အပိုင်း (၃၀၀)
ဒီနေ့ ဒီနှစ်ရဲ့ပထမဆုံးမိုး စရွာလိမ့်မယ်
နန်းပေါင်ရီက ပွဲကြီးပွဲကောင်းကို ကြည့်နေစဉ်မှာ ဘုန်းတော်ကြီး တစ်စုက သူမဘေး ပတ်ချာလည်မှာ ဝိုင်းထိုင်ပြီး စကားပြော နေကြသည်။
သူတို့က တတွတ်တွတ် ပြောနေကြသည်။
“နန်းမိန်းကလေး ရုတ်တရက်ဖြစ်တဲ့ ကပ်ဘေးမှာ မသေတာဟာ တကယ် ကောင်းချီးပေးတာပဲ”
“နန်းမိန်းကလေး၊ ဆင်းရဲတဲ့ ဘုန်းကြီးတို့မှာ နားမလည်တဲ့ ဗုဒ္ဓအဆုံးအမတွေ အများကြီး ရှိသေးတယ်၊ ကျေးဇူးပြုပြီး ဒကာမလေးက ဉာဏ်အလင်း ဖွင့်ပေးပါလား”
“နန်းမိန်းကလေးက ဆံပင်ရိတ်ပြီး သီလရှင် ဝတ်လိုက်ရင် ပိုကောင်းမယ်၊ ဗုဒ္ဓဘာသာ ခံယူလိုက်၊ ဒါဆိုရင် နေ့တိုင်း ထိုင်ပြီး စကားပြောလို့ရပြီ”
“ဟုတ်တယ်၊ နန်းမိန်းကလေး၊ ဒီကိုလာပြီး ကိုယ်တော်တို့ရဲ့ သီလရှင်မလေး လုပ်ပါလား၊ ကိုယ်တော်တို့က ကောင်းပေးကြမှာပါ”
“လက်ထပ်တာက ပျင်းစရာ ကောင်းတယ်၊ ညီမငယ်လေး၊ ဒီကိုလာပြီး ကိုယ်တော်တို့နဲ့ စကားပြောလေ”
နန်းပေါင်ရီ “….”
တောင်းပန်ပါတယ်….
သူမက သူတို့နဲ့ အတူ မထိုင်ချင်ဘူးလို့….
အကျပ်အတည်းနှင့် ကြုံသောအခါ ဘုန်းတော်ကြီးအိုက တုတ်ကိုယူပြီး သူတို့ကို ပြင်းပြင်းထန်ထန် ရိုက်လိမ့်မယ်။
သူ၏ စည်းမျဉ်း စည်းကမ်းတွေက တကယ်ကို ဆူဆူပူပူနှင့် ဘုန်းတော်ကြီးအိုများ၏ စည်းမျဉ်းများကို ဗုဒ္ဓဘာသာ၏ အကျိုးအတွက် ရွတ်ဖတ်နေတာ ဖြစ်သည်။
ရှက်စရာပဲ….
ကျောင်းထိုင် ဘုန်းတော်ကြီး၏ အိုမင်းသော မျက်နှာက ကျရှုံးသွားခဲ့လေသည်။
“အသုံးမကျတဲ့ ကိုယ်တော်တွေ၊ ပြန်ပြီး တရားစာတွေကို သွားကူး ရေးကြစမ်း”
“ဒါပေမယ့် ဆရာတော်၊ ဘုရားကျောင်းက မီးလောင် သွားပြီလေ၊ တပည့်တော်တို့က ဘယ်ကို သွားပြီး ကူးရေးရမှာလဲ”
ဘုန်းတော်ကြီးအို၏ မျက်နှာက ပို၍ ရုပ်ဆိုးသွားတော့သည်။
အတန်ကြာမှ သူက တည်ငြိမ်စွာဖြင့် “တောင်တစ်လုံးကို ရွေးပြီး ဘုရားကျောင်းကို ကိုယ့်ဘာသာ ဆောက်ကြ”
ဘုန်းတော်ကြီးများ အံ့အားသင့်ပြီး ထိတ်လန့် သွားကြသည်။ ဘုရားကျောင်းကို သူတို့ဘာသာ ပြန်ဆောက်ဖို့ ဆိုတာက တရားစာတွေ ကူးရေးရတာထက်ကို ပို၍ ခက်သည်။
ဘုန်းတော်ကြီးအိုက နန်းပေါင်ရီကို ထပ်ပြောလိုက်သည်။
“ဒကာမလေးတို့ အိမ်တော်က အမြဲ စေတနာတရား ကြီးမားတယ်လို့ ကိုယ်တော် ကြားမိတယ်၊ ကိုယ်တော်က ဒကာမလေးတို့ အိမ်တော်ကို ဘုရားကျောင်း ပြန်လည် တည်ဆောက်ဖို့ အတွက် အလှူခံ ချင်တယ်၊ နန်းမိန်းကလေးက မကန့်ကွက်လောက်ဘူးလို့ ထင်ပါတယ်”
နန်းပေါင်ရီ “….”
မဟုတ်ဘူး၊ သူမ သဘောမတူဘူး….
တာအို ဘုန်းတော်ကြီးက သူမကို ကျီနန်ဘုရားကျောင်းကို မလာဖို့ ပြောခဲ့ဖူးတာကို သူမ ရုတ်တရက် သတိရသွားမိသည်။
ကျီနန်ဘုရားကျောင်းကို လာရင် သူမ၏ ငွေတွေ ဆုံးရှုံးမှာမို့လို့ များလား။
ဘုန်းတော်ကြီးအိုက သူမ၏ အငြင်းကို မစောင့်ဘဲ ကျယ်လောင်စွာဖြင့် “အသင့်ပြင်ကြ၊ နန်းအိမ်တော်ကို ဒီကိုယ်တော်က အလှူခံထားတယ်”
ကျီနန်ဘုရားကျောင်းက ဘုန်းတော်ကြီးတွေက သူတို့၏ ပစ္စည်းများကို သယ်ပြီး ကျင်းကွမ်မြို့ထဲကို အင်အား အလုံးအရင်းနဲ့ ချီတက်သွားကြသည်။
နန်းပေါင်ရီ၏ နှလုံးသားက သွေးစိမ်းရှင်ရှင် ထွက်လာသည်။ စင်မြင့်အောက်မှာတော့ လူတွေက သက်သာရာ ရသွားကြသည်။
သူတို့က ကိစ္စများ ပြီးသွားပြီဟု ထင်ထားသော်လည်း ရုတ်တရက် မြင်းခွာသံများက ပတ်ဝန်းကျင်ကို လွှမ်းမိုးသွားသည်။
မရေမတွက်နိုင်သည့် အနက်ရောင် ကိုယ်ရံတော်များက သန်မာသော အနက်ရောင် ဝတ်ရုံတို့အား ဝတ်ဆင် ထားကြပြီး စင်မြင့်ကို ဝန်းရံထားသည်။
ဝတ်ရုံက ဝံပုလွေခေါင်းပုံကို ပန်းထိုးထားပြီး သူက ဘုရင်ခံရွယ်၏ ဝံပုလွေ ကိုယ်ရံတော် အဖွဲ့ဖြစ်သည်။
ခေါင်းဆောင်က တည်ကြည်စွာဖြင့် “ငါတို့ဘုရင်ခံက နတ်ဆိုးမကို ဒီနေ့ ကွက်မျက်မယ်လို့ ကြားထားတယ်၊ ကျုပ်က အမတ်မင်း ကြားထဲမှာ တစ်ခုခု လုပ်မှာစိုးလို့ လာစောင့်ကြည့်တာပဲ၊ သူ့ကို မီးမြှိုက်လိုက်တော့”
ဝံပုလွေကိုယ်ရံတော်က မီးမြားကို စင်မြင့်သို့ လေးမှ လွှတ်ရန် ပြင်စဉ်မှာပင် လူများက အမြန် အော်ကြတော့သည်။
“ကျီနန် ဘုရားကျောင်းက ကောလာဟလတွေကို လွှင့်တာပါ၊ နန်းသခင်မလေး ၅ က နတ်ဆိုးမ မဟုတ်ပါဘူး”
“ဟုတ်တယ်၊ မင်းမှားနေပြီ”
“လေးနဲ့မြားကို မြန်မြန် ချလိုက်ပါ၊ နန်းသခင်မလေး ၅ ကို ထိခိုက်အောင် မလုပ်နဲ့”
ဝံပုလွေ ကိုယ်ရံတော်တွေက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
ဒါက ဘာဇာတ်ကွက်လဲဟ…
ရှုနိုင်ငံက လူများသည် နန်းပေါင်ရီကို တစ်လ ကျော်တဲ့အထိ ဆဲဆိုနေကြတာလေ၊ ဘာလို့ ရုတ်တရက်ကြီး ဆေးသုတ်တဲ့ ပုံစံက ပြောင်းသွား ရတာလဲ၊ ဘာလို့ သူက နတ်ဆိုးမ မဟုတ်ဘူးလို့ ပြောနေကြတာလဲ…
ထိုမတိုးသာ မဆုတ်သာ အခြေအနေမှာ နန်းယန်က ရုတ်ခြည်း တယိမ်းတယိုင် ခြေလှမ်းများဖြင့် ရှေ့ထွက် လာသည်။
သူမ၏ မျက်နှာမှာ ရိုက်နှက်ထားသော အရာများ နေရာမလပ် ရှိနေပြီး ရမ်းကား ကြမ်းတမ်းစွာဖြင့် “ကိုယ်ရံတော် အရာရှိ၊ နန်းပေါင်ရီက နတ်ဆိုးမပါ၊ သံချပ်က ကျွန်မနဲ့ ရှမင်ဟွေး လုပ်ကြံထားတာ မဟုတ်ပါဘူး၊ ဒါက ကျွန်မ အိပ်ပျော်နေတုန်း မက်တဲ့ အိပ်မက်ပါ၊ အိပ်မက်ထဲမှာ နန်းပေါင်ရီက နတ်ဆိုးမ ဝင်စားပြီး အနာဂတ်မှာ လောကကြီးကို ပျက်စီးအောင် လုပ်မယ်လို့ ပြောပါတယ်၊ သူ့ကို သေအောင် မီးရှို့သတ်မှ ရှုနိုင်ငံက မိုးပြန်ရွာပြီး လောကကြီး တစ်ခုလုံး အေးချမ်း သာယာမှာပါ”
ထိုစကားများက ဝံပုလွေကိုယ်ရံတော်ကို ရှေ့ဆက်ဖို့ တွန်းအားတစ်ခု အဖြစ် ယူဆလို့ ရသည်။
ကိုယ်ရံတော် ခေါင်းဆောင်က ပြုံးရင်း “ကိစ္စက ဒီလိုဆိုမှတော့ နတ်ဘုရားကို မရိုမသေ ပြုလို့မဖြစ်ဘူး၊ မီးမြှိုက်ကြ”
မီးမြားတစ်စင်းကို စင်ပေါ်သို့ တည့်တည့်မတ်မတ် ပစ်လွှတ် လိုက်သည်။ သို့သော် ထိုမီးမြားက လေထုထဲမှာတင် မိုတောက်ဓါးရှည်၏ နှစ်ပိုင်းပိုင်းခြင်းကို ခံလိုက်ရသည်။
ရှောင်းယီက မြင်းဇက်ကြိုးကို ဆွဲရင်း လူများ၏ မျက်မှောက်သို့ ဖြည်းဖြည်းချင်း ပေါ်လာသည်။ သူက မိုတောက်ဓါးရှည်ကို ပခုံးပေါ် တင်ထားပြီး အပြုံးရေးရေးဖြင့် “အမတ်မင်း ပြောခဲ့တယ်၊ နန်းကျောင်းကျောင်းကို သတ်ချင်တဲ့သူ မှန်သမျှ ငါအမတ်မင်းနဲ့ အရင်တွေ့မယ်လို့၊ နားမလည်ဘူးလား”
ဝံပုလွေ ကိုယ်ရံတော်များ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
နန်းပေါင်ရီက စင်မြင့်ပေါ်မှာ မတ်တပ် ရပ်လိုက်သည်။
သူမက နန်းယန်ကို နှုတ်ခမ်းလေး တွန့်ကွေးလို့ အပြုံးဖြင့် စိုက်ကြည့်ရင်း “မမက မိုးကောင်းကင်ရဲ့ အလိုကို အိပ်မက်မက်တယ်၊ မမျှော်လင့်ဘဲ ကျီနန်ဘုရားကျောင်း ထောင်ထဲမှာ နေခဲ့တဲ့ ရှေ့နှစ်ရက်တုန်းက ညီမလေးလည်း မိုးကောင်းကင်ရဲ့ အလိုကို အိပ်မက်တစ်ခု မက်တယ်၊ ဒါပေမယ့် မိုးနတ်မင်း ပြောတာက မမ ပြောတာနဲ့တော့ လုံးဝကို မတူဘူး”
“နင်လိမ်နေတာ”
နန်းယန်က ဖျစ်ညှစ်ပြီး အော်လိုက်သည်။
“မမကမှ လိမ်နေတာ”
နန်းပေါင်ရီက မေးဖျားလေးကို ဂုဏ်ယူဝင့်ကြွားစွာ ပင့်လိုက်ပြီး “မိုးနတ်မင်းက ပြောတယ်၊ ကျွန်မတို့ မိသားစုက နှစ်ပေါင်း ရာချီအောင် ကောင်းမှုတွေကို စုဆောင်း ထားခဲ့ပြီးပြီတဲ့၊ အိမ်ကို ကြီးမားတဲ့ ကောင်းကျိုးတွေ ပေးဖို့ အချိန်ပဲတဲ့၊ နန်းမိသားစုကို မျက်နှာသာပေးတဲ့ အနေနဲ့ သူက ကျွန်မကို လျှို့ဝှက်ချက်တစ်ခု ပြောသွားတယ်၊ သူပြောတာက ဒီနေ့နေ့လယ်မှာ ဒီနှစ်ရဲ့ ပထမဆုံး မိုးရွာလိမ့်မယ်တဲ့”
စကားသံက ပြန့်လွင့် လာသောအခါ အားလုံးက တိတ်ဆိတ် ငြိမ်သက် သွားတော့သည်။
ရုတ်တရက်ကြီး ဆွေးနွေးချက်တွေက ဟိုမှသည်မှ လွှမ်းခြုံလာတော့သည်။
နန်းယန်က မယုံနိုင်စွာ မျက်မှောင်ကြုတ် လိုက်သည်။
နန်းပေါင်ရီက ရူးနေတာလား…
လိမ်တယ် ဆိုရင်တောင် အတိုင်းအတာတော့ ရှိသင့်တာပေါ့။ ဒီနေ့ ကောင်းကင်မှာ တိမ်မှ မရှိတာ ဘယ်လိုလုပ်ပြီး မိုးရွာပါ့မလဲ…
ဝံပုလွေ ကိုယ်ရံတော်များ ထိုနေရာ၌ ဘေးကျပ်နံကျပ် ဖြစ်သွားကြတော့သည်။
သတ်ပစ် လိုက်တာကလည်း မမှန်သေး၊ ဘုရင်ခံအတွက် အသုံးမဝင် ဖြစ်သွားလိမ့်မယ်၊ မသတ်ပြန်ရင်လည်း ဘုရင်ခံကို ဘယ်လို အကြောင်းပြန် ရမလဲမသိ။
ခေါင်းဆောင်က သတ်ဖြတ်ချင်စိတ် ပြင်းသော စိတ်ထားရှိသူ ဖြစ်တာကြောင့် အသံပြင်းပြင်းဖြင့် ပြောလာသည်။
“လောကကြီးကို ဆိုးဝါးစေတဲ့ နတ်ဆိုးမ၊ ဒီမှာလာပြီး ဟန်ဆောင် မနေနဲ့၊ မင်းအသတ်ကို ငါအခုယူပစ်မယ်၊ တက်ကြ”
ဆယ်ပေါင်း များစွာသော ဝံပုလွေ ကိုယ်ရံတော်တွေက ဘာကိုမှ ဂရုမစိုက်ဘဲ စင်မြင့်ဆီသို့ ပြေးသွားကြသည်။ အမတ်မင်း၏ ဓါးသိုင်းက တော်ပေမယ့် နန်းပေါင်ရီကို ကြက်ကလေးလို ချည်ထားတာ ဘာအင်အားမှ မရှိဘူးလေ။
သူမကို နောက်မှာ ထားလိုက်ရင် အမတ်မင်းက သူတို့၏ ပြိုင်ဘက် မဖြစ်နိုင်တော့။
အမတ်မင်းကို မြင်းအောက်မှာ ထိအောင် တိုက်နိုင်ရင် ဘုရင်ခံရွယ်က သဘောကျ နှစ်သက် လိမ့်မည်။ သူတို့က ကောင်းကောင်း တွက်ချက်ထားသည်။ ကံမကောင်းစွာ တစ်ခါတစ်ရံ လောကကြီးမှာ မမျှော်လင့်သော အဖြစ်များလည်း ရှိနေတတ်သည်ပင်။
ရှောင်းယီက ချက်ချင်း တားလိုက်သည်။
“အမွှေးတိုင် နှစ်တိုင်စာကို မစောင့်နိုင်ကြဘူးလား”
သူ့နူတ်ခမ်းပါးတွေက အနည်းငယ် တွန့်ကွေးနေသည်။
“ငရဲကိုသွားဖို့ စိတ်အား ထက်သန်နေကြတယ် ဆိုရင် ဒီအမတ်မင်းက ဘာလို့ မတိုက်ခိုက် နိုင်ရမှာလဲ”
မိုတောက်ဓါးရှည်က တစ်ချက် ဝှေ့သွားသည်။ စင်မြင့်အောက်မှာတော့ တိုက်ပွဲက မိုးထိ ညံနေပြီး သွေးတွေက သုံးပေအမြင့်ထိ လွင့်စဉ်လာသည်။
ဘုရင်ခံရွယ်၏ သွေးချွေးနှင့် အားစိုက်ထုတ်ပြီး လေ့ကျင့်ပေးထားသော ဆယ်ပေါင်း များစွာသော ကိုယ်ရံတော်များသည် ထူးဆန်းသော ပုံစံအနေအထားနဲ့ ပေါင်းစည်းသွားပြီး ရှောင်းယီကို ဝိုင်းပတ် ထားလိုက်ကြသည်။ သူ့ကို မြားတံတစ်ချက်နှင့် သတ်ပစ်ဖို့ အမိန့်တစ်ခုကိုသာ စောင့်ဆိုင်း နေကြသည်။
ကံမကောင်းစွာ ရှောင်းယီက ပို၍ တိုက်ကွက်ပုံစံ အနေအထားနှင့် ပတ်သက်ပြီး တခြား သူတွေထက် ပို၍ သာလွန် ကျွမ်းကျင်သည်။
ဟွားချောင် ပွဲတော်တုန်းက သူ၏ကိုယ်ပိုင် ခွန်အားနှင့် လူနှစ်ရာထက်ပိုသည့် လူများနှင့် ဖွဲ့စည်းထားသော ရှည်လျားသည့် မြွေပုံစံ တိုက်ကွက်ကို ဖောက်ထွက်ခဲ့တာ ဖြစ်သည်။ ဆယ်ဂဏန်းပဲ ရှိသောလူတွေ၏ တိုက်ကွက်လောက်ကိုတော့ သူက ဘယ်လိုလုပ်ပြီး ကြောက်ပါ့မလဲ။
မြင်းများမှာ သန်စွမ်း လွန်းလှသည်။ ရှီးယန်နှင့် တခြား ကိုယ်ရံတော်များက ရှေ့ကိုထွက်ပြီး ကူညီမပေးကြ ပေမယ့် အမွှေးတိုင် နှစ်တိုင်စာ အချိန်ကြာသော အခါမှာ ဘုရင်ခံရွယ်၏ လက်မရွံ့ နောက်လိုက်များ၊ ဝံပုလွေ ကိုယ်ရံတော်များ အားလုံး အသတ်ခံလိုက် ကြရလေပြီ။
ရှောင်းယီက မြင်းဇက်ကြိုးကို လက်တစ်ဖက်နှင့် ဆွဲထားပြီး ကျန်တစ်ဖက်မှာတော့ မိုတောက်ဓါးကို ကိုင်ထားသည်။
ဓါးသွားမှ တစက်စက်ကျနေသော သွေးတွေက မြေပြင်ပေါ်သို့ ကျနေသည်။
သူကိုယ်တိုင်ကတော့ အပေါ်ယံ အရေပြား ဒဏ်ရာလောက်သာ ရှိနေသည်။ တခြား သူများ၏ သွေးများက သူ့ဝတ်ရုံမှာ စွန်းပေနေပြီး သူ၏ ဖြူဖွေးသော အသားအရေနှင့် ကြည့်ကောင်းသော ပါးပြင်ပေါ်မှာပင် သွေးစက်များ စင်နေလေသည်။
သူသည် နှုတ်ခမ်းထောင့်မှ သွေးများကို လျှာနှင့် သပ်လိုက်သည်။ မျက်လုံးများကို အောက်ချလိုက်ပြီး မြေပြင်ပေါ်မှ အလောင်းများ၏ အခြေအနေကို ကြည့်လိုက်သည်။
နွေဦးကျောက်စိမ်း စံအိမ်မှ သတင်းများ သူတစ်ခါ ဝယ်ဖူးသည်။ နန်းကျောင်းကျောင်းကို တွမ့်ယန်က ရှေးဟောင်း ဂူသင်္ချိုင်းထဲမှ ခေါင်းတလားထဲ ထည့်ထားသော သူများနှင့် သူတို့ကို ပေါက်ကွဲမှု ဖြစ်အောင် လုပ်သော သူများမှာ အမှန်တကယ် ဘုရင်ခံရွယ်၏ ဝံပုလွေကိုယ်ရံတော်များ ဖြစ်သည်။
အခု ထိုဝံပုလွေ ကိုယ်ရံတော်များကို သူ့လက်နှင့် ရှင်းပစ်လိုက်ပြီမို့ လက်စားချေတယ် ဆိုရမှာပင်။
နန်းယန်က လဲကျသွားပြီး ပါးစပ်ကို လက်နှင့် အုပ်ထားသည်။ သူမ အထက်စီးဆန်သော ယောက်ျားများကို မြင်ဖူးသည်။ ဒီလို ရက်စက်တတ်သော အထက်စီးဆန်ပုံမျိုးနှင့် ယောက်ျားကိုတော့ မမြင်ဖူးပါချေ။
သူက သတ်လိုက်တယ်၊ ဒါပေမယ့် အဲ့ဒါက ဘုရင်ခံရွယ်၏ လျှို့ဝှက် ကိုယ်ရံတော်တွေလေ။
သူဘယ်လိုတောင် လုပ်ရဲတာလဲ?
