အပိုင်း (၂၈၁)
အစ်ကို့ကိုလည်း ပေးမြည်းပါလား
ရှောင်းယီ ကိုယ်လက် သန့်စင်ပြီးသောအခါ ပန်းပွင့် ခန်းမငယ်လေးမှာ နံနက်စာ ပြင်ဆင်ပြီးလေပြီ။
နွေကြက်သွန်နီ ပန်ကိတ်၊ ပုစွန်လုံးတွေ၊ ငါးရှဉ့်စွတ်ပြုတ်၊ အမဲသားဟင်း၊ ငှက်သိုက် စွပ်ပြုတ် စသည်ဖြင့် စုံစုံလင်လင် ခင်းကျင်းထားပြီး အားလုံးက စားချင်စရာ ချည်းပင်။ သေချာသည်က ပဲနို့အိုးကြီး တစ်အိုး ကလည်း မပါမဖြစ်ပင်။
နန်းပေါင်ရီက ငှက်သိုက်စွပ်ပြုတ်ကို ယူလိုက်ပြီး သကြားခဲနှင့် ပျော်ရွှင်စွာ စားနေလေသည်။ ရှောင်းယီက သူမ၏ပါးပြင် မို့မို့လေးကို ကိုင်ပြီး ဒီကောင်မလေးက တကယ် ငှက်သိုက်ကို တော်တော် ကြိုက်တာပဲလို့ တွေးမိသည်။
သူသိရသလောက် မီးဖိုဆောင်က ငှက်သိုက်ကို ဆယ့်နှစ်နာရီဆိုရင် သူမစားဖို့ အသင့်ပြင်ဆင် ပေးရသည်တဲ့။
သူက အနည်းငယ် တိမ်းလိုက်ပြီး “အစ်ကို့ကိုလည်း ပေးမြည်းပါလား”
နန်းပေါင်ရီက ကြွေဇွန်း အဖြူလေးကို သူ့ပါးစပ်နား တေ့ပေးလိုက်သည်။ သူမက မီးငှက်လို မျက်လုံးရွှဲကြီးများကို ဖွင့်ပြီး သူ့ကို အတန်ကြာသည် အထိ ကြည့်နေသည်။ နောက်တစ်ခဏ နေမှ ပန်းကန်လုံး သေးလေးထဲကနေ အကြီးသို့ ပြောင်း၍ ကြွေဇွန်းတပ် ပေးလိုက်ပြီး စားပွဲပေါ်သို့ တင်ပြီး သူ့ရှေ့သို့ ပို့ပေးလိုက်သည်။
“စားလေ”
ရှောင်းယီ “….”
သူက နန်းကျောင်းကျောင်း၏ ပန်းကန်လုံးလေး ထဲကနေပဲ စားချင်တာ ဖြစ်သည်။ သူက ပန်းကန်လုံးကို စိုက်ကြည့်နေပြီး တွန့်ဆုတ်စွာဖြင့် တစ်ဇွန်းခပ်၍ စားလိုက်သည်။
ချိုလွန်းပြီး အရသာ ခံဖို့တောင် ခက်လှသည်။
ပဲနို့လောက်တောင် မကောင်းဘူး…..
“ဘာလို့မင်း ဒီငှက်သိုက်ကို ကြိုက်တာလဲ”
သူက ပေါ့ပါးဟန်ဖြင့်မေးသည်။
“ညီမလေးက ကြိုက်လှတယ်ရယ်လို့ မဟုတ်ပါဘူး၊ ငှက်သိုက်က အလှအပအတွက် ကောင်းလို့လေ၊ လှဖို့ အတွက်ဆို ဘာမဆို စားရတာ ကြိုက်တယ်”
နန်းပေါင်ရီက ပွင့်ပွင့်လင်းလင်းပင်။
“မကောင်းဘူး ဆိုရင်တော့ အဲဒီ အစားအစာကို ထပ်မစားတော့ဘူး”
ရှောင်းယီက ကျစ်ခနဲ စုတ်သတ် လိုက်သည်။
လောကကြီးမှာ သူမလောက် အလှအပကို ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်သလို ဂရုစိုက်တဲ့ မိန်းကလေး မရှိနိုင်တော့ချေ။
ကျန်းဆွေ့ဟန်ကလည်း သူတို့နှင့် တစ်စားပွဲထဲတွင် ထိုင်စားနေသည်။
သူက ပဲနို့ကို ခွက်လေးထဲ ငှဲ့ထည့်လိုက်ပြီး အလွန် မနှစ်သက်ဟန်ဖြင့် “အစ်ကိုရှောင်း၊ ပဲနို့မသောက်လို့ မရဘူးလား၊ ကျွန်တော် ဆန်အရက် ချိုပူပူလေးပဲ သောက်ချင်တယ်”
သနားစရာ ပုံစံလေးကို ကြည့်ပါဦး။
ရှောင်းယီမှာ ပြီးခဲ့သည့် လများက ဘာမှားနေမှန်းကို မသိချေ။ ကျောက်ဝမ်ခြံက သေရည် သိုလှောင်ထားသော မြေတိုက်ခန်းထဲက သေရည် တော်တော်များများ ပဲနို့များဖြင့် အစားထိုး ခံလိုက်ရတယ်လေ။ ပြောတာကတော့ အချိန်မရွေး စားဖိုဆောင်က ချက်ပေးလို့ ရအောင်တဲ့။
နေ့တိုင်း ပဲနို့ပဲ သောက်နေရတာ သူအန်မိတော့မယ်လို့….
ရှောင်းယီက ပဲနို့တစ်ခွက်ကို နန်းပေါင်ရီဖို့ ကိုယ်တိုင် ငှဲ့ပေးလိုက်သည်။
သူက ဖြည်းညင်းစွာဖြင့် “ကျောင်းကျောင်းက ပဲနို့ သောက်ရတာ ကြိုက်တယ်၊ အမတ်မင်းလည်း ကြိုက်တယ်လေ”
ကျန်းဆွေ့ဟန် “…..”
မနက် စောစောစီးစီးမှာ ခွေးစာ အကျွေးခံရတာ တကယ်ပဲ သင့်တော်ရဲ့လားလို့…
“ဒါပေမယ့် အစ်ကိုရှောင်း၊ ရှန်းရိချောင်နဲ့ ကျွန်တော်က ပဲနို့ မကြိုက်ဘူးလေ၊ ပဲနို့ချက်ခိုင်းရင်း အစေခံတွေကို သေရည်လေး တစ်အိုးလောက် ပို့ပေးဖို့ ခိုင်းလိုက်ရင်ရော ဘယ်လိုလဲ ဆန်အရက်လောက်ဆို ရပါတယ်”
သူက တောင်းတောင်းပန်ပန်ဖြင့် ပြောလာသည်။
“ကျောင်းကျောင်းက ငယ်လေးတယ်၊ သေရည်နံ့ကိုခံဖို့ မသင့်တော်ဘူး”
ရှောင်းယီက ပယ်ချလိုက်သည်။
“နေ့တိုင်း ကျောက်ဝမ်ခြံမှာ လာမစားနေနဲ့”
“တစ်နေ့ကျရင်တော့ ဖြစ်လာမှာပေါ့၊ အချိန်တိုင်း အာရုံစိုက် နေရတာ”
ကျန်းဆွေ့ဟန်က အလွန် စိတ်ဆိုးနေတော့သည်။ သူက ယပ်တောင်ကို အဆက်မပြတ် တဝှီဝှီမြည်အောင် ခပ်နေပြီး ရှောင်းယီကို နှစ်ချက်လောက် တကယ် ရိုက်ပစ်ချင်နေသည်။
ရှောင်းယီက သူ့ကို “မခပ်နဲ့တော့၊ ကျောင်းကျောင်း လေအေးခံရပြီး အအေးမိမယ်”
ကျန်းဆွေ့ဟန် “….”
ဒါက နွေရာသီ အစပိုင်းကြီးလေ၊ သူက ယပ်တောင်လေးပဲ ခပ်မိတာကို နန်းမမလေး ၅ က လေအေးခံရပြီး အအေးမိနိုင်ပါ့မလား…
ဒီကောင်မလေးက စာရွက်နဲ့ လုပ်ထားတာမို့လို့လား….
အရမ်းတွေ စိတ်ဆိုးနေပြီနော်….
ဗိုက်ပြည့်လွန်းလို့ မနက်စာတောင် ထပ်မစားနိုင်တော့ဘူး….
နန်းပေါင်ရီက နွေးထွေးစွာဖြင့် “အစ်ကို ၂ ညီမလေးက အဲ့လောက် အထိမခံ မဖြစ်ပါဘူး”
“ငါက ဖြစ်တယ်ဆိုဖြစ်တယ်”
ရှောင်းယီက သူမ၏ ပန်းကန်လုံးလေးထဲကို ငှက်သိုက် ထပ်ဖြည့် ပေးလိုက်ပြီး “ကျန်းဆွေ့ဟန်ရဲ့ ဆေးခန်းထဲမှာ ငှက်သိုက်တွေ အများကြီး ရှိတယ်၊ အဲဒါတွေကို ယွီဝေ့ကို မင်းရဲ့ အဆောင်ဆီ ပို့ပေးခိုင်းလို့ ရတယ်”
“အစ်ကို ၂ ကိုကျေးဇူးတင်ပါတယ်”
“အင်း ကောင်းတယ်”
ကျန်းဆွေ့ဟန် “….”
လာကြပါဦး၊ ဒီနှစ်ယောက်ကို လာသတ်ပေးကြပါ….
နန်းအိမ်တော်ကို တော်ဝင် ကုန်သည်အဖြစ် ခန့်အပ်ခြင်းက သေချာပြီးသားပင်။
အဘွားက ဧကရာဇ်ရုံးတော်က လူများနှင့် ပြောဆိုဆက်ဆံ နေရတာကြောင့် မအားလပ်ပေ။ ဘဘကြီးနှင့် တခြား သူများသည်လည်း ငွေရှာ နေရတာကြောင့် မအားကြ။ ထိုအချိန်မှာ နန်းမိသားစုများ လှည့်ပတ်ပြီး အလုပ်ရှုပ် နေကြသည်။ နန်းပေါင်ရီကို ချုပ်ထိန်းမဲ့သူ တစ်ယောက်မှ မရှိပါချေ။
သူမက ကျောက်ဝမ်ခြံမှာပဲ တစ်နေ့လုံးနေပြီး စာလေ့လာလို့ ပင်ပန်း သွားသောအခါ ရှောင်းယီနှင့် စစ်တုရင် ကစားသည်။
ရှန်းရိချောင်က ဝတ်ရုံ လက်ကျယ်ကြီးထဲ လက်ထည့်ထားရင်း သူ့ဘေးမှာ ထိုင်ကာ နန်းပေါင်ရီ ရှုံးဖို့ စောင့်နေတတ်ပြီး သူလည်း ဝမ်းကွဲအစ်ကိုနှင့် နှစ်ပွဲလောက် ဆော့မယ်လို့ ပြောရန် စိတ်ကူးထားသော်လည်း ရက်ရက်စက်စက်ကို ငြင်းပယ် ခံလိုက်ရသည်။
ရှောင်းယီက ‘ငါမအားဘူး’ လို့ ပြန်ပြောသည်လေ။
သို့သော် သူပြန်သွားသောအခါ မအားဘူးဆိုသော လူက နန်းပေါင်ရီနှင့် စစ်တုရင် ထပ်ကစား နေပြန်သည်။
စစ်တုရင် ကစားရင် စစ်တုရင်ပဲ ကစားလေ။ ခေါင်းကုတ်နေတာများ ဦးရေပြားတောင် မြင်ရတော့မယ်၊ ရှက်စရာ ကောင်းချက်ပဲ။
သူက မတတ်နိုင်တော့ဘဲ နန်းပေါင်ရီ၏ ဘေးမှာ ဒူးတစ်ဖက် ထောက်ထိုင်လိုက်ပြီး အချိန်နဲ့အမျှ စကားတချို့နဲ့ ညွှန်ပြပြီး စစ်တုရင်ကို ပျော်စရာ ကောင်းအောင် ဆော့နေလိုက်သည်။
ဒီနေ့ လေမတိုက်ပေ။ ပူပြင်းခြောက်သွေ့သော နေရောင်က အလွန်ပူလှသည်။
ပြတင်းမှာ ချိတ်ဆွဲထားသည့် တစ်ဝက်ခန့် စိမ်းနေသော ဝါးကန့်လန့်ကာက နေရောင် တော်တော်များများကို ကာပေးထားသည်။ စာကြည့်ခန်း ကြမ်းပြင်ပေါ်မှာတော့ ဝါးဖြာတစ်ချပ် ခင်းထားသည်။ ရေခဲများ ထည့်ထားသော ကြေးနီအိုးလေးထဲရှိ လေအေးများက အခန်းကို အေးမြပြီး လန်းဆန်းစေသည်။
အနောက်ပြတင်း အောက်မှာတော့ ရှောင်းယီက စစ်ရေးစစ်ရာတွေကို ဖတ်ရှု စစ်ဆေးနေသည်။
နန်းပေါင်ရီက သူ့နောက်မှာ ခြေချိတ် ထိုင်လိုက်ပြီး ကြီးