အပိုင်း (၂၈၉)
မကြိုက်ဘူးဆိုရင် ငါ့ရဲ့အပြင်ဆောင်မောင်းမအဖြစ် မင်းကိုထားပေးမယ်
“ဘုရင်ခံကုကို မနှောင့်ယှက်တော့ဘူး၊ ပျော်ပါ၊ ပျော်ပါ”
ဘုရင်ခံရွယ်က ဆေးတံကို သောက်နေပြီး လှည့်၍ ထောင်အတွင်းမှ ပြန်ထွက် သွားတော့သည်။
ကုချုံရှန်းက သံတိုင် အပြင်ဘက်မှာ ထိုင်လိုက်သည်။ သူက ရင်းတိုက်သား ပုတီးစေ့ကို ကစားနေရင်းဖြင့် နန်းပေါင်ရီကို စူးစိုက်ကြည့်နေသည်။
“မင်းကြောက်လား”
နန်းပေါင်ရီက မီးငှက် မျက်လုံးရွှဲကြီးတွေကို ပုတ်ခပ်ပုတ်ခတ် လုပ်လိုက်သည်။
ကြောက်ရမယ် ဆိုတာက ကြောက်ဖို့ မဟုတ်ဘူးလေ။ သူမ အရင် ဘဝတုန်းက ကုချုံရှန်းနားမှာ အချိန်တွေ အကြာကြီး နေခဲ့ရသည်။ သူက ဘာတစ်ခုမှ ကောင်းတာ မလုပ်ခဲ့သူပင်။
ကုချုံရှန်း၏ စိတ်ထဲမှ သူမှာ လျိုဟွားသခင်မ ဖြစ်မှန်း သူမသိသည်။
ရှန်ကျင်း မြို့တော်၏ အလှလေး တစ်ပါးဖြစ်ပြီး ဝေးလံသော နေရာတွေအထိ ကျော်ကြားသူပင်။
သို့သော် ကုချုံရှန်း၏ မေးခွန်းနှင့် မျက်နှာချင်း ဆိုင်ရသောအခါ သူမက ဉာဏ်ကောင်းစွာ ခေါင်းကို ညိတ်လိုက်ပြီး “ကျွန်မ ကြောက်တယ်၊ ဘယ်လောက် ကြောက်နေမှန်း ပြောပြလို့တောင် မရဘူး”
ကုချုံရှန်းက လှောင်ပြုံး ပြုံးသည်။ မိန်းကလေး၏ ကိုယ်နေဟန်ထားက အလွန်ကို ဝတ်ကျေတမ်းကျေ ဖြစ်နေပြီး သူမက တကယ်တော့ ဘာကိုမှ ကြောက်မနေပါချေ။
သူက မျက်လုံးကို ဖွဖွမှိတ်၍ လက်တစ်ဖက်နှင့် ပုတီးစေ့များကို တစ်လုံးပြီးတစ်လုံး စိတ်နေသည်။ ထောင်အတွင်း လေထုက ထူးဆန်းသည့် တိတ်ဆိတ် ငြိမ်သက်မှုကြီးထဲသို့ ကျရောက် သွားသည်။
နန်းပေါင်ရီက ငါးရုပ်ကို ပိုက်ပြီး သူ့ကို ခဏမျှ ကြည့်နေသော်လည်း သူက ဘာမှ မလုပ်တာကြောင့် သူမက ငါးရုပ်ကို ထပ်ခေါက် နေပြန်သည်။
သူမက ဗုဒ္ဓဘာသာ တရားစာတွေကို အလွတ် မရွတ်နိုင်ပေမယ့် သူမသည် လောင်ကျူး တာအိုတဲ့ချင်၏ ဘုရားစာတွေကိုတော့ မှတ်မိနေသည်။
ငါးရုပ်ကို ခေါက်ရင်း “တောက်ဓမ္မက တာအိုပါ၊ အလွန်ကို ကျော်ကြားလှတယ်၊ အလွန်ကို ကျော်ကြားလှ တယ်…..”
“ပါးစပ်ပိတ်ထား”
“အိုး…”
ဘယ်လောက် ကြာသွားမှန်း မသိလိုက်၊ ကုချုံရှန်းက နောက်ဆုံးမှာတော့ ငြိမ်ငြိမ်သက်သက်နေတာ လုံလောက်သွားပုံ ရပြီး ဘာခံစားချက်မှ မရှိသော မျက်နှာထားဖြင့် လျှောက်ထွက် သွားသည်။
နန်းပေါင်ရီက လွတ်မြောက် သွားသလို သက်ပြင်းတစ်ချက် မှုတ်ထုတ် လိုက်သည်။ ကုချုံရှန်း ထွက်သွားပြီး သိပ်မကြာလိုက်၊ ကိုရင်လေး တစ်ပါးက လူများကို ဦးဆောင်၍ ထပ်ပြီး ခေါ်လာပြန်သည်။
နန်းပေါင်ရီက ရောက်လာသော လူတွေကို ကြည့်လိုက်သောအခါ နန်းယန်နဲ့ ရှမင်ဟွေးတို့ပင်။
နန်းယန်က သံတိုင် အပြင်ဘက်မှာ ရပ်ပြီး နွေးထွေးစွာဖြင့် “အိမ်တော်မှာ ငါပန်းထိုးနေတုန်း ကြားလိုက်မ်တာတော့ သံချပ်ထဲက နတ်ဆိုးမကို ဘုရင်ခံကုက ဖမ်းပြီး ဘေးအန္တရာယ် ကပ်ဆိုးက လွတ်မြောက်ဖို့ ကျီနန် ဘုရားကျောင်းကို ပို့လိုက်တယ်တဲ့၊ အဲဒါကြောင့် အထူးအနေနဲ့ လာကြည့်တာ၊ ကြင်နာတတ်တဲ့ နှလုံးသားမျိုးနဲ့ပါ၊ ဒီလို ကံဆိုးမိုးမှောင် ကျခြင်းက တကယ်ပဲ ညီမလေးကြောင့်လို့ မထင်ထားဘူး”
နန်းပေါင်ရီက သူမကို စကားမပြောချင်ပေ။ သူမက လေးထောင့် စားပွဲလေးမှာ ထိုင်နေပြီး စာရွက် တစ်ရွက်ကို သက်သောင့်သက်သာဖြင့် လှန်လိုက်သည်။
နန်းယန် မျက်မှောင်ကြုတ် သွားတော့သည်။
နန်းပေါင်ရီက အဖမ်းခံထားရတာတောင် ဘာလို့ တစ်ချိန်လုံး တုံ့ပြန်မှု မရှိတာလဲ။
သူမက ပြုံးရင်း “မမလေးရှ၊ ဘုရားကျောင်းက ဘုန်းတော်ကြီးတွေ ပြောတာ ကြားမိတာတော့ သူတို့က ဒီနတ်ဆိုးမ အတွက် ဗုဒ္ဓတရားတော်တွေကို ခုနစ်ရက်ကနေ လေးဆယ့်ကိုးရက်အထိ ရွတ်ဖတ် ပူဇော်ပြီး သူ့ကို လူအများ ရှေ့မှာ လောကကြီးကို သန့်စင်တဲ့ အနေနဲ့ မီးရှို့သတ်မှာတဲ့”
“မီးရှို့သတ်ခံရတာက တကယ် နာမှာပဲ”
ရှမင်ဟွေးက ပါးစပ်လေးကို အုပ်၍ အံ့အားသင့် ဟန်ဖြင့် “နန်းမိန်းကလေးရဲ့ အသားအရေက နူးညံ့နေတာ ဘယ်လိုလုပ်ပြီး ခံနိုင်မှာလဲ”
“ဟုတ်တယ်၊ တောင်ခြေက လူအုပ်ကြီးရှေ့မှာ အရှင်လတ်လတ် မီးရှို့ခံရမှာ၊ အမတ်မင်းတောင်မှ သူ့ကို မကယ်နိုင်တော့ဘူး၊ အဆုံးမှာတော့ အလှတစ်ခုပဲ ရှိတဲ့ မိန်းကလေး တစ်ယောက်အတွက် ဘယ်သူကများ လူပေါင်း များစွာကို အပြစ်ပြုချင်မှာလဲ”
“ယန်အာ၊ သေသေချာချာ ဂုဏ်ပြုနိုင်အောင် ငါတို့က နေရာကောင်းလေး ဦးထားရမယ်”
သူတို့နှစ်ယောက်က ပြောနေကြပြီး တခစ်ခစ် ရယ်နေကြသေးသည်။
နန်းပေါင်ရီက နှာခေါင်း ထိပ်လေးကို ပွတ်သပ် လိုက်သည်။
မမှောင်သေးတာတောင် ဒီနှစ်ယောက်က ဘာအိပ်မက်တွေ လာမက်နေတာလဲ။
သူမက လက်ဖက်ရည်အိုးကို ကောက်ယူလိုက်ပြီး သံတိုင်နားသို့ လျှောက်သွား၍ “ရယ်ရလား”
သူတို့ ဘာမှပြန်မဖြေခင် သူတို့၏ မျက်နှာများကို ပူနွေးနေသည့် ရေနွေးတွေနှင့် ပက်လိုက်သည်။
နန်းယန်နှင့် ရှမင်ဟွေးက မူးမေ့ သတိလစ်မတတ် ဖြစ်သွားရသည်။ လက်ဖက်ခြောက်ဖတ်တွေက ဆံထုံးနှင့် မျက်နှာတွေပေါ် တင်နေပြီး လက်ဖက်ရည်များ ဝတ်စုံပေါ်မှ တစက်စက် စီးကျနေသည်။ အလွန် ရှက်စရာ ကောင်းလှသည်။
နန်းပေါင်ရီက ကျိန်ဆဲလိုက်သည်။
“ငါက နတ်ဆိုးမပဲ၊ နင်တို့ နှစ်ယောက်က ငါ့ရှေ့မှာ တွန်းလား ဆွဲလားနဲ့ ဟီးဟီးဟားဟား လာလုပ်နေတယ်၊ တစ်နည်းအားဖြင့် ငါက နောက်တစ်ခါကျရင် နင်တို့ကို အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်မယ်၊ ခွေးသွေး မည်းညစ်ညစ်တွေနဲ့ ဖြန်းပစ်မယ်၊ လက်တုံ့ပြန်မှာ ကြောက်နေကြပြီလား”
သူတို့နှစ်ယောက်က လက်ဖက်ရည်တွေနဲ့ လက်ဖက်ခြောက် ဖတ်တွေကို ရှက်ရွံ့စွာ သုတ်ဖယ်နေသည်။
ရှမင်ဟွေးက အသံနက်နက်ဖြင့် “နင် လေကျယ်နိုင်လှ တစ်လ ကျော်လောက်ပေါ့၊ နန်းပေါင်ရီ ငါက နင်မီးရှို့ခံရပြီး သေမဲ့နေ့ကို ကြည့်ဖို့ စောင့်နေမယ်၊ နင့်ရဲ့ အပူလောင်ပြီး ပျက်စီးသွားမဲ့ ပုံစံက ကောင်းကင်ပေါ်က ချင်ချင့်ရဲ့ ဝိညာဉ်ကို စိတ်သက်သာရာ ရစေမှာ”
သူမက အေးစက်သော မျက်နှာထားဖြင့် လှည့်ထွက် သွားတော့သည်။
နန်းယန်က နန်းပေါင်ရီကို စိုက်ကြည့်ပြီး အချိန် အတန်ကြာပြီးမှ သူမ၏ မျက်ခုံးများ ရုတ်ခြည်း နူးညံ့သွားကာ “ကျီနန် ဘုရားကျောင်းက နန်းအိမ်တော်လောက် ဘယ်ကောင်းပါ့မလဲ၊ ကျောင်းကျောင်းနဲ့ ကစားပေးမဲ့သူ မရှိဘူး၊ ကျောင်းကျောင်း အထီးကျန် နေပြီလား”
“အဆင်ပြေတယ်”
“မပူပါနဲ့ ကျောင်းကျောင်း၊ မမက တခြားသူတွေနဲ့မှ မတူတာ၊ မမက ဒီကျီနန် ဘုရားကျောင်းမှာ သေချာပေါက်နေပြီး မီးရှို့သတ်တာကို မျက်စိနဲ့ တပ်အပ်ကြည့်ရဖို့ စောင့်မှာပါ…..”
နန်းယန်၏ စကားက ရပ်တန့်သွားသည်။ သူမက မျက်မှောင်ကြုတ်ပြီး မိန်းကလေးကို မနှစ်မြို့စွာ စိုက်ကြည့် နေသည်။
သူမ ဒီနေရာကို ဘာအတွက် ရောက်လာတာလဲ ဆိုတာ နန်းပေါင်ရီ သိပါ့မလား။
သူမက ဘုရားရှင်ကို ဆုတောင်းဖို့ လာတယ်လို့ ထင်နေလို့လား။
တကယ်တော့ သူမက အသင့်စား အစားအစာတွေကို မကြိုက်ပေ။
“ခေါင်းတလားကို မမြင်ရသေးခင်တော့ မငိုဘဲနေဦးပေါ့”
သူမက ထေ့ငေါ့ ကျိန်ဆဲပြီး ထွက်သွားတော့သည်။
နန်းပေါင်ရီက မျက်ခုံး ပင့်လိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ဘုရားစာအုပ်ကို နောက်တစ်ရွက် လှန် လိုက်သည်။
နောက်ကျနေပြီ။
ကံကောင်းတာက ကျီနန် ဘုရားကျောင်း၏ အခြေအနေက မဆိုးလှ။ ပြင်းထန်သော မိုးခေါင် ရေရှားမှုကြီး ထဲမှာတောင် ရေနွေးနွေးလေး ရနိုင်သေးသည်။
နန်းပေါင်ရီက ကိုယ်လက် သန့်စင်လိုက်ပြီး သမ်းဝေလိုက်ပြီး ထိုင်ဖုံလေးပေါ်မှာ လှဲလိုက်သည်။ အိပ်ပျော်ခါစ အချိန်မှာ တံခါးသော့ဖွင့်လိုက်သော အသံကို ကြားလိုက်ရသည်။ သူမ မျက်လုံးကို ဖွင့်ကြည့်လိုက် ချိန်မှာပင် အနက်ရောင် ညဝတ်စုံနှင့် လူငယ်က လှမ်းဝင်လာသည်။
“ကျောင်းကျောင်း”
“ချန်းသခင်လေး”
သူမ အံ့အားသင့် သွားသည်။
“ငါပါ”
ချန်းတယ်ယွီက မျက်နှာကို အုပ်ထားတဲ့ ပိတ်စကို ချွတ်လိုက်ပြီး “မင်းက နတ်ဆိုးမ မဟုတ်ဘူး ဆိုတာ ငါသိပါတယ်၊ သံချပ်က မင်းကို ထိခိုက်အောင် လုပ်ဖို့ ရှမင်ဟွေး ဖန်တီးထားတဲ့ ဗျူဟာပဲ၊ အဲဒါကြောင့် ငါက မင်းကို အဝေး ခေါ်ထုတ်သွားဖို့ အတွက် တမင်လာခဲ့တာ”
ဆီမီးအိမ်ရဲ့ အလင်းရောင်က မှိန်ဖျော့နေသည်။ သူက ထိုင်ဖုံပေါ်က ကောင်မလေးကို စိုက်ကြည့် နေသည်။
သူမက ဆယ်ကျော်သက် အပျိုပေါက်လေးပဲ ရှိသေးပေမယ့် လှပ တင့်တယ်သည်။ တစ်ကိုယ်လုံးက နူးညံ့ပြီး သန့်ရှင်းသည့် ကိုယ်ဟန် အနေအထားနှင့် အိမ်မွေး တိရစ္ဆာန်လေးတွေ ထောင်ပေါင်း များစွာကိုတောင် ယဉ်ကျေး နူးညံ့အောင် လုပ်နိုင်ဟန်ပင်။ နန်းယန်လို မိန်းကလေးမျိုးနှင့့် လုံးဝ ကွာခြားလှသည်။
သူမက ဒီလို အဆုံးသတ်မျိုး တွေ့ရမယ် ဆိုသည်ကို စိတ်ကူးကြည့်ဖို့တောင် ခက်ခဲသည်။
ချန်းတယ်ယွီက သူ့ သတို့သမီးလောင်း အဟောင်းကို ရင်ထဲ ထိသွားအောင် လုပ်နိုင်ပြီလို့ ခံစားရသည်။ သူက သူမကို အရှင်လတ်လတ် မီးလောင်ပြီး သေမဲ့အရေးကနေ ကယ်ထုတ်ရမည်။
ထို့ကြောင့် သူက နန်းပေါင်ရီ၏ လက်လေးကို ဆွဲယူလိုက်ပြီး သူမကို ထောင်အပြင်ဘက်သို့ ဆွဲခေါ်သွားဖို့ ကြိုးစားသည်။
“ချန်းသခင်လေး၊ ရူးနေလား”
နန်းပေါင်ရီက အံ့ဩ ထိတ်လန့်သွားပြီး ပြင်းပြင်းထန်ထန် ရုန်းကန်တော့သည်။
အခုအချိန်မှာ ထွက်ပြေးတာက သူမ၏ အစီအစဉ်ကို နှောင့်နှေးအောင် လုပ်နေတာပဲလို့….
“မပူပါနဲ့ ကျောင်းကျောင်း၊ ကျီနန် ဘုရားကျောင်းကို စောင့်ကြပ်နေသည့် ဘုန်းတော်ကြီးတွေကို ငါ့အဖေရဲ့ တံဆိပ်ပြားနဲ့ အဝေးကို ပို့ထားလိုက်ပြီ၊ ငါက မင်းကို ဟောင်ရှမ်းဂိတ် တံခါးကနေ ခေါ်ထုတ်သွားမှာ၊ ငါ့ရထားလုံးက တောင်ခြေမှာ လာကြိုလိမ့်မယ်၊ ကျင်းကွမ်မြို့စွန်မှာ ငါ့ကိုယ်ပိုင် ခြံဝင်းတစ်ခု ရှိတယ်၊ မင်းအဲဒီမှာ နေလို့ရတယ်၊ မကြိုက်ဘူးဆိုရင် ငါ့ရဲ့အပြင်ဆောင် မောင်းမအဖြစ် မင်းကို ထားပေးမယ်၊ မင်းက ငါ့ရဲ့ အနာဂတ်ကို မနှောင့်ယှက်သရွေ့ ငါက မင်းကို တစ်သက်လုံး စောင့်ရှောက်မှာပါ”
“ဖြန်း”
နန်းပေါင်ရီက လက်ကိုမြှောက်၍ သူ့ကို ပါးရိုက်လိုက်တော့သည်။ သူတို့နှစ်ဦးက ကျီနန် ဘုရားကျောင်း၏ တံစက်မြိတ် အောက်မှာ ရပ်နေကြတာ ဖြစ်သည်။ ဘေးပတ်ဝန်းကျင်ရှိ ဘုရားကျောင်းများမှာ လင်းထိန်နေပြီး ညချမ်းလေပြည်က သေသပ်သော သံပြိုင်ဓမ္မ တေးသံတို့ကို ခေါ်ဆောင်လာသည်။
နန်းပေါင်ရီက ခေါင်းကို ပင့်မော့၍ စိတ်ဆိုးမာန်ဆိုးဖြင့် “ဒီကောင်ကတော့၊ ငါ့ဘဝမှာ အမုန်းဆုံးက အပြင်ဆောင် မောင်းမပဲ”
ချန်းတယ်ယွီက မျက်နှာကို အုပ်ကိုင်လိုက်ပြီး စိတ်ဆိုး သွားတော့သည်။
သူက တင်းမာစွာ “မင်းကို ကယ်ထုတ်ဖို့ ငါဘယ်လောက်တောင် စွန့်စားခဲ့ရလဲ မင်းသိလား တစ်ခုခုသာ ဖြစ်ခဲ့ရင် ငါက ဘုရင်ခံရွယ်ကိုတောင် အပြစ်ပြုမိမှာ၊ အပြင်ဆောင်က ဘာဖြစ်လို့လဲ၊ မင်းရဲ့ ဂုဏ်သတင်းကို ပြန်မကြည့်ဘူးလား၊ ငါက လွဲပြီး ဒီလောကကြီးမှာ မင်းကို ဘယ်သူကမှ မလိုချင်ဘူး”
သူ၏ လေသံက ခက်ထန်နေသည်။
နန်းပေါင်ရီက ပြင်းထန်စွာ စူးစူးဝါးဝါး အော်ဟစ်တော့သည်။
“ဘယ်သူကမှ ကျွန်မကို မလိုချင်ရင်တောင် လောကကြီးမှာ ရှင်တစ်ယောက်ပဲ ကျန်တော့ရင်တောင် ဘယ်တော့မှ မလိုက်ဘူး”
အော်ဟစ်ပြီးနောက် သူမက ဝတ်စုံကိုမ၍ ထောင်ထဲသို့ ပြန်ဝင် သွားတော့သည်။
ချန်းတယ်ယွီ၏ မျက်လုံးများက နီရဲလာသည်။ အချိန် အတန်ကြာပြီးမှ သူက တံခါးကို မျက်နှာမူ၍ အော်လိုက်သည်။
“နောင်တမရစေနဲ့”
သူ့ကို ပြန်ဖြေတာကတော့ အဝေးကိုပြေးထွက်သွားသော ခြေသံတွေသာ။
***
ညက နက်သထက် နက်လာသည်။
နန်းပေါင်ရီက ထိုင်ဖုံလေးပေါ်မှာ လှဲနေရင်း နံရံကို မျက်နှာမူ၍ အချိန် အတော်ကြာ သည်အထိ စိတ်ဆိုးနေပြီး မအိပ်နိုင်ပေ။
ချန်းတယ်ယွီက အရမ်းကို ယုတ်မာတယ်၊ သူမကို အပြင်ဆောင် မောင်းမအဖြစ် ခေါ်သွားဖို့ လုပ်တယ်တဲ့။
သူမ သေသွားရင်တောင် သူ့ရဲ့ အပြင်ဆောင်မောင်းမ မဖြစ်စေရဘူး။
သူမ စိတ်တိုနေစဉ်မှာပင် ဆန်မုန့်နံ့လေးက သူမ၏ မျက်စိရှေ့မှောက်သို့ တိုးဝှေ့လာသည်။
နန်းပေါင်ရီက ရုတ်တရက် ထထိုင်လိုက်ပြီး အံ့အားသင့်စွာ “အစ်ကို ၂”
အမတ်မင်းက ဒီကို ဘယ်တော့မှန်း မသိသော အချိန်မှာ ရောက်လာသည်။ သူက ထိုင်ဖုံပေါ်မှာ ထိုင်လိုက်ပြီး ဝါးခြင်းလေး တစ်ခြင်းကို သယ်လာသည်။
ဝါးခြင်းလေးထဲမှာတော့ မုန့်များဖြင့် ပြည့်နေလေသည်။
***