PTH အပိုင်း ၆

ကောင်းကင်ဘုံသို့ လျှောက်သောလမ်း

အပိုင်း ၆ ရင်းနှီးပြီးသား တောင်သို့ ခရီးသွားခြင်း

သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူကို ဆရာသခင်လု ဟု ခေါ်သည်။ သူသည် အာအိုးယာမာ၏ တတိယမြောက်တောင်ထွတ်ဖြစ်သည့် ရှန်းဟိုင် တောင်ထွတ်မှ လာခဲ့ခြင်းဖြစ်ပြီး ယခုအခါ စိတ်ဆန္ဒဆက်ခံခြင်းအဆင့်တွင်ဖြစ်သည်။ မရှုံးနိမ့်နိုင်‌သော အဆင့်သို့ တက်ရောက်ရန် နှစ်ကြိမ်တိုင် ကျရှုံးခဲ့သောကြောင့် သူသည် ယာယီရပ်နားထားခဲ့ရသည်။ ယခုအခါ သူသည် တောင်ပိုင်း ထင်းရှူးစံအိမ်၏ ဆရာသခင်ဖြစ်ပြီး တပည့်သစ်များကို လေ့ကျင့်ပေးရန် တာဝန်ယူထားသည်။

သူ့အဆင့်အတန်းဖြင့် သူသည် တပည့်များကို ကိုယ်တိုင်ကိုယ်ကျ စုဆောင်းရန် မလိုအပ်ပေ။ သို့သော် မကြာသေးမီနှစ်များအတွင်း တောင်ပိုင်းထင်းရှူးစံအိမ်ရှိ တပည့်များသည် အလွန်သာမန်သာဖြစ်ခဲ့ကြပြီး အခြားနေရာများထက် များစွာ နိမ့်ကျခဲ့ကြသည်။ ၎င်းက သူ့အပေါ် ဖိအားအများကြီးဖြစ်စေခဲ့၏။

ယခု သူသည် ကြီးမားသော အရာများကို ပြီးမြောက်ရန် မမျှော်လင့်ထားပေ။ တော်သော တပည့်အနည်းငယ်ကိုသာ ခေါ်ဆောင်လာခြင်းဖြင့် ဆရာသခင်များ၏ မှော်ဆေးလုံးများ ချီးမြှင့်ခြင်းကို ခံရပြီး နောက်ဆုံးအကြိမ် မရှုံးနိမ့်နိုင်သော အဆင့်ကို ချိုးဖျက်တက်ရောက်ရန်သာ မျှော်လင့်ထားသည်။

တောင်ထွတ်ကိုးခုရှိ ‌နေရာတစ်ခုမှနေ၍ ဤဝေးလံခေါင်သီသော တောင်ရွာလေးသည် အလည်အပတ်သွားရန် ထိုက်တန်သည် ဟူသော သတင်းကို သူ ကြားလိုက်ရသောအခါ သူ အလျင်အမြန်လာခဲ့ပေသည်။

သူ အစိမ်းရောင်သစ်ပင်များထဲ ပုန်းအောင်းနေပြီး ဆယ်နှစ်အရွယ်ကောင်လေးကို အကဲခတ်ကာ သတင်းက မှန်ကန်သည်ကို တွေ့လိုက်ရသည်။ အကွာအဝေးတစ်ခုမှပင် ထိုကောင်လေးသည် ကောင်းမွန်သော ပါရမီရှင်တစ်ယောက်ဖြစ်သည်ကို သူ ခံစားနိုင်သည်။

စစ်ဆေးရန် သူ၏ ထိုးဖောက်သိမြင်နိုင်သော အမြင်ကို အသုံးပြုလိုက်သောအခါ သူ ပို၍ပင် အံ့ဩသွားသည်။ ထိုကောင်လေးတွင် မွေးရာပါတာအိုအမျိုးအစားရှိ၏။

ထိုသို့ ကောင်းမွန်‌သော ပါရမီရှင်တစ်ယောက်.. အာအိုးယာမာ၏ ပတ်ပတ်လည် နေရာများကို မဆိုထားနှင့် စည်ကားသော စီရင်စုများ၌ပင် သို့မဟုတ် ကျောင်းဂီမြို့၌ပင် တစ်ယောက် ပေါ်ထွက်လာရန် နှစ်ပေါင်း အတော်ကြာပေလိမ့်မည်။ ဆရာသခင်လုသည် ထိုကလေးလန့်သွားမည်ကို ဂရုမစိုက်တော့ဘဲ ညလယ်တွင် တိုက်ရိုက် ထွက်ပေါ်လာသည်။ သို့သော် သူ ဘာမှမပြောနိုင်မီ တခြားကိစ္စတစ်ခုက သူ့အာရုံကို ဆွဲဆောင်သွား၏။

ကောင်ကလေးသည် ကြောက်ရွံ့နေပြီး အဖြူရောင်ဝတ် လူငယ်တစ်‌ယောက်နောက်တွင် ပုန်းအောင်းနေသည်။

သူ သတိချပ်သွားသည့် အကြောင်းအရင်းမှာ အဝေးတစ်နေရာမှ ထိုကောင်လေးကို သူ အကဲခတ်‌နေခဲ့ချိန် သူသည် ဤလူငယ်လေး၏ တည်ရှိမှုကို သတိမပြုမိခဲ့သောကြောင့်ဖြစ်သည်။

ထိုလူငယ်သည် ရေအိုင်ဘေး ပက်လက်ကုလားထိုင်အပေါ် ထိုင်နေ၏။

ပထမတွင် သူ၏ ထိုးဖောက်သိမြင်နိုင်‌သော ဓားသည် အဖြူရောင်ဝတ်လူငယ်လေးအပေါ် ကျရောက်သွားသော်လည်း ထိုလူငယ်က တစ်ခါမှ မကျင့်ကြံခဲ့ဖူးသည့် သေမျိုးတစ်ယောက်မျှသာ ဖြစ်သည်ကို သူ တွေ့လိုက်ရသည်။ သူ့ခန္ဓာကိုယ်တွင် တာအိုအမျိုးအစားမရှိပေ။ ၎င်းက သူ့ကို အံ့ဩသွားစေ၏။

သူ့အကြည့်က အဖြူရောင်ဝတ်လူငယ်လေးအပေါ် ကျရောက်သွားသောအခါ သူ ပို၍ပင် အံ့ဩသွားခဲ့သည်။

သူသည် နှစ်ပေါင်းများစွာ ကျင့်ကြံခြင်းလောကတွင် ထိုသို့လှပသော လူငယ်တစ်ယောက်ကို ဘယ်တုန်းကမှ မမြင်တွေ့ခဲ့ဖူးပေ။

ကျောင်းဂီမြို့ရှိ မင်းမျိုးမင်းနွယ် မိသားစုများ၏ တပည့်များ မဆိုထားနှင့် ချင်းရောင်တောင်ထွတ်ရှိ ညီမငယ်များနှင့် ‌ကြော်ကြားပြီး လှပသော ရွှီးယွီသီလရှင်ကျောင်း၏ အမျိုးသမီး တပည့်များသည်ပင် သူ့ကို မယှဉ်နိုင်ကြပေ။

ကျင့်ကြံခြင်းလောကသည် နိယာမတစ်ခုကို အမြဲလက်ခံယုံကြည်ထားကြသည်။ အစွန်းရောက်ခြင်းက ထူးခြား၏။

အရပ်ရှည်သည်ဖြစ်စေ ပုသည်ဖြစ်စေ၊ ဝသည်ဖြစ်စေ ပိန်သည်ဖြစ်စေ၊ အခြား ပြင်ပပုံစံများဖြစ်စေ လုံလုံလောက်လောက် ထူးခြားနေပါက ထိုပုဂ္ဂိုလ်နှင့်ပတ်သက်၍ တစ်ခုခု ထူးခြားရပေမည်။

ရှင်းရှင်းပြောရပါက အစွန်းရောက်ခြင်းများသည် ထူးခြားဆန်းကျယ်ခြင်းဖြစ်ရပေမည်။

‘အလှတရား’ ဟူသော ဝေါဟာရအတွက်မူ ကျင့်ကြံသူများ အမြဲ တန်ဖိုးထားသော အရာဖြစ်၏။ ချောက်ကမ်းပါးများရှိ ထင်းရရှူးပင်များဖြစ်စေ၊ အလင်းကဲ့သို့ တောက်ပလှသော ဓားပျံများဖြစ်စေ သူတို့က အလွန်အမင်းလှပနေသရွေ့ သူတို့တွင် သာမန်မဟုတ်သော အရည်အသွေးများရှိရပေမည်။

အဖြူရောင်ဝတ်လူငယ်လေး၏ လှပသော မျက်နှာကိုကြည့်ကာ ဆရာသခင်လု ဖမ်းစားမခံရဘဲ ဘယ်နေလိမ့်မည်နည်း။ သူ သူ၏ ထိုးဖောက်သိမြင်နိုင်‌သော ဓားကို အားထပ်ဖြည့်လိုက်ပြီး နောက်တစ်ခေါက်စစ်ကြည့်လိုက်သည်။ သို့သော် တာအိုမျိုးစေ့၏ တည်ရှိမှုမဆိုထားနှင့် သူ့တာအိုနှလုံးသားက မရင့်ကျက်သေးသည်ကိုသာ တွေ့လိုက်ရသည်။

