PTH အပိုင်း ၄

ကောင်းကင်ဘုံသို့ လျှောက်သောလမ်း

အပိုင်း ၄ ကိုးရက်

တစ်နာရီ၏ လေးပုံပုံ သုံးပုံအချိန်ကုန်လွန်ပြီးနောက် လူငယ်လေး သူ့မျက်လုံးကို နောက်တစ်ကြိမ် ပြန်ဖွင့်လိုက်သည်။ သူ၏ ခြောက်သွေ့နေသော အဝတ်အစားများကို သစ်ကိုင်းမှ ယူကာ ဝတ်ဆင်လိုက်၏။ တိမ်များထဲ နောက်တစ်ကြိမ် ပျောက်ကွယ်သွားပြီဖြစ်သည့် အဝေးရှိ တောင်တစ်လုံးကို သူ ကြည့်လိုက်ပြီးနောက် လှည့်လိုက်ကာ ရေစီးအတိုင်း လျှောက်သွားလိုက်သည်။

ကန်ထဲမှ သူ လျှောက်ထွက်လာခဲ့ချိန်နှင့် နှိုင်းယှဉ်ပါက သူ့ခြေလှမ်းများသည် များစွာပို၍ တည်ငြိမ်လာခဲ့ကြသည်။ ထိုသည်မှာ သူက လမ်းလျှောက်သင်ခဲ့ပြီးသည့်အလား သို့မဟုတ် သူက ဤခန္ဓာကိုယ်နှင့် အသားကျခဲ့ပြီးသည့်အလား ဖြစ်၏။

စမ်းချောင်း၏ ကမ်းနားတွင် မြူခိုးများရှိသော်လည်း ကံကောင်းထောက်မစွာဖြင့် ကျောက်တုံးများရှိမ‌နေသောကြောင့် လမ်းလျှောက်ရ မခက်ပေ။ စမ်းချောင်းနောက်လိုက်ပါကာ တောင်မှထွက်ခွာပြီး ရွာတစ်ရွာရှေ့ရောက်ရန် သူ့အတွက် အချိန်အရမ်းမကြာခဲ့ပေ။

လယ်တောထဲ မြေဆွနေသည့် လယ်သမား၊ ကောက်ရိုးလှည်းတစ်စီးကို မောင်းနှင်နေသည့် လူအိုကြီးတစ်ယောက်၊ တောင်တစ်ဝက်ရောက်နေသည့် အစားအစာလာပို့သော အမျိုးသမီးတစ်ယောက်နှင့် ရွာဝင်ပေါက်ရှိ သစ်ပင်ကြီးတစ်‌ပင်အောက်တွင် ကစားနေကြသည့် ကလေးသူငယ်များသည် သူတို့အလုပ်များကို တဖြည်းဖြည်း ရပ်တန့်လိုက်ကြပြီး မတ်တပ်ရပ်လိုက်ကြသည်။

အဖြူရောင်ဝတ် လူငယ်လေး ရွာထဲ ဝင်လာခဲ့၏။

လယ်သမား၏ လက်ထဲရှိ ပေါက်ပြားသည် မြေပေါ်သို့ ပြုတ်ကျသွားပြီး ခြေထောက်ကို ထိမိလုနီးပါးပင်။

လူအိုကြီး၏ ပါးစပ်ထဲရှိ ဆေးတံသည် ပြုတ်ကျသွားပြီး လှည်းဆွဲနေသည့် မြည်းကို အပူလောင်သွားကာ နာကျင်စွာ အော်ဟစ်သွားစေသည်။

အမျိုးသမီးသည် သူမ၏လက်ထဲရှိ အိုးကို တင်းကြပ်စွာ ကိုင်ဆောင်ထားသော်လည်း သူမ၏ ပါးစပ်က အိုးနှုတ်ခမ်းထက်ပင် ကျယ်လောင်နေခဲ့သည်။

ကလေးများသည် ရုတ်တရက် လူစုကွဲသွားပြီး ရွာအနှံ့ အော်ဟစ်ပြေးလွှားကြကုန်သည်။ သူတို့ထဲတွင် စတင်ငိုကြွေးနေပြီဖြစ်သည့် မိန်းမငယ်လေးတစ်ယောက်ပင် ရှိ၏။

အဖြူရောင်ဝတ် လူငယ်လေး ရပ်တန့်သွားပြီး ဖြစ်ပျက်နေသည့်အရာကို နားမလည်နေပေ။

ခြေသံများစွာ ထွက်ပေါ်လာပြီး ရွာထဲရှိ လူများအားလုံး ရွာဝင်ဝတွင် စုဝေးလာခဲ့ကာ သူတို့၏ မျက်နှာများက စိုးရိမ်ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေကြသည်။

လူအိုကြီးတစ်ယောက်၏ ဦးဆောင်မှုအောက်တွင် ရွာသူ ရွာသားများသည် မြေကြီးပေါ် ကိုးယိုးကားယား ဒူးထောက်လိုက်ကြပြီး ညီညာစွာ အော်ဟစ်လိုက်ကြသည်။
“အင်‌မော်တယ်ဆရာသခင်လူကြီးမင်းကို နှုတ်ခွန်းဆက်သပါတယ်”

အဖြူရောင်ဝတ် လူငယ်လေး၏ အမူအရာသည် မပြောင်းလဲသွားပေ။ လွန်ခဲ့သည့် နှစ်များစွာအကြာက သေမျိုးလောကသို့ သူ တစ်ခါတစ်ရံ သွားရောက်သောအခါ သူသည် ဤသို့သော မြင်ကွင်းမျိုးကို ကြိမ်ဖန်များစွာ ကြုံဆုံခဲ့သည်။

သို့သော် မကြာမီ တစ်ခုခုထူးဆန်းနေသည်ကို သူတွေ့ရှိလိုက်ရ၏။
‘ဒီသာမန် ရွာသားတွေက ဘယ်လိုလုပ် ငါ့ရဲ့တကယ့်ဇစ်မြစ်ကို သိနေရတာလဲ’

ဤမေးခွန်းအတွက် အဖြေရှိမနေပေ။ သူ မမေးခဲ့သောကြောင့် ရွာသားများက ဖြေကြလိမ့်မည်မဟုတ်ပေ။

ရွာသားများသည် ကြီးမားသော စိတ်အားထက်သန်မှုဖြင့် သူ့အား ကြည့်နေကြသော်လည်း သူတို့၏အမူအရာများက တော်တော်လေးလည်း ‌ကြောက်ရွံနေကြသည်။

ထိုသို့သော အကြည့်များဒါဇင်ချီဖြင့် အကြည့်ခံနေရသော်လည်း လူငယ်လေး မတုန်လှုပ်သွားခဲ့ပေ။ တခဏလောက် တွေးတောပြီးနောက် သူပြောလိုက်သည်။
“အားလုံးပဲ တွေ့ရတာဝမ်းသာပါတယ်”

“တွေ့ရတာဝမ်းသာပါတယ် အင်မော်တယ်ဆရာသခင်”

ဦးဆောင်လိုက်သူမှာ ထိုလူအိုကြီးဖြစ်နေဆဲဖြစ်ပြီး ရွာသားများအားလုံး တစ်ပြိုင်တည်း တုံ့ပြန်လိုက်ကြသည်။

ဤသည်က အခမ်းအနားတစ်မျိုးမျိုးကဲ့သို့ပင်။

ရွာသားများ နောက်တစ်ကြိမ်အရိုအသေပေးလိုက်ကြပြီး အချိန်မီမတုံ့ပြန်ခဲ့သည့် ကလေးအချို့တို့သည် သူတို့မိဘများ၏ ရိုက်နှက်ဆုံးမခြင်းကိုပင် ခံခဲ့ရသည်။

ထိုကလေးများ မငိုကြွေးခဲ့ကြပေ။ သို့သော် လောကရှိ အရှားပါးဆုံးသော ချိုချဉ်ကို မြင်တွေ့နေရသည့်အလား ပြူးကျယ်သည့် မျက်လုံးများဖြင့် လူငယ်လေး၏မျက်နှာကိုသာ စိုက်ကြည့်နေကြသည်။

တိတ်ဆိတ်နေပေ၏။ သစ်ပင်များ လေပြေကြောင့် ယိမ်းနွဲ့နေကြ‌ပြီး တရှဲရှဲမြည်သံကို ထွက်ပေါ်နေစေသည်။

ရွာသားများ တစ်ယောက်မှ စကားမပြောရဲကြပေ။ သူတို့သည် အရိုသေဆုံး ပုံစံကို ထိန်းသိမ်းထားကြပြီး အနည်းငယ်ဦးညွှတ်၍ ရပ်နေကြသည်။

အချိန်ခနကြာပြီးနောက် အဖြူရောင်ဝတ်လူငယ် ရုတ်တရက် ပြောလိုက်သည်။
“ငါ ဒီမှာ တစ်နှစ်လောက်နေချင်တယ်”

လူအိုကြီး အံ့အားသင့်သွားပြီး သူ့နားကို သူ မယုံကြည်နိုင်ဖြစ်သွားသည်။ ရွာသားများသည်လည်း အံ့ဩသွားကြ၏။
‘အင်မော်တယ်ဆရာသခင် ဘာကို ဆိုလိုတာလဲ’

လူတိုင်း၏ တုံ့ပြန်ပုံကိုကြည့်ကာ အဖြူရောင်ဝတ်လူငယ်လေး မှတ်ဉာဏ်တွေထဲ ရှာဖွေလိုက်ပြီး တစ်ခုခုကို သတိရသွားသည်။
‘ကြည့်ရတာ သေမျိုးလောကမှာ ပိုက်ဆံက အရမ်းအရေးကြီးတဲ့အရာဖြစ်ပုံရတယ်’

သူ လူအိုကြီးရှေ့ သူ့လက်ကို ဆန့်ထုတ်လိုက်သည်။ သူ့လက်ဝါးထဲတွင် ရွှေရောင်သစ်ရွက် ဒါဇင်ချီရှိနေကြ၏။

တခြားအချိန်တွင်ဖြစ်ခဲ့ပါက ရွှေရောင်သစ်ရွက်များကို မြင်လိုက်ရချိန်တွင် ရွာသားများ စိတ်လှုပ်ရှားမှုကြောင့် သတိလစ်သွားပေလိမ့်မည်။ သို့သော်လည်း သူတို့သည် အဖြူရောင်ဝတ်လူငယ်လေးကို မကြည့်မီ တစ်ချက်သာ ကြည့်ခဲ့ကြသည်။

သူတို့၏ မျက်လုံးထဲတွင် အဖြူရောင်ဝတ်လူငယ်လေးသည် ဤရွှေသစ်ရွက်များထက် များစွာပို၍ ကြည့်ကောင်းပေသည်။ ထို့အပြင် သူတို့သည် ဤရွှေသစ်ရွက်များကို မည်သို့ ယူနိုင်မည်နည်း။

“အင်မော်တယ်ဆရာသခင်က နေချင်စိတ်ရှိတာ ကျွန်တော်တို့ရဲ့ ကံကောင်းမှုပါပဲ”

လူအိုကြီး စိတ်မသက်မသာဖြင့် ပြောလိုက်သည်။
“ဒါပေမယ့် ကျွန်တော်တို့ရဲ့ ကျေးရွာက ဆင်းရဲပြီး အင်မော်တယ်ဆရာသခင်အတွက် တိတ်တဆိတ်ကျင့်ကြံဖို့ နေရာတစ်ခုကို တကယ်ပဲ ရှာဖွေလို့မရပါဘူး။”

အဖြူရောင်ဝတ်လူငယ်လေးသည် လူအိုကြီးက ထိုမျှ အချိန်တိုအတွင်း မည်မျှ တွေးတောခဲ့သည်ကို မသိသလို ရွာသားများ တွေးတောနေသည့်အရာကိုလည်း မသိခဲ့ပေ။

သေချာပေါက် သူ ဂရုမစိုက်ခဲ့ပေ။ သူသည် တစ်ဖက်လူက သူ့တောင်းဆိုချက်အား လိုက်လျောလိမ့်မည်ကိုသာ သိသည်။ သူ့အကြည့်သည် ရွာသားများကို ဖြတ်ကျော်ပြီး ကောင်လေးတစ်ယောက်အပေါ် ကျရောက်သွားသည်။

ထိုကောင်လေးသည် အနည်းငယ်အသားညိုပြီး အလွန်ကြံ့ခိုင်ကာ ရိုးသားသော အမူအရာရှိသည်။ သူသည် လူများအား သာမန်ဆန်ပြီး ရိုးသားသော ခံစားချက်တစ်ခုကို ပေးနေ၏။

“မင်း ဘယ်မှာနေလဲ”

အဖြူရောင်ဝတ်လူငယ်လေး ထိုကောင်လေးကိုကြည့်ကာ မေးလိုက်သည်။

ကောင်လေးသည် ကြက်သေသေသွားပြီး သူ့ဖခင်က သူ့မျက်နှာကို မရိုက်ခင်အချိန်အထိ မတုံ့ပြန်ခဲ့ပေ။

“ကန်းဝ အင်မော်တယ်ဆရာသခင်ကို မြန်မြန်လမ်းပြလိုက်”

လူအိုကြီး စိုးရိမ်တကြီး အော်ဟစ်လိုက်၏။

***

တောင်ရွာလေး၏ အနောက်ဖက်ခြမ်းရှိ ခြံဝန်းတစ်ခုထဲတွင် အခန်းသည် အနည်းငယ် မည်းမှောင်နေသည်။

ကောင်လေးသည် သူ့ဖခင်၏ သတိပေးချက်ကို လိုက်နာခဲ့၏။ သူ ရိုသေစွာ အဖြူရောင်ဝတ်လူငယ်လေးကို ဦးညွှတ်လိုက်ပြီး ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

အဖြူရောင်ဝတ်လူငယ်လေး ရုတ်တရက် မေးလိုက်၏။
“မင်းရဲ့နာမည်က”

ကောင်ငယ်လေး ရပ်လိုက်ပြီး ပြောလိုက်သည်။
“လီပါအိုကန်း”

အဖြူရောင်ဝတ်လူငယ်လေး တခဏမျှ တိတ်ဆိတ်သွားပြီး မေးပြန်သည်။
“အသက်က”

ကောင်လေး ပြောလိုက်၏။
“ဆယ်နှစ်ပါ”

“ပါအိုကန်းက နားထောင်လို့မကောင်းဘူး”

အဖြူရောင်လူငယ် ပြောလိုက်သည်။
“ခုကစပြီး မင်းကို ဆယ်နှစ်သားလေး လို့ခေါ်မယ်”

ထိုကောင်လေး သူ့ခေါင်းသူပွတ်လိုက်သည်။

ခုချိန်မှစ၍ သူသည် ရှီရှူးဖြစ်၏

***

ခြံဝန်းမှထွက်ခွာပြီးနောက် လီရှီရှူး ချက်ချင်း ရွာသားများ၏ ဝန်းရံခြင်းကို ခံလိုက်ရသည်။

လူအိုကြီး စိတ်ပူစွာ မေးလိုက်၏။
“အင်မော်တယ်ဆရာသခင်က ဘာတွေပြောလိုက်လဲ”

“သူ ကျွန်တော့်အသက်ကို မေးတယ်… ပြီးတော့ ကျွန်တော့်ကို နာမည်တစ်ခုပေးတယ်”
လီရှီရှူး စိတ်ရှုပ်ထွေးနေသည့် ပုံစံဖြင့် ပြောလိုက်သည်။

လူအိုကြီး အနည်းငယ်အံ့အားသင့်သွားသော်လည်း ကောင်ကလေး၏ မိဘများက ပျော်ရွှင်သွားကြကာ သူတို့၏ လက်များကို ဆက်လက်ပွတ်သပ်နေကြသည်။

လီရှီရှူး နာမည်အသစ်ကို သဘောမကျသောကြောင့် မကျေမနပ်ပြောလိုက်၏။
“ဒီလိုထူးဆန်းတဲ့နာမည် ဘယ်လိုလုပ် ရှိနေရတာလဲ”

ဖခင်ဖြစ်သူသည် သူ့လက်ကို မြောက်လိုက်ပြီး ရိုက်တော့မည့်ဟန်ပြင်လိုက်သော်လည်း အိမ်ထဲရှိ အင်မော်တယ်ဆရာသခင်ကို ရုတ်တရက် သတိရသွားကာ သူ့ကိုယ်သူ ထိန်းလိုက်သည်။

လူအိုကြီး ပြစ်တင်လိုက်၏။
“အင်မော်တယ်ဆရာသခင် နာမည်တစ်ခုပေးအပ်ချီးမြှင့်တာက ကြီးမြတ်တဲ့ ကောင်းချီးတစ်ခုပဲ။ သာမန်လူတွေက အဲဒါကို တောင်ပန်းလို့တောင် မရဘူး။ အဓိပ္ပာယ်မရှိတာ မပြောနဲ့”

လီရှီရှူး အိမ်ထဲတွင် သူနောက်ဆုံးပြောခဲ့သည့် စကားအနည်းငယ်ကို ရုတ်တရက်သတိရသွားပြီး လျင်မြန်စွာပြောပြလိုက်သည်။
“ဒါပေမယ့် သူပြေတာက သူက အင်မော်တယ်ဆရာသခင် မဟုတ်ဘူး တဲ့”

ရွာသားများ သဘောမပေါက်ကြပေ။ သူတို့သည် အကယ်၍ ထိုပုဂ္ဂိုလ် အင်မော်တယ်ဆရာသခင်မဟုတ်ခဲ့ပါက မည်သူဖြစ်နိုင်မည်နည်း ဟု တွေးလိုက်မိကြသည်။

“သူက အရူးတစ်ယောက်နဲ့ နည်းနည်းတူတယ်လို့ ကျွန်တော် ထင်တယ်”

လီရှီရှူး ရိုးသားစွာ ပြောလိုက်၏။
“သူက ကျွန်တော့်ကို သူ့ကို သင်ပြစေချင်နေတယ်”

လူအိုကြီး တုံ့ဆိုင်းသွားပြီး မေးလိုက်၏။
“အင်မော်တယ်ဆရာသခင်က… သူ့ကို ဘာတွေ သင်ပြခိုင်းစေချင်နေတာလဲ”

လီရှီရှူးပြောလိုက်သည်။
“အိပ်ယာခင်းတာ၊ အဝတ်လျှော်တာ၊ အစားအစာ ချက်ပြုတ်တာ၊ ထင်းခွဲတာ.. ဟုတ်တယ် အဲဒါတွေပဲ။ ကျွန်တော် အကုန်မှတ်မိတယ်။”

ရွာသားများ အလွန်အံ့ဩသွားကြ၏။ သူတို့သည် အကယ်၍ သူက ဤအရာများကို မည်သို့ ပြုလုပ်ရန်ပင် မသိပါက အိမ်ထဲရှိ ပုဂ္ဂိုလ်သည် အင်မော်တယ်ဆရာသခင်မဟုတ်ဘဲ အမှန်တကယ် အရူးတစ်ယောက်လော ဟု တွေးလိုက်မိကြသည်။

လူအိုကြီး ရယ်မောလိုက်ပြီး ပြောလိုက်၏။
“ကြီးမြတ်တဲ့ အာအိုးယာမာမှာ အင်မော်တယ်ဆရာသခင်တွေက သူတို့ကို အလုပ်အကျွေးပြုဖို့ သူတို့ကိုယ်ပိုင် ဓားကောင်လေးတွေရှိကြတယ်။ သူက ဝတ်ရည်တွေကို သောက်ပြီး အင်မော်တယ် သစ်သီးတွေကို စားတယ်။ သူက ဘာလို့ ဒီအရာတွေ လုပ်ရမှာလဲ။”

***

လာမည့်နေ့များတွင် လီမိသားစု၌ နေထိုင်နေသည့် အင်မော်တယ်ဆရာသခင်သည် တောင်ရွာငယ်လေး‌တွင် အာရုံစိုက် ဆွေးနွေးစရာ ဗဟိုချက်ဖြစ်လာခဲ့သည်။

ရွာသားများသည် လူအိုကြီး၏ စကားများကို လက်ခံပြီး အင်မော်တယ်ဆရာသခင်၏ ဇစ်မြစ်ကို ခိုင်မာစွာ ယုံကြည်ထားကြသည်။

သူတို့နားမလည်သည့် တစ်ခုတည်းသော အရာမှာ အင်မော်တယ်ဆရာသခင်က ကြီးမြတ်သော အာအိုးယာမာသို့ မပြန်ဘဲ ဤတောင်ရွာလေးတွင် နေထိုင်နေသည့် အကြောင်းအရင်းကို ဖြစ်သည်။ မျိုးဆက်ရှစ်ခုမှ ကောင်းချီးများကို စုဆောင်းရရှိထားသည့် လီမိသားစုမှ အကောင်ငယ်လေးသည် ဘာကြောင့် သူ့အား ဤအရာများ သင်ပေးနေခဲ့သနည်း။

ရွာသားများ၏ မနာလိုခြင်းကို ခံနေရသည့် လီရှီရှူးသည် တစ်စုံတစ်ယောက်က ဘာကြောင့် ဤမျှ လွယ်ကူသောအရာများအား မလုပ်နိုင်ခြင်းကို နားမလည်ခဲ့ပေ။

ထိုညက ထိုလူ အိပ်ရန် လိုအပ်သောကြောင့် သူသည် ထိုလူ့ကို အိပ်ယာမည်သို့ ပြင်ရမည်ဆိုသည်အား သင်ပြခဲ့သည်။

နောက်နေ့မနက်တွင် သူသည် ထိုလူ့အား အိပ်ယာမည်သို့ သိမ်းရမည်ဆိုသည်ကို သင်ပြပေးခဲ့သည်။

ထိုအချိန်မှသာ သူသည် တစ်ဖက်လူက ဤအရာများအား ယခင်က လုံးဝမလုပ်ခဲ့ဖူးကြောင်း သဘောပေါက်သွားခဲ့သည်။

သူ ဤအရာကို နားလည်သဘောပေါက်လိုက်ချိန်တွင် သူသည် အမှန်ပင် ကြက်သေသေသွားခဲ့ရ၏။

“ထမင်းရည်ငဲ့တဲ့အခါ ထမင်းတွေ မပါသွားစေနဲ့”

“ထင်းကို သေးသေးလေးမခွဲနဲ့၊ မီးလောင်နိုင်မှာမဟုတ်ဘူး။”

“ငါးအကြေးခွံတွေမလိုဘူး၊ ငါးပါးဟပ်တွေမလိုဘူး၊ ဒီအနက်ရောင် အပိုင်းတွေ… သူတို့ကိုလည်း မလိုဘူး”

“ဘယ်ဘက်ကို ခုတ်လိုက်၊ ညာဘက်ကို ခုတ်လိုက်။ အဲဒါကိုတော့ မခုတ်နဲ့ ကောက်ရိုးဝတ်ရုံရှည် ရလာလိမ့်မယ်။ ဟုတ်တယ်၊ မှန်တယ်၊ မှန်တယ်”

“အဲဒါ ကန်စွန်းဥမဟုတ်ဘူး၊ ဖရဲသီးပဲ… မြန်မြန်ချထားလိုက်။ အမေက အဲဒါကို မကြိုက်ဘူး။”

“အနက်ကြီး မခုတ်နဲ့”

***

လီရှီရှူးသည် ထိုမျှ မေ့တတ်သောလူ လောကတွင် ရှိနေမည်ဟု မထင်ထားခဲ့ပေ။ အဖြူရောင်ဝတ်လူငယ်လေးကို သူ မတွေ့ခင်အချိန်ထိဖြစ်သည်။

သို့သော် ကိုးရက်ကြာပြီးနောက် သူ သူ့အမြင်ကို စတင် သံသယဝင်လာ၏။

အကြောင်းမှာ အဖြူရောင်ဝတ်လူငယ်လေးသည် သူ သင်ပေးခဲ့သမျှအား တတ်မြောက်ရန် ကိုးရက်သာ အသုံးပြုခဲ့‌သောကြောင့်ဖြစ်သည်။

ပထမဆုံးနေ့တွင် အဖြူရောင်ဝတ်လူငယ်သည် အိပ်ယာပြင်ခြင်း၊ ထင်းခွဲခြင်းနှင့် ရေနွေးအိုးတည်ခြင်းကဲ့သို့သော အရိုးရှင်းဆုံးနည်းလမ်းများကို သင်ယူခဲ့သည်။

ဒုတိယနေ့တွင် အဖြူရောင်ဝတ်လူငယ်လေးသည် ပို၍ ရှုပ်ထွေးသော အိမ်အလုပ်များကို သင်ယူခဲ့သည်။ လီမိသားစု၏ အိမ်သည် သန့်ရှင်းတောက်ပနေခဲ့၏။

တတိယမြောက်နေ့တွင် အဖြူရောင်ဝတ်လူငယ်လေး စတင်ချက်ပြုတ်ခဲ့၏။ အနည်းငယ်ကြည့်ရှူ့ပြီးနောက် ကြက်များကို မည်သို့ သတ်ဖြတ်ရမည်၊ ငါးများကို မည်သို့ ခုတ်ရမည်၊ ကြက်သွန် မည်သို့ လှီးရမည်၊ ကြက်သွန်မြိတ် မည်သို့ ဖြတ်ရမည် စသည်တို့ကို သူ သင်ယူခဲ့သည်။

လေးရက်မြောက်နေ့၊ ငါးရက်မြောက်နေ့၊ ခြောက်ရက်မြောက်နေ့…

ကိုးရက်မြောက်နေ့တွင် နေသည် ပုံမှန်အတိုင်း မြင့်တက်လာ၏။ အဖြူရောင်ဝတ်လူငယ်လေးသည် ဝါးအချို့ခုတ်ပြီး ပက်လက်ကုလားထိုင်တစ်လုံး ပြုလုပ်ခဲ့သည်။ သူ၏ ပန်းပုလက်ရာသည် ဝါးပန်းပုပညာရှင်ဟောင်းများထက်ပင် ပိုကောင်းနေ၏။

***

ယခုအခါ အဖြူရောင်ဝတ်လူငယ်လေးသည် သခွားသီးကို နှစ်ပေအရှည်အထိ ခြစ်နိုင်ပြီး အထူများက အတူတူဖြစ်သည်။ ထင်းများအတွက်မူ ၎င်းတို့က မယုံနိုင်စရာကောင်းလောက်အောင် လှပ၏။

ရေအတူတူ၊ ဆန်အတူတူ၊ အာလူးအတူတူ၊ မီးဖိုနှင့် အိုးများ အတူတူဖြစ်‌သော်လည်း ထိုအဖြူရောင်ဝတ်လူငယ်လေးချက်ပြုတ်သည့် ထမင်းသည် လီရှီရှူး စားခဲ့ဖူးသမျှ ထမင်းများထက် ပို၍ အရသာရှိသည်။

အဖြူရောင်ဝတ်လူငယ်လေးသည် ခြံဝန်းနံရံများကိုပင် ပြန်ဆောက်ခဲ့၏။ ကာလကြာရှည်စွာ ပျက်စီးနေသော တံစက်မြိတ်များကို အသစ်အတိုင်း သပ်ရပ်စွာ ပြုပြင်ခဲ့သည်။

လီရှီရှူး ထိုလူငယ်၏ ဇစ်မြစ်အား သံသယဝင်ရန် ခက်ခဲသည်ကို တွေ့လိုက်ရ၏။

ထို့အပြင် မည်သူကများ ထိုသို့သော အရာတစ်ခုကို ပြုလုပ်နိုင်မည်နည်း။

နောက် အဖြူရောင်ဝတ်လူငယ်လေး သူ့အဝတ်အစားများအား လျှော်ဖွတ်နေသည်ကို သူ မမြင်တွေ့ခဲ့ပေ။

အလုပ်အများကြီးလုပ်ပြီးနောက် အဖြူရောင်ဝတ်လူငယ်လေးက ဘာကြောင့် အကောင်းဆုံးထမင်းကဲ့သို့ ဖြူဖွေးနေဆဲဖြစ်သည်ဆိုသည်ကို သူ နားမလည်ခဲ့ပေ။

********************************

PTH
Author: PTH
ကောင်းကင်ဘုံသို့ လျှောက်သောလမ်း

ကောင်းကင်ဘုံသို့ လျှောက်သောလမ်း

PTH, 大道朝天
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2017 Native Language: Chinese
ငါက ဓားပဲ... မိုင်တစ်ထောင်အတွင်း လူတစ်ယောက်ကို သတ်ဖြတ်တယ်... ဘယ်သူကမှ ခြေဆယ်လှမ်း မလှမ်းရဲကြဘူး။ မိုင်တစ်ထောင်အတွင်း လူတစ်ယောက်ကို သတ်ဖြတ်တယ်... ဘယ်သူကမှ ခြေဆယ်လှမ်း မလှမ်းဝံ့ကြဘူး။ လူတစ်ယောက်ကို မိုင်တစ်ထောင်အတွင်း သတ်ဖြတ်တယ်... ခြေဆယ်လှမ်းလား... မဖြစ်နိုင်ဘူး။ ကောင်းကင်ဘုံကို သွားတဲ့ လမ်းမှာ လူတစ်ယောက်စီတိုင်းက ကိုယ့်ကံကြမ္မာကိုယ် စီရင်ရမယ်။စာစဉ်တင်သည့် ပေ့ချ်- https://www.facebook.com/TheHumanEmperorXoxa

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset