမ္ဘာမြေကြီးတို့ရဲ့ဝိဥာဥ်ချီကိုစုပ်ယူနိုင်ပြီး ကျန်းယွမ် အဖြစ် ပြောင်းလဲသွားနိုင်မှာဖြစ်တယ်။ ဒါက လူရဲ့ စိတ်ဝိဉာဉ်ကိုအာဟာရဖြည့်တင်းဖို့အတွက် ကောင်းကင်ရဲ့စိတ်ဝိဉာဉ်ကိုအသုံးပြုခြင်းဖြစ်တယ်။ စိတ်ဝိဥာဉ်ပင်လယ်က ပြည့်လာတဲ့အခါ အဲဒါကို အဆင့်တွေရဲ့ ကနဦးအဆင့်လို့ ဆိုနိုင်တယ်။ အဲဒါက ဘယ်လောက်ပြီးပြည့်စုံသလဲဆိုတာကတော့ မင်းတို့ဓားရဲ့ပြတ်သားမှုအပေါ်မှာပဲ မူတည်တယ်…”

ဆရာသခင်လု၏ အသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း တပည့်တိုင်း၏ နားထဲသို့ ရှင်းလင်းစွာကျရောက်သွားသည်။

နေမင်းကြီးသည် ကောင်းကင်အလယ်သို့ မြင့်တက်နေပြီဖြစ်ပြီး တိမ်များ ပျောက်ကွယ်သွားသည်မှာ ကြာခဲ့ပြီဖြစ်သည်။ အလင်းရောင်သည် တောက်ပနေပြီး တော်တော်လေးပူ၏။

သို့သော် တပည့်တစ်ယောက်မှ အပူဒဏ်ကို အတွန့်မတက်ခဲ့ကြဘဲ အင်မော်တယ် ဆရာသခင်၏ အဆုံးအမများကို အာရုံစူးစိုက်စွာနားထောင်ခဲ့ကြကာ သူတို့က အပူဒဏ်ကို မခံစားမိသည့်အလားဖြစ်သည်။

လဲလန်စီရင်စုမှ တပည့်ငယ်တစ်ဦးသည် သူ့ဘေးနားမှ ဆူညံသံအချို့ကို ရုတ်တရက်ကြားလိုက်ရချိန် အင်မော်တယ်ဆရာသခင်ပြောနေသည့် စကားများထဲ စိတ်နစ်နေခဲ့သည်။

သူ လှည့်ကြည့်လိုက်ပြီး မြင်ကွင်းကို မြင်လိုက်ရသည်နှင့် ကြက်သေသေသွား၏။

လီရှီရှူးသည် ကျင်းကျူးအတွက် လက်ဖက်ရည်ငှဲ့ပေးနေလေသည်။

လက်ဖက်ရည်အိုးထဲမှ ငှဲ့လိုက်သော လက်ဖက်ရည်သည် အေးနေပြီဖြစ်ပြီး အငွေ့များ ထွက်မလာပေ။

သို့သော် လက်ဖက်ရည်ခွက်ထဲသို့ ကျလာသော လက်ဖက်ရည်သံသည် စမ်းရေကဲ့သို့ ကြည်ရှင်းနေသေးသည်။

ကျင်းကျူး လက်ဖက်ရည်ခွက်ကိုယူလိုက်ကာ အားလုံးကို သောက်လိုက်ပြီး ပြန်ပေးလိုက်၏။

လီရှီရှူး လက်ဖက်ရည်အိုးနှင့် လက်ဖက်ရည်ခွက်တို့ကို အဝေးသို့ထားလိုက်ပြီး သူ့အိတ်ထဲမှ ဝိုင်းစက်သည့် ယပ်တောင်တစ်ခုကို ထုတ်ယူလိုက်ကာ ကျင်းကျူးကို စတင်ယပ်ခတ်ပေးလိုက်သည်။

****************************

PTH
Author: PTH
ကောင်းကင်ဘုံသို့ လျှောက်သောလမ်း

ကောင်းကင်ဘုံသို့ လျှောက်သောလမ်း

PTH, 大道朝天
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2017 Native Language: Chinese
ငါက ဓားပဲ... မိုင်တစ်ထောင်အတွင်း လူတစ်ယောက်ကို သတ်ဖြတ်တယ်... ဘယ်သူကမှ ခြေဆယ်လှမ်း မလှမ်းရဲကြဘူး။ မိုင်တစ်ထောင်အတွင်း လူတစ်ယောက်ကို သတ်ဖြတ်တယ်... ဘယ်သူကမှ ခြေဆယ်လှမ်း မလှမ်းဝံ့ကြဘူး။ လူတစ်ယောက်ကို မိုင်တစ်ထောင်အတွင်း သတ်ဖြတ်တယ်... ခြေဆယ်လှမ်းလား... မဖြစ်နိုင်ဘူး။ ကောင်းကင်ဘုံကို သွားတဲ့ လမ်းမှာ လူတစ်ယောက်စီတိုင်းက ကိုယ့်ကံကြမ္မာကိုယ် စီရင်ရမယ်။စာစဉ်တင်သည့် ပေ့ချ်- https://www.facebook.com/TheHumanEmperorXoxa

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset