အပိုင်း (၂၉၄)
ဘုရင်ခံက နန်းပေါင်ရီကိုနှစ်သက်တယ်
သူက မှောင်ရိပ်ထဲမှာ ရပ်နေသည်။
ဖြူဖွေးပြီး သွယ်လျသော လက်ချောင်းတွေက ညင်သာစွာဖြင့် ရင်းတိုက်သား ပုတီးကို စိတ်နေသည်။ သူ၏ ဘုရားကျောင်းအပေါ် ထင်မြင်ချက်အရ ရှောင်းယီက ဒီမှာ အိပ်နေတာ တစ်လကျော် ကြာခဲ့ပြီ။
ဒီနေ့တော့ စစ်တန်းလျားမှာ မတော်တဆ တစ်ခု ဖြစ်သွားတာကြောင့် သူနေနေရသည်။ သူ့ထင်မြင် ယူဆချက်အရ ဆိုရင် ရှောင်းယီ၏ ညတိုင်း ဒီမှာရှိနေရခြင်း အကြောင်းရင်းက နန်းပေါင်ရီ၏ အလှအပနှင့် ခန္ဓာကိုယ်ကို ရချင်လို့ဆိုတာ ရှင်းနေတာပဲ။
မနက်ဖြန် ဘုရားကျောင်းက ပြိုင်ပွဲမှာ ဒီကောင်မလေးအတွက် သူက တလောကလုံးနှင့် တိုက်ခိုက်ရန် ဆန္ဒမရှိလောက်ပေ။
သူက ရင်းတိုက်သား ပုတီးစေ့ တစ်စေ့ကို အပိုင်းပိုင်းအစစ ဖြစ်အောင် ခြေမွပစ်လိုက်သည်။ အိပ်ဆောင်၏ ရနံ့များကြား၌ ထူးဆန်းသော အနံ့တစ်ခုက ရုတ်ခြည်း ပြည့်နှက် သွားတော့သည်။
နန်းပေါင်ရီက အားနည်း ဖျော့တော့သွားပြီး တဖြည်းဖြည်း အိပ်ပျော်သွားလေပြီ။ ကုချုံရှန်းက အိပ်ရာဆီသို့ တစ်လှမ်းချင်း လျှောက်သွားပြီး ကန့်လန့်ကာကို မတင်လိုက်သည်။
ဖဲသားအိပ်ရာခင်းနှင့် ခေါင်းအုံးများက အပြာရောင်ရင့်ရင့် ပေါ်မှာ ရွှေကြိုးများနှင့် ခေါင်ရန်း ပန်းပွင့်ပုံ ထိုးထားပြီး အလွန်အမင်း တင့်တယ်၍ အကောင်းစားများ ဖြစ်သည်။
ကောင်မလေးက လက်များကို အိပ်ရာ အပြင်ဘက်သို့ ချထားသည်။ လက်သည်းလေးများက အနီရောင် တောက်နေပြီး မင်ရောင် ဖဲသား အိပ်ရာပေါ်မှာ ပို၍ လှပနေသည်။
ရှည်လျားသည့် စန္နကူးနံ့ သင်းနေသော ဆံနွယ်များက ခေါင်းအုံးပေါ်သို့ ဖြာကျနေပြီး မျက်နှာလေးက ဖြူဉ နူးညံ့၍ လှပလှသည်။ မျက်တောင်လေး နှစ်ဖက်က ယပ်တောင်လေး ဖြန့်ထားသလို လက်ဖဝါးပေါ်က အဖိုးတန် ပုလဲလေးလို လှပမှုတစ်မျိုးကို ဖော်ဆောင်နေသည်။
ထိုညက ကျင်းယုမန်တန်မှာ သူမ ရထားလုံးပေါ်သို့ မတက်ခင် သူ့ကို ပြောခဲ့တာကို သူပြန်တွေးမိသည်။
“ဘုရင်ခံကု”
“နှစ်တိုင်း ဆုတောင်းပေးရင် အရာရာတိုင်းက မင်္ဂလာရှိနေမှာ ပါ”
အရာရာတိုင်းက မင်္ဂလာရှိနေမှာ….
ကံမကောင်းတာက သူ မွေးဖွား လာကတည်းက အဲဒီအရာနှစ်ခု မပါလာခဲ့ပေ။
သူ့လက်ထဲက အာဏာနှင့် မြင့်မားသော ရာထူးကို မျှော်ကိုး၍ တခြားသူများက သူ့ကို မျက်နှာချို သွေးကြသည်။
ဒီမိန်းကလေး တစ်ယောက်တည်း ကသာ သူ့ကို နှစ်တိုင်း ကံကောင်းပါစေလို့ ဆုတောင်းပေးခဲ့သူ ဖြစ်သည်။
သူက အိပ်ရာနားမှာ ရပ်နေဆဲပင်။ သူသည် အနည်းငယ် တိမ်းလိုက်ပြီး နန်းပေါင်ရီ၏ ပါးပြင်မို့မို့လေးကို သူ၏ ရွှေရောင်သံချပ်ကာ ဝတ်ထားသော လက်ဖြင့် တို့ထိလိုက်သည်။
သူမကို အချိန် အတော်ကြာသည်အထိ စူးစိုက်ကြည့်နေပြီး သူက ရုတ်တရက် မျက်လုံးတွေကို ချ၍ ရင်းတိုက်သား ပုတီးကို စိတ်နေသည်။
သူက သစ်သားပုတီးကို ခြေမွှပစ်လိုက်ပြီး ညင်သာစွာ ဆေးကို သူမ၏ ပါးစပ်ထဲသို့ ထည့်ကျွေးလိုက်သည်။
သူသည် ဆေးအရည်ပျော်ပြီး သူမ၏ ဝမ်းဗိုက်ထဲ ရောက်သွားတာ သေချာသည်အထိ မပြန်သေးပေ။
ကျီနန်ဘုရားကျောင်း၏ အပြင်ဘက်မှာတော့ တောင်တန်းများသည် အဖြူရောင် လမင်း၏ အလင်းရောင် ဖြာကျနေပြီး လင်းထိန်နေသည်။
သူက တံစက်မြိတ် အောက်တွင် ရပ်နေရင်း ထိန်ထိန်သာနေသည့် လကို ငေးနေသည်။
သူ့နောက်တွင် ခစားသော မိန်းမစိုးငယ်လေးက ရိုကျိုးစွာဖြင့် “သခင်ကြီး၊ သခင်ကြီး နန်းပေါင်ရီကို ကျွေးလိုက်တဲ့ ဆေးက မျက်လှည့်ဆေးလေ၊ သူစားပြီး သွားရင် ဆံပင်တွေက ခဏ အဖြူရောင် ပြောင်းသွားပြီး စုန်းမနဲ့ တူသွားမှာ၊ သခင်ကြီးက နန်းပေါင်ရီကို မုန်းတယ်၊ သူ့ကို တလောကလုံးက နတ်ဆိုးမလို့ ထင်စေချင်လို့ ဟုတ်တယ်မလား”
“မဟုတ်သေးဘူး၊ မဟုတ်သေးဘူး”
မိန်းမစိုးငယ်လေးက ရုတ်တရက် အော်လိုက်ပြီး သူ့ဘာသာသူ ငြင်းချက် ထုတ်ပြန်သည်။
သူက ခေါင်းကိုမော့၍ ထူးထူးဆန်းဆန်း ပြုံးလိုက်ပြီး ရုတ်တရက် သူ့ကိုယ်သူ ပြင်ဆင်လိုက်သည်။
“နန်းပေါင်ရီကိုသာ နတ်ဆိုးမလို့ သမုတ်ကျရင် ဒီရက်တွေ အတွင်းမှာ စုဆောင်းထားတဲ့ သူ့ရဲ့ ဂုဏ်သတင်းက လုံးဝကို တစ်စစီ ဖြစ်သွားမှာပဲ၊ အမတ်မင်းတောင်မှ သူ့ကို ထူးဆန်းတဲ့ လူလို ဆက်ဆံ တော့မှာ…”
သူက နောက်ထပ် ခေါင်းကို မော့လာပြန်ပြီး မသိသေးဟန်ဖြင့် “ဒါဘာကို ဆိုလိုတာလဲ”
“အရူး၊ အဲဒါဆို အမတ်မင်းက သူ့ကို မကယ်တော့ဘူးလေ၊ တစ်နည်း ပြောရရင် ငါတို့ သခင်ကြီးက ဒီ အလောင်းအစားမှာ နိုင်သွားပြီပေါ့၊ သခင်ကြီးနိုင်ရင် နန်းပေါင်ရီက သခင်ကြီးကို အမြဲတမ်း ခစားရတော့မှာ”
တောင်တန်းပေါ်တွင် တိုက်ခတ်နေသည့် လေညင်းက တိတ်ဆိတ်နေပြီး သစ်ပင်များ အချင်းချင်း ပွတ်တိုက်သံသာ ကြီးစိုးနေသည်။
မိန်းမစိုးငယ်လေးက နိဂုံးသို့ ရောက်လာပြီး တက်ကြွသော လေသံဖြင့် “ဘုရင်ခံက နန်းပေါင်ရီကို နှစ်သက်နေတယ်”
ကုချုံရှန်းက ရေသေလိုပင်။ နက်နဲသော မျက်ခုံးရိုးများက သူ့ကို အထီးကျန်ပြီး အေးစက်တယ်လို့ ထင်ရစေသည်။ သူက လှေခါးထစ်ပေါ်သို့ တက်သွားပြီး ပို၍ နက်ရှိုင်းသည့် အမှောင်ထု အတွင်းသို့ တိုးဝင် သွားတော့သည်။
“ဘုရင်ခံက လောကကြီးမှာ အချစ်ရှိတယ်လို့ မယုံဘူး”
“ဒီဘုရင်ခံက ထပ်ပြီး သဘောမကျတော့ဘူး”
မိန်းမစိုးငယ်လေးက ဘာဖြစ်သွားမှန်း မသိလိုက်ပါချေ။
အဝေးက ကြယ်လေးများနှင့် ညချမ်းလေပြည်က တိုက်ခတ်နေသည်။ လမင်းကြီးက တဖြည်းဖြည်းဖြင့် အနောက်ဘက်သို့ တိမ်းသွားပြီး သစ်သားငါးကို ခေါက်နေသည့် အသံနှင့် ဘုရားကျောင်း၏ တရားစာ သံပြိုင် ရွတ်ဖတ်နေသည့် အသံက တဖြည်းဖြည်း ရပ်တန့်သွားသည်။
နန်းယန်နှင့် ရှမင်ဟွေးက ဘုရားကျောင်းက အခန်းတစ်ခန်း၏ အပြင်ဘက်၌ တိတ်တဆိတ် ပေါ်လာသည်။
သူမက တိုးတိုးလေး ပြောသည်။
“ဒီမှာနေတဲ့ တစ်ယောက်က ဘုရင်ခံချန်းရဲ့ မောင်းမတစ်ယောက်ပဲ၊ လွန်ခဲ့တဲ့ တစ်လကမှ ကလေးမီးဖွား ထားတာ၊ သူက ကျီနန်ဘုရားကျောင်းမှာ လာပုန်းနေတာ ဘာကြောင့်လဲ ဆိုတော့ ငါ့ယောက္ခမက သူနဲ့ သူ့ကလေးကို သတ်ပစ်မှာ စိုးလို့၊ ငါက ကလေးကို အိမ်မပြန်ခင်မှာ နည်းနည်းလောက် ကြီးပြင်းလာအောင် မွေးထားတာ”
ရှမင်ဟွေးက ရှင်းလင်းသွားသည်။
“ငါတို့ လုပ်ရမှာက အဲဒီကလေးကို သတ်ပြီး နန်းပေါင်ရီရဲ့ ခေါင်းပေါ် ပုံချရမှာ၊ လူတွေ အားလုံးကို သူက တကယ် ကလေးတွေကို စားတယ်ဆိုတာ မြင်အောင် ပြပေးရမှာ”
“မဆိုးဘူး”
နန်းယန်က အောက်သို့ ငုံ့ကိုင်းလိုက်ပြီး တံခါးမှတစ်ဆင့် ကြိုတင် ပြင်ဆင်လာသည့် အနံ့ထုတ်သော ပစ္စည်းကို အတွင်းထဲ ပစ်လိုက်သည်။
သူတို့နှစ်ဦးက အပြင်ဘက်ကနေ အမွှေးတိုင် တစ်တိုင်စာ အချိန်အထိ စောင့်နေပြီး အဒေါ်ဖုန်၊ သူနာပြု၊ အစေခံနဲ့ တခြားသူ အားလုံး မိန်းမောပြီး အိပ်ပျော်သွားကြပြီ ဆိုတာကို သေချာအောင် လုပ်ပြီးမှ တိတ်တိတ်လေး တံခါးကို ဖွင့်လိုက်သည်။
ကလေးက ပုခက်ထဲမှာ အိပ်ပျော်နေသည်။ နန်းယန်က ညင်သာစွာ ကလေးကို ချီလိုက်ပြီး အခန်းထဲမှ ပြန်ထွက်သွားသည်။
ရှမင်ဟွေးက တရားအားထုတ်သော အဆောင်ကို နှံ့နှံ့စပ်စပ် ကြည့်လိုက်ပြီး တံခါးကို ပိတ်၍ ဘာသက်သေမှ မကျန်ခဲ့ဘူး ဆိုသည်ကို သေချာအောင် လုပ်လိုက်သည်။
တံခါးပိတ်ပိတ်ချင်းမှာပင် အဒေါ်ဖုန်က အနည်းငယ် ခံစားရသလို မျက်လုံးတွေကို ဖွင့်ဖို့ ရုန်းကန်နေပြီး “ငါ့.. က…လေး… ပြန်…ပေး”
သူမက ခက်ခက်ခဲခဲ ရေရွတ်နေပြီး ရှမင်ဟွေး၏ မျက်နှာကို စိတ်ထဲက စွဲနေအောင် မှတ်ထား လိုက်သည်။
ရုတ်တရက် သူမက ထပ်ပြီး တောင့်မခံနိုင်တော့တာကြောင့် မျက်ရည်များ စီးကျလာသည်။
ဝေးလံတဲ့ အနောက်ခြံမှာတော့….
နန်းယန်က တုန်လှုပ်နေသည့် မျက်လုံးများဖြင့် နောက်သို့ လှည့်ကြည့် လိုက်ပြီး “တစ်ယောက်ယောက် သိမသွားပါဘူးနော်”
“စိတ်ချ၊ ဘယ်သူမှ ငါတို့ကို မတွေ့ဘူး”
ရှမင်ဟွေးက ဓါးတစ်ချောင်းကို ကမ်းပေးပြီး “နင်လုပ်မလား၊ ငါလုပ်ရမလား”
နန်းယန်က ကလေးကို စိုက်ကြည့်ပြီး သူမ၏မျက်လုံးတွေမှာ သတ်ဖြတ်ချင်သည့် ရည်ရွယ်ချက်က ဖြတ်ပြေး သွားသည်။
အချိန်အတန်ကြာမှ သူမက ရက်စက်စွာ “ဓါးကိုသုံးရင် အရမ်း သိသာတယ်၊ နန်းပေါင်ရီက ကလေးတွေ စားတယ် ဆိုတာကို လုပ်ဖို့က ဒီကလေးမှာ သဘာဝကျအောင် သွားရာ နည်းနည်း လုပ်ဖို့လိုတယ်”
“သွားရာ”
“ကျီနန်ဘုရားကျောင်းရဲ့အနောက်တံခါးမှာ ခွေးရိုင်း တချို့ရှိတယ်”
ရှမင်ဟွေး၏ နတ်ဆိုးစိတ်က အူထဲက လှိုက်တက်လာပြီး “ငါတို့ လုပ်ပြီးသွားရင် ပိုပြီးကြီးတဲ့ တစ်ခုနဲ့ ကစားသင့်တယ်”
သူမက နန်းယန်၏ နားနားသို့ကပ်၍ စကားတချို့ ပြောလိုက်သည်။
***
ဒီနေ့မီးရှို့သတ်ခံရမဲ့ နန်းပေါင်ရီကတော့ အိပ်ရာထဲမှာ လှဲနေဆဲပင်။
“ဒီနေ့ဘာဝတ်ရမလဲ”
မိန်းကလေးက ဖြူဖွေးနူးညံ့နေသည့် ခြေထောက်လေးကို ပျင်းရိစွာ အိပ်ရာထောင့်သို့ ပို့ထားသည်။
ကြက်သွန်စိမ်းလို ပုံစံရှိသည့် အရောင်စပ်ထားသော ပန်းထိုးပဝါလေးကို လက်ချောင်းလေးနှင့် ကိုင်ထားပြီး အသာအယာ ပုတ်လိုက်သည်။
“တကယ်တမ်းတော့ တစ်နိုင်ငံလုံးက လူတွေရဲ့ ရှေ့မှာ မျက်နှာပြဖို့ အခွင့်အရေးပဲ၊ တစ်ခုခုသာ လွဲချော်သွားရင် ငါပြန်လာနိုင်တော့မှာ မဟုတ်ဘူး၊ လှလှပပလေး ဝတ်စားဖို့ လိုတယ်၊ အဲဒါကြောင့် သူတို့က နန်းကျောင်းကျောင်းက ဘာမှမဖြစ်ဘူးဆိုတာ သိသွားကြမှာ၊ ငါ့ရဲ့ အလှအပတွေက အစစ်အမှန်ပဲ….”
ဝတ်စားပြင်ဆင်ရန် တွေးနေတုန်းမှာပင် ရုတ်တရက် သူမက နှာခေါင်းရှုံ့ လိုက်သည်။
ပြင်းပြင်းထန်ထန် လောင်ကျွမ်းနေသည့် အနံ့က အပြင်မှ ဝင်ရောက် လာသည်။ သိပ်မကြာခင် ထောင်၏ အပြင်ဘက်မှာ အော်သံတွေ လွှမ်းမိုး သွားတော့သည်။
“မီးလောင်နေပြီ၊ မီးလောင်နေပြီ၊ မီးလောင်နေပြီ၊”
“ရေက သောက်ဖို့တောင် မလောက်တာ၊ မီးကိုငြှိမ်းဖို့ ဘယ်က ရေရမှာလဲ”
“ပြေးကြ”
ဆူညံသံတွေက နားအူအောင် ကြားနေရသည်။
နန်းပေါင်ရီက အိပ်ရာပေါ်ကနေ ခုန်ထလိုက်သည်။ သူမက အဝတ်အစားတောင် မဝတ်နိုင်တော့ဘဲ ဝတ်စုံစကိုမ၍ ထောင်တံခါးဆီသို့ အမြန်ပြေးသွားသည်။
သို့သော်လည်း ထောင်တံခါးက သော့ခတ် ထားသည်လေ။
သူမက နံရံထောင့်တွင် ထားထားတဲ့ တူကြီးကို ရိပ်ခနဲ မြင်လိုက်ပြီး မိန်းကလေး တစ်ယောက်၏ ပုံရိပ်ကို ထည့်မစဉ်းစား နိုင်တော့ဘဲ အားနွဲ့သော မိန်းမသား၏ အင်အားကို သုံးပြီး တူအကြီးကြီးကို မ၍ သစ်သားတံခါးကို အရူးတစ်ယောက်လို ထုခွဲဖျက်ဆီး နေသည်။
သစ်သားတံခါးကို ထုထုလိုက်ချင်းမှာပဲ ရှီးယန်က သူမကို ကာကွယ်ပေးရန် အတွက် တံခါးကို ဖျက်ဆီးလိုက်သည်နှင့် တိုးတော့သည်။
ကျယ်လောင်သော အသံကြီး နှင့်အတူ သစ်သားတံခါးက အပိုင်းပိုင်းအစစ ကြေမွ၍ ရှီးယန်နှင့်အတူ လွင့်ထွက်သွားသည်။
“အား…”
နန်းပေါင်ရီ ထိတ်လန့်သွားသည်။
ရှီးယန်၏ နှာခေါင်းမှ သွေးများ ကြမ်းပြင်ပေါ်သို့ ကျဆင်းနေတာကို ကြည့်ရင်း သူမက နှာခေါင်းကို ထိကြည့်လိုက်သည်။
ကြည့်ရုံနဲ့တင် နာနေပြီ။
ရှီးယန်က ထရပ်ဖို့ ကြိုးစားရုန်းကန် လိုက်ပြီး မျက်နှာတစ်ခုလုံးက သွေးများ ဖုံးလွှမ်းနေသည်။ သူက လက်ကိုယှက်၍ “ကျွန်တော် နောက်ကျသွားပါတယ်၊ ခွင့်လွှတ်ပါ”
“အဆင်ပြေတယ်၊ အဆင်ပြေတယ်၊ သွားကြစို့”
အခုတော့ ပြင်းထန်သော မိုးခေါင်မှုကြီးကြောင့် ကျီနန်ဘုရားကျောင်းမှာ မီးသတ်ရန်အတွက် ရေအလုံအလောက် မရှိပေ။ မီးများက ဆက်လောင်နေပြီး တောင်များကိုတောင် လောင်ကျွမ်းသွား နိုင်သည်။
တောင်အောက်ကို မြန်မြန်ဆင်းဖို့ လိုသည်။
နန်းပေါင်ရီက ဝတ်စုံစကိုမ၍ ယုန်လေးတစ်ကောင်ထက် မြန်အောင်ပြေးသည်။ ရှီးယန်က နောက်မှ လိုက်သည်။
မီးကို ကျော်ဖြတ် လာပြီးနောက် သူ့မျက်လုံးများကို မပွတ်သတ်ကြည့်ဘဲ မနေနိုင်တော့။
မိန်းကလေး ပေါင်ရီရဲ့ဆံပင်တွေက………
ဘာလို့ဖြူနေတာလဲ
သူက အနည်းငယ် ခါးသက်သက် ခံစားချက်ကို ခံစားလိုက်ရပြီး ရုတ်တရက် ဆန့်ကျင်ဘက် အရပ်သို့ ပြေးသွားသည်။
သခင်လေးကို ချက်ချင်း သွားပြောမှ ဖြစ်မယ်။
နန်းပေါင်ရီက တရှုံခန်းမကို ဖြတ်သွားသောအခါ ခန်းမထဲမှ နှလုံးကွဲမတတ် ငိုနေသံကို ကြားလိုက်ရသည်။
သူမက နှာခေါင်းနှင့် ပါးစပ်ကို ပိတ်လိုက်ပြီး မီးထဲသို့ ပြေးဝင်သွားသည်။ ထိုနေရာမှာ သွေးများ ရွှဲနေသည့် ကလေးလေး တစ်ယောက်ကို ပစ်ထားသည်ကို တွေ့လိုက်ရတော့သည်။
***