အပိုင်း (၂၉၁)
ဘုန်းတော်ကြီးက နတ်ဆိုးမနဲ့တောင် ပြိုင်မငြင်းနိုင်ဘူးတဲ့လား
အလွန်ကြီးမားသော ထောင်ကြီးက ရေသေလို ငြိမ်ဆိမ် သွားတော့သည်။
လူများမှာ အသက်ရှူ အောင့်လိုက်မိကြသည်။
သူတို့ လာခဲ့သည်က နတ်ဆိုးမကို မြင့်မြတ်သော ဘုန်းတော်ကြီးများ အရည်ဖော် ပစ်မှာကို မြင်ချင်လို့လေ၊ ဘယ်လိုလုပ်ပြီး နတ်ဆိုးမက မြင့်မြတ်သော ဘုန်းတော်ကြီးတွေကို သင်ပြနေရတာလဲ …
ဒါပေမယ့်လည်း ကြည့်ရတာ အရမ်းကို ကြည့်ကောင်းနေရော…
ဘုန်းတော်ကြီးက အချိန် အတန်ကြာတဲ့အထိ တစိမ့်စိမ့် ချင့်ချိန် တွေးဆပြီးမှ တုံ့ပြန်လာသည်။
“ရက်စက်တဲ့ ဓါးတစ်လက်က မင်းရဲ့စိတ်ဝိညာဉ်ထဲမှာ ရှိနေတာပါ၊ ကိုယ်တော်က မင်းရဲ့စိတ်ကို မြင်နိုင်တယ်”
နန်းပေါင်ရီက ရယ်မော လိုက်သည်။
ရယ်မောပြီးနောက် သူမက တင်းမာစွာ “ဆရာတော်ရဲ့ စိတ်ထဲမှာ ဘုရား ရှိပါသလား”
“ရှိပါတယ်”
“စိတ်ထဲမှာ ဘုရားရှိနေရင် အရာရာတိုင်းက ဘုရားလို့ပဲ မြင်နေမှာပါ၊ ဒါပေမယ့် ဆရာတော်က ဘာကိုမြင်လဲ ဆိုတော့ ရက်စက်တဲ့ဓါး တစ်လက်တဲ့လား၊ အဲဒါဆို ဆရာတော်ရဲ့ စိတ်ထဲမှာ ရက်စက်တဲ့ ဓါးတစ်လက်ကို သိမ်းဝှက် ထားတာလား”
မိန်းကလေးရဲ့အသံက ပြတ်သားလှသည်။
အားလုံးက ရုတ်ရုတ်သဲသဲ ဆူဆူညံညံ ဖြစ်သွားကြသည်။ လူများ၏ မျက်နှာထားတွေက ပြောင်းလဲ ကုန်ကြတော့သည်။
“ငါဝန်မခံချင်ပေမယ့် နတ်ဆိုးမ ပြောတာက အဓိပ္ပါယ် ရှိတယ်၊ မင်းကြည့်ပါလား၊ ဆရာတော်က ပြန်တောင် မဖြေနိုင်တော့ဘူး”
“ဒီလိုပြောတော့မှ သူက တကယ်ပဲ နတ်ဆိုးမ ဟုတ်ရဲ့လား။ ငါတို့ မိသားစု တစ်ခုလုံးကို နန်းအိမ်တော်က ကယ်တင် ပေးထားတာ၊ အဘွားက ပြောတယ်၊ နန်းအိမ်တော်က ကြီးမြတ်တဲ့ ကောင်းမှု ကုသိုလ်တွေ လုပ်တဲ့အိမ်တဲ့၊ အမေက ငယ်ငယ်ကတည်းက ငတ်မွတ် ခေါင်းပါးမှုနဲ့ ကြုံခဲ့ရတာ၊ နန်းအိမ်တော်က သူ့အသက်ကို ကယ်ထားခဲ့တာ”
“ရိုသေ လေးစားသမှုနဲ့ ပြောရရင် ငါထင်တာတော့ အဲဒီသံချပ်က ထူးဆန်းတယ်၊ တစ်ယောက်ယောက်က ဖျက်လိုဖျက်ဆီးနဲ့ တမင် ဖြန့်နေသလိုပဲ”
“……”
မျိုးစုံ ဆွေးနွေးနေကြသည့် ပဲ့တင်သံများက မျက်လုံးတွေမှာ ထင်ဟပ်နေသည်။
နန်းယန်က ပန်းထိုးပဝါကို တင်းတင်း ဆုပ်ထားပြီး မျက်နှာက ပြင်းပြင်းထန်ထန်ကို တွန့်ချိုးနေသည်။ သူမက နန်းပေါင်ရီ၏ ပါးစပ်ကို အဝေးကနေ ဆွဲဖြဲပစ်လိုက်ချင်သည်။
သူမက ဘုရားကျောင်းထဲတွင် အချုပ်ခံ ထားရတာတောင် ဘယ်လိုလုပ်ပြီး ဒီလို နေနိုင်သေးတာလဲ ..
ဒီလို ပြောနေနိုင်ရင် နွေဦးကျောက်စိမ်း စံအိမ်ကိုသွားပြီး ပြဇာတ်ဟာသတွေ သွားပြော နေလိုက်လေ….
ဒေါသထွက်လိုက်တာ…..
ဘုန်းတော်ကြီးက ဖျာပေါ်မှာ တင်ပျဉ်ခွေ ထိုင်နေဆဲဖြစ်ပြီး သူ့ရှေ့မှာတော့ ‘ကြာကျမ်းဂန်က လာတဲ့ နှစ်သက်မြတ်နိုးစရာ ဓမ္မတရား’ စာအုပ်က ဖွင့်လျက်သား။
သူ့နဖူးပေါ်ကနေ ချွေးသီး ချွေးပေါက်များ ကျလာပြီး ပါးပြင်ပေါ်သို့ စီးဆင်းသွားကာ ဝတ်ရုံကို စိုစွတ်ပြီး အရောင်ရင့် သွားစေသည်။
အေးစက်သော ချွေးစီးများက ဘုန်းတော်ကြီး၏ သူ့နောက်ကျောရှိ သင်္ကန်းကို စိုနေလေပြီ။
ဒီနတ်ဆိုးမက အရမ်း လှည့်ကွက် များတယ်၊ တကယ်လို့ သူက သူ့စိတ်ထဲမှာ ဘုရား မရှိဘူးလို့ ပြန်ဖြေလိုက်ရင် သူက ဘယ်လို ဘုန်းတော်ကြီး ဖြစ်သွားမလဲ။
ဒါပေမယ့် ဘုရားရှိတယ်လို့ ဖြေပြန်ရင်လည်း သူမ၏ လှည့်ကွက်ထဲကို ကျရောက် သွားလိမ့်ဦးမယ်။
ဘုန်းတော်ကြီးက သူ့နဖူးပေါ်က အေးစက်သော ချွေးစေးများကို သုတ်ဖယ် လိုက်သည်။ ကျီနန် ဘုရားကျောင်း၏ ပုံရိပ်ကို ထိန်းသိမ်းရမယ်မှန်း သူသိသည်။
သူက အေးတိအေးစက်ဖြင့် ပြင်းပြင်းထန်ထန် ဆူပူလိုက်သည်။
“လျှာစောင်း ထက်လှချည်လား”
နန်းပေါင်ရီက အပြုံးလေးတစ်ပွင့်နဲ့ တုံ့ပြန်သည်။
“ထိုင်ပြီး ပြောနေရုံပါ”
ကျီနန်ဘုရားကျောင်းက အရမ်းများနေပြီ၊ ရုတ်တရက်ကြီး လူအများကြီးက သူမကို ရယ်စရာ တစ်ခုအဖြစ် လာကြည့်ကြသည်။ သူတို့ကို သူမက ရွတ်ဖတ် ပူဇော်တာကို နားထောင်စေဖို့ သူမ စီစဉ်ထားသည်။
သူတို့က ကြင်နာစိတ် မရှိမှတော့ သူမကလည်း မစော်ကားနိုင်စရာ အကြောင်း မရှိတော့။
“ကိုယ်တော်က ဟာသတစ်ခု မဟုတ်သလို ကလိမ်ကကျစ် ကျတတ်တဲ့၊ တစ်ပတ် ရိုက်တတ်တဲ့ လူတစ်ယောက် မဟုတ်ဘူး”
ဘုန်းတော်ကြီးက သူမကို ပြန်လည် ချေပသည်။
“ဆရာတော်၊ ကျေးဇူးပြု၍ အသေးစိတ်လေး သိပါရစေ”
ဘုန်းတော်ကြီးက “ငါက ကျီနန် ဘုရားကျောင်းမှာ ကရုဏာ ထားတယ်၊ ရှုနိုင်ငံရဲ့ မိုးခေါင် ရေရှားမှုကြီး အတွင်းမှာ ငါက ဆန်ဂိုထောင်ကို ဖွင့်ပြီး ဆန်တွေ ဝေပေးခဲ့တယ်၊ လူတွေကို ကူညီခဲ့တယ်၊ ရေတွင်းတွေ၊ ရေမြောင်းတွေ တူးပေးတယ်၊ အသက် ဘယ်လောက်ကိုတောင် ကယ်ဆယ်ပေးခဲ့လဲ ဆိုတာ မသိဘူး၊ ငါက အိုမင်းနေပြီ ဆိုပေမယ့် နေ့တိုင်း တရားစာတွေကို ရွတ်ဖတ် ပူဇော်ခဲ့တယ်၊ ရှုနိုင်ငံအတွက် ဆုတောင်း ပေးတယ်၊ ငါ့စိတ်ထဲမှာ ဘုရားမရှိဘူးဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ပါ့မလဲ မင်းကသာ ထိခိုက်နစ်နာ စေတဲ့ သွားပုပ်လေလွင့် စကားတွေကို စကားပြော ကောင်းကောင်းနဲ့ ပြောနေတာ ဖြစ်မှာ စိုးရတယ်”
သူပြောပြီးတဲ့နောက် နန်းပေါင်ရီက အချိန်အတန်ကြာ တိတ်ဆိတ် သွားသည်။
နန်းယန်ကတော့ တိတ်တိတ်လေး ကျိတ်ပြီး ဝမ်းသာနေတာကို မရပ်တန့်နိုင်ပေ။
ဒီခွေးမလေးက ပြောစရာစကား မရှိတော့တာ ဖြစ်မယ်၊ အဲဒါကြောင့် တစ်ခွန်းမှ မဟရဲတော့တာ….
ဘုန်းတော်ကြီး၏ ဂုဏ်သတင်းကို လျစ်လျူရှုပြီး သူမက ဘယ်လိုလုပ် ထိုင်ပြီး ဘုန်းတော်ကြီး တစ်ပါးနဲ့ ပြိုင်ငြင်းရဲပါ့မလဲ။
ကျီနန်ဘုရားကျောင်း၏ ကျောင်းထိုင် ဆရာတော်က အဝေးမှာ ရပ်နေသည်။ သူ၏ ရှည်လျားသော ပုတီးကြီးကို ဖွဖွစိပ်နေပြီး မျက်လုံးများက ခပ်မြင့်မြင့်နဲ့ အေးစက်နေသည်။
နန်းပေါင်ရီကို ဘုရားကျောင်းမှာ ဖမ်းချုပ်ထားသည်မှာ တကယ်တော့ ရှမိသားစု၏ စွန့်စားခန်း တစ်ခု ဖြစ်သည်။ ဒီမိန်းကလေးက နတ်ဆိုးမ မဟုတ်တာကို သူတကယ် သိသည်ပင်။
အစကတော့ ဒီမိန်းကလေးက အကြောင်းအရင်း မရှိဘဲ ခံစားရတော့မှာကြောင့် သူက စိတ်မကောင်း ဖြစ်ခဲ့သော်လည်း သူမက သူ့ဘုရားကျောင်းမှာ လာပြီး ဘုန်းတော်ကြီးများနှင့် အမှန်တရား အကြောင်းတွေကို ဆွေးနွေးရဲ သည့်အပြင် ပိုပြီး ကောင်းဖို့တောင် ကြိုးစားနေသေးသည် ဆိုသည်မှာ သူ့ကို မျက်နှာပျက် စေသည်။
ကံကောင်းစွာ ဆရာတော်က အငြင်းအခုံမှာ တော်သွားသည်က သူမကို ဆွံ့အသွားအောင် လုပ်လိုက်နိုင်သည်။
သံတိုင် အပြင်ဘက်မှာတော့….
ဘုန်းတော်ကြီးက နန်းပေါင်ရီ မသေချာ မရေရာစွာ ထိုင်နေပြီး အချိန်အကြာကြီး စကားမပြော လာသောအခါ သူ့အလှည့် ပြန်ရောက်လာပြီလို့ တွေးမိလိုက်သည်။
ထို့ကြောင့် သူက မေတ္တာကရုဏာတရား ကြီးမားသောပုံစံဖြင့် “ဘာလို့ စကားမပြောတော့ တာလဲ ကိုယ်တော့ ဘုရားရဲ့ လွှမ်းမိုးမှုကို ခံလိုက်ရလို့လား”
နန်းပေါင်ရီက အပြုံးရေးရေးဖြင့် “ဘုရားရှင်က စကားမပြောဘူး ဘာကြောင့်လဲဆိုတော့ စကားပြောဖို့ မလိုလို့”
တိတ်ဆိတ် ငြိမ်သက်မှုက ကြီးစိုးသွားသည်။
ဘုန်းတော်ကြီး၏စိတ် ရှုပ်ထွေးသွားပြီး မျက်နှာက ချက်ချင်း စာရွက်တစ်ရွက်လို ဖြူဖွေး သွားတော့သည်။
ဘုရားရှင်က စကားမပြောဘူး ဘာကြောင့်လဲ ဆိုတော့ စကားပြောဖို့ မလိုလို့…..
ဒါပေမယ့် သူ့စိတ်ထဲမှာ ဘုရားရှိကြောင်း သက်သေပြဖို့ အရမ်းကို အချိန်ကြာကြာ ယူခဲ့ရတယ်လေ….
ထိုစကား၏ နောက်ခံကို ဆန့်ကျင်ရင် အောင်မြင်ဖို့အတွက် စိတ်အား ထက်သန်နေသည့် သူရှေ့မှာ ခုန်ချလိုက်သလို ဖြစ်သွားမည်ပင်။ လူတစ်ယောက်၏ စိတ်ထဲတွင် ဘုရားရှိတယ် ဆိုသည်က ဘယ်လို လူမျိုးဖြစ်နိုင်မလဲ…
သွေးတစ်ပွက်က ရင်ဘတ်အတွင်းမှ ဆန်တက်လာသည်။
သူက ရင်ဘတ်ကိုဖိ၍ ခဏအကြာမှ “နန်းမိန်းကလေးက အေးစက်ပြီး ဉာဏ်ကောင်းတာပဲ၊ ဆုံးမစကားတွေ အများကြီးကို သိတယ်၊ ကြည့်ရတာတော့ ဒကာမလေး အတွက် ကိုယ်တော်က ထပ်ပြီး တရားစာတွေကို ရွတ်ဖတ်ပေးဖို့ လိုမယ်မထင်ဘူး၊ ဆွေးနွေးပွဲမှာ နန်းမိန်းကလေး နိုင်ပါတယ်၊ ဒါက နန်းမိန်းကလေးက အနိုင်အရှုံး အပေါ်မှာ အရမ်းကို အာရုံစိုက်နေလို့ သက်သက်ပဲ၊ ဒီကိုယ်တော့် အမြင်မှာတော့ ဒါက နက်နက်ရှိုင်းရှိုင်း စိတ်ထဲ စွဲနေတာကြောင့် ကိုယ်ထင်ပြခြင်း ဖြစ်တယ်၊ ကောင်းတဲ့အရာ တစ်ခုအတွက်တော့ မလိုအပ်ပါဘူး”
နန်းပေါင်ရီက ပြုံးနေဆဲပင် “ကျွန်မက အနိုင်အရှုံးကို အစောကတည်းက လွှတ်ပေး ထားလိုက်ပြီ၊ ဆရာတော်က မှတ်မိနေသေးတယ်လား”
“ဝေါ့”
ဘုန်းတော်ကြီးက သွေးတစ်ပွက် အန်ထွက်သွားသည်။ သူက နန်းပေါင်ရီကို အနိုင်နဲ့ အရှုံးမှာ အရမ်း စိတ်နှစ်ထားတယ်လို့ စွပ်စွဲပြီး နက်နက်ရှိုင်းရှိုင်း စိတ်ထဲ စွဲနေတာကြောင့် ကိုယ်ထင်ပြခြင်းလို့ ဆိုခဲ့တယ်လေ။
ဒါပေမယ့် နန်းပေါင်ရီ ပြောတာ သူက အစောကတည်းက ရလဒ်ကို ထည့်မစဉ်းစားထားဘူးတဲ့။
ဒီလိုပုံမျိုးနဲ့ဆို သူ့တစ်ယောက်တည်းကသာ စကားတွေ များနေပြီး ရလဒ်ကို အရမ်းစိတ်ထဲ ထည့်နေသလို ဖြစ်နေကာ သူ့ဘာသာသူ အရမ်း စိတ်ထဲ စွဲနေသလို ဖြစ်နေပြီပေါ့။
လူများမှာ အံ့အားသင့်လွန်းလို့ သတိလစ်မတတ် ဖြစ်သွားရသည်။
ဒီအနေအထားက ဘာလဲ ..
ထင်ရှား ကျော်ကြားသော ဘုန်းတော်ကြီးက နတ်ဆိုးမနှင့်ပင် ပြိုင်မငြင်းနိုင်ဘူးတဲ့လား။
နန်းယန်က ပန်းထိုးပဝါကို နှစ်ခြမ်း ဆွဲဖြဲပစ်ပြီး မျက်ရည်ကျတော့ မလိုတောင် ဖြစ်လာရသည်။ သူမ၏ မျက်လုံးများ ထဲမှာတော့ မီးများ တောက်လောင် နေလေပြီ။ ကျီနန်ဘုရားကျောင်းက ဘုန်းတော်ကြီးများကို စိတ်ထဲက အလွန်အမင်း နာကျည်း လာမိသည်။
ဘာလို့ ခုနစ်ရက်ကနေ လေးဆယ့်ကိုးရက်အထိ ရွတ်ဖတ် ပူဇော်ပြီး သူ့ကို မီးရှို့သတ်ရမဲ့ ကိစ္စကောင်းကို မလုပ်ကြတာလဲ။
အခုတော့ ကောင်းရော၊ ဘုရားကျောင်းရဲ့ ဂုဏ်သတင်းက ပျက်စီးသွားပြီး လူများကို ဟာသတစ်ခု ဖြစ်စေပြီလေ။
ကျောင်းထိုင် ဆရာတော်က နန်းပေါင်ရီကို အနီးကပ် စိုက်ကြည့်နေပြီး မျက်လုံးများက အလွန်ဆိုးဝါး လှသည်။
သူတိတ်တိတ်လေး မျှော်လင့်ခဲ့တာက သူ့နောင်တော်က ကျီနန်ဘုရားကျောင်း၏ သိက္ခာကို ပြန်ဆယ် ပေးနိုင်လိမ့်မယ်ပေါ့၊ ဒါပေမယ့် နောင်တော်က သူ့နှုတ်ခမ်းက သွေးစသွေးနတွေကို ဖြည်းဖြည်းချင်း သုတ်နေတာကို တွေ့လိုက်ရသည်။ နတ်ဆိုးမ နန်းပေါင်ရီ ပုံစံကတော့ ဒူးထောက်ပြီး ရိုရိုသေသေဖြင့် ငြိမ်ငြိမ်သက်သက် ထိုင်နေသည်။ မိတ်ဆွေ တစ်ယောက်ကို ပြုစုနေသလိုပင်။
ဘုန်းတော်ကြီးက မေးလာသည်။
“အခုဆိုရင် ရှုနိုင်ငံက ပြင်းထန်တဲ့ မိုးခေါင် ရေရှားမှုကြီးကို ကြုံတွေ့ နေရတယ်၊ မြစ်ရေတွေ ခန်းခြောက်ပြီး သီးနှံရိတ်သိမ်း ဆွတ်ခူးဖို့ စိုက်ပျိုးဧကတွေ မရှိတော့ဘူး၊ နန်းမိန်းကလေး ဘယ်လိုမြင်လဲ”
နန်းပေါင်ရီက ခဏ စဉ်းစားလိုက်သည်။ ပွင့်ပွင့်လင်းလင်း ပြောရရင် သူမ ခုနက ပြောခဲ့တဲ့ တရားစာတွေက အဘွားပြောတာကို ကြားခဲ့ရုံပင်။ ဒီဘုန်းတော်ကြီးနှင့် ဆွေးနွေးဖို့တော့ တကယ်ကို မတတ်နိုင်ပေ။
ဒါ့အပြင် မြစ်ရေတွေ ခြောက်ပြီး လယ်ကွင်းတွေ မရှိတော့တာကို ဘယ်လိုလုပ်လို့ ရမလဲ မိုးရွာတာကို စောင့်ရမှာပေါ့….
ဒါပေမယ့် ဗဟုသုတအတွက် စိတ်အား ထက်သန်နေသည့် ဘုန်းတော်ကြီး၏ အကြည့်နှင့် ရင်ဆိုင်ရသောအခါ သူမက ခန့်မှန်း မရနိုင်အောင် ဟန်ဆောင်လိုက်ပြီး ပေါ့ပေါ့ပါးပါး ဟန်ဖြင့် “အရာအားလုံးက ဒီမှာရှိတယ်”
ဘုန်းတော်ကြီးက တောင့်ခဲသွားသည်။ အမွှေးတိုင် တိုင်ဝက်စာခန့် အချိန်ကြာပြီးနောက် အံ့ဩဖွယ် ကောင်းသည့် ဉာဏ်အလင်း ပွင့်သွားသလိုပင်။
သူက ရုတ်တရက်ကြီး အားရကျေနပ်စွာနဲ့ “ကိုယ်တော် သဘောပေါက်ပြီ… ကိုယ်တော် သဘောပေါက်ပြီ… နန်းမိန်းကလေးရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်”
သူက အသက်ရှူသံ အရှည်ကြီးကို ရှူထုတ်လိုက်ပြီး ခန္ဓာကိုယ် တစ်ခုလုံးက သက်သောင့်သက်သာ ရှိသွားကာ သူ့ပူပန်သောကတွေတောင် အငွေ့ပျံ သွားရသည်။
လောကကြီးမှာ တစ်ခေတ် တစ်ခါသာ ကြုံရတတ်သော ပညာရှိ တစ်ယောက်က နောက်ဆုံးတော့ နန်းအိမ်တော်မှာ ရှိနေသလို သူစိတ်ကူး ကြည့်မိသည်။
ရုတ်တရက်ကြီး သူက ပျော်ရွှင်စွာနဲ့ အဝေးသို့ ထွက်သွားတော့သည်။
နန်းပေါင်ရီ ရှင်းမပြနိုင်အောင် ဖြစ်သွားရသည်။
သူနားလည်တယ်..
သူက ဘာကိုနားလည်တာလဲ..
သူမက အဓိပ္ပါယ် မရှိတာတွေ လျှောက်ပြော လိုက်ရုံပဲကို။
လူများသည် ဆွံ့အငြိမ်သက် သွားကြသည်။
ကျီနန်ဘုရားကျောင်းက ဆရာတော်က ထိုင်နေရင်း နတ်ဆိုးမနှင့် ဆွေးနွေးပွဲမှာ ကျရှုံးသွားတယ် ..
ရှုံးသွားတယ်ဆိုရင် ရှုံးတာပေါ့၊ သူက တကယ်ကို နတ်ဆိုးမရဲ့ အကြံကိုတောင် တောင်းခံပြီး ပြန်ထွက် သွားတာ။
အကြံတောင်းတယ် ဆိုတာက ဗဟုသုတရဖို့ စိတ်အား ထက်သန် နေသေးသည်။ အရမ်းကို အောင်မြင် မနေလို့ရမလား….
သူတို့အားလုံးက ခက်ခက်ခဲခဲနှင့် နန်းပေါင်ရီ၏ သရုပ်မှန်ကို ရင်ဆိုင်လိုက်ကြပြီး ပွဲကြီးပွဲကောင်း အကြောင်းကို မင်းပြောတယ်၊ ငါမပြောဘူးနဲ့ ဆွေးနွေးပြီးရင်း ဆွေးနွေး နေကြတော့သည်။
နန်းပေါင်ရီ “….”
သူမ၏ ချန်းအိမ်တော်ကို ရေထဲ ဆွဲချမည့် အကြံအစဉ်ကို ထိခိုက်နိုင်သည့် အတွက် နတ်ဆိုးမဆိုသော ပုံရိပ်ကို အသိအမှတ် မပြုမှာ စိုးတာကြောင့် သူမက သံတိုင်ကိုကိုင်၍ သူမ၏ အသံကို သူတို့ကြားအောင် အစွမ်းကုန် အော်ဟစ်လိုက်သည်။
“ဟေး၊ မသွားကြနဲ့လေ၊ ငါက နတ်ဆိုးမပါ၊ နင်တို့က ငါ့ကို အမုန်းတရားတွေ ပြေပျောက်ဖို့ ဆူဆဲသင့်တာလေ၊ ဟေး၊ မြန်မြန် ပြန်လာကြ၊ ကျီနန် ဘုရားကျောင်းကို မြန်မြန် ငါ့ကိုမီးရှို့သတ်ဖို့ တောင်းဆိုလိုက်”
***