အပိုင်း (၂၉၃)
ကျောင်းကျောင်းက အနွေးဆုံးပဲ၊ အစ်ကို့ရဲ့လက်မောင်းတွေကြားထဲမှာ ပွေ့ဖက်ထား လိုက်ရင် အစ်ကိုမအေးတော့ဘူး
ရှောင်းယီက ကျီနန်ဘုရားကျောင်းဟာ အနားယူစရာ နေရာတစ်ခု ဖြစ်လုနီးပါးကို သတ်မှတ်ထားသည်။
ဘုန်းတော်ကြီးများမှာ အားစိုက်ထုတ်၍ စောင့်ကြပ် နေစေကာမူ သူကတော့ ဘယ်သူမှ မရှိသကဲ့သို့ လွတ်လွတ်လပ်လပ် လာလိုက် သွားလိုက်ဖြင့်ပင်။
ဆောင်းဦးရာသီ ရောက်ခဲ့ပြီ….
ဘုရားကျောင်းက ညဘက်မှာတော့ အလွန် အေးလှသည်။ နန်းပေါင်ရီက ခြေလက်သန့်စင်ပြီး အဖြူရောင် ပိုးသားညဝတ် အင်္ကျီကို ဝတ်ဆင်ထားကာ အလှပြင်ခုံ ရှေ့တွင်ထိုင်ရင်း သူမ၏ စန္နကူး နံ့သင်းနေသော ဆံနွယ်များကို ညင်ညင်သာသာ ဖြီးသင်နေသည်။
အချိန် တဖြည်းဖြည်းဖြင့် ကုန်လွန်လာပြီးနောက် သူမက တိတ်တိတ်လေး အပြင်ဘက်သို့ ကြည့်လိုက်ပြီး စောင့်မျှော် နေလေသည်။
သူမသည် ရင်းနှီးနေသော ‘ကလစ်’ ဆိုသည့် သော့ဖွင့်လိုက်သံကို ကြားသည်နှင့် ငေးမောနေသည်အား အမြန် ရုပ်သိမ်းလိုက်ပြီး သူမ၏ဆံပင်များကို တည်ငြိမ်စွာ ဆက်၍ ဖြီးချင်ယောင် ဆောင်နေလိုက်သည်။
ရှောင်းယီက အိပ်ခန်းအတွင်းသို့ လှမ်းဝင်လာသည်။ နန်းပေါင်ရီက ကြေးမုံမှန်ကို ဖြတ်၍ ကြည့်လိုက်သည်။
ဤငယ်ရွယ်သော အမတ်မင်းက သားရေခါးပတ်နှင့် စစ်ဖိနပ်ကို ဝတ်ဆင်ထားပြီး တင့်တယ်လှသည့် ကိုယ်ဟန် နှင့်ပင်။ သူမကို အလွန်အမင်း သားရေကျအောင် လုပ်နေ… အဲ့လေ မဟုတ်သေးပါဘူး၊ သူမကို စိတ်လှုပ်ရှားစေတယ်။
ရှောင်းယီကလည်း ကြေးမုံမှန်ကို ကြည့်လာသည်။
မှန်ထဲမှ မိန်းကလေးမှာ ရှင်းသန့်ပြီး နူးညံ့နေသော မျက်နှာလေးဖြင့် အလွန်အကျူး လှပပြီး သိမ်မွေ့သည်။
သူက သူမ၏ နောက်သို့ လျှောက်သွားပြီး ခေါင်းကိုငုံ့၍ သူမ၏ ကိုယ်သင်းနံ့လေးကို ရှူရှိုက်ရင်း အသံက တိုးညင်း၍ ကွဲအက်နေကာ “ဘုန်းတော်ကြီးအိုတွေက မင်းကို ဒီနေ့လည်း အနိုင်ကျင့်ကြပြန်ပြီလား”
နန်းပေါင်ရီက ခေါင်းလေးကို လိမ်လိမ်မာမာဖြင့် ခါယမ်းလိုက်ပြီး “သူတို့က ညီမလေးနဲ့ ပြိုင်မငြင်းနိုင်ပါဘူး၊ ညီမလေးကို အရိုအသေ ပေးတာတောင် တအား နောက်ကျနေပြီ၊ အဲ့ဒါကြောင့် သူတို့က ဘာလို့ ညီမလေးကို အနိုင်ကျင့်နိုင်ပါ့မလဲ?”
ကျီနန်ဘုရားကျောင်းမှာ အနေကြာ လာတာကြောင့် သူမ မြင်နိုင်ခဲ့သည်။ ဘုရားကျောင်းက ဘုန်းတော်ကြီးများသည် အဓိက ကျောင်းနှစ်ကျောင်း အနေနှင့် ဂိုဏ်းဂဏ ကွဲနေကြပြီး စာပေပညာရှင်တွေက ဗုဒ္ဓဘာသာ၏ ဉာဏ်အမြင် ပွင့်စေမှုကို ကိုယ်စားပြုကြပြီး ဘုန်းတော်ကြီးများမှာ ဆရာတော်ကြီးများအား ကိုယ်စားပြုကြသည်။
ချန်းမိသားစုနှင့် ရှမိသားစုက လူများသည် ဘုန်းတော်ကြီးများနှင့် သင့်မြတ်ကြသည်။
နန်းပေါင်ရီက ထရပ်လိုက်ပြီး ခြေဖျားထောက်၍ ရှောင်းယီ၏ ကြီးမားသော ဝတ်ရုံကြီးကို ခက်ခက်ခဲခဲ ချွတ်ပေးလိုက်သည်။
သူမက နှင်းစက်တွေနှင့် ရွက်ကြွေတွေကို ညင်သာစွာ ခါထုတ်ပေးလိုက်ပြီး လေသံလေးဖြင့် “ဆောင်းဦးတောင် ရောက်နေပြီ၊ ကျီနန်ဘုရားကျောင်းက တောင်တွေပေါ်မှာ တည်ဆောက်ထားတော့ ညဘက်ဆို အအေးဆုံးပဲ၊ အစ်ကို ၂ က ဝတ်ရုံထူထူကို လဲဝတ်သင့်တယ်”
ပြောပြီးနောက် သူမက ဝတ်ရုံကို တန်းပေါ်မှာ လွှားထားလိုက်သည်။
ရှောင်းယီက သူမကို ငေးနေသည်။ မီးအိုးလေး၏ မီးတောက်လေးက ညင်ညင်သာသာ ယိမ်းနေသည်။
မိန်းကလေး၏ နောက်ကျောက ပိန်ပါးသွယ်လျသည်။ သူမ၏ အဖြူရောင် ပိုးသားဝတ်စုံကို ခါးစည်းကြိုး တင်းတင်းရင်းရင်း ချည်နှောင် မထားပေ။ သူမ၏ ဖြောင့်စင်းပြီး သွယ်လျနေသော ခြေတံများကို လှစ်ဟပြနေသည်။
သူ့ဝတ်ရုံကြီးကို ချွတ်ပေးနေသည့် ပုံစံလေးက သတို့သမီး အသစ်စက်စက်လေးက အိမ်ပြန်လာသော ခင်ပွန်းကို ပြုစုယုယနေသလိုပင်။
သူသိပြီ…
ကောင်မလေးက သူ့ကိုသွေးဆောင် နေတာပဲ။
ထို့ကြောင့် သူက ရှေ့သို့ ခြေလှမ်း တိုးလိုက်ပြီး နန်းပေါင်ရီကို နောက်မှ ဖက်ထားလိုက်သည်။
သူက တိုးသဲ့သဲ့ဖြင့် “ကျောင်းကျောင်းက အနွေးဆုံးပဲ၊ အစ်ကို့ရဲ့ လက်မောင်းတွေ ကြားထဲမှာ ပွေ့ဖက်ထား လိုက်ရင် အစ်ကို မအေးတော့ဘူး”
နန်းပေါင်ရီ တောင့်ခဲသွားရသည်။
လူငယ်က အပြင်က ပြန်လာပြီးပြီးချင်းမို့ သူ့ခန္ဓာကိုယ်က နှင်းများဖြင့် စိုရွှဲနေဆဲပင်။ တောင်တန်းများနှင့် မြစ်ချောင်းများ၏ ရနံ့က သူမ နှာဖျားလေးကို ကျီစယ်နေသည်။ နေ့တိုင်းရနေသော ရှင်းလင်းအေးမြ၍ ကြင်နာဟန်အပြည့် ကိုယ်သင်းနံ့က ဒီညတော့ အထူးတလည် လွှမ်းမိုးလိုစိတ် ပြင်းပြသည့် အငွေ့အသက်တွေကို ထုတ်လွှတ်နေသည်။ သူမက အလွန် စိတ်လှုပ်ရှားစေပြီး လက်ဖျားလေးပင် မလှုပ်ရဲတော့ ပါချေ။
သူမက အစ်ကို ၂ ကိုနှစ်သက်ပေမယ့်….
ညဉ့်နက်သန်းခေါင် အချိန်ကြီးမှာ ဒီလိုပုံစံမျိုးကြီး ဖက်ထားတာက သူမကိုယ်သူမ အနည်းငယ် မထိန်းချုပ် နိုင်တော့သလို ထင်မှတ်ရသည်။
ရှောင်းယီက ငုံ့ကြည့်လာသည်။ ကောင်မလေး၏ နားရွက်လေးများမှာ ပန်းရောင် ကျောက်စိမ်းလို ရဲတွတ် နေသည်။
သူ့လက်မောင်းများ ကြားထဲက အနွေးဓါတ်လေးက ဖိအားတွေကြောင့် ပိုးသား ညအိပ်ဝတ်စုံကို ဖြတ်၍ အပူကို ခံစားမိသည်။ သူမကို ဒီလိုသာ ဖက်ထားရင် သူမက ပွက်ပွက်ဆူနေသည့် ရေနွေးများကဲ့သို့ ဖြစ်သွားမည် ဆိုတာကို သူယုံမှား သံသယ မရှိပါချေ။
နန်းပေါင်ရီက သူမိန်းမော တွေဝေနေတာကို သိပြီး ဖြူဖွေးနူးညံ့နေသည့် ပါးပြင်မို့မို့က ရှက်သွေးဖြာသွားရပြီး အထစ်ထစ် အငေါ့ငေါ့ဖြင့် “အစ်ကို ၂၊ အစ်ကို၊ အစ်ကို၊ အစ်ကို၊ အစ်ကိုက အပြင်ဘက်မှာ တစ်နေ့လုံး ပင်ပန်းခဲ့တာ၊ ညီမလေး၊ ညီမလေးက အစ်ကို့အတွက် ပြင်ထားပေးတယ်၊ ချိုးဖို့ရေကို ပြင်ထားပေးတယ် …..”
ရှောင်းယီက သူမကို ဖြည်းဖြည်းချင်း လွှတ်ပေးလိုက်သည်။ သူမက ကန့်လန့်ကာဖြင့် ကာထားသော ရေချိုးခန်း ဘက်ကို ပြေးသွားတာကို သူစောင့်ကြည့်နေပြီး သူ့လက်ချောင်းများကို ကွေးညွတ်၍ တင်ကျန်နေခဲ့သည့် အရသာလေးအား ခံစားနေသည်။
သူ့နှုတ်ခမ်းများ ကွေးညွတ်သွားပြီး အသံအက်အက်ဖြင့် “မြန်မြန်လေး ကြီးလာပါတော့၊ အစ်ကို မစောင့်နိုင်တော့ဘူး…..”
အိပ်ရတော့မဲ့အချိန်ပင်။
နန်းပေါင်ရီက ခြင်ထောင်ထဲမှနေ၍ တိုးဖွဖွဖြင့် “အစ်ကို ၂၊ နောက်နှစ်ရက်နေရင် ညီမလေးက နတ်ဆိုးမလို့ ဆက်ဆံခံရပြီး တောင်ခြေမှာ မီးရှို့ သတ်ကြလိမ့်မယ်၊ ကျင်းကွမ်မြို့က လူတွေ အားလုံးလည်း လာကြည့်ကြမယ်လို့ ညီမလေးကြားတယ်”
ရှောင်းယီက ကြမ်းပြင်ပေါ်မှာလှဲရင်း ‘အိုး’လို့ အသံပြုသည်။
နန်းပေါင်ရီက ပါးစပ်လေးကို တင်းတင်း စေ့လိုက်သည်။
‘အိုး’ ဆိုတာက ဘာအဓိပ္ပါယ်လဲ။
ရှောင်းယီက ဖြည်းဖြည်းချင်း ဖြည့်စွက်ဆိုသည်။
“စိတ်မပူပါနဲ့၊ အစ်ကိုက လှုပ်ရှားမှုလုပ်ပြီး မင်းရဲ့အစီအစဉ်ကို မနှောင့်ယှက်ပါဘူး၊ ကျောင်းကျောင်းလေးက ဉာဏ်ကောင်းတာပဲ၊ ကိုယ်ကိုယ်ကိုယ် ကာကွယ်နိုင်မှာ ကျိန်းသေပဲ၊ ရှမင်ဟွေးနဲ့ နန်းယန်ရဲ့ လျှို့ဝှက် ပူးပေါင်း ကြံစည်မှုကို ဖော်ထုတ်နိုင်မှာ”
နန်းပေါင်ရီ “….”
သူမက သူ့ကို တစ်ခုခု လုပ်စေချင်တာလေ။ သူမက အလျင်အမြန် ကန့်လန့်ကာ၏ ထောင့်လေးကို ဖွင့်လိုက်သည်။
အမတ်မင်းက ဝတ်စုံပေါ်မှာ အိပ်နေသည်။ လက်တစ်ဖက်ကတော့ သူ၏ ခေါင်းနောက်မှာ အနားယူဖို့ ဖိထားပြီး အိပ်နေသော ပုံစံက တသီးတသန့်ဖြင့် တင့်တယ်နေသည်။
ကုချုံရှန်းနှင့် လောင်းကြေးစားကြေး အကြောင်းကို ပြောပြချင်လား။
အမတ်မင်းက ကုချုံရှန်းနှင့် မကျေနပ်မှုတွေ၊ မနှစ်မြိုမှုတွေ ပြည့်နှက်နေတာ ဖြစ်သည်။ သူမကိုယ်သူမ လောင်းကြေး ထပ်ခဲ့မှန်းသာ သူသိသွားခဲ့လျှင် သူက ကျိန်းသေပေါက် စိတ်ဆိုးလိမ့်မည်။
ကျီနန် ဘုရားကျောင်းကနေ အဝေးကို အခုချက်ချင်း ခေါ်သွားတာလည်း ဖြစ်နိုင်သည်။ ပြီးရင်တော့ သူက ပင်ပင်ပန်းပန်း ရက်ပေါင်းများစွာမှာ နစ်မြုပ်သွားလိမ့်မည်။
သူမက အတွေးနစ်နေသော အချိန်၌ ရှောင်းယီ၏ ဇာမဏီမျက်ဝန်းများ ပွင့်လာသည်။ သူက နူတ်ခမ်းပါးတွေကို လျှာနှင့် သပ်လိုက်ပြီး စောင်ကို ဆွဲလွှတ်ပစ်လိုက်ပြီး “ကျောင်းကျောင်း ငါ့ကို ဒီလိုစိုက် ကြည့်နေတာ အစ်ကိုနဲ့ အိပ်ရာထဲမှာ အတူအိပ်ချင်လို့လား”
“မဟုတ်ပါဘူး… ညီမလေး မအိပ်ချင်ပါဘူး”
နန်းပေါင်ရီက ကန့်လန့်ကာကို အမြန် ပြန်ချလိုက်သည်။ အမွှေးတိုင် တစ်တိုင်စာ အချိန်ကြာပြီးတဲ့ထိ သူမက အိပ်မပျော်နိုင်သေးပေ။
သူမက မဝံ့မရဲဖြင့် “အစ်ကို ၂၊ ကုချုံရှန်းကို ဘယ်လို ထင်လဲဟင်”
“သိပ်ကောင်းတာတော့ မဟုတ်ဘူး”
“သူက ဧကရာဇ်ရဲ့ သံတမန်ပဲ၊ ရုံးတော်ရဲ့ ဓါးရှည်ကို ကိုင်ထားတာ၊ သူ့မှာ ဒေသခံ အစိုးရ အရာရှိတွေကို တကွဲတပြားစီ ကွဲပြီး ကစားနိုင်တဲ့ အာဏာရှိတယ်၊ သူသာ ညီမလေးတို့ ဘက်က ရပ်ခဲ့မယ်ဆိုရင် ချန်းဘုရင်ခံကို တိုက်ခိုက်ဖို့က လွယ်လွယ်လေးပဲ၊ ရုံးတော်ကိုတောင် တင်စရာ မလိုဘူး”
“နန်းကျောင်းကျောင်း”
“ဘာတွေလုပ်နေတာလဲ?”
“အိပ်ရာထဲမှာ ယောကျ်ားတစ်ယောက်ရဲ့ နာမည်ကိုခေါ်ပြီး သူ့အကြောင်း ပြောနေတာက မသင့်တော်ဘူး”
နန်းပေါင်ရီ “….”
သူမက နှုတ်ခမ်းတွေကို တွန့်ကွေးလိုက်ပြီး တိတ်တိတ်လေး ပြန်လှည့် ဝင်လိုက်ရသည်။
အမတ်မင်းနှင့် သွားပြီးမဆွေးနွေးနဲ့ သူက အမြဲတမ်း သူမကို တုံးအတယ်လို့ပဲ ထင်နေတာ။
သူနှင့် အဲ့ဒါကို ဆွေးနွေးတိုင်း သူက အမြဲတမ်း ဘေးဘက်သို့ လမ်းချော် သွားရတာကို ကြိုက်သည်။ သူမ ပြောသမျှက မှားယွင်းနေသည်ပင်။ သူမက ဘာကိုသွားပြီး ဆွေးနွေး ရတော့မှာလဲ။
ဒီလူနဲ့ သဘောတူညီချက် လုပ်ဖို့ အမြဲတမ်း ခက်ခဲတာကို သူမသိသည်။
ကုချုံရှန်းထက်တောင် ခက်သေး….
မေ့လိုက်တော့၊ သူမက ဇာတ်လမ်းနှင့် ဇာတ်ညွှန်းကို စီစဉ်မနေတော့ဘူး၊ နတ်ဆိုးမ တကယ် မီးလောင်တဲ့နေ့မှ သူတို့ လက်တန်း ကပြကြတာပေါ့။
နောက်တစ်နေ့…
ရှမင်ဟွေးက ကျီနန်ဘုရားကျောင်းသို့ မျှော်မှန်းထားသည့် အချိန်ထက်စော၍ ရောက်လာပြီး နန်းယန်နှင့် တွေ့သည်။
သူမက “နန်းပေါင်ရီရဲ့ ကျီနန်ဘုရားကျောင်းက မြင့်မြတ်တဲ့ ဘုန်းတော်ကြီးတွေနဲ့ ငြင်းခုန်ကြတာက တစ်လကျော် ကြာသွားတယ်၊ လူတွေရဲ့ သူ့အပေါ် အမြင်တွေက လုံးဝကို ပြောင်းလဲသွားပြီ၊ နန်းမိသားစုရဲ့ စောင့်ရှောက်မှုကို ခံရတဲ့ ဒုက္ခသည် အများကြီးတောင်မှ သံချပ်က တစ်ယောက်ယောက်က ဖျက်လိုဖျက်ဆီး လုပ်ချင်လို့ လွှင့်ထားတာလို့ ပြောနေကြပြီ၊ ဟုတ်တယ် မနက်ဖြန်ကျရင် သူတို့က အင်အားပေါင်းပြီး လူကယ်ဖို့အတွက် အစီအစဉ် ဆွဲထားတာကိုတောင် ငါသတင်းရပြီးပြီ”
နန်းယန်က ပန်းထိုးထည်နှင့် ထုပ်ထားသော အထုပ်ကို ဆွဲထားသည်။ ဒီနေရာကို ရောက်ဖို့ မလွယ်ကူခဲ့ပေ။ နန်းပေါင်ရီက မနက်ဖြန် အရှင်လတ်လတ် မီးရှို့ခံရတာကို ကြည့်ဖို့ ဘာကြောင့် သူမက သူ့ကို ပြန်လှည့်ခွင့် ပေးရမှာလဲ။
ဆောင်းဦးရာသီ၏ လေညင်းက အေးမြနေသည်။ သူမက မျက်လုံးများကို ဖြည်းဖြည်းချင်း ပင့်ကြည့်လိုက်ပြီး အသံပြင်းပြင်းဖြင့် “သူ့ကို ဒီဘဝက ပြန်မလှည့်နိုင်အောင် လုပ်ဖို့ ကျွန်မမှာ အကြံတစ်ခု ရှိတယ်”
ရှမင်ဟွေး “ငါအသေးစိတ် သိချင်တယ်”
နန်းယန်က သူမနားနားသို့ ကပ်၍ တီးတိုး ပြောလိုက်သည်။
ရှမင်ဟွေး နှင်းဝေနေသော မျက်လုံးတွေက တဖြည်းဖြည်းနှင့် တောက်ပလာသည်။ အချိန် အတန်ကြာပြီးမှ သူမက ပန်းထိုးပဝါကို ဆုပ်၍ ရယ်မောရင်း “ကျင်းကွမ်မြို့ရဲ့ အရည်အချင်းရှိတဲ့ မိန်းကလေး တစ်ယောက် ဆိုတဲ့အတိုင်းပဲ၊ ဒါက အကြံကောင်းပဲ၊ ယန်အာ မနက်ဖြန်ကျရင် ငါစောင့်ကြည့်နေမယ်”
စစ်တပ်စခန်းက ဒီနေ့ အလုပ်များနေသည်။
ရှောင်းယီက သူ ဒီည စစ်တန်းလျားမှာပဲ နားမယ်လို့ ရှီးယန်ကို လွှတ်၍ စကားပါး ခိုင်းလိုက်သည်။
နန်းပေါင်ရီက အလှပြင်ခုံရှေ့မှာ ထိုင်နေသည်။ သူမက ကြေးမုံမှန်ကို စိုက်ကြည့်နေရင်း လက်ကိုပင့်၍ မျက်ခုံးကို ညင်ညင်သာသာ ပွတ်သပ်လိုက်သည်။
အရွယ်မရောက်သေးသော မျက်ခုံးများကြားမှာ အဟတွေ အများကြီး ရှိနေသည်။
တစ်ယောက်ယောက်ကို သဘောကျပေမယ့် သူ့ကို မတွေ့နိုင်ဘူးဆိုရင် သူ့အတွက် စိတ်ပူမိမှာပင်။ သူမက အိပ်ရာထဲသို့ ဝင်ကွေးလိုက်ပြီး ကြမ်းပြင်ပေါ်က အမတ်မင်း အိပ်နေကျ နေရာလေးကို မသိစိတ် တစ်ဝက်နှင့် ကြည့်နေမိသည်။
သူမနှင့် ဒီနေရာမှာ ရက်လေးဆယ်ကျော် ကြာအောင် နေခဲ့ပြီး အခုတော့ ဘာကြောင့် လစ်လပ် နေရသည်လဲ၊ သူမကို တကယ် စိတ်မသက်မသာ ဖြစ်စေတယ်။
သူမက အိပ်ရာပေါ်မှာ လဲလျောင်း လိုက်သည်။ မီးအိမ်လေးက တဖြည်းဖြည်းနှင့် လောင်ကျွမ်းလာပြီး ခြင်ထောင်က နူးညံ့စွာ ပျံဝဲနေသော ပိုးစုန်းကြူးလေးလိုပင်။
သူမက မျက်လုံးများကို မှိတ်လိုက်သည်။
“အစ်ကို ၂၊ ဘာအိပ်မက်တွေများ မက်နေမလဲ….”
မိန်းကလေး၏ ချိုမြိန်သော တိုးဖွဖွ အသံလေးက ထောင့်နားဆီက အရိပ်ထဲ၌ ရပ်နေသော လူ၏နားစည်သို့ ရိုက်ခတ် သွားလေသည်။
***