အပိုင်း (၂၉၆)
နန်းယန်က သနားစဖွယ်ကောင်းအောင် ညည်းနေတယ်
မြင်းခွာသံများ ကြားလိုက်ရသည်။
လူအုပ်ကြီး၏ အပြင်ဘက် ဟိုးအဝေးမှာတော့ မြင်းနှစ်ကောင်က အမြန်ပြေးလာသည်။ ထိုသူတွေက ဟန်ယန့်လျန်နှင့် တခြားတစ်ယောက် ဖြစ်သည်။
ဟန်ယန့်လျန်က မြင်းပေါ်မှ စင်မြင့်ပေါ်သို့ ဆင်းသက်လိုက်ပြီး နန်းပေါင်ရီ၏ သွင်ပြင်ကို တွေ့သောအခါ မျက်ခုံးပင့်ပြီး စလိုက်သည်။
“နန်းသူဌေးမလေးရဲ့ ပုံစံက လောကကြီးမှာ ပထမဆုံးပဲ၊ ကျွန်မလည်း အဲဒီလိုဆံပင်မျိုး ရချင်တယ်၊ ဘယ်မှာ ရနိုင်မလဲ ကြိုးစားကြည့်ရမလား”
နန်းပေါင်ရီက စိတ်ဆိုးစွာ “ငါ့ကို ဟာသ လာလုပ်မနေနဲ့”
ဟန်ယန့်လျန်က ပြုံးသည်။ သူမက ဒူးတစ်ဖက်ထောက် ထိုင်လိုက်ပြီး အသံတိုးတိုးဖြင့် “ရှချင်ချင် ဘယ်လို သေသွားလဲလို့ ကျွန်မကို ရှာခိုင်းထားတာ ရှာတွေ့ပြီ”
သူမက လေသံသဲ့သဲ့ဖြင့် နန်းပေါင်ရီ၏ နားနားသို့ ကပ်ပြော လိုက်သည်။
“ပြီးတော့…”
သူမက မြေပြင်ပေါ်က ကလေးလေး၏ အလောင်းကို တစ်ချက် ကြည့်လိုက်ပြီး စကားအချို့ ထပ်ပြော လာသည်။
နန်းပေါင်ရီက အနည်းငယ် တောင့်တင်း သွားသည်။ သူမက ကလေး အလောင်းကို ရှုပ်ထွေးစွာဖြင့့် ငေးကြည့်ပြီးနောက် ဘုရင်ခံချန်းကို ကြည့်လိုက်သည်။
အချိန် အတော်ကြာပြီးမှ သူမက တည်ငြိမ်စွာဖြင့် “ကျွန်မသိပြီ”
“အဲဒါဆို ကျွန်မက နန်းသူဌေးမလေးရဲ့ ပြပွဲကောင်းလေးကို စောင့်ကြည့် နေပါ့မယ်”
ဟန်ယန့်လျန်က မြင်းပေါ်သို့ ပြန်တက်သွားပြီး နန်းပေါင်ရီထံသို့ ကိစ္စအလုံးစုံကို လွှဲလိုက်သည်။
တောင်တန်းတွေကိုဖြတ်ပြီး တိုက်ခတ်လာတဲ့ လေက တဖြူးဖြူး။
ကျီနန်ဘုရားကျောင်း၏ မီးတောက်က ဒေါသတကြီးဖြင့် တစ်ခုလုံးကို ဝါးမျိုလုနီးပါးပင်။
နန်းပေါင်ရီက စင်မြင့်ထက်မှာ ဒူးထောက် လိုက်သည်။ လက်တွေကို ရင်ဘတ်မှာ ယှက်၍ ပိုက်ထားလိုက်ပြီး နတ်ဆိုးမ၏ အသွင်သဏ္ဌာန်ကို ဟန်ဆောင်ခြင်းမရှိ လှစ်ဟ ပြနေသလိုပင်။ သူမ၏ သွင်ပြင်က တင့်တယ်ပြီး မြင့်မြတ်လှသည်။
သူမက ကျယ်လောင်စွာဖြင့် “ပြောစရာ တစ်ခု ရှိပါတယ်၊ ဒီမိန်းကလေးက သိမ်းမထားနိုင်တော့ဘူး”
လူအများ၏ အာရုံက တိုက်ခိုက်ခြင်း ဆီကနေ သူမထံသို့ ပြောင်းသွားတော့သည်။
တစ်ယောက်က အသံကျယ်ကျယ်ဖြင့် “မင်းက နတ်ဆိုးမ မဟုတ်ဘူးလို့ ပြောချင်သေးတာလား”
“မဟုတ်ဘူး”
နန်းပေါင်ရီက အပြုံးရေးရေးဖြင့် “ပြောချင်တာက ဒီနေရာမှာရှိတဲ့ လူတွေ အားလုံးက အရူးတွေပဲ”
လူပေါင်း သောင်းကျော်က အံ့အားသင့် သွားသည်။
သူတို့ ထင်ထားတာက နတ်ဆိုးမက ဒူးထောက်ပြီး အသက် ချမ်းသာပေးဖို့ အသနားခံမယ်ပေါ့၊ ဒါပေမယ့် ဘာလို့ သူက ဆဲရေးနေတာလဲ။
ရှမင်ဟွေးက အံကြိတ်ပြီး “နန်းပေါင်ရီ၊ ဒီမှာ ဘုရင်ခံချန်းလည်း ရှိတယ်၊ ပြီးတော့ ဘုရင်ခံရွယ်ကလည်း အမြဲတမ်း ဒီက အခြေအနေကို စောင့်ကြည့်နေတာ၊ နင့်မှာ အမတ်မင်းရဲ့ အထောက်အပံ့ ရှိတယ်ဆိုပြီး နှိပ်စက် ညှဉ်းပန်း ခံရတာကနေ လွတ်မယ်လို့ ထင်မနေနဲ့”
“ရှမင်ဟွေး”
နန်းပေါင်ရီက အသံချိုချိုလေးနှင့် “အားလုံးကို ခြုံပြီး စဉ်းစားလိုက်ရင် အရူးတွေ ကြားထဲမှာ နင်က အရူးဆုံး ပဲ”
ရှမင်ဟွေး၏ မျက်နှာက တင်းမာသွားပြီး “နင်ဘာပြောတာလဲ”
“နင်ကျင်းကွမ်မြို့ကို ဘုရင်ခံရွယ် နှင့်အတူ ပြန်လာ ကတည်းက ငါ့ကို အစကနေ အဆုံးထိ ကြံစည်နေတာ၊ ပထမတော့ ငါက နင့်ဝမ်းကွဲညီမ ရှချင်ချင်ရဲ့ ရန်သူမို့လို့လို့ ထင်ခဲ့တာ၊ နောက်တော့ နင်က ထပ်ခါထပ်ခါ ငါ့ရဲ့အသက်ကို နုတ်ယူဖို့ လုပ်လာတော့ တစ်ခုခုတော့ မှားနေပြီလို့ ငါသဘောပေါက် သွားတယ်၊ ရှချင်ချင်ကို ငါသတ်တာလို့ နင်ထင်နေတာလား”
“မဟုတ်လို့လား”
ရှမင်ဟွေးက ဒေါသတကြီးဖြင့် “နင်က ထောင်စောင့်ကို ငွေပေးပြီး သူ့ကို လည်ပင်း ညှစ်သတ်ခိုင်းခဲ့တာ”
ချင်ချင်၏ ဝမ်းကွဲအစ်မက သူတစ်ယောက်တည်းပင်။ အတူတူ ကြီးပြင်း လာကြပြီး ညီအစ်မကောင်းတွေ ဖြစ်ကြသည်။
ချမ်းသာပြီး အာဏာရှိသော သူနှင့် လက်ထပ်ပြီး သူတို့၏ ကလေးတွေကို ဆွေမျိုး တော်ခိုင်းမယ်လို့ သူမတို့ ကတိထားခဲ့ကြသည်။ သူမတို့ တစ်သက်လုံး ညီအစ်မကောင်းတွေ အဖြစ် ရှိကြမယ်လို့ ပြောထားကြသည်။
သို့သော် သူမ၏ ညီမလေးက နန်းပေါင်ရီ၏ လက်ဖြင့် သေခဲ့ရသည်။
ဘယ်လိုလုပ်ပြီး မမုန်းဘဲနေပါ့မလဲ …
နန်းပေါင်ရီက နန်းယန်ကို ကြည့်လိုက်သည်။ ‘
နန်းယန်၏ နောက်ကျောက အေးစိမ့်စိမ့် ဖြစ်သွားပြီး တဖြည်းဖြည်း ကြောက်လန့် လာသည်။ ရှချင်ချင်ကို သူမ၏လက်ဖြင့် လည်ပင်းညှစ်ပြီး သတ်ပစ်ခဲ့တာ ဖြစ်သည်။
နန်းပေါင်ရီကို ထိခိုက်အောင် လုပ်ဖို့ အကူအညီ လိုသည့်အတွက် ရှချင်ချင်က နန်းပေါင်ရီ၏ အသတ်ခံလိုက် ရတာလို့ ရှမင်ဟွေးဆီ စာရေးခဲ့သည်။
နန်းပေါင်ရီ၏ အခုအမူအရာက ….
မဟုတ်ဘူး၊ မဟုတ်ဘူး၊ သူ့မှာ သက်သေမှ မရှိတာ၊ ရှမင်ဟွေးက သူ့ကိုယုံမှာ မဟုတ်ဘူး။
နန်းပေါင်ရီက ခေါ်လိုက်သည်။
“သူဌေးမဟန်….”
နွေဦးကျောက်စိမ်း စံအိမ်ရဲ့ အစေခံက လူလတ်ပိုင်းအရွယ် လူတစ်ယောက် နှင့်အတူ ရုတ်တရက် ထရပ်လိုက်သည်။
ထိုလူလတ်ပိုင်းအရွယ် လူက ရှချင်ချင်ကို နန်းယန်က လည်ပင်း ညှစ်သတ်ခဲ့စဉ်က နောက်ဆက်တွဲ ကိစ္စများကို ဖြေရှင်း ပေးခဲ့ရသောသူ ဖြစ်သည်။
နန်းပေါင်ရီက အသံနက်နက်ဖြင့် “နန်းယန်က ရှချင်ချင်ကို သူ့လက်နဲ့ ကိုယ်တိုင် လည်ပင်း ညှစ်သတ် ခဲ့တာ၊ အဲဒါကို ထောင်စောင့်က မျက်မြင် တွေ့ခဲ့တယ်၊ အဲဒါကြောင့် သူက ထောင်စောင့်ကို ရွှေစ ငါးရာပေးပြီး ဖုံးကွယ် ပေးထားဖို့နဲ့ နောက်ပိုင်း ကိစ္စတွေကို လုပ်ခိုင်းခဲ့တယ်၊ ထောင်စောင့်က ပြဿနာ ဖြစ်မှာ ကြောက်လို့ ကျင်းကွမ်မြို့ကနေ ထွက်ပြေး သွားတယ်၊ ငါ့လူတွေက ရှုနိုင်ငံရဲ့ နယ်စပ်မှာ သူ့ကိုရှာတွေ့ဖို့ ခက်ခက်ခဲခဲ ကြိုးစား လိုက်ရတယ်”
ထောင်စောင့်က ရုတ်ခြည်း ဒူးထောက် လိုက်ပြီး ငိုကြွေးနေသည်။
သူက ရှမင်ဟွေးဆီသို့ ခြေလှမ်း အနည်းငယ် လှမ်း၍ နန်းယန်ကို လက်ညှိုးထိုးပြီး “ရှသခင်မလေး၊ သခင်မလေး ရှချင်ချင်ကို လည်ပင်း ညှစ်သတ်တဲ့သူက တကယ်တော့ ဒီမိန်းမပါ၊ ကျွန်တော်က ဘာမှ မလုပ်ပါဘူး၊ ကျွန်တော်က အပြစ်ကင်းပါတယ်”
ရှမင်ဟွေးက နန်းယန်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေသည်။
နန်းယန်၏ မျက်နှာလှလှလေးက နီမြန်းလာပြီး ကျိန်ဆဲတော့သည်။
“နင်က အဓိပ္ပါယ်မရှိတဲ့ စကားတွေ လာပြောနေတာပဲ၊ ဘာသက်သေမှ မရှိဘဲ ငါ့ကို ဘယ်လိုလုပ်ပြီး စွပ်စွဲရဲရတာလဲ”
“ကျွန်တော် မင်းကို စွပ်စွဲနေတာ မဟုတ်ဘူး”
ထောင်စောင့်က ဝတ်စုံလက်ထဲက အဝါရောင် သန်းနေသည့် စာတစ်စောင်ကို ထုတ်ယူလိုက်ပြီး “သခင်မလေး ရှချင်ချင် သေပြီးတော့ ကျွန်တော်က သူ့ကို တွင်းတူးပြီး မြှုပ်ပေးဖို့ တာဝန် ယူလိုက်တယ်၊ ဒီစာက သူ့ကိုယ်ပေါ်က တွေ့တဲ့စာပါ၊ မင်းရေးထားတာ၊ ဒီစာကြောင့် ရှမိသားစုက ပြိုကွဲပျက်စီး သွားတာ၊ မင်းသတ်တာ”
နန်းယန်က စာကို စိုက်ကြည့် လိုက်သည်။ ထိုစာက နန်းပေါင်ရီကို သူမ လုပ်နိုင်တယ်လို့ ကြွားဝါပြီး ရေးခဲ့သည့် စာဖြစ်သည်။ ရှမိသားစုကို စာတစ်စောင်ဖြင့် ဆွဲချပစ်နိုင်တယ်ဟု ထိုစဉ်က သူမ ပြောခဲ့သည်လေ။
ဒီစာက ရှချင်ချင်နှင့် ရှသခင်ကြီးတို့ကို ခိုက်ရန် ဖြစ်ပွားစေခဲ့သော အကြောင်းအရင်းပင်။ နောက်ဆုံးတော့ ရှချင်ချင်က ရှသခင်ကြီးကို တွန်းမိပြီး သတ်ပစ်သလို ဖြစ်သွားခဲ့သည်။
ကံမကောင်းစွာ ထိုစာက အခုထိ ရှိနေသေးတယ်…
ရှမင်ဟွေးက စာကိုယူပြီး တစ်လုံးချင်းစီ ဖတ်လိုက်သည်။ သူမ၏ လက်ချောင်းများက တုန်ယင်နေတာ မရပ်တော့။
တကယ်တော့ နန်းယန် တစ်ယောက်တည်းကသာ သူ့ဝမ်းကွဲ ညီမလေး၏ မိသားစုကို သတ်တဲ့သူ….
တကယ်တော့ သူ့ဝမ်းကွဲ ညီမလေးကို သတ်တဲ့ သူကလည်း နန်းယန်…..
ဒီခွေးမက လွန်ခဲ့တဲ့ နှစ်ကတည်းက သူမကို လှည့်စားခဲ့ပြီး ဓါးတစ်လက်လိုတောင် အသုံးချလိုက် သေးတယ်၊ ရယ်စရာပဲ၊ ရူးမိုက်စွာနဲ့ သူ့ကိုကူပြီး နန်းပေါင်ရီကိုတောင် တိုက်ခိုက် ပေးလိုက်သေးတယ်…
“မမလေးရှ၊ နားထောင်ပါဦး၊ ဒီစာက နန်းပေါင်ရီ အတုလုပ် ထားတာပါ….”
“ခွေးမ”
ရှမင်ဟွေးက တင်းမာ ခက်ထန်စွာဖြင့် “ငါက တစ်သက်လုံး အရမ်း ထက်မြက်ခဲ့တယ်၊ နင့်ဆီက လှည့်စား ခံခဲ့ရတယ်၊ ပထမဆုံး တွမ့်ယန်မှာ နန်းပေါင်ရီကို သတ်ဖို့ အသည်းအသန် ကြိုးစားတယ်၊ နောက်တော့ သံချပ်ကိုဖြန့်ပြီး သူ့ဂုဏ်သတင်းကို ဖျက်ဆီးခဲ့တယ်၊ ဒါတွေ အားလုံးက နင်လုပ်ခဲ့တာတွေ၊ နန်းယန် နင် ငါ့ညီမရဲ့ အသက်အတွက် ပြန်ပေးဆပ်ရမယ်၊ နင်က ချင်ချင့်ကို သတ်တာ”
သူမက အရူးတစ်ယောက်လို နန်းယန်၏ ဝတ်စုံကို ဆွဲပြီး သခင်မလေး တစ်ယောက်၏ ပုံရိပ်ကို ဂရုမစိုက်တော့ဘဲ လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။ သူမက နန်းယန် မျက်နှာကို ဘယ်ပြန်ညာပြန် ပါးရိုက်နေသည်။
နန်းယန်က နာကျင်စွာ ညည်းညူနေသည်။
လူတွေက အံ့ဩသွား ကြတော့သည်။
အခု အခြေအနေကဘာလဲ…
နတ်ဆိုးမကို မီးရှို့မည့် နတ်ဘုရားတွေနှင့် နတ်ဆိုးတွေ၏ ဇာတ်လမ်းကနေ အိမ်တွင်း ခိုက်ရန်ဖြစ်ပွားသော ဝမ်းနည်းစရာ ဇာတ်လမ်းဆီကို မျက်စိတစ်မှိတ် အတွင်းတွင် ဘယ်လိုလုပ်ပြီး ပြောင်းသွားတာလဲ။