သူမက မြေပြင်ပေါ်မှာ ဒူးထောက်လိုက်ပြီး လက်တစ်ဖက်နှင့် မြေပြင်ကို ထောက်ထားရသည်။ ငိုကြွေးနေသော ဘုရင်ခံချန်းကို နာကျင်စွာ ကြည့်နေသည်။ နာကျင်လွန်းလို့ ညည်းတွားနေသော သခင်မဟောင်ကို ကြည့်သည်။ ပြီးနောက် အံ့အားသင့်နေသည့် ချန်းတယ်ယွီ၊ တုန်ရီနေသော ရှမင်ဟွေး…..
စိတ်အတွင်း နက်နက်ရှိုင်းရှိုင်းမှာ အင်အား မရှိဘူးဆိုသည့် အသိစိတ်က တဖြည်းဖြည်းနှင့် ပေါက်ဖွားလာသည်။
သူမက လူများ၏ စိတ်ကို ထည့်တွက်ပြီး တခြားသူများအား သူမ ဘယ်လိုပဲ အသုံးချချ ထိုရာထူးကြီးမြင့်သော သူများ၏ ဓါးသွားများကို သူမ၏လက်နှင့် ကိုင်ထားလျှင်ပင် ရှောင်းယီနှင့် မယှဉ်သာ။
သူတို့က အရမ်း အားနည်းကြတာပဲ။
သူတို့က တကယ်ကို သူမအတွက် အသုံးမဝင်ကြဘူး။
သူမ၏ နှာခေါင်းထိပ်ဖျား၌ ပြင်းထန်သော သွေးနံ့က ရစ်ဝဲလာသည်။
ရုတ်ခြည်း အဒေါ်ဖုန်က စိတ်ရူး ပေါက်သွားပြီး သွေးသံရဲရဲနှင့် ကလေးငယ်ကိုချီ၍ ပြေးထွက်သွား တော့သည်။ သူမနှင့် ရှမင်ဟွေးကို လက်ဖြင့် ရိုက်ပြီး ခြေထောက်နှင့် ကန်ကျောက်တော့သည်။
သွေးသံရဲရဲနှင့် ကလေးမှာ အရမ်းကို ကြောက်စရာ ကောင်းပြီး သူမ၏ ဘေးသို့ လိမ့်ကျလာသည်။ သူမက ထပ်ပြီး မရပ်နိုင်တော့။ ကြမ်းတမ်းစွာ လှုပ်ရှားနေသော ရင်ဘတ်ကို ဖိထားပြီး သွေးအန်တော့သည်။
ချန်းမိသားစုက သွားပြီ ဆိုတာကိုသာ အလွန် ပြတ်ပြတ်သားသား မှတ်မိတော့သည်။
သူမကတော့ သွားပြီပင်။
ဘယ်လောက် ကြာသွားမှန်း မသိလိုက်၊ တောင်တန်း၏ လေပြည်က စတင် တိုက်ခတ်လာသည်။
အနက်ရောင် တိမ်တိုက်များက နေမင်းကို တစ်လွှာချင်း ပိတ်ဖုံး သွားတော့သည်။
***