အခန်း ၄၄
အိမ်ရွေးချယ်ခြင်း
ညနေခင်းတွင် မိသားစု တစ်စုလုံး ညစာကို စားသောက်ဆိုင် တစ်ခုတွင် စားကြ၏။ လီရှစ်ချင်၏ မိဘများလည်း လာကြသည်။
သူတို့သည် ငွေတိုက်စာချုပ် စီးပွားရေး မလုပ်တော့ကတည်းက လီရှစ်ချင်က ကျန်ရှိသည့် ပိုက်ဆံများကို ခွဲလိုက်တော့သည်။ ယွမ် ၁၁၀,၀၀၀ကျော်ရကာ မိသားစု နှစ်ခုကို အညီအမျှ ခွဲပေးလိုက်၏။ လီ၏ အဖေက သူ့သားကို စာတိုက်ရုံးတွင် ပြန်ပြီး အလုပ်လုပ်စေချင်၏။ လအနည်းငယ်အတွင်း သူတို့သည် ယွမ် ၅၀,၀၀၀ကျော် ရှာနိုင်ခဲ့၏။ ထိုငွေပမာဏက အိမ်ကြီးကြီးတစ်လုံးကို ဝယ်နိုင်သည့် ပမာဏ ဖြစ်၏။ သို့သော် လီရှစ်ချင်၏ အဖေက သူ့သားကို အိုးစားမကွဲစေချင်ပေ။
“ဦးလေးလီ အစ်ကိုလီက ကုမ္ပဏီမှာ ဆက်ပြီး အလုပ်လုပ်ရဦးမှာ။ အစ်ကို မရှိဘဲ ကုမ္ပဏီက ဘာမှ မလည်ပတ်နိုင်ဘူး။ ဒါ့အပြင် သူကလည်း ကုမ္ပဏီရဲ့ ရှယ်ယာရှင်တစ်ယောက် ပြီးတော့ သူဌေးတစ်ယောက်လို့လည်း စဉ်းစားလို့ ရတယ်”
ဖုန်းယွီက ပြောလိုက်သည်။
“ဘာသူဌေးလဲ။ ကုမ္ပဏီက မင်းတို့ မိသားစုနဲ့ ဆိုင်တာ မဟုတ်ဘူးလား။”
လီရှစ်ချင်၏ ဖခင်က သိချင်စိတ်ဖြင့် မေးလိုက်တော့သည်။
ဖုန်းယွီက လီရှစ်ချင်သည့် သူ့မိသားစုကို သူ့အနေဖြင့် ၁၀ရာခိုင်နှုန်း ကုမ္ပဏီရှယ်ယာ ဝင်ထားသည်ကို နားလည်သည်။ အဆိုးဆုံး အခြေအနေတွင်တောင် လေနှင့် မိုးပန်ကာ ရောင်းရငွေ၏ အမြတ် ယွမ် ၃သန်းတွင် လီရှစ်ချင်၏ ရမည်က အနည်းဆုံး ယွမ် ၃၀၀,၀၀၀ ဖြစ်သည်။ ဘာကြောင့် သူက စာတိုက်ရုံးကို ပြန်ပြီး လုပ်မည်နည်း။
လီရှစ်ချင်၏ မိဘများကို သူတို့သားအနေဖြင့် တစ်နှစ်ကို ယွမ် ၃၀၀,၀၀၀အနည်းဆုံး ရမည်ကို ကြားသိသည့်အခါ သူတို့ လက်များ တုန်ယင်သွားတော့သည်။ တုန်ယင်မှုက လက်ဖက်ရည် အနည်းငယ်သောက်ပြီးမှ ပြန်ငြိမ်သွားတော့သည်။ သူ့သားကို စာတိုက်ရုံးမှ အလုပ်ကို ရပ်ထားခိုင်းလိုက်သည်က မှန်ကန်သည့် ဆုံးဖြတ်ချက် တစ်ခု ဖြစ်လိုက်သည်။ ထို့အပြင် ဖုန်းတန့်ယင်းနှင့် တွဲရန် ခွင့်ပြုလိုက်သည်က ပိုမှန်ကန်သည့် ဆုံးဖြတ်ချက် ဖြစ်ပေသည်။
ဖုန်းယွီက တိတ်တဆိတ် လေ့လာလိုက်သည်။ သူက လီမိသားစုသည် ပျော်ရွှင်နေကြပြီး သူတို့ မိသားစုကို မနာလိုစိတ်မရှိကြောင်း သတိပြုမိလိုက်သည်။ ဖုန်းယွီက စိတ်သက်သာရာ ရသွားသည်။ လီမိသားစုက ဖုန်းမိသားစုကို မိသားစုဝင် များပမာ ဆက်ဆံပုံရသည်။
ဖုန်းရှင်းထိုက်နှင့် သူ့မိန်းမက မနက်ဖြန်တွင် အိမ်သွားဝယ်မည့် အကြောင်း ပြောလိုက်သည်ကို လီ၏ မိဘများကလည်း ကြားလိုက်ပြီး သူတို့သည်လည်း အတူလိုက်ရန် ပြောလိုက်၏။ သူတို့က ကြီးမားပြီး ကျယ်ဝန်းသည့် အိမ်အသစ်ကို နေချင်နေတာဖြစ်သည်။
လူတိုင်းက ထိုအဓိပ္ပာယ်ကို နားလည်၏။ လီရှစ်ချင်သည် ချက်ရှားကြောင်ပမာ ပြုံးလျက်သာ ထိုင်နေ၏။ အခြားတစ်ဖက်တွင် ဖုန်းတန့်ယင်း၏ မျက်နှာက နီရဲနေကာ ရှက်ရွံ့သည့်အတွက် ခေါင်းကို ငုံ့ထား၏။
————
“သွားလိုက်စမ်းပါ။ မင်းဘယ်လိုမောင်းရမလဲ သိလို့လား။”
ဖုန်းယွီသည် ကားမောင်းခုံတွင် ထိုင်နေသည့် အခါ သူသည် သူ့အဖေ၏ ဆွဲယူခြင်းကို ခံလိုက်ရ၏။
“အဖေ ကျွန်တော် လဝက်ကျော်လောက် မောင်းပြီးပါပြီ။ အဖေ အစ်ကိုလီကို ကျွန်တော်ရဲ့ ကားမောင်းစကေးကို မေးလို့ရတယ်။”
ဖုန်းယွီက ပြောလိုက်၏။
“မင်း ဘယ်တုန်းက ကားမောင်း သင်လိုက်တာလဲ။”
လီရှစ်ချင်က ထိတ်လန့်သွားသည်။ သူ့သား ကောင်းမောင်းတက်သည်ကို သူလုံးဝ မသိပေ။
“ခင်ဗျားရဲ့ သားက ပါရမီရှင်လေ။ ကျွန်တော်ကို ပြော ကျွန်တော် မလုပ်နိုင်တာ ဘာမှ မရှိဘူး”
ဖုန်းယွီက ပြောလိုက်သည်။
“တကယ်လား။ ငါတို့ရဲ့ ယာမှာ ရှိတဲ့ ပဲတွေကို ချက်ချင်း ကြီးအောင် လုပ်ပေး။ မင်း နှစ်ရက်အတွင်း လယ်လုပ်ငန်းအလုပ်တွေ လုပ်နိုင်တာလား ဆိုတာ ငါကြည့်မယ်။”
“အဖေ ကျွန်တော်ကို ဟာသလာလုပ် နေတာမလား။”
ဖုန်းယွီက ပြောလိုက်ပြီးနောက် ပါးစပ်ပိတ်လိုက်တော့သည်။ သူသည် အဖေပြောတာကို နာခံလိုက်ကာ သူ့အစ်မနှင့်အတူ နောက်ခန်းတွင် ထိုင်လိုက်၏။
လီရှင်ချင်က သူ့မိသားစုကို တင်ကာ အရှေ့မှ မောင်းပြီး ဖုန်းရှင်းထိုက်က နောက်မှလိုက်ခဲ့တော့၏။
“ဟေး ဒီကားက အရမ်းကို သက်တောင့်သက်တာ ဖြစ်တာပဲ။ ဒီကားက ဆူလည်း မဆူဘူး လှုပ်လည်း မလှုပ်ဘူး။”
ဖုန်းရှင်းထိုက်က ဒီကားကို မနေ့ကတည်းက မောင်းချင်ခဲ့သည်။ သို့သော် လီရှစ်ချင်က ကုမ္ပဏီပြီးနောက် ဘိုကင်လုပ်ထားသော ဟိုတယ်ကို သွားရမှာ ဖြစ်သည်။ သူတို့က ကုမ္ပဏီမှ ဟိုတယ်ကို လမ်းလျှောက်လိုက်ရ၏။
“အဖေ။ သဘောကျလား။ ဒါကို မောင်းသွားလေ။ မဟုတ်ရင် ကျွန်တေ်တို့တွေ နောက်ထပ် ကားတစ်စီး ဝယ်နိုင်ပါတယ်။ အဖေသားအတွက် ပိုက်ဆံဆိုတာ ပါးပါးလေးပါ။”
ဖုန်းယွီက ဂုဏ်ယူစွာ ပြောလိုက်၏။
“အဓိပ္ပာယ်မရှိလိုက်တာ။ မနေ့က ရှင်ပဲ မပြောလိုက်ဘူးလား။ ဒီတစ်ကြိမ်ပဲ အမြတ်များများ ရမှာဆို။နောင်ကျ အမြတ်များများ မရနိုင်ဘူးဆို။”
ကျန်းမူဟွက ပြောလိုက်၏။
“စိတ်မပူပါနဲ့။ အမေ့သားက ပိုက်ဆံရှာဖို့ စိတ်ကူးတွေ အများကြီး ရှိပါတယ်။”
ဖုန်းယွီက ပြန်ဖြေလိုက်သည်။ သူ၏ တကယ်ကျွမ်းကျင်မှုသည် ရင်းနှီးမြှပ်နှံမှု ဖြစ်ပြီး ကြီးမားသော နွားသိုးဈေးကွက်ကလည်း စတင်တော့မည် ဖြစ်သည်။
လမ်းတစ်လျှောက်တွင် အားလုံးက ပျော်ရွှင်စွာ စကားပြောကြ၏။ တစ်နာရီခွဲခန့် ကြာပြီးနောက် ကားကို ရပ်လိုက်တော့သည်။
“ဦးလေး၊ အန်တီ၊ အမေ၊ အဖေ ဒီအဆောက်အဦးက လွန်ခဲ့တဲ့ နှစ်တုန်းကမှ ဆောက်ထားပြီး ဒီနှစ်မှ ပြင်ဆင်တာ ပြီးသွားတာ။ ကြမ်းခင်ပုံကို ကြည့်လိုက်။ တော်တော်လေး ကျယ်တယ်။”
လီရှစ်ချင်က ပြောလိုက်သည်။
လီရှစ်ချင်က ဒီနေရာကို ရွေးချယ်ထားရခြင်းမှာ ထိုနေရာက ဖုန်းယွီ၏ အထက်တန်းကျောင်းနှင့် ဖုန်းတန့်ယင်းရဲ့ အလုပ်နေရာနှင့်လည်း နီးသည်။ ထိုနေရာမှ ဈေးကိုလည်း ၁၀မိနစ်ခန့်သာ လမ်လျှောက်ရ၏။ ထိုနေရာသည် မြို့လည်ခေါင်နှင့်လည်း နီးပြီးနောက် အိမ်ခြံမြေ ဈေးနှုန်းများက တဟုန်ထိုး မြင့်သွားမည်ဖြစ်သည်။
“အဲ့ဒီလမ်းက ရှောင်ယွီရဲ့ ကျောင်းလမ်း။ ဒီလမ်းက တန့်ယင်းလေးရဲ့ အလုပ်ကိုသွားတဲ့လမ်း။ ဒီလမ်းက ဈေးကိုသွားတဲ့လမ်း။ ပထမကုန်ပဒေသာဆိုင်က အဲ့ဒီနားမှာ။ ပြီးတော့ ဒီနေရာက ဘူတာရုံနဲ့လည်း သိပ်မဝေးဘူး။ မိနစ်နှစ်ဆယ်လောက် လျှောက်ရုံနဲ့ရောက်တယ်။ ပြီးတော့ ဒီမှာ ဘက်စ်ကား မှတ်တိုင် နှစ်ခုလည်း ရှိတယ်။ ဒီအိမ်က အနည်းငယ် ဈေးကြီးပေမဲ့ ကျွန်တော်တော့ တန်တယ်လို့ ထင်တယ်။”
လီရှစ်ချင်က ပြောလိုက်သည်။
“ဈေးက ဘယ်လောက်မို့လဲ။ တစ်ယူနစ်ကို ၃၀,၀၀၀လား။ ၅၀,၀၀၀လား။”
ဖုန်းရှင်းထိုက်က မေးလိုက်သည်။
“ပြင်ဆင်မထားတဲ့ အခန်းတောင် တစ်စတုရန်း မီတာကို ယွမ် ၁၀၀၀ရှိတယ်။ တစ်ခန်းကို ယွမ် ၁၀၀,၀၀၀ကျော်မှာပေါ့။”
လီရှစ်ချင်က ပြန်ဖြေလိုက်သည်။
“ဘာ။ တစ်စတုရန်းမီတာကို ယွမ် ၁၀၀၀ကျော်လား။ ဒါတောင် ပြင်ဆင် မထားရသေးတဲ့ဟာလား။ ဒီမကောင်းတဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေပါပဲ။ ဘယ်သူက ဒီလောက် ဈေးကြီးတဲ့ အိမ်တွေ ဝယ်မှာလဲ။”
ဖုန်းရှင်းထိုက်က အော်လိုက်သည်။
“ကျွန်တော် ဝယ်မှာပေါ့။”
ဖုန်းယွီက ဆက်ပြောလိုက်သည်။
“ဈေးအရမ်းချိုလွန်းတယ်။ ငါနှစ်ခန်း ယူမယ်”
ဖြောင်း
ဖုန်းယွီ၏ ကုတ်ပိုးကို ဖုန်းရှင်းထိုက်က ထပ်ရိုက်လိုက်ပြန်သည်။
“မင်းဘာအော်တာလဲ။ မင်း ဆုံးဖြတ်ပိုင်ခွင့် ရှိမယ်လို့ ထင်နေတာလား။”
ဖုန်းယွီ၏ စိတ်ကြီးဝင်နေသည့် ရုပ်ကို ကြည့်လိုက်ကာ ဖုန်းရှင်းထိုက်က သူ့အပေါ် စီးစီးဖြင့် ပြောလိုက်၏။
တစ်ခန်းကို ၁၀,၀၀၀ယွမ်လောက် ရှိတာကို မင်းက နှစ်ခန်းတောင် ဝင်ချင်တာလား။ ဘာကြောင့် မင်းနှစ်ခန်း လိုချင်တာလဲ။”
ဖုန်းယွီက သူ့အဖေကို ကြည့်ကာ ပြောလိုက်သည်။
“အဖေ အဖေပဲ ကျွန်တော်နေဖို့အတွက် အိမ်တစ်လုံး ဝယ်ပေးမယ်ဆို။ ဘာကြောင့် ကျွန်တော် လိုချင်တာကို မဝယ်ပေးရတာလဲ။ အဖေက အစ်မကို ကြည့်ဦး။ အစ်မလည်း ဒီမှာနေရမှာ။”
လီမိသားစုက အလွန်ရိုးသားကြသည်။ သူတို့က သူတို့သားအတွက် အိမ်အသစ်ဝယ်ပေးမည် ဖြစ်ပြီး ဈေးကို စိတ်ထဲမထားပေ။ အကြောင်းမှာ သူတို့၏ ခမည်းခမက်လောင်းများက ဤနေရာတွင် ရှိနေကာ မျက်နှာ မပျက်လို၍ ဖြစ်သည်။
“သား။ သွားပြီး အခန်းတွေကို ကြည့်ရအောင်။”
လီရှစ်ချင်၏ အဖေကပြောလိုက်သည်။
အရောင်းသမက ပြောသည့်အချက်များက လီရှစ်ချင် အချက်များနှင့် အတူတူပင် ဖြစ်သည်။ သို့သော် အရောင်းသမက ပိုပြီး တိကျ၏။ သူမက အလင်းအမှောင်၊ ဖုန်းရွှေနှင့် ဓာတ်လှေကားများ နှင့် ပိုပြီး တိကျသည်။
ယခုအဆောက်အဦးက အထပ်မြင့် အဆောက်အဦး ဖြစ်သည့်အတွက် ဓာတ်လှေကားပါချင်းက ဖုန်းယွီ စိတ်အဝင်စားဆုံး အချက်ဖြစ်၏။ ဖုန်းယွီသည် လှေကားမှ ခြေလျင် မတက်ချင်ပေ။ သူက တတိယထပ်ကို ရောက်သည်နှင့် ပင်ပန်းသည်ဟု ခံစားရသည်။ အချုပ်အားဖြင့် သူက ပျင်းရိသူ တစ်ယောက် ဖြစ်ပြီး သူတွင် ထိုင်စရာ ရှိပါက မတ်တပ်တောင် မရပ်ချင်ပေ။ သူ၏ ရည်မှန်းချက်က အသက် ၃၀မတိုင်မီ အနားယူရန် ဖြစ်သည်။
စောင့်ဆိုင်းသည့် နေရာတွင် ဖုန်းယွီက ဓာတ်လှေကား ခလုပ်ကို ပုံမှန်အတိုင်း နှိပ်လိုက်ပြီး ဓာတ်လှေကားထဲသို့ ဝင်သွားသည်။ အရောင်းသမက ဖုန်းယွီကို စူးစမ်းသည့် အကြည့်ဖြင့် ကြည့်နေ၏။ သူတို့ မိသားစု ဝတ်စားထားပုံအရ သူတိုသည့် မချမ်းသာသည့် သူများဟု ထင်ရပေသည်။ သူတို့ ပြောနေသည်က ဘာလို့ အထက်စီးဆန်နေတာလဲ။ ဘာကြောင့် သူတို့က နှစ်ခန်း လိုချင်တာလဲ။ မင်းတို့ တစ်ခန်းဝယ်နိုင်ရင်တောင် ငါက မိုးနတ်မင်းကို ကျေးဇူးတင်မိမှာ။
ဒါ့အပြင် ထိုငယ်ရွယ်သည့် လူလေးက ဓာတ်လှေကားကို သူမထက် အသားကျပုံရသည်။ သူက ဓာတ်လှေကားကို မကြာမကြာ သုံးတာလား။
“ငါဒီ ဓာတ်လှေကားကို အရမ်းကြောက်တာပဲ။ အဲ့တာက ကျသွားမှာလား။”
ကျန်းမူဟွက တီးတိုးပြောလိုက်၏။
ဖုန်းယွွီက သူ့အမေကို သက်တောင့် သက်သာ နေစေလိုက်သည်။ ထိုခေတ်အခါက ဒီဓာတ်လှေကား၏ အရည်အသွေးက ကောင်းမွန်သည်ဟု ထင်ရသည်။ ထိုဓာတ်လှေကားက အနာဂတ်က ဓာတ်လှေကားများ၏ အရည်အသွေး ကဲ့သို့ မဟုတ်။ ဓာတ်လှေကားများကို တပ်ဆင်လျှင်တောင် လုံခြုံမှု အရည်သွေး စစ်ဆေးခြင်းမျိုး မရှိပေ။
ထိုအခန်းက အခန်းလွတ် သပ်သပ် ဖြစ်ကာ ပြင်ဆင်မှုများ မလုပ်ရသေးပေ။ ဖုန်းယွီက လှည့်ပတ်ကြည့်လိုက်ကာ သူ့ဦးနှောက်ထဲတွင် ပြင်ဆင်မှုများနှင့် အခန်းအလှဆင်ခြင်းများကို စီစဉ်နေ၏။ ထိုအခန်းတွင် အခန်းအနည်းငယ်သာ ပါ၏။ ဖုန်းယွီက အခန်း နှစ်ခန်း ဝယ်နိုင်ကာ ကြားရှိ နံရံကို ဖြိုချမည် ဖြစ်သည်။ ထိုနည်းဖြင့် အခန်းနှစ်ခန်းက တစ်ခန်းထဲ ဖြစ်သွားပြီး အခန်းများများ ရသွားမည် ဖြစ်သည်။ သူက ဝန်ထမ်းများကို ပြန်ဆင်ရန်အတွက် မေးလိုက်သည်။ နောက်ဆုံးတွင် သူက အထက်မြင့် အဆောက်အဦးထဲတွင် နေနိုင်ပြီ ဖြစ်၏။
“ဒီအခန်းကို ဘယ်လိုထင်လဲ။”
အရောင်းသမက လီရှစ်ချင်အဖေကို ကြည့်လိုက်သည်။ အတွဲများက မကြာခင် လက်ထပ်တော့မည် ဖြစ်ကာ သူ့မိဘများက သူတို့အတွက် အခန်းဝယ်ပေးသည်မှာ သိသာလွန်းကြသည်။ သူမက အံ့ဩနေ၏။
“ဒီလူက ဘာတွေလုပ်ပါလိမ့်။ သူက ကားတစ်စီးပိုင်ပြီး မောင်းနိုင်သေးတယ်။ ပြီးတော့ ဒီအခန်းကိုတောင် ဝယ်ဦးမှာ။”
“ငါတို့တွေက ဒီတစ်ထပ်လုံး အခန်းလေးခန်းစလုံးကို ယူမှာ”
ဖုန်းယွီက သူ့လက်ကို ယမ်းပြကာ ပြောလိုက်၏။
“နှစ်ခန်း။ ငါတို့တွေက နှစ်ခန်းပဲ ယူမှာ”
ဖုန်းရှင်းထိုက်က ဖုန်းယွီကို တစ်ဖက်သို့ ဆွဲကာ ပြောလိုက်သည်။ ဒီအခန်းတွေက သူ့သားအတွက် အသုံးမဝင်ဘူး။ ဒီလောက် အခန်းတွေ အများကြီးဝယ်ပြီး ဘာလုပ်မှာလဲ။ ဖုန်းရှင်းထိုက်က လီရှစ်ချင် အဖေနှင့် တိုင်ပင်လိုက်သည်။ သူတို့က တစ်ထပ်ထဲတွင် တစ်ခန်းဆီ ယူမည် ဖြစ်ကြောင်း ပြောလိုက်သည်။ ထိုအတွက် တစ်ယောက်နှင့် တစ်ယောက် ကြည့်နိုင်မှာ ဖြစ်သည်။
ဖုန်းယွီက ကောင်းကင်ကို ကြည့်ကာ အော်လိုက်၏။
“ငါက ဒီပိုက်ဆံကို ရှာတာလေ။ ဘာကြောင့် ငါ့ရဲ့ အကြံကို အကောင်အထည် မဖော်နိုင်ရတာလဲ။ သုံးခန်းနဲ့ ဧည့်ခန်းတစ်ခန်းက မလောက်ဘူးလေ။ အဖေနဲ့အမေလာရန် ဘယ်လိုလုပ်ရမှာလဲ။ ကျွန်တော် ဘယ်လို စာကောင်းကောင်း လုပ်နိုင်မှာလဲ”
“မင်းက နှစ်ခန်းလိုချင်တာလား။ ခဏစောင့် ငါမင်းအတွက် စာချုပ်ပြင်ဆင်ခဲ့ပေးမယ်။”
အရောင်းသမက စိတ်လှုပ်ရှားမှုဖြင့် ပြောလိုက်သည်။ သူမက ထိုမိသားစုက ဒီလောက်အထိ သဘောတူတာ မြန်လွန်းမည်ဟု မထင်ထားပေ။ တစ်ခန်းကို ယွမ် ၁၀၀,၀၀၀ကျော်ပြီး သူတို့က အခန်းနှစ်ခန်းကို မျက်တောင် မခက်ပဲ ဝယ်နိုင်ပေ၏။
ထိုကဲ့သို့ ချမ်းသာသည့် သူများကို ဝန်ဆောင်မှု ပေးရခြင်းက ကောင်းမွန်သည့် အရာ ဖြစ်သည်။
စာရေးဆရာမှတ်စု၊ အချို့သော သူများက ပြောသည်ကား ၁၉၈၈ခုနှစ်တွင် အစိုးရပိုင် စီမံကိန်းများက မချမ်းသာကျပေ။ အကြောင်းမှာ ၁၉၈၈ခုနှစ်တွင် ထုတ်ကုန်များကို အမြောက်အမြား ထုတ်လုပ်နိုင်သည်။အစိုးရပိုင် လုပ်ငန်းအများအပြားက လစာ အနည်းငယ်ကိုသာ ပေးနိုင်၏။ ထိုအချိန်တွင် တရုတ်နိုင်ငံက သူတို့၏ သယံဇာတများကို အခြားနိုင်ငံများကို တင်ပို့ရောင်းချနေ၏။ ဂျပန်နှင့် ကုန်သွယ်မှုက အမြတ်များများ ရသည်။
နောက်ကျသွားတယ် တောင်းပန်ပါတယ်။ ဒီည တစ်ပိုင်း ထပ်မလာပါဘူးနော် မနက်ဖြန် မနက်ခင်းတော့ တစ်ပိုင်း ထပ်လာပါမယ်။ good night ပါဗျ။