သူတို့၏ အပြန်အလှန် စကားများကို နားထောင်ပြီးနောက် သံချပ်က နန်းသခင်မလေး ၅ ၏ ဂုဏ်သတင်းကို ပျက်စီးအောင် သူတို့က တမင် ဖြန့်လိုက်တာ ဖြစ်နိုင်မှန်း သိလိုက်ရသည်။
ဘုရင်ခံချန်းက တောင့်ခဲသွားသည်။ သူက ဆူပူလိုက်သည်။
“လူပုံအလယ်မှာ ငိုနေကြတာ ဘယ်လို ပုံစံမျိုးတွေလဲ လာကြစမ်း၊ သူတို့ကို ဖမ်းလိုက်ကြ”
“သူတို့ကို ဖမ်းချင်တာလား၊ လုပ်စရာ မလိုပါဘူး”
နန်းပေါင်ရီက ပြက်ရယ် ပြုလိုက်သည်။
“အချိန်ခဏလောက် ပေးပါဦး၊ ဘုရင်ခံချန်းက သူတို့ကို ထပ်ပြီး ဖမ်းဖို့ မဖြစ်မနေ လိုလာမှာပါ၊ ဘုရင်ခံချန်းက မသိချင်ဘူးလား၊ အဒေါ်ဖုန်နဲ့ သားအငယ်ဆုံးလေး ဘယ်ကို ရောက်သွားလဲ ဆိုတာကိုလေ”
“ကျီနန်ဘုရားကျောင်း မီးလောင်တော့ သူတို့က ကျင်းကွမ်ကို ပြန်သွားကြပြီ”
“ဟုတ်ရဲ့လား”
နန်းပေါင်ရီက နှုတ်ခမ်းကိုတင်းတင်းစေ့ပြီး မြေပြင်ပေါ်မှာ သေဆုံးနေသည့် ကလေး အလောင်းကို ဝမ်းနည်း ပူဆွေးစွာ ကြည့်လိုက်သည်။
ဘုရင်ခံချန်းက သူမအကြည့် လားရာကို လိုက်ကြည့်လိုက်ပြီး အနည်းငယ် ထိတ်လန့် သွားသည်။
စိတ်ထဲက မကောင်းသော ခံစားချက် တစ်ခုကို ခံစားလိုက်ရသည်။ စာအုပ်ကို ကိုင်ထားသည့် လက်က တုန်ယင်နေတာ မရပ်တော့ပေ။
သူက ကလေးရဲ့ အလောင်းကို စူးစိုက်ကြည့် လိုက်သည်။
ဒါက ဖြစ်နိုင်တာ….
သူက ရုတ်တရက် ထအော်လိုက်သည်။
“မဖြစ်နိုင်ဘူး”
သူက ခေါင်းကို ခါယမ်းရင်း သိစိတ်တစ်ဝက်နှင့် ကလေးဆီသို့ လျှောက်သွား လိုက်သည်။
“မဖြစ်နိုင်ဘူး…”
“ဒါ မဖြစ်နိုင်ဘူး….”
သူက ကြောက်လန့်စိတ်ကို တွန်းလှန်ပြီး သေဆုံးနေသည့် ကလေးဆီကို လျှောက်သွား၍ မြေပြင်ပေါ်သို့ အလောတကြီး ကြည့်လိုက်သည်။
ကလေး၏ လည်ပင်းတွင် ရွှေသော့လေး တစ်ချောင်း ရှိနေသည်။ ထိုသည်က သူကိုယ်တိုင် ရေးဆွဲထားသော ပုံစံဖြစ်ပြီး ပန်းထိမ်ဆရာဆီမှာ အပ်ပြီး လုပ်ခိုင်းခဲ့တာ ဖြစ်သည်။ တယ်အာ၏ တစ်လပြည့်တုန်းက မွေးနေ့လက်ဆောင် အနေနဲ့ ပေးထားတာ ဖြစ်လေသည်။
သနားစရာ ကောင်းတဲ့ ကလေးလေးက တကယ်တော့…..
သူ့ရဲ့သား အငယ်ဆုံးတဲ့လား..
“အား… အား… အား… အား…”
ဘုရင်ခံချန်းက ခေါင်းကို ကိုင်ပြီး ရုတ်တရက် ကြေကွဲစွာ အော်ဟစ် လိုက်လေသည်။
***