အဖြူရောင်ဝတ်လူငယ်လေးသည် ကောင်ကလေးထက် များစွာအသက်ကြီးသော်လည်း သူ့တာအိုနှလုံးသားက များစွာနိမ့်ကျလှသည်။ ထို့ကြောင့် သူ့ပါရမီနှင့် ပင်ကိုယ်စွမ်းရည်တို့သည်လည်း များစွာ နိမ့်ကျကြပေ၏။

ဆရာသခင်လု အနည်းငယ်နောင်တရသွားခဲ့သည်။ သူ ထိုလူငယ်ကို မကြည့်တော့ဘဲ လီရှီရှူးဆီ လှည့်လိုက်၏။
“ငါ ဘယ်သူလဲ မင်းသိလား”

လီရှီရှူး ရုတ်တရက်ပေါ်လာသော ဤလူစိမ်းကြောင့် လန့်နေ၏။ သူ သူ့မျက်နှာကို လုံးဝမဖော်ပြရဲခဲ့ပေ။ သူ ထိုမေးခွန်းကို ကြားသောအခါ စကားမပြောရဲခဲ့ပေ။ သူ ကျင်းကျူး၏ လက်မောင်းအိုးကိုသာ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထား၏။

ထိုသက်လတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ အဝတ်အစားနှင့် နောက်ကျောပေါ် ဓားကို သယ်ဆောင်ထားပုံတို့ကိုကြည့်ကာ သူက တတိယမျိုးဆက် တပည့်တစ်ယောက်ဖြစ်ရမည်ဟု ကျင်းကျူးပြောနိုင်ပေသည်။ သူ့အဆင့်သည် မရှုံးနိမ့်နိုင်သော အဆင့်မှ ဝေးကွာနေဆဲဖြစ်သော်လည်း ကျင်းကျူး သူ့နာမည်ကို မသိပေ။

ဤသည်က လုံးဝမထူးဆန်းပေ။

အာအိုးယာမာဂိုဏ်းတွင် ထောင်ချီ‌သော အတွင်းစည်းနှင့် အပြင်စည်းတပည့်များရှိကြသည်။ ရှန်းဟိုင်တောင်ထွတ်မှ လူအိုကြီးများနှင့် ရှီလဲ့တောင်ထွတ်မှ အမျိုးသမီးများမှလွဲ၍ မည်သူမျှ သူတို့အားလုံးကို မမှတ်မိနိုင်ပေ။

“ဘာမှမဖြစ်ပါဘူး”
ကျင်းကျူးပြောလိုက်၏။

အကြောင်းပြချက်အချို့ကြောင့် ဤစကားကို ကြားသောအခါ လီရှီရှူး အများကြီး စိတ်သက်သာရာရသွားသည်။ သို့သော် သူ အနည်းငယ် စိုးရိမ်နေဆဲဖြစ်၏။ သူ မတ်တပ်ရပ်လိုက်ပြီး သက်လတ်ပိုင်းအရွယ်ကျင့်ကြံသူကိုကြည့်ကာ တုန်ရီ‌နေသည့် လေသံဖြင့် ပြောလိုက်သည်။
“ခင်ဗျားက…”

ဆရာသခင်လု နူးညံ့သည့် အမူအရာဖြင့် ပြောလိုက်၏။
“ဟုတ်တယ်၊ ငါက အာအိုးယာမာရဲ့ တာအို ကျင့်ကြံသူတစ်ယောက်ပဲ။ ငါက မင်းတို့ခေါ်တဲ့ အင်မော်တယ်ဆရာသခင်တစ်ယောက်လည်း ဟုတ်တယ်”

‘အင်မော်တယ်ဆရာသခင်’ ဟူသော စကားနှစ်လုံးကို ကြားသောအခါ လီရှီရှူး ကျင်းကျူးကို ကြည့်လိုက်မိသည်။

သူက အလွန်စိုးထိတ်နေသည် ဟု ဆရာသခင်လု တွေးထင်သွား၏။ သူ ပြုံးလိုက်ပြီး ပြောလိုက်သည်။
“မင်း ငါ့ကို ဆရာသခင်လု လို့ ခေါ်နိုင်တယ်”

လီရှီရှူး မသက်မသာ ပြောလိုက်သည်။
“ဆရာသခင်လု… ခင်ဗျား ဒီကို ဘာလာလုပ်တာလဲဗျ”

“ငါ မင်းကို မေးဖို့လာခဲ့တာ၊ မင်း ကြီးမြတ်တဲ့လမ်းစဉ်ကို ကျင့်ကြံပြီး ထာဝရရှင်သန်ခြင်းကို ရှာဖွေဖို့ ဆန္ဒရှိပါသလား”

ဤအရာကို ကြားသည်နှင့် ကျင်းကျူး အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ နှစ်များစွာကြာပြီးနောက် ၎င်းသည် တူညီသော စကားများဖြစ်နေဆဲဖြစ်ပြီး စကားတစ်လုံးပင် မပြောင်းလဲခဲ့ပေ။

လီရှီရှူး သတိပြန်ဝင်သည်အထိ ထိုနေရာတွင် အကြာကြီး မှိန်းမောကာ ‌ရပ်နေခဲ့သည်။ သူ အထစ်ထစ် အငေါ့ငေါ့ဖြင့်
“ဒါပေါ့ဗျ… ကျွန်တော် ဆန္ဒရှိပါတယ် ဒါပေမယ့်….”

မထင်မရှား ရွာသားလေးတစ်ယောက်ကို အာအိုးယာမာ၏ အင်မော်တယ်ဆရာသခင်တစ်ယောက်က ခေါ်ဆောင်သွားခဲ့သည်။ ဤသည်က ကျေးရွာရှိ မျိုးဆက်များစွာ လက်ဆင့်ကမ်းလာခဲ့သော အလှပဆုံး ပုံပြင်လေးဖြစ်ပေသည်။ သူသည် ဤပုံပြင်များကို နားထောင်ရင်း ကြီးပြင်းခဲ့ပေ၏။ သူသည် လုံးဝ ကြောင်အနေပြီး ငြင်းဆန်ရန် ဆန္ဒမရှိပေ။ သူ ပြောခဲ့သကဲ့သို့ပင်။ သို့သော်…

သူ ခြံဝိုင်းငယ်လေးကို ကြည့်လိုက်ပြီး တုံ့ဆိုင်းမှုက သူ့မျက်နှာထက် ပေါ်လွင်နေသည်။

ဆရာသခင်လု ဒေါသမထွက်ခဲ့ပေ။ ထို့အစား သူ ပို၍ပင် စိတ်သက်သာရာရသွား၏။
“ကျင့်ကြံခြင်းက သေမျိုးလောကရဲ့ အရေးကိစ္စတစ်ခုမဟုတ်ပေမယ့် ငါတို့က ဘုန်းကြီးတွေမဟုတ်ကြဘူး။ ငါတို့က သေမျိုးလောကမှာ ဝင်ပါလို့လည်းရတယ်။ အဲသလိုပဲ ငါတို့က မိသားစုအနှောင်အဖွဲ့တွေကို ဖြတ်ပစ်မှာမဟုတ်ဘူး။”

လီရှီရှူး မသက်မသာပြောလိုက်သည်။
“တကယ်လား”

ဆရာသခင်လု ပြုံးလိုက်ပြီး ပြောလိုက်၏။
“ခနနေ ငါ မင်းရဲ့မိဘတွေကို ရှင်းပြလိုက်မယ်။ အနာဂတ်မှာ မင်းရဲ့ ဆွေမျိုးတွေဆီ အလည်ပြန်ဖို့အတွက် အချိန်လည်းရလိမ့်မယ်။ နောင်မှာ မင်းက အတွင်းစည်းကို မဝင်နိုင်ခဲ့ရင် မင်းက ဂိုဏ်းရဲ့ သေမျိုးလောကရဲ့ ကိစ္စ‌ရပ်တွေကို တာဝန်ယူရလိမ့်မယ်။ မင်း ပိုက်ဆံပြတ်မှာမဟုတ်သလို အိမ်ကိုလည်း မကြာခနပြန်နိုင်လိမ့်မယ်။ မင်း ကျေးရွာကို ဂရုစိုက်ချင်ရင် လက်ချောင်းကို မြှောက်ကသလို လွယ်ကူလိမ့်မယ်… ဒါပေမယ့် မင်းမှာ အဲလိုအခွင့်အရေး ရှိမယ်လို့ ငါ မထင်ဘူး။”

သူ လီရှီရှူး၏ ပါရမီနှင့် ပင်ကိုယ်အရည်အချင်းကို ကြီးစွာ မျှော်မှန်းထားသည်မှာ ထင်ရှားသည်။ သူ ခိုင်မာစွာယုံကြည်ထား၏။

လီရှီရှူး ကျင်းကျူးကို ကြည့်လိုက်သည်။

ဆရာသခင်လု အနည်းငယ် အံ့ဩသွား၏။

ကျင်းကျူး မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်သည်။
“မင်း သွားချင်ရင် သွားပါ”

လီရှီရှူး၏ မျက်နှာ ဝမ်းသာမှုဖြင့် တောက်ပသွားသည်။
“ဟုတ်ကဲ့ပါ သခင်လေး”

ဆရာသခင်လု၏ အံ့ဩမှုသည် အလွန်အံ့အားသင့်မှုသို့ ပြောင်းလဲသွားသည်။

‘ဒီလို ဝေးလံခေါင်သီတဲ့ ရွာမှာ ဘယ်လိုလုပ် ဒီလိုလှပတဲ့ သခင်လေးတစ်ယောက် ရှိနေရတာလဲ’

သူ ကျင်းကျူးကို ကြည့်လိုက်ပြီး ရုတ်တရက် ပြောလိုက်သည်။
“မင်းရော။ ငါနဲ့အတူ ကြီးမြတ်တဲ့ လမ်းစဉ်ကို ကျင့်ကြံပြီး ထာဝရရှင်သန်ခြင်းကို ရှာဖွေဖို့ ဆန္ဒရှိပါသလား”

***

နံရံတစ်ခု ခြားထားကာ လီစုံတွဲ၏ စကားသံနှင့် ငိုသံတို့ကို တစ်ခါတစ်ရံကြားနိုင်‌ပေသည်။ သို့သော် သူတို့သည် အင်မော်တယ်ဆရာသခင်၏ သတိပေးချက်ကို သတိတရရှိပြီး ရွာကို မနှောက်ယှက်ရဲခဲ့ပေ။ ထို့ကြောင့် သူတို့၏ အသံများက အလွန်တိုး၏။

ကျင်းကျူး ပြတင်းပေါက်ဘေးတွင် ထိုင်နေပြီး ညကောင်းကင်ယံရှိ ကြယ်လေးများကို ငေးကြည့်နေလေသည်။ သူ တိတ်ဆိတ်နေကာ တစ်ခုခုအကြောင်း တွေးတောနေသည်။

ဆရာသခင်လု ဟု အမည်ရသည့် ထိုလူကြီးသည် လီရှီရှူးနှင့် သူ့ကို အာအိုးယာမာသို့ ခေါ်ဆောင်သွားရန် မနက်ဖြန်မနက် လာပေလိမ့်မည်။

လီရှီရှူး သူ့အထုပ်များကို သိမ်းဆည်းနေ၏။ သူသည် အလွန်ဝီရိယရှိသော ကလေးတစ်ယောက်ဖြစ်သော်လည်း ဤသည်က အထုပ်များ သိမ်းဆည်းခြင်းကဲ့သို့သော အရာမျိုးကို သူ လုပ်ဖူးသည့် ပထမဆုံးအကြိမ်ဖြစ်သည်။ သို့သော် ထိုသည်က သူ့မျက်နှာငယ်ပေါ်ရှိ စိတ်ရှုပ်ထွေးနေသည့် အမူအရာ၏ အကြောင်းအရင်းမဟုတ်ပေ။ အကြောင်းမှာ သူသည် စိတ်ပိုင်းဆိုင်ရာအရ အလွန်အံ့ဩတုန်လှုပ်နေပြီး အပြည့်အဝ ပြန်လည် သတိမဝင်လာသေးသောကြောင့် ဖြစ်သည်။ ကျင်းကျူးက အင်မော်တယ်ဆရာသခင် မဟုတ် ဟူသည့် အချက်ကို သူ စဉ်းပင် မစဉ်းစားခဲ့ဖူးသောကြောင့် ဖြစ်နိုင်၏။

“ရပြီလား…”

ကောင်လေးသည် စကားထစ်နေဆဲဖြစ်သည်။
“အင်မော်တယ်ဆရာသခင်က ငါ့ရဲ့… စိတ်စရိုက်ကိုကြည့်ဖို့ အချိန်မလိုတော့ဘူးလား”

ကျင်းကျူး အပြင်ဘက် ကြယ်စုံသော ကောင်းကင်ယံကိုကြည့်‌နေပြီး ပြောလိုက်သည်။
“စိတ်နေသဘောထား”

လီရှီရှူး ပြောလိုက်၏။
“ဟုတ်တယ်။ အဲစကားလုံးပဲ”

ကျင်းကျူး ပြောလိုက်သည်။
“ဒီလိုအရာမျိုးက ပါရမီအပေါ်ပဲ မူတည်တယ်။ စိတ်နေစိတ်ထားက အချိန်နဲ့အတူ ပြောင်းလဲတယ်။ ဒါ့အပြင် သဘောကောင်းတာက ပြိုင်ဘက်ကင်းတယ်လို့ မင်း တကယ်ထင်နေတာလား။”

လီရှီရှူး ခေါင်းကုတ်လိုက်ပြီး ပြောလိုက်၏။
“အဲလိုမဟုတ်ဘူးလား။ စာအုပ်တွေက အဲလိုပြောထားတာပဲလေ။”

ကျင်းကျူး လှည့်မကြည့်ဘဲ ပြောလိုက်သည်။
“မဟုတ်ဘူး။ ပြိုင်ဘက်ကင်းတွေကပဲ ပြိုင်ဘက်ကင်းကြတယ်။”

လီရှီရှူး ကျင်းကျူးဆိုလိုသည့် အရာကို သဘောမပေါက်ပေ။ သူ့ကျောပြင်ကို ကြည့်ကာ အထီးကျန်ဆန်သည့် ခံစားချက်တစ်ခုကို သူ ခံစားလိုက်ရသည်။

***

မနက်ခင်းစောစောတွင် ကောင်းကင်သည် လင်းလက်စပြုနေသည်။ မနက်ခင်း နေမင်းကြီးသည် တောင်တန်းအခြားတစ်ဖက်တွင် ဝေးကွာနေဆဲဖြစ်သည်။

ဆရာသခင်လု ရောက်လာ၏။

လီလင်မယားအတွဲသည် လီရှီရှူးကို ခြံဝန်းရှေ့သို့ လွှတ်လိုက်ကြပြီး တိတ်ဆိတ်စွာ မျက်ရည်များ သုတ်နေကြသည်။ သူတို့ တော်တော်လေး ဝမ်းနည်းနေကြသော်လည်း ထို့ထက်ပို၍ ပျော်ရွှင်ဝမ်းသာနေကြပေသည်။

ခြေသံများ ထွက်လာ၏။ ကျင်းကျူး အိမ်ထဲမှ ထွက်လာကာ သူ့အဖြူရောင် အဝတ်အစားများက မနက်ခင်းလေထဲ လွင့်နေသည်။ သူ့လက်သည် ဗလာဖြစ်ပြီး သူ သူနှင့်အတူ ဘာကိုမှ ယူမလာခဲ့ပေ။

ဤမြင်ကွင်းကို ကြည့်ကာ လီစုံတွဲသည် လွန်ခဲ့သည့်တစ်နှစ်က သူ ရွာဝင်ဝသို့ လမ်းလျှောက်လာခဲ့ချိန် သူက ဤပုံစံအတိုင်းဖြစ်ပုံပေါ်သည်ကို တွေးလိုက်မိကြသည်။

မိခင်ဖြစ်သူလီသည် ဖခင်ဖြစ်သူလီကို တစ်ခုခု ပြောချင်သော်လည်း တုံ့ဆိုင်းနေလေသည်။

ဖခင်ဖြစ်သူလီက သူမကို သတိပေးသည့် အကြည့်တစ်ချက် ကြည့်လိုက်ပြီး လေးစားစွာ ပြောလိုက်သည်။
“သခင်လေး လမ်းမှာ အသုံးဝင်နိုင်တဲ့အရာ တစ်ခုခု ယူသွားချင်ပါသလား။ ရှီရှူးက သယ်သွားပေးလို့ရပါတယ်။”

ကျင်းကျူး သူ့ကို လျစ်လျူရှုလိုက်ပြီး လက်နောက်ပစ်ထားလျက် ခြံဝန်းထဲမှ လမ်းလျှောက်ထွက်သွားသည်။

ခြံဝန်းအပြင်ဘက်တွင် ဆရာသခင်လုသည် ဤမြင်ကွင်းကို မျက်မှောင်အနည်းငယ်ကျုံ့လျက် ကြည့်နေသည်။

ဘေးအခန်း အနောက်ရှိ ရေပုလင်းထဲတွင် အပြာနုရောင် ဆေးလုံးတစ်ပိုင်းသည် ရေထဲ ပျောက်ကွယ်သွားသည်အထိ ဖြည်းဖြည်းချင်း အရည်ပျော်နေသည်ကို မည်သူမျှ မသိလိုက်ပေ။

ဆရာသခင်လု ကျင်းကျူးနှင့် လီရှီရှူးတို့ကို မနက်ခင်းမြူခိုးများထဲ ဦးဆောင်သွားပြီး မကြာမီ ပျောက်ကွယ်သွားကြ၏။

ဖခင်ဖြစ်သူ လီနှင့် မိခင်ဖြစ်သူ လီတို့သည် မျက်ရည်များ သုတ်လိုက်ကြကာ ခြံဝန်းထဲ ပြန်ဝင်သွားကြသည်။ ရုတ်တရက် သူတို့ ဘာလုပ်ရမလဲ မသိကြတော့ပေ။ တခဏမျှ မှိန်းမောကာ ရပ်နေကြပြီးနောက် သူတို့ ခြံဝန်းကို စတင်သန့်ရှင်းလိုက်ကြပြီး ချက်ပြုတ်ရန် ရေနွေးတည်လိုက်သည်။

ဆန်ပြုတ် ပြုတ်သည်ဖြစ်စေ ရေနွေးကြိမ်းတည်သည်ဖြစ်စေ ပုလင်းထဲရှိ ရေကို သူတို့ အသုံးပြုခဲ့ကြသည်။

ထို့နောက်မှ မိခင်ဖြစ်သူ လီသည် အခန်းထဲ တစ်ခုခု ပျောက်နေသည်ကို သိရှိသွား၏။

ဝါးကုလားထိုင် မရှိတော့ပေ။

****

အကြောင်းပြချက်အချို့ကြောင့် ဆရာသခင်လု အာအိုးယာမာဂိုဏ်းသို့ ဓားပျံစီး၍ ပြန်ရန် မရွေးချယ်ခဲ့ပေ။ ထို့အစား လမ်းလျှောက်ရန် သူ ရွေးချယ်ခဲ့သည်။

သေချာပေါက် လီရှီရှူး ဤအကြောင်းကို မတွေးမိခဲ့ပေ။ အကြောင်းမှာ လောကကြီးရှိ တစ်စုံတစ်ယောက်က ဓားတစ်ချောင်းအပေါ် ပျံသန်းနိုင်သည်ဟု သူ ဘယ်တုန်းကမှ မတွေးခဲ့ဖူးသောကြောင့်ဖြစ်သည်။

သို့သော် အာအိုးယာမာဂိုဏ်း၏ ဤတတိယမျိုးဆက် တပည့်သည် ယခုအခါ စိတ်ဆန္ဒဆက်ခံခြင်း၏ ပြီးပြည့်စုံသော အဆင့်တွင်ဖြစ်သည်ကို ကျင်းကျူး ကောင်းစွာ သိထားပေသည်။ ယေဘုယျကျကျဆိုရပါက သူသည် လူနှစ်ယောက်ကို သယ်ဆောင်ရမည်ဆိုလျှင်ပင် ဓားတစ်ချောင်းကို အလွယ်တကူ စီးနင်းနိုင်သင့်သည်။

ထို့ကြောင့် သူ ဘာကြောင့် လမ်းလျှောက်ရန် ‌ရွေးချယ်ခဲ့သနည်း။ သူသည် အခြားကျင့်ကြံသူများက ဓားပျံ၏ သဲလွန်စများကို ‌တွေ့ရှိပြီး ပြဿနာရှာမည်ကို စိုးရိမ်နေသည်လော။

ကျင်းကျူး နားမလည်ခဲ့ပေ။ သူ့အမြင်အရ အာအိုးယာမာဂိုဏ်းသည် မျိုးဆက်တစ်ခုစီနှင့်အတူ ဆိုးရွားလာခဲ့သော်လည်း ထိုမျှ အတိုင်းအတာအထိ မဟုတ်လောက်ပေ။

တောင်ရွာလေးသည် အာအိုးယာမာဂိုဏ်း၏ အဓိက ဂိတ်မှ အများဆုံး မိုင်တစ်ရာအဝေးတွင်ဖြစ်သည်။ အကယ်၍ ဤသို့သော နေရာတစ်နေရာတွင် အာအိုးယာမာဂိုဏ်း၏ တပည့်တစ်ယောက်က ထိုမျှ သတိရှိရန် လိုအပ်ခဲ့ပါက ထိုသည်မှာ လုံးဝသူရဲဘောကြောင်ခြင်းဖြစ်ပေလိမ့်မည်။

ကျင်းကျူး တွေးနေသည့်အရာကို ဆရာသခင်လု မသိခဲ့ပေ။ သူသည် အကောင်ကြီးနှင့် အကောင်ငယ် လူငယ်လေးနှစ်ယောက်ကို မြူများ ဖုံးလွှမ်းနေသည့် တောင်ထွတ်များဆီသို့ တိတ်ဆိတ် နိမ့်ချစွာ ဦးဆောင်သွားသည်။

တတိယမြောက်နေ့တွင် မြူခိုးတစ်လွှာကို ဖြတ်သန်းပြီးနောက် မြင်ကွင်းက ရုတ်တရက် ကြည်လင်လာ၏။

