အပိုင်း (၂၈၃)
လူတွေအတွက် နတ်ဆိုးမကို မီးရှို့သတ်ပစ်
ထိုစကားက သခင်မဟောင်၏ စိတ်ကို ဖမ်းစားသွားသည်။
သူမက ယပ်တောင်ကို ယမ်းရင်း စာရင်း စာအုပ်များကို တဆတ်ဆတ် ရိုက်လိုက်ပြီး နန်းယန်က ရိုရိုကျိုးကျိုးဖြင့် “အမေ၊ အမေက နန်းပေါင်ရီကို အမြဲတမ်း မုန်းတီးနေတယ် ဆိုတာ ယန်အာ သိပါတယ်၊ အဲဒါကြောင့် သူ့အတွက် ကြီးမားတဲ့ အထူးပွဲတစ်ခု သမီး စီစဉ်ထားတယ်၊ သိပ်မကြာခင်မှာ မြင်ရတော့ မှာပါ”
“ကြီးမားတဲ့ အထူးပွဲ”
“ဟုတ်တယ်၊ ကြီးမားတဲ့ အထူးပွဲ”
“အဲဒါဆို ငါက စောင့်ကြည့်ရတော့မှာပေါ့”
သခင်မဟောင်က ရယ်မောရင်း စာရင်းစာအုပ်၏ စာရွက် နောက်တစ်ရွက်ကို လှန်လိုက်ပြီး ခပ်ပေါ့ပေါ့ ဟန်ဖြင့် ပြောလိုက်သည်။
“ပြောရင်းနဲ့မှ သခင်ကြီးရဲ့ အနောက်ဆောင်မှာ မီးဖွားတော့မဲ့ နောက်ထပ် မောင်းမ တစ်ယောက် ရှိတယ်တဲ့၊ ယောကျ်ားလေး မွေးမှာလား၊ မိန်းကလေး မွေးမှာလားမသိ”
နန်းယန်၏ မျက်နှာထားက အားနည်း ဖျော့တော့သွားသည်။ သူမ ချန်းအိမ်တော်ကို ရောက်ကတည်းက သခင်မဟောင်က အမြဲတမ်း အိမ်မွေး ခွေးတစ်ကောင်လို သူမ၏လက်ကို အသုံးချပြီး အနောက်ဆောင်က မိန်းကလေးတွေကို စီရင်ခဲ့သည်။
သူမလက်နှင့် လူကြီးတွေရော ကလေးတွေ အပါအဝင် အသက်ခုနစ်သက် ရှစ်သက်လောက်က ဇီဝိန်ချုပ် ပြီးခဲ့လေပြီ။
သူမက မျက်လုံးတွေကို အောက်ချလိုက်ရင်း နာခံစွာဖြင့် “ချန်းမိသားစုမှာ သခင်မက တစ်ယောက်တည်းသာ ရှိတာပါ၊ ပြီးတော့ အဲဒါက အမေပဲ၊ ချန်းမိသားစုမှာ သားကလည်း အစ်ကိုချန်း တစ်ယောက်ပဲ ရှိတယ်၊ ဒီကလေးက လောကကြီးရဲ့ ကောင်းချီး ပေးခြင်းကို မခံရဘဲ ရောက်လာမှာပါ၊ စိတ်မပူပါနဲ့”
သခင်မဟောင်က သူမ၏ ဗဟုသုတ ကြွယ်ဝမှုကို အလွန် ကျေနပ်အားရ နေသည်။
ထို့ကြောင့် သူမက စာရင်းစာအုပ်ကို ချလိုက်ပြီး သူမကို လက်ကမ်း၍ တွဲထူပေး လိုက်ပြီး “ဒီကလေး ကတော့ အမြဲတမ်း ကြမ်းပြင်ပေါ်မှာ ဒူးပဲ ထောက်နေတာပဲ၊ ဘာလို့ မြန်မြန် မထသေးတာလဲ ဒူးကျိုးသွားရင် အမေနဲ့ လန်အာကပဲ စိတ်မကောင်း ဖြစ်ရမှာ”
“အမေ့ရဲ့ ကြင်နာမှုကို ကျေးဇူးတင်ပါတယ်”
နန်းယန်က ဒူးကို ညင်ညင်သာသာ ဂရုစိုက်ပြီး ပွတ်သပ်ရင်း ထိုင်ခုံမှာ ထိုင်လိုက်သည်။
မီးဖွားခါနီး မောင်းမ….
နန်းပေါင်ရီအတွက် သံချပ်…..
သူမက သံချပ်ထဲက ကလေး တစ်ယောက်လို ဟန်ဆောင်နိုင်ဖို့ ထိုကလေးကို သတိရလိုက်သည်။
ဒီအချိန်လောက်ဆို ရှမင်ဟွေးက ရှုနိုင်ငံ တစ်ဝှမ်းလုံးမှာ ထိုသံချပ်ကို ဆိုဖို့ လူတွေကို အမိန့်ပေးပြီး လောက်ပြီ။
သူမ၏ နှုတ်ခမ်းတွေက မကွေးညွတ်ဘဲ မနေနိုင်တော့။
ဒီတစ်ခေါက်တော့ နန်းပေါင်ရီ လှလှပပလေး သေဆုံးဖို့ သူမ သေချာပေါက်ကို မျှော်လင့် နေခဲ့လေသည်။
***
ကျင်းကွမ်မြို့က ရှုနိုင်ငံမှာ အချမ်းသာဆုံး မြို့တော်ဖြစ်သည်။
ဒုက္ခသည်တွေက ကျင်းကွမ်မြို့ကို ဆိုက်ရောက် လာကြသည်။ မြို့တော်၏ အပြင်ဘက် ဆယ်မိုင်အကွာမှာ ယာယီတဲများ ထိုးပြီး သူတို့၏ အိမ်သားတွေကိုခေါ်ပြီး မြို့တွင်းသို့ တန်းစီပြီးဝင်ရန် စောင့်နေကြသည်။ ဘုရင်ခံချန်းကို ဆန်ဂိုထောင်များ ဖွင့်ပေးပြီး ဆန်တွေ ဝေပေးရန်၊ လူတွေကို ကယ်ပေးရန်၊ ရေတွင်းတွေ တူးပြီး အိမ်တွေကို ရေသွယ်ပေးရန် တောင်းဆိုနေ ကြသည်။
ဘုရင်ခံချန်းက ဆန်များကို အစောကတည်းက ဖွင့်ပေးထားပြီးသားဟူသော စာများကို တစ်မြို့လုံးမှာ လိုက်ကပ်ထားသည်။
နန်းမိသားစု၏ သခင်မကြီးက သူမဘဝ တစ်ဝက်လောက် မေတ္တာ ကရုဏာတရား ထားခဲ့ပြီး လူတွေ ဆာလောင်နေတာကို မကြည့်ရက်ပါချေ။ ထို့ကြောင့် သူမက နန်းအိမ်တော်၏ စားစရာများကို ထုတ်ပေးပြီး နန်းတော်၏ ရှေ့မှာ နေ့တိုင်း ဆန်ပြုတ် ဝေပေးသည်။
လာရောက်ကြသည့် ဒုက္ခသည်များက အလွန် များပြားတာကြောင့် လူတစ်ယောက်စီမှာ ဆန်ပြုတ် တစ်ပန်းကန်၊ ရေတစ်ခွက်နှင့် ပေါက်စီ နှစ်လုံးသာ နေ့စဉ် ရရှိနိုင်သော်လည်း တစ်နေ့စာ အတွက်တော့ ဖူလုံသည်ပင်။
နေဝင်ရီတရော အချိန်တွင် ရှောင်းယီက စစ်တန်းလျားသို့ သွားရောက် စစ်ဆေးရာမှ ပြန်ရောက် လာသည်။
နန်းအိမ်တော်၏ ဂိတ်တံခါးရှေ့၌ ဆန်ပြုတ် ဝေနေသည့် နေရာရှိပြီး သူ့အိမ်က ကောင်မလေးက နူးညံ့သော အဝါရောင် ဝတ်စုံလေးကို ဝတ်ထားပြီး ပန်းပွင့်ပုံစံ ဆံထုံးလေးကို ထုံး၍ အပြုံးချိုချိုလေးဖြင့် ဆန်ပြုတ်ဝေရန် ကူညီပေးနေသည်။
ညနေခင်း၏ နေရောင်က သူမ၏ ဖြောင့်စင်း နူးညံ့နေသည့် ဆံသားများနှင့် မျက်ခုံးပေါ် ခိုနားပြီး သူမက တောက်ပနေသည့် နတ်သမီးလေးလိုပင်။
သူက မြင်းကိုစီးလာပြီး ခပ်လှမ်းလှမ်းမှ ကြည့်နေရင်း သူ့နှုတ်ခမ်းပါးတွေက အမှတ်တမဲ့ ကော့တက်သွား လေသည်။
ထိုနေရာနှင့် မလှမ်းမကမ်းတွင် နန်းယန်ကလည်း သခင်မဟောင်ကို ခေါ်လာပြီး လာစောင့်ကြည့် နေလေသည်။
သခင်မဟောင်က မကျေမနပ်ဖြင့် “နန်းယန်၊ နင်ပြောတဲ့ ပွဲကြီးပွဲကောင်း ဆိုတာက ဒါကိုပြောတာလား။ အခုတော့ နန်းအိမ်တော်ရဲ့ ဂုဏ်သတင်းက မိုးထိအောင် မြင့်တက်နေပြီ၊ လူတိုင်းက ချီးကျူးနေကြတာ၊ တချို့ကဆို သူတို့မိသားစုက အစိုးရထက်တောင် ပိုပြီး မှီခိုအားထားလို့ ရသေးတယ်လို့တောင် ပြောနေကြတာ၊ တကယ် စိတ်အနှောင့်အယှက် ဖြစ်စရာပဲ၊ ဒီမှာကြည့်စရာ ဘာရှိလို့လဲ”
“အမေ၊ နည်းနည်းကြာကြာ စောင့်လိုက်ပါဦး၊ ပွဲက မကြာခင် စတော့မှာပါ”
နန်းယန်၏ အပြုံးက ပန်းလေး တစ်ပွင့်လိုပင်။ တန်းစီနေကြသော ဒုက္ခသည်တွေထဲမှာ လူလတ်ပိုင်း အရွယ် လူတချို့က တစ်ယောက်ကို တစ်ယောက် လှမ်းကြည့် လိုက်ကြပြီး တိတ်တဆိတ် ခေါင်းညိတ် လိုက်ကြသည်။
သူတို့ထဲမှ တစ်ယောက်သည် ကြေးခွက်ကို လက်ဖြင့်ခေါက်ပြီး ခေါင်းကိုယမ်း၍ စဆိုတော့သည်။
“မကောင်းတဲ့ မိန်းကလေး၊ ကျင်းကွမ်မှာ နေတယ်၊ အဖိုးတန်တဲ့ အဝတ်အစားတွေ ဝတ်တယ်၊ မကောင်းတဲ့ မိန်းကလေး၊ သွေးကို သောက်ပြီး ကလေးတွေကို စားတယ်၊ မကောင်းတဲ့ မိန်းကလေး မိုင်ထောင်ပေါင်း များစွာ မိုးကောင်းကင်ပေါ်က ဘေးဒုက္ခတွေကို ခေါ်ဆောင်လာတယ်”
သူက သီချင်း ညည်းလိုက်သောအခါ တခြားသူတွေက “ငါ ဒီသံချပ်ကို ဇာတိမြို့မှာ ကြားဖူးတယ်”
“ငါလည်း ကြားဖူးတယ်၊ အဲဒါက တစ်ခုခုကို သွယ်ဝိုက်ပြီး ညွှန်းဆိုနေတယ်လို့ အမြဲခံစားရတယ်”
“ပြောတော့မှ နန်းမိသားစုရဲ့ သခင်မလေး ၅ ရဲ့ နာမည်ကလည်း ‘ပေါင်ရီ’ ဆိုတဲ့ စကားလုံး ပါတယ်နော်”
“သူက သံချပ်ထဲက မကောင်းတဲ့ မိန်းကလေးများလား ဘေးအန္တရာယ်ကို ဖြစ်စေတဲ့ သူများလား”
ထိုနေရာ၌ ရှိနေသည့် လူအိုများ၊ လူငယ်များနှင့် မိန်းမကြီးများ အပြင် ကလေးများကပါ ယုံကြည်ဖို့အတွက် ငြင်းဆန်ကြသည်။
“နန်းမမလေး ၅ က ကြင်နာတတ်တယ်၊ ငါတို့အိမ်မှာ ယောကျ်ားသား မရှိတော့ဘူး၊ ဒီနေ့ အသက်ရှင်ဖို့ ငါတို့က ဒီနေရာမှာ ရေသန့်နဲ့ ဆန်ပြုတ်ရဖို့အတွက် သူ့ကို မှီခိုနေရတာ”
“ငါတို့မိသားစုရောပဲ…..”
‘ဗုန်း’ ဆိုသော အသံနှင့် တစ်စုံတစ်ယောက်က ကြွေခွက်ကို ရုတ်တရက် ကြောက်စရာ ကောင်းစွာ ပစ်ခွဲလိုက်သည်။
“နန်းအိမ်တော်မှာ နတ်ဆိုးမ တစ်ကောင် ရှိတယ်၊ သူက သူတော်ကောင်း ယောင်ဆောင်ပြီး ဒီနေရာမှာ ဆန်ပြုတ်ဝေနေတာ ရှက်သင့်တယ်၊ သူ့ကို မီးရှို့ပြီး သေအောင်သတ်ပစ်မှ မိုးရွာလာမှာ၊ လူတွေအတွက် အဲဒီ နတ်ဆိုးမကို မီးရှို့သတ်ဖို့ ငါတောင်းဆိုတယ်”
လူအုပ်ထဲက ထိုလူက လက်မောင်းတွေကို ပင့်ပြီး ကျယ်လောင်စွာ အော်ဟစ်နေသည်။
“လူတွေအတွက် နတ်ဆိုးမကို မီးရှို့သတ်ပစ်”
သူတို့ ဘာပဲပြောပြော အမှန် ဖြစ်သွားတော့သည်ပင်။
မူလ စကားသံက သံသယတွေကို လုံးဝ ဖိနှိပ်ပစ်လိုက်နိုင်သည်။ ဆူညံနေသည့် တချို့ ဒုက္ခသည်တွေက မြန်မြန် လှုံ့ဆော် လိုက်ကြသည်။
သံချပ်က ကျင်းကွမ်မြို့ပြင်မှာ ပြန့်နေခဲ့ပြီး ဖြစ်သည်။ သူတို့ကလည်း အနည်းနဲ့ အများတော့ ကြားဖူးကြသည်သာ။ သူတို့က နန်းပေါင်ရီကို သံချပ်ထဲမှ နတ်ဆိုးမနှင့် လုံးလုံးလျားလျား စပ်ဆက်နေမယ်လို့ ခံစားလိုက်ကြရသည်။
နူးညံ့လှပသော မျက်နှာလေးက နတ်ဆိုးရဲ့ သင်္ကေတ ဖြစ်သွားရလေပြီ။ ဆန်ပြုတ်နှင့် မရှိဆင်းရဲသားများကို ပေးကမ်း စွန့်ကြဲခြင်းက လူတွေရဲ့စိတ်ကို အနိုင်ရစေရန် အတွက် လှလှပပကြီး ဟန်ဆောင် နေတာလို့ ထင်မှတ်ကြလေသည်။
မိုးခေါင်ရေရှားခြင်း စတင် ကတည်းက ရှေ့ရက်တွေမှာ သူတို့ခံစားခဲ့ရသည့် မကျေနပ်ချက်များနှင့် ဒေါသများ အတွက် ထွက်ပေါက်တစ်ခု လိုအပ်ခဲ့သည်။ သူတို့က အမှန်တရားကို ဂရုမစိုက်နိုင်ကြတော့။
သူတို့ အလွန်ဒေါသ ထွက်နေကြပြီး သူတို့၏ ပန်းကန်များကို ပေါက်ခွဲ၍ အော်ဟစ်ကြတော့သည်။
“လူတွေအတွက် နတ်ဆိုးမကို မီးရှို့သတ်ပစ်”
“လူတွေအတွက် နတ်ဆိုးမကို မီးရှို့သတ်ပစ်”
အော်သံတွေက အဆုံးမရှိ။ ဆက်ကာ ဆက်ကာ တုန်လှုပ် ချောက်ချား စေသည်။
နန်းပေါင်ရီက အငွေ့တထောင်းထောင်း ထနေသည့် ပေါက်စီတစ်လုံးကို ကိုင်ထားဆဲ။ သူမက ရုတ်တရက် ပြောင်းလဲမှုကြီးကို စိုက်ကြည့်နေပြီး စိတ်ထဲ၌ ခံစားချက် တစ်ခုက တိုးထွက်လာသည်။ အနည်းငယ် သိမြင်သွားပြီး အဝေးက ဧည့်တွေ့ဆောင်ပေါ်သို့ ခေါင်းကိုမော့၍ ကြည့်လိုက်သည်။
ပန်းပွင့်ပြတင်း၏ နောက်မှာတော့ နန်းယန်က သူမကို အပြုံးတစ်ပွင့်နှင့် ခေါင်းဆတ်ပြပြီး စိတ်ကို ဆွနေသည်။
နန်းပေါင်ရီ သိသွားလေပြီ။
နန်းယန်နှင့် ရှမင်ဟွေးက သူမကို တွမ့်ယန်မှာ မသတ်နိုင်ခဲ့တာကြောင့် ထိုနှစ်ယောက်က လှည့်ကွက်တစ်ခု ရှိဦးမည်ဆိုတာ သူမ မှန်းထားမိသည်။
ဒီလို အတိတ်နိမိတ် မကောင်းသော လှုပ်ရှားမှုတစ်ခု ဖြစ်လိမ့်မည်ဟု မထင်ထားမိခဲ့။
ဒုက္ခသည်များသည် ရုန်းရင်းဆန်ခတ် ပြုလုပ်သော လူအုပ်အဖြစ်သို့ ပြောင်းလဲသွားပြီး ရမ်းကား ကြမ်းတမ်းစွာ ပြေးလာကြသည်။ ဆန်ပြုတ်စင်က တိုက်ချ ခံလိုက်ရပြီး သူတို့သည် လူမဆန်စွာဖြင့် နေရာတိုင်းကို ရိုက်ခွဲ ဖျက်ဆီးကြတော့သည်။
အိမ်တော်ထိန်းက အစေခံတွေကို ခေါ်ပြီး နန်းပေါင်ရီကို လူအုပ်ကြီး၏ အရိုက် မခံရအောင် အချိန်မီ ကာကွယ် ပေးလိုက်သည်။ နန်းပေါင်ရီက ဝတ်စုံစကိုမပြီး အိမ်တော်ထဲသို့ လမ်းလျှောက်ဝင် သွားတော့သည်။ သို့သော် လူအုပ်ကြီးက သူတို့ကို ဝန်းရံထားပြီး ဆူဆူညံညံဖြင့် သူမကို မီးရှို့သတ်ပစ်ဖို့ အော်ဟစ်နေကြသည်။
အစေခံများက တုတ်တွေကိုင်ပြီး ကြောက်လန့်တကြားနှင့် ရင်ဆိုင်ရတော့သည်။
“လူတွေအတွက် နတ်ဆိုးမကို မီးရှို့သတ်ပစ်”
“နန်းမိသားစုက ဒီရက်တွေမှာ ဆန်ပြုတ်တွေဝေပြီး မရှိဆင်းရဲသားတွေကို ပေးကမ်း စွန့်ကြဲတာက ဟန်ဆောင်နေတာ”
“စက်ဆုပ်ရွံရှာဖို့ ကောင်းလိုက်တာ”
“သေအောင် မီးရှို့သတ်ပစ်၊ အဲဒါမှမိုးရွာမှာ”
ထိုအသံတွေက အလွန့်အလွန်ကို ရက်စက် ကြမ်းကြုတ်လှသည်။ နန်းပေါင်ရီ၏ မျက်လုံးများက တဖြည်းဖြည်းနှင့် နီစွေးလာတော့သည်။
သူမက ဝတ်စုံစကို လက်နှင့် တင်းတင်းဆုပ်ရင်း သူမ ပြန်လည် မွေးဖွား လာပြီးနောက် ကောင်းမှုများကိုသာ လုပ်ခဲ့ပြီး တစ်နေ့မှာ နတ်ဆိုးမလို့ သားပုတ်လေလွင့် အပြောခံရ လိမ့်မယ်လို့ ထင်မထားပါချေ။
သူတို့က အရမ်း လွယ်လွယ်နဲ့ ဆွပေးလို့ ရတယ်လား…
သူမက မသက်မသာ ခံစားနေရစဉ်မှာ မရေတွက်နိုင်သည့် ဟင်းသီးဟင်းရွက် အပုပ်အပွများက သူမကို လာထိမှန်သည်။
ရက်စက်စွာဖြင့် ကျောက်တုံး အနည်းငယ်တောင် ရောနှော ပါလာသေးသည်။
သူမက မရှောင်နိုင်တော့ပေ။ မြေပြင်ပေါ်သို့ ငုတ်တုတ် ထိုင်ချလိုက်ပြီး ခေါင်းကို လက်နှင့် ကာထား လိုက်သည်။
နံစော်ပုပ်ပွနေသည့် ဟင်းသီး ဟင်းရွက်များက သူမပေါ်သို့ ကျလာသည်။
ကျောက်ခဲတစ်လုံးက သူမ၏ခေါင်းကို လာထိမိသည်။ တကယ်နာတယ်။
“အစ်ကို ၂ …..”
သူမက မသိစိတ်တစ်ဝက်ဖြင့် ရေရွတ်နေမိသည်။
ခွပ်…ခွပ်…ခွပ်…ခွပ်
လမ်း၏ အဆုံးကနေ ခံစားချက် မပေါ်သော မျက်နှာထားနှင့် ရှောင်းယီက မြင်းကို အသော့နှင် လာသည်။ မြင်းက အမြင့်သို့ ခုန်ကျော်လိုက်ပြီး လူအုပ်ကြီးကို ကြောက်လန့် သွားစေသည်။
မိုတောက်ဓါးရှည်က ဦးဆောင်နေသည့် သက်လတ်ပိုင်း လူ၏ခေါင်းကို တန်းပြီး ဖြတ်ပစ်လိုက်သည်။
မြေပြင်ပေါ်တွင် သွေးများဖြာခနဲ ဖြစ်သွားပြီး အားလုံးက တိတ်ဆိတ် ငြိမ်သက် သွားတော့သည်။
ရှောင်းယီက မြင်းဇက်ကြိုးကို ကိုင်ရင်း နန်းပေါင်ရီ၏ ဘေးမှာ ခိုင်ခိုင်မာမာ သက်ဆင်း လိုက်သည်။
“နန်းကျောင်းကျောင်း”
သူက သူမဆီသို့ ရောက်လာခဲ့ပြီ။ နန်းပေါင်ရီက ခေါင်းလေးကို ဖြည်းဖြည်းချင်း မော့လိုက်သည်။ မျက်ဝန်းများတွင် မျက်ရည်စက်များ တွဲလွဲခို နေလေသည်။
ရွှေနှင့် ကျောက်စိမ်းလို အသရေမျိုးနှင့် လူငယ်က ဆည်းဆာ နေရောင်အောက်မှာ လျင်မြန် သွက်လက်စွာ ပျံသန်းလာခဲ့ပြီး ကြင်နာနူးညံ့သော မျက်ခုံးများနှင့် ဖြစ်သည်။
“အစ်ကို ၂”
သူမ၏ တင်းခံထားသော မျက်ရည်စများက အထိန်းအကွပ်မဲ့စွာ စီးဆင်း လာလေတော့သည်။
***