အခန်း ၄၃
အဖေနှင့် အမေ ဒီမှာ ရောက်လာတယ်
ဒါရိုက်တာကျောက် သူ၏ တူကြောင့် ဒီစိတ်ကူးကို ရလာခြင်း ဖြစ်သည်။ သူ၏ တူက မတော်တဆ ထုတ်ပြောမိခဲ့သည်။ ဝူကျီကန်းက သူ့ကို ထိုက်ဟွ ကုမ္ပဏီက လင်းပြည်နယ်ရှိ ပထမ စက်ပစ္စည်းထုတ် စက်ရုံနှင့် စာချုပ်ချုပ်ဆိုမည့် အကြောင်း ပြောလိုက်သည်။ ဘာကြောင့် ဘင်းမြို့တော်ရှိ စက်ပစ္စည်းစက်ရုံက အော်ဒါကို လက်ခံလိုက်ပြီး ပြီးနောက် အခြားစက်ရုံများကို တဆင့် ကန်ထရိုက် မပေးဘဲ နေနိုင်မည်နည်း။ ထိုစက်ရုံက အမြတ်အနည်းငယ် ရလျှင်တော် သူတို့က တစ်ဝက်ရမှာ ဖြစ်၏။
ဒါရိုက်တာကျောက် ဒါရိုက်တာလီကို ရှာရန်အတွက် ဝရုန်းသုန်းကားဖြင့် ပြေးလာခြင်း ဖြစ်၏။ သူက တံခါးရှေ့ ရောက်သည့်အခါတွင် သူတို့ ပြောတာကို ကြားခဲ့ရသည်။ ဖုန်းယွီသည် အမှန်တကယ် ထပ်တိုး အော်ဒါများကို တခြား စက်ရုံကို ပေးချင်ခဲ့တာ ဖြစ်သည်။ သူက ဇွတ်တွန်းဝင်ခဲ့တာ ဖြစ်၏။
စာချုပ်တွင် လက်မှတ်ထိုးပြီးနောက် ဒါရိုက်တာလီက ဒါရိုက်တာကျောက်ကို ချီးမွမ်းမှု အပြည့်ပေးတော့၏။ အကယ်၍ လူအိုကြီးကျောက်သာ မြန်မြန်နှင့် ဆုံးဖြတ်ချက် မချပါက ကုမ္ပဏီက သူတို့၏ စီးပွားရေးကို ဆုံးရှုံးသွားမည် ဖြစ်သည်။
ပန်ကာ အခုရေ ၁၅၀,၀၀၀ကို အခြားသော စက်ရုံ သုံးရုံအား ထုတ်လုပ်ရန်အတွက် ခွဲပေးလိုက်သည်။ စက်ရုံ တစ်ခုကို အခုရေ ၅၀၀၀ဖြင့် စက်ရုံများကို ဒါရိုက်တာ ကျောက်က အညီအမျှ ခွဲပေးလိုက်သည်။ ဘင်းမြိုတော် စက်ပစ္စည်းစက်ရုံက အနည်းဆုံး ယွမ် ၆၀၀,၀၀၀ ယခု အော်ဒါအတွက် အမြတ်ရလိုက်၏။
မျှော်မှန်းထားသည်ထက် အမြတ်က နည်းနေသော်ငြား ထိုအရာက ဘာမှ မရသည်ထက် ကောင်းပြီး စစ်တပ် ထုတ်ကုန်များအတွက်လည်း နောက်ကျမှု မရှိတော့ပေ။ လူကြီးကျောက်က စက်ရုံတွင် နှစ်ပေါင်းများစွာ အလုပ် လုပ်ခဲ့ပြီး ဖြစ်သည်။ ယခုအခေါက်တွင် သူရာထူး တိုးခံရတော့မည် ဖြစ်၏။
_____________
ဖုန်းရှင်းထိုက်နှင့် ကျန်းမူဟွက သူတို့၏ ယာခင်းထဲတွင် ပျိုးကြဲပြီးသည့် အချိန်တွင် ဖုန်းယွီ ပြန်မလာသေးသည်ကို သတိပြုမိလိုက်ကြ၏။ သူတို့ မြို့ကို သွားပြီး ဖုန်းယွီကို ကြည့်ရန် ဆုံးဖြတ်လိုက်ကသည်။ ဖုန်းယွီက သူတို့ဆီ ဖုန်းခေါ်တိုင်း ဖုန်းယွီက ကုမ္ပဏီက ပိုက်ဆံများ ရနေပြီ ဖြစ်ကြောင်း သူတို့ကို ပြောပြသည်။ သူတို့သည် ငွေရှာနိုင်ပြီ ဆိုကတည်းက ဖုန်းရှင်းထိုက်နှင့် ကျန်းမူဟွက ဘင်းမြို့တော်တွင် သူတို့ သမီးအတွက် အိမ်တစ်အိမ်ဝယ်ရန် ဆုံးဖြတ်ထားသည်။ ထိုနည်းက သူ့သားကိုလည်း ကျောင်းသွားရ အဆင်ပြေစေ၏။
“ဘာလဲ။ အစ်ကိုလီ အစ်ကို ပြောတာက အမေနဲ့ အဖေကလာနေပြီ။ ရောက်တော့မှာလား။”
ဖုန်းယွွီက မေးလိုက်၏။
“ဟုတ်တယ်။ ဦးလေးနဲ့ အန်တီက မနေ့က ဖုန်းခေါ်တယ်။ သူတို့ကို ဘက်စ်ကား ဂိတ်မှာ ကြိုရမယ်တဲ့။ ငါ သူတို့အတွက် ဟိုတယ် ဘိုကင် လုပ်ပြီးပြီ”
လီရှစ်ချင်က ပြန်ပြောလိုက်၏။
လီရှစ်ချင်သည် ငွေတိုက်စာချုပ် အရောင်းအဝယ်ကို ဆက်မလုပ်တော့ပေ။ သူသည် ထိုက်ဟွကုန်သွယ်ရေးနှင့် အလုပ်အရမ်းရှုပ်နေ၏။ ငွေတိုက်စာချုပ်ရောင်းရငွေမှ အမြတ်က ထိုက်ဟွ ကုန်သွယ်ရေးနှင့် ယှဉ်ပါက ပီကေဖိုးမျှသာ ရှိတော့သည်။ ထို့အတွက် လီရှစ်ချင်က ငွေတိုက်စာချုပ် ရောင်းဝယ်ကုန်သွယ်ရေးကို ရပ်လိုက်၏။ ထို့အပြင် ထိုရှရှားကောင်ကလည်း မကြာခင် ရောက်လာတော့မည် ဖြစ်၏။
လီရှစ်ချင်က ဘက်စ်ကားဂိတ်တွင် ရှိနေစဉ် ဖုန်းယွီက ဝူကျီကန်းကို ရုံးခန်းနှင့် သိုလှောင်ရုံကို သန့်ရှင်းရေး လုပ်ထားရန် ညွှန်ကြားနေ၏။
ဝန်ထမ်းများက ကုမ္ပဏီ၏ သူဌေးကြီးလာမည်ကို ကြားပြီးနောက် သူတို့က သိုလှောင်ရုံ တစ်ခုလုံးကို မြန်မြန် သန့်ရှင်းကြတော့သည်။ သူတို့သည် ဖုန်းယွီနှင့် အတူတူဖြစ်မည့် သူဌေးကြီး၏ ဒေါသကို ကြောက်သည့်အတွက် ဖြစ်၏။ သူဌေးကြီးက သူတို့ စွမ်းဆောင်ရည် မကောင်းပါက သွားခွင့် ပေးမည်လား။
မန်နေဂျာဖုန်းက သူတို့ အားလုံကို ဒီလအတွက် ယွမ် ၁၀၀ ဘောနပ်ရမည် ဖြစ်ကြောင်း သူတို့ကို ပြောလိုက်၏။ သူတို့ စွမ်းဆောင်ရည်ကောင်းပါက သူတို့သည် နှစ်ကုန်ဘောနပ်အဖြစ် ယွမ် ၃၀၀ကို နှစ်သစ်လက်ဆောင် အဖြစ် ရမည် ဖြစ်သည်။ သူတို့ စက်ပစ္စည်းစက်ရုံက အလုပ်လုပ်တုန်းကထက် အဆပေါင်းများစွာ ရသည်။
လီရှစ်ချင်က စိုးရိမ်နေ၏။ ဦးလေးဖုန်းက မျက်နှာကို တင်းတင်းထားပြီး သိုလှောင်ရုံသို့သွားသည့် လမ်းတွင် ဆိတ်ဆိတ်လိုက်ခဲ့၏။
ကုမ္ပဏီကို ရောက်ပြီးနောက် လီရှစ်ချင်က ခပ်မြန်မြန် ထွက်ပြီး ဖုန်းရှင်းထိုက်နှင့် ကျန်းမူဟွ၏ တံခါးကို ဖွင့်ပေးလိုက်၏။ လီရှစ်ချင်က သူတို့ကို လမ်းပြ၏။ ဖုန်းရှင်းထိုက်က ကုမ္ပဏီကို ရောက်ဖူးပြီး ကျန်းမူဟွက ပထမဆုံး အကြိမ် ဖြစ်၏။
“ကြိုဆိုပါတယ်။ ကြိုဆိုပါတယ်။ ကြိုဆိုပါတယ်။ ကြိုဆိုပါတယ်။”
တံခါးပေါက်ကို ရောက်သည့်အခါ သူတို့က လူငယ်လေး ဆယ်ရောက် သိုလှောင်ရုံထဲမှ ပြေးလာကာ လက်ခုပ် နှစ်ချက်တီးပြီး ကြိုဆိုပါတယ်ဟု အတူတူ အော်လိုက်တော့၏။
“အဖေ။ အမေ။ နောက်ဆုံးတော့ ရောက်လာပြီလား။”
ဖုန်းယွီက ထွက်လာကာ တက်တက်ကြွကြွဖြင့် ပြောလိုက်၏။
“ဒါတွေက ဘာတွေလဲ။ သူတို့ကို အထဲကို ပြန်ဝင်ခိုင်းလိုက်။ ဒီလိုဟန်ကြီးပန်ကြီးက ငါ့ကို ခြောက်လန့်နေသလိုပဲ”
ဖုန်းရှင်းထိုက်က လေးနက်သည့် မျက်နှာထားဖြင့် ပြောလိုက်၏။
“ကောင်းပြီ ကောင်းပြီ။ အားလုံး အလုပ် ပြန်လုပ်ကြတော့”
ဖုန်းယွီက အချက်ပြလိုက်ကာ သူ့အမေ၏ လက်ကို ကိုင်ပြီး အထဲကို လမ်းပြတော့၏။
“အမေ အမေ ကုမ္ပဏီကို မရောက်ဖူးဘူးမလား။ ကြည့်ပါဦး ဒီသိုလှောင်ရုံ အကြီးကြီက ကျွန်တော်တို့ဟာ။ ကျွန်တော် အလှဆင်ထားတာနဲ့ ပြန်ပြင်ဆင်ထားတာတွေကို ဘယ်လို ထင်လဲ။ ဒါက ရုံးခန်းတွေ၊ အစည်းအဝေးခန်းမတွေ၊ ကန်တင်းနဲ့ အလုပ်သမား အိပ်ဆောင်တွေ……”
ဖုန်းယွီက ပြောလိုက်၏။
ဖုန်းရှင်းထိုက်က ဖုန်းယွီကို တွန်းကာ တိုးတိုးမေးလိုက်၏။
“သန့်စင်ခန်းက ဘယ်မှာလဲ”
“အာ အဲ့တာလား။ ဟိုထောင့်မှာ ရှိတယ်။ အဲ့နားလေ ကျွန်တော်တို့ သိုလှောင်ရုံကြီး တစ်ခုလုံးမှာ ရေဆွဲအိမ်သာတွေပဲ ရှိတယ်”
ဖုန်းယွီက ပြောလိုက်သည်။
ဖုန်းယွီပြောတာ မဆုံးသေးခင် သူ့အမေနှင့် အဖေက သန့်စင်ခန်းကို ပြေးသွားကြတော့သည်။ တစ်မိနစ်ခန့် ကြားပြီးနောက် သူတို့ သန့်စင်ခန်းထဲမှာ ထွက်လာကြတော့သည်။ သူတို့ နှစ်ယောက် လာသည့် လမ်းတစ်လျှောက် မျက်နှာထား တင်းတင်း ဖြစ်ရသည့် အကြောင်းအရင်မှာ သူတို့က သန့်စင်ခန်း သွားလို၍ ဖြစ်သည်။
“မင်း ဘယ် အနုပညာရှင်အကြောင်း ပြောနေတာလဲ။ ငါတို့တွေ ဘာကြောင့် ဒီကို ရောက်လာရလဲ ဆိုတာ သိလား။ မင်းက ငါတို့ကို ပိုက်ဆံ ရှာနေတာနဲ့ပဲ အလုပ်ရှုပ်နေတယ်လို့ ပြောတယ်။ မင်းဘယ်လောက် ရှာပြီးပြီလြ။ ငါတို့ကို အခုပြောတော့”
ကျန်းမူဟွက မေးလိုက်သည်။ လီရှစ်ချင်က သူတို့ကို ကုမ္ပဏီက ကားသုံးစီး ဝယ်ဖို့အတွက် ယွမ် ၁၀၀,၀၀၀သုံးခဲ့ကြောင်း သူတို့ကို ပြောပြီး ဖြစ်၏။ ကလေးအတွက် အရေးမပါသည့် အရာများ ဖြစ်၏။ ဘင်းမြို့တော်တွင် ယွမ် ၁၀၀,၀၀၀နှင့် အိမ်သုံးအိမ် ဝယ်လို့ရ၏။
ဖုန်းယွီက ထိုင်ခံပေါ်တွင် ထိုက်ကာ ခြေထောက်ကို တင်ပျဉ်ခွေချိတ်ပြီး ခြေထောက်ကို ဂုဏ်ယူစွာဖြင့် လှုပ်နေ၏။
ဖုန်းရှင်းထိုက်က ဖုန်းယွီ၏ ခေါင်းကို ရိုက်လိုက်ကာ ပြောလိုက်၏။
“လှုပ်နေတာ ရပ်လိုက်တော့ အခုပြောတော့”
ဖုန်းယွီက သူ့အမေကို အပြစ်ကင်းစင်သည့် သူတစ်ယောက်တစ်ဖွယ် ကြည့်ကာ တိုင်လိုက်၏။
“အမေ အဖေက သားကို ရိုက်တယ်”
“နင် အရိုက်ခံသင့်တာပေါ့။ ငါတို့တွေ မေးခွန်းတစ်ခုမေးရင် မင်းဘယ်တော့မှ ငါတို့ကို အဖြေပြန်မပေးဘူး။ မင်းရှောင်လီကို ကြည့်လိုက် သူက အလုပ်လုပ်တဲ့အခါမှာ အရမ်းမြန်တယ်။”
ဖုန်းယွီ၏ အမေက ပြောလိုက်၏။
လီရှစ်ချင်က ပြုံးကာ ပြောလိုက်သည်။
“ဦးလေး၊ ဒေါ်လေး ရှောင်ယွီက အရမ်းတော်ပါတယ်။ ဒီကုမ္ပဏီကို ပိုက်ဆံ အများကြီး ရှာပေးထားတယ်။”
ဖုန်းယွီက ဂုဏ်ယူသည့် အမူအရာ လုပ်နေပြီး သူ့ကို ဖုန်းရှင်းထိုက်က ရိုက်ရန် တစ်ဖန် လက်ကို ပြန်ရွယ်လိုက်၏။ သူက ကမန်းကတမ်း ပြောလိုက်၏။
“ကုမ္ပဏီက ယွမ် ၁ သန်း (ယွမ် ၁,၀၀၀,၀၀၀) ရှာနိုင်ပါပြီ”
ဖြန်း
ဖုန်းယွီ၏ ကုတ်ပိုး ထပ်အရိုက်ချခံလိုက်ရသည်။
“အဖေ ဘာကြောင့် ကျွန်တော်ကို ထပ်ရိုက်တာလဲ”
“ငါမင်းကို အလိမ်အညာတွေ မပြောဖို့ ပြောတာ ဘယ်နှစ်ကြိမ် ရှိပြီလဲ။ အခု မင်းက ငါ့ကိုတောင် လိမ်ရဲနေတာလဲ။ ဒီကုမ္ပဏီက တည်ထောင်တာတောင် မကြာသေးဘူး မင်းငါ့ကို ပြောတာ ငါတို့တွေက ယွမ် ၁သန်း ပိုင်ပြီ ဟုတ်လား။ ယွမ် ၁သန်းဆိုတာ ဘယ်လောက်များတဲ့ ငွေလဲ မင်းသိလား။”
ဖုန်းရှင်းထိုက်က စိတ်တိုတိုဖြင့် ပြောလိုက်၏။
ဖုန်းယွီက မတ်တပ်ထရပ်ကာ စိတ်တိုတိုဖြင့် ပြန်ဖြေလေ၏။
“ဘယ်သူက လိမ်နေလို့လဲ။ အစ်ကိုလီကို ကုမ္ပဏီက ဒီလောက် ပိုက်ဆံ ရှာနေပြီလားဆိုတာ မေးလို့ရတယ်။”
ဖုန်းယွီ၏ အဖေနှင့် အမေက လီရှစ်ချင်ဘက်ကို တစ်ချိန်တည်း လှည့်လိုက်၏။ လီရှစ်ချင်က ခေါင်းညိတ်ကာ ပြောလိုက်၏။
“ဦးလေး အန်တီ။ ကုမ္ပဏီက တကယ်ကို ယွမ် ၁သန်းကျော် ရနေပါပြီ”
“ဘာ။ တစ်သန်းရတာလား။”
ဖုန်းရှင်းထိုက်၏ အသံက အက်ကွဲသွားသည်အထိ အော်လိုက်တော့သည်။ သိုလှောင်ရုံထဲတွင် လူအများကြီး ရှိနေပြီး သူ့အနေဖြင့်လည်း ထိုအကြောင်းကို အပြင်လူများအား မသိစေချင်ပေ။
“ဟုတ်တယ်။ ကျွန်တော်တို့ တကယ် ၁သန်းကျော်နေပြီ။ အော်ဒါတွေကိုလည်း လက်မှတ်ထိုးပြီးပြီး။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှပဲ ပထမဆုံး ငွေချေမှုကို ရတာ။ ပိုက်ဆံ အကုန်လုံးကို နောက်ထပ် လဝက်အတွင်း ကျွန်တော်တို့ ဘဏ်အကောင့်ထဲကို ရောက်လာမှာ။ အဖေနဲ့ အမေ ဘာဝယ်ချင်လဲ။ ကျွန်တော်ကို ပြောလေ။ ကျွန်တော်တို့ သွားဝယ်ကြတာပေါ့။”
ဖုန်းယွီက ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။
“သား မင်းက တရားမဝင်တဲ့ အရာတွေကို လုပ်နေတာလား။ အမေပြောတာ နားထောင်။ တရားမဝင်တာ ဘာမှ မလုပ်နဲ့နော်”
ကျန်းမူဟွ စိတ်ပူပန်စွာ ပြောလိုက်၏။
“အမေ ဘာတွေ တွေးနေတာလဲ။ အမေ့သားက ဉာဏ်ကြီးရှင်ပါ။ တရားဝင်တဲ့ လမ်းကြောင်းကနေ ပိုက်ဆံ အများကြီး မရှာနိုင်သေးတာ ဘာကြောင့် တရားမဝင်တာတွေ လုပ်မှာလဲ။ တကယ်လို့ အမေ မယုံရင် အစ်ကိုလီကို မေးလို့ရတယ်။ ကျွန်တော်တို့ ရှာတဲ့ ပိုက်ဆံတွေ အကုန်က သန့်စင်တယ်။”
ဖုန်းယွီက ပြောလိုက်သည်။ သို့သော် သူ့ရင်ထဲတွင်တော့ ကီရီလန်ကိုနှင့် ပထမဆုံး အပေးအယူကို မတွက်ထားပေ။
လီရှစ်ချင်က ဖုန်းယွီကို သက်သေအဖြစ် ထပ်လိုက်ခဲ့ပြီး ဖုန်းယွီ၏ အဖေနှင့် အမေကို တစ်ဖန် အာမခံပေးပြန်သည်။
ဖုန်းယွီ၏ စိတ်ထဲတွင်
‘ဘာမှားနေတာလဲ။ ငါက မင်းတို့ရဲ့သား၊ အစ်ကိုလီက မင်းတို့ရဲ့ သမက်လောင်းပဲ။ ဘာကြောင့် နှစ်ယောက်စလုံးက ကိုယ့်သားပြောတဲ့ စကားကို မယုံဘဲ အစ်ကိုလီ စကားမှ ယုံရတာလဲ။ ငါ့ကို လမ်းဘေးက ကောက်ခဲ့တာများလား။’
“သားပြောသလိုဆို မင်းအဖေနဲ့အမေက ဝယ်ချင်တာ ဝယ်လို့ ရတယ်ပေါ့။ ငါတို့တွေ လျှပ်စစ်ပန်ကာ လိုချင်တယ်။ နာမည်က ဘာပါလိမ့်။ လေနှင့် မိုးပန်ကာ။ အမေလေ အဲ့ဒီပန်ကာက ဈေးချိုပြီး သုံးရတာလွယ်တယ်လို့ ပြောတယ်။ အမေတို့ရွာက လူကြီးကျောင်းကို သူ့သားက ပေးခဲ့တာ”
ကျန်းမူဟွက ပြောလိုက်၏။
“အမေး အဲ့ဒီ လေနှင့် မိုးပန်ကာက ကျွန်တော်တို့ ကုမ္ပဏီက ထုတ်တဲ့ ပန်ကာ။ ကျွန်တော်တို့တွေက အလုပ်သမားတိုင်းကို ပန်ကာ နှစ်ခုပေးပြီး အမြတ်ကိုတော့ အဲ့ဒီပန်ကာတွေ ရောင်းတာကရတာ။”
ဖြန်း
ဖုန်းယွီသည် သူ့အဖေ၏ လက်ဝါးကို တစ်ချက် ထပ်မိသွားသည်။
“ပန်ကာက ငါတို့ ကုမ္ပဏီကဆို ငါတို့ မိသားစုက ပန်ကာ တစ်ခုတောင် ဘာကြောင့် မရသေးတာလဲ။”
ဖုန်းရှင်းထိုက်က မေးလိုက်၏။
ဖုန်းယွီက
“…”
‘အဖေ ကျွန်တော်တို့ ပုံမှန်တိုင်း ကောင်းကောင်း ပြောလို့ မရဘူးလား။’