မရေမတွက်နိုင်သော အစိမ်းရောင်တောင်ထွတ်များက သူတို့ရှေ့ထွက်ပေါ်လာသည်။ တစ်ချို့သည် ကြော့ကြော့မော့မော့ဖြစ်ပြီး တစ်ချို့သည် မတ်စောက်ကြကာ တစ်ချို့တွင် မှန်တစ်ချပ်ကဲ့သို့ ချောမွေ့သော ကျောက်နံရံများရှိပြီး တွယ်တက်ရန် လုံးဝမဖြစ်နိုင်သော်လည်း တောင်ထွတ်တွင် လူ‌နေသည့် လက္ခဏာများ ရှိနေကြသည်။

‘အာအိုးယာမာရဲ့ ဒဏ္ဍာရီလာ တောင်ထွတ်ကိုးခုက သူတို့ထဲမှာလား။’

လီရှီရှူး ထပ်တလဲလဲ အံ့အားတကြီးရေရွတ်သံပြုလိုက်သော်လည်း ကျင်းကျူး ၎င်းတို့ကို ကြည့်ပင်မကြည့်ခဲ့ပေ။

သူတို့သုံးယောက်သည် တောင်ထွတ်သို့ ဦးတည်သည့် အပြာရောင်ကျောက်တုံးများ ခင်းထားသည့် တောင်လမ်းအတိုင်း လိုက်ပါသွားလိုက်ကြသည်။ သိပ်မကြာမီ သူတို့ ကျောက်တုံးဂိတ်တစ်ခုကို တွေ့လိုက်ကြ၏။

ထိုကျောက်တုံးဂိတ်သည် ရိုးရှင်းပြီး ရေညှိများဖြင့် ဖုံးလွှမ်းနေကာ ရှေးကျသည့် အငွေ့အသက်ရှိသည်။ အလျားလိုက်ဖြစ်နေသော ကျောက်ပြားပေါ်တွင် ‘တောင်ပိုင်းထင်းရှူးစံအိမ်’ ဟူသော စကားလုံးများကို ရေးရေးလေး မြင်နိုင်ပေသည်။

ဤသည်က အာအိုးယာမာဂိုဏ်း၏ တောင်ဘက်ပိုင်း တောင်တံခါးဖြစ်၏။

ဤတောင်တံခါးကို မြင်သည်နှင့် ဆရာသခင်လု၏ မျက်နှာသည် အပြုံးတစ်ခုပေါ်လာပြီး သူသည် များစွာ ပို၍ စိတ်သက်သာရာရသွားသည်မှာ ထင်ရှားသည်။

တောင်ဂိတ်တံခါးသည် ချောင်ကျပြီး တောထဲရှိ ငှက်အော်သံများကိုပင် မကြားရပေ။

ဂိတ်တံခါးအောက်တွင် သစ်သားစားပွဲတစ်လုံးရှိနေသည်။ စားပွဲပေါ်တွင် စုတ်တံတစ်ချောင်း၊ မှင်တုံးတစ်တုံး၊ စာရွက်အနည်းငယ်တို့ ရှိကြပြီး မီးခိုးရောင်ဝတ်ဆင်ထားသည့် လူတစ်ယောက်က မှောက်အိပ်နေလေသည်။

******************************

PTH
Author: PTH
ကောင်းကင်ဘုံသို့ လျှောက်သောလမ်း

ကောင်းကင်ဘုံသို့ လျှောက်သောလမ်း

PTH, 大道朝天
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2017 Native Language: Chinese
ငါက ဓားပဲ... မိုင်တစ်ထောင်အတွင်း လူတစ်ယောက်ကို သတ်ဖြတ်တယ်... ဘယ်သူကမှ ခြေဆယ်လှမ်း မလှမ်းရဲကြဘူး။ မိုင်တစ်ထောင်အတွင်း လူတစ်ယောက်ကို သတ်ဖြတ်တယ်... ဘယ်သူကမှ ခြေဆယ်လှမ်း မလှမ်းဝံ့ကြဘူး။ လူတစ်ယောက်ကို မိုင်တစ်ထောင်အတွင်း သတ်ဖြတ်တယ်... ခြေဆယ်လှမ်းလား... မဖြစ်နိုင်ဘူး။ ကောင်းကင်ဘုံကို သွားတဲ့ လမ်းမှာ လူတစ်ယောက်စီတိုင်းက ကိုယ့်ကံကြမ္မာကိုယ် စီရင်ရမယ်။စာစဉ်တင်သည့် ပေ့ချ်- https://www.facebook.com/TheHumanEmperorXoxa

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset