ကောင်းကင်ဘုံသို့ လျှောက်သောလမ်း
အပိုင်း ၃ မြစ်ထဲ နောက်တစ်ကြိမ်ရေနစ်သွားပြန်သော လူငယ်လေး
ယင်စန်း၏ အလောင်းကို သယ်ဆောင်ကာ ကျောင်းလေးယု မြို့ထဲမှ ထွက်ခွာလာခဲ့၏။ သူမသည် မြက်ခင်းစိမ်းပေါ် နင်းလျှောက်နေပြီး သူမ၏ ခြေလှမ်းများက ပေါ့ပါးကာ မြန်ဆန်ကြသည်။
ကောင်းကင်မှ တောက်ပသော အလင်းရောင်က သူမ၏ သေးသွယ်သော ခန္ဓာကိုယ်အား မြေပြင်ပေါ် ရှည်လျားသော အရိပ်တစ်ခုထင်နေစေပြီး ၎င်းက အလင်းရောင် ပို၍ ပို၍ တောက်ပလာသည်နှင့် တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။
ကုန်းမြေတိုက်တစ်ခုလုံးရှိ အရေးအကြီးဆုံးသော အရာ ဖြစ်ပျက်နေသော်လည်း သူမ လှည့်မကြည့်ခဲ့ပေ။ သူမသည် သူမရှေ့ရှိ အရိပ်က ပုံသဏ္ဍာန်ပြောင်းလဲသွားသည်ကိုသာ ကြည့်နေခဲ့ပြီး ၎င်းက ကောင်းကင်နှင့် ကမ္ဘာမြေတို့ရှိ ထူးဆန်းဖွယ်ရာများထက် ပို၍စိတ်ဝင်စားစရာကောင်းနေသည့်အလားပင်။
မည်သူမျှ သူမအား သတိမပြုမိခဲ့သလို မည်သူမျှ သူမ၏ အမူအရာက နောက်ဆုံး ပြောင်းလဲသွားသည်ကို သတိမပြုမိခဲ့ပေ။
သူမ၏ နှုတ်ခမ်းစွန်းများက အနည်းငယ်ကော့တက်သွားခဲ့၏။ သူမ ပြုံးနေလေသည်။
တောင်ထွတ်များမှနေ၍ ဩဘာပေးသံများက တဖြည်းဖြည်း လွင့်ပျံလာ၏။
မြို့ထဲတွင် ကြွေးကြော်သံများ ထွက်လာပုံရသည်။
လောကကြီး တောက်ပလာသည်နှင့် ထိုကြွေးကြော်သံများ ကျယ်လောင်သထက် ကျယ်လောင်လာခဲ့ပြီး သူမ၏ အပြုံးက တောက်ပသထက် တောက်ပလာခဲ့ကာ ပါးချိုင့်လေးများက သူမ၏ ပါးနှစ်ဖက်အပေါ် ပေါ်လာသည်အထိဖြစ်သည်။ ထိုသည်က အနည်းငယ်ချစ်စဖွယ်ကောင်း၏။
သူမ အမှန်တကယ် ပျော်ရွှင်နေသော်လည်း အနည်းငယ်လည်း ဝမ်းနည်းနေခဲ့သည်။
မဟာဆရာသခင်ကဲ့သို့ ပါရမီရှင်တစ်ယောက်နှင့် သူမ မျိုးဆက်တစ်ခုထဲတွင် ဖြစ်ခဲ့ပါက မည်မျှ ကောင်းလိမ့်မည်နည်း။
ဗဟုသုတအတွက်ဖြစ်စေ သို့မဟုတ် တာအိုအကြောင်း မေးမြန်းရန်အတွက်ဖြစ်စေ သို့မဟုတ် တခြားတစ်ခုခုအတွက်ဖြစ်စေ…။
တောင်ထွတ်များရှိ ကြွေးကြော်သံများ ရုတ်တရက် ပျောက်ကွယ်သွားကြ၏။
အံ့အားသင့်စရာ မရှိပေ။
လက်ရှိ တိတ်ဆိတ်မှုသည် ကောင်းသော စိတ်ဆန္ဒများကို ကိုယ်စားပြုပေသည်။
ထိုသည်မှာ လောကကြီးကို လင်းထိန်သွားစေသည့် အလင်းရောင်နှင့်တူ၏။
သေချာပေါက်ပင် နောက်ဆုံး၌ စိတ်ပျက်မှုအချို့ ရှိကြပေလိမ့်ဦးမည်။
မဟာဆရာသခင် တက်ရောက်သွားခဲ့ပေ၏။
ကျောင်းလေးယု နောက်ဆုံးတွင် ကောင်းကင်ကို လှည့်ကြည့်လိုက်သည်။
တဖြည်းဖြည်းပျောက်ကွယ်နေသည့် အက်ကြောင်းနှင့် မြင်ကွင်းမှ ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် ဓားအလင်းတို့ကိုကြည့်ကာ သူမ အကြောင်းအရင်းကို မသိသော်လည်း မျက်ခုံးအနည်းငယ် ပင့်တက်သွားခဲ့သည်။
သူမ လက်ထဲရှိအလောင်းကို ကြည့်လိုက်ပြီး သူမ၏ အပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ သူမ အနည်းငယ်ရှုပ်ထွေးနေပြီး သိပ်မသေချာခဲ့ပေ။
****
တိမ်တိုက်နှင့် မြူခိုးများတွင် အဆုံးမရှိသော ရေခိုးရေငွေ့များ ရှိနေကြကာ စမ်းချောင်းများက တွဲပါလာတတ်၏။
တိမ်တိုက်မြို့နှင့် သိပ်မဝေးသည့်နေရာတွင် စမ်းချောင်းတစ်ခုရှိနေသည်။ ထိုစမ်းချောင်းတွင် ပါးလျသည့် မြူခိုးများရှိနေပြီး မြင့်မားသော ချောက်ကမ်းပါးများနှင့် နိမ့်သော တောင်ကုန်းများတစ်ဝိုက် စီးဆင်းနေသည်။ မိုင်ဒါဇင်ချီခရီးနှင်ပြီးနောက် ၎င်းသည် အခြားတောင်ထွတ်၏ တောင်နံရံထဲသို့ ပြန်လည်ဝင်ရောက်သွားခဲ့သည်။
ထိုစမ်းချောင်းသည် တောင်နံရံထဲသို့ မသိရသော အကွာအဝေးအတွက် စီးဆင်းသွားသည်။ လမ်းကြောင်းသည် တဖြည်းဖြည်း ကျယ်ပြန့်လာပြီး အလင်းရောင်သည် တဖြည်းဖြည်း လင်းထိန်လာသည်။ ထိုနေရာတွင် ကျောက်တုံးအခန်းတစ်ခုရှိနေပြီး နံရံကို ရှားပါးသည့် တောက်ပသော ကျောက်စိမ်းဖြင့် စီခြယ်ထားသည်။
ထိုကျောက်တုံးခန်းသည် အလွန်ရိုးရှင်းပြီး တောင်နံရံနှင့် ဆက်နေသည့် ကျောက်တုံးအိပ်ယာတစ်ခုသာရှိ၏။ ထိုအိပ်ယာရှေ့တွင် ဆွေးမြေ့နေသည့် ထိုင်ဖုံနှစ်ခုရှိသည်။
လူငယ်တစ်ယောက်သည် လက်နောက်ပစ်ထားကာ ကျောက်တုံးအိပ်ယာကို ခေါင်းစောင်း၍ ကြည့်နေသည်။ မကြာခဏဆိုသလို လေပြေတစ်ချက်က သူ့အဖြူရောင်ဝတ်ရုံကို တိုက်ခတ်ပေလိမ့်မည်။
ကျောက်တုံးအိပ်ယာပေါ် လဲလျောင်းနေသည့် လူတစ်ယောက်ရှိ၏။ သူ့တစ်ကိုယ်လုံးသည် သွေးများ ဖုံးလွှမ်းနေပြီး နေရာတိုင်းတွင် ဒဏ်ရာဒဏ်ချက်များရှိနေကြသည်။ တစ်ချို့က ကျဉ်းမြောင်းပြီး တစ်ချို့က ကျယ်ပြန့်ကာ တစ်ချို့က နက်ရှိုင်းပြီး တစ်ချို့က မနက်ပေ။ မည်သို့သော လက်နက်မျိုးက သူ့အား ဒဏ်ရာရစေခဲ့သည်ကို ပြောပြရန် မဖြစ်နိုင်ပေ။ သူ့အဝတ်အစားများသည်လည်း စုတ်ပြဲနေကြပြီး ထိုအဝတ်အစားများကို ကောင်းကင်ပိုးမျှင်မှ ရက်လုပ်ထားသည်ဟု ပြောရန် ခက်ခဲသည်။ ခါးပတ်သည် အကောင်းအတိုင်းရှိနေသေးပြီး အလွန်အမင်းမှိန်ဖျော့သော သတ်ဖြတ်ခြင်းအရှိန်အဝါရှိနေ၏။ ၎င်းကို ငရဲနဂါးအရွတ်များဖြင့် ပြုလုပ်ထားပေသည်။ ၎င်းတွင် တံဆိပ်တစ်ခုရှိနေပြီး သာမန် အနက်ရောင်သစ်သားဖြင့် ထုလုပ်ထားပုံရသည်။
ဤပုဂ္ဂိုလ်၏ အရှိန်အဝါသည် လုံးဝပျောက်ကွယ်သွားပြီဖြစ်ပြီး သူသည် သေဆုံးသွားခဲ့သည်မှာ အလွန်ကြာသွားခဲ့ပြီဖြစ်သည်။ ထူးဆန်းသည့်အရာမှာ သူ့မျက်နှာကို မြူခိုးအလွှာတစ်ခုက အမြဲဖုံးလွှမ်းနေပြီး ရှင်းလင်းစွာ မြင်နိုင်ရန် ခက်ခဲစေသည်။
ထိုလူငယ်လေးသည် ကျောက်တုံးအိပ်ယာရှေ့ရပ်နေပြီး ထိုလူကို တိတ်တဆိတ်ကြည့်နေသည်။ သူ ဘာတွေးနေသလဲ မည်သူမျှမသိပေ။
အချိန်အတော်ကြာပြီးနောက် သူ ပြောလိုက်၏။
“အရမ်း…ပျင်းစရာကောင်းတာပဲ”
သူအသံသည် အလွန်ကြည်လင်သော်လည်း အနည်းငယ်ကြမ်းတမ်း၏။ သူသည် စကားပြောခဲသကဲ့သို့ အလွန်နှေးကွေးစွာ ပြောလိုက်ခြင်းဖြစ်ပေသည်။
အလင်းရောင်က သူ့မျက်လုံးထဲ ကျရောက်လာ၏။
သူ့မျက်လုံးများသည် သမုဒ္ဒရာတစ်စင်းအလား ထင်ရ၏။ သူတို့သည် တည်ငြိမ်ပြီး ကြည်လင်ပုံရသော်လည်း မယုံနိုင်စရာကောင်းလောက်အောင် နက်ရှိုင်းပြီး ကျယ်ပြောပုံရကာ မရေမတွက်နိုင်သော မုန်တိုင်းများနှင့် လှိုင်းလုံးများ ပုန်းကွယ်နေပုံရသည်။
ထိုထဲတွင် ရှုပ်ထွေးမှု၊ ဒေါသ၊ နောင်တ၊ ပင်ပန်းနွမ်းနယ်မှုနှင့် သူ့အသက်အရွယ်နှင့်မလိုက်သော လောကဓံအချို့တို့ ပါဝင်နေကြသည်။
တခဏကြာပြီးနောက် သူ့မျက်လုံးထဲရှိ ခံစားချက်များအားလုံး ပျောက်ကွယ်သွားကြပြီး တည်ငြိမ်မှုသာ ကျန်ရစ်တော့၏။
ထိုသည်မှာ တိမ်တိုက်များက တောင်ထွတ်ကိုးခုကြား ပျောက်ကွယ်သွားသည့်အလား သို့မဟုတ် ကောင်းကင်မှ ကျဆင်းလာသော အလင်းရောင်က ဘာမှမရှိခြင်းအဖြစ်သို့ ပြောင်းလဲသွားသည့်အလား ဖြစ်သည်။
“ငါ မင်းကို နည်းနည်းမနာလိုဖြစ်မိတယ်။ မင်းက ကောင်းကောင်းအနားယူလို့ရပြီဆိုပေမယ့် ငါကတော့ နှစ်များစွာအတွက် အလုပ်လုပ်ရဦးမယ်။”
အဖြူရောင်ဝတ်ဆင်ထားသည့် လူငယ်လေးသည် ကျောက်တုံးအိပ်ယာပေါ်ရှိ အသက်မရှိတော့သော လူကို ပြောလိုက်သည်။
ကွယ်လွန်သွားပြီဖြစ်သော လူ၏ ခါးပတ်သည် အနည်းငယ်လှုပ်ရှားသွားပြီး သစ်သားတံဆိပ်က ရုတ်တရက် ပျောက်ကွယ်သွား၏။
အေးစက်သည့် အလင်းရောင်တစ်ခုက ကျောက်တုံးအိပ်ယာမှ ထွက်ခွာလာပြီး သူ့ကိုယ်တစ်ဝိုက် ပျံသန်းကာ ကျောက်တုံးအခန်းကို လင်းထိန်နေစေသည်။ တခဏကြာပြီးနောက် ၎င်းက သူ့ရှေ့၌ ရပ်တန့်သွား၏။
ထိုသည်မှာ ဓားပျံတစ်လက်ဖြစ်ပြီး နှစ်ပေလောက်ရှည်ကာ လက်နှစ်လုံးလောက်ထူသည်။ ဓားသွားသည် မှန်တစ်ချပ်အလား ချောမွေ့နေ၏။ ၎င်းနှင့်ပတ်သက်၍ ထူးထူးခြားခြားမရှိသော်လည်း အလွန်အမင်းထူးဆန်းသည့် ခံစားချက်တစ်ခု ပေးစွမ်းနေသည်။
အဖြူရောင်ဝတ်လူငယ်လေး သူ့ညာလက်ကို မြောက်လိုက်၏။ ထိုဓားပျံသည် ၎င်းဘာသာ ကျဆင်းလာကာ ခလပ်ခနဲ အသံနှင့်အတူ သူ့လက်ကောက်ဝတ်နား ရစ်ပတ်သွားသည်။ ၎င်းသည် တဖြည်းဖြည်းမည်းနက်လာပြီး သာမန်လက်ကောက်ဝတ်အလား ဖြစ်သွား၏။
လှည့်လိုက်ပြီး စမ်းချောင်းဆီသို့ လျှောက်သွားချိန် အဖြူရောင်ဝတ်လူငယ်လေးသည် ထိုပုဂ္ဂိုလ် သူ့အားပြောခဲ့သည့် စကားလုံးများကို ရုတ်တရက် တွေးလိုက်မိသည်။
‘လူတစ်ယောက်က မြစ်တစ်စင်းထဲကို နှစ်ခါဆင်းလို့မရဘူး’
‘အဲဒါ တကယ်ပဲလား’
ဤမေးခွန်းကို တွေးတောကာ သူ စမ်းချောင်းထဲ ဆင်းလိုက်သည်။
***
စမ်းချောင်းသည် တောင်ထဲမှ ဖြတ်သန်းစီးဆင်းပြီး တောင်၏ အခြားတစ်ဖက်မှ ထွက်လာကာ ဆယ်ပေထက်မြင့်မားသည့် လှပသော ရေတံခွန်တစ်ခုကို ဖြစ်ပေါ်နေစေလေသည်။
အဖြူရောင်ဝတ်လူငယ်လေးသည် ထိုစမ်းချောင်းနောက် လိုက်ပါသွားပြီး ကမ်းပါးကြား ကျဆင်းသွားသည်။ သူသည် ရေပေါ်လမ်းလျှောက်ရန်လုပ်လိုက်သော်လည်း သူ့ခြေဖဝါးသည် ရေထဲသို့ နစ်ဝင်သွားပြီဖြစ်ပြီး ရေကန်ထဲ ပြုတ်ကျသွားခဲ့သည်။
သူ့ခြေဖဝါးက ရေကန်အောက်ခြေကို ထိလိုက်သောအခါမှသာ သူသည် ဘာဖြစ်သွားသည်ကို ရေးရေးလေး သဘောပေါက်လိုက်ပြီး တော်တော်လေး ကြက်သေသေသွားခဲ့သည်။
သို့သော် သူသည် သူ့အံ့အားသင့်မှုအား မည်သို့ ဖော်ပြရမည်ကို သိပုံမရသောကြောင့် သူသည် အနည်းငယ် မှိန်းမောသွားသည်ဟု ထင်ရသည်။
အနည်းငယ်အေးသည့် ကန်ရေသည် သူ့အပေါ် သက်ရောက်မှုမရှိပေ။ သူ မျက်လုံးဖွင့်လိုက်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်ကာ ကန်အောက်ခြေရှိ ကျောက်တုံးတစ်တုံးကို တွေ့လိုက်သည်။
သူ ထိုကျောက်တုံးကို ကန်အောက်ခြေမှ ကောက်ယူလိုက်ပြီး မြေပြင်အနေအထားအတိုင်း လျှောက်သွားကာ ရေမျက်နှာပြင်နှင့် တဖြည်းဖြည်းနီးကပ်လာပြီး နောက်ဆုံး သူ ရေကန်ထဲမှ ထွက်လာကာ ကမ်းခြေပေါ် ရောက်သွားသည်။
အသံတစ်သံနှင့်အတူ မြေပြင် တုန်ခါသွားပြီး ကမ်းပေါ်ရှိ ရေက လှိုင်းဂယက်ထသွား၏။ ထိုသည်မှာ သူ့လက်ထဲရှိ ကျောက်တုံးကို သူ ချလိုက်သည့်အချိန်တွင်ဖြစ်သည်။ ထိုကျောက်တုံးက မည်မျှလေးသည်ကို တွေးကြည့်နိုင်ပေ၏။
သူသည် စိုရွှဲနေပြီး တော်တော်လေး မသက်မသာ ခံစားနေရသည်။ သူ သူ့ကိုယ်အား ခြောက်သွေ့သွားစေရန် ဓားမီးတောက်ကို အသုံးပြုချင်ခဲ့သော်လည်း ဘာမှ ပေါ်မလာသည်ကို တွေ့လိုက်ရသည်။
သူ၏ စိုရွှဲနေသော ဆံပင်နှင့် အဝတ်အစားတို့က သူ့အား မီးမွှေးသင့်ကြောင်း သတိပေးနေသည်။ ထို့နောက်တွင် သူသည် သူက ဘယ်တုန်းကမှ မီးမမွှေးခဲ့ဖူးကြောင်း သတိရသွား၏။
သူ ခေါင်းစောင်းလိုက်ပြီး လွန်ခဲ့သည့် နှစ်များစွာက သူ ဖတ်ခဲ့ဖူးသည့် စာအုပ်များကို ပြန်စဉ်းစားလိုက်ကာ ကြမ်းရှရှအသံဖြင့် ပြန်ပြောလိုက်သည်။
“ငါ အရွယ်အစားမျိုးစုံနဲ့ ကောက်ရိုးတွေ သစ်ကိုင်းတွေလိုတယ်”
သူ့ဘယ်ဘက်နားထဲရှိ ရေများအားလုံး ထွက်သွားသည်ကို အတည်ပြုပြီးနောက် သူ သူ့ခေါင်းကို ညာဘက်သို့ စောင်းလိုက်ပြီး မှတ်ဉာဏ်များကို လှန်လှောရှာဖွေကာ ပြောလိုက်သည်။
“ငါ့မှာ မီးခတ်ကျောက်မရှိရင် သလင်းကျောက် ဒါမှမဟုတ် သစ်သားဖောက်စက်လိုတယ်”
ကမ်းခြေပေါ်တွင် တောအုပ်တစ်ခုရှိသည်။ သူ သစ်တောထဲဝင်လိုက်၏။ မကြာမီ သစ်ကိုင်းခြောက်များ စုပုံလာခဲ့သည်။
သူသည် အချောမွေ့ဆုံး သစ်သားပိုင်းတစ်ခုကို ကောက်လိုက်ပြီး ထိုအပေါ် သစ်သားခေါက်အနည်းငယ် ထပ်တင်လိုက်သည်။ အတွေးတစ်ချက်ဖြင့် သူ့လက်ကောက်ဝတ်ရှိ ငွေရောင် လက်ကောက်ဝတ်သည် ဓားသေးသေးလေးအဖြစ် ပြန်လည် ပြောင်းလဲသွားပြီး ၎င်းအပေါ် ပျံဝဲနေသည်။
ဓား၏ ထက်ရှသော အဖျားသည် သစ်ခေါက်ကို ဖြတ်၍ သစ်သားအပေါ် ဖိကျလာကာ မယုံနိုင်စရာကောင်းသည့် အမြန်နှုန်းဖြင့် စတင် လည်ပတ်တော့သည်။ မကြာမီ မီးပွားစများထွက်လာပြီး မီးခိုးများ ထွက်လာကာ နောက်ဆုံးတွင် မီးများ ထွက်လာသည်။
သူ့အဝတ်အစားများကို သစ်ကိုင်းများအပေါ် တင်ထားပြီး ရေငွေ့များ ထွက်ပေါ်နေ၏။
ရေငွေ့၏ အထူနှင့် ရေငွေ့ထွက်လာသည့် အမြန်နှုန်းကို ကြည့်ကာ လူငယ်လေးသည် သူ့အဝတ်အစားများ လုံးဝခြောက်သွေ့သွားရန် အချိန်တစ်နာရီ၏ လေးပုံပုံ သုံးပုံ ကြာလိမ့်မည်ဟု အလွယ်တကူ တွက်ချက်လိုက်သည်။
ဤလောကရှိ သူ့အချိန်အားလုံးတို့တွင် ရည်ရွယ်ချက်တစ်ခုသာ ရှိသည်။
သူ တင်ပျဉ်ခွေထိုင်လိုက်ပြီး မျက်လုံးများကို မှိတ်ကာ စတင်ကျင့်ကြံလိုက်၏။
*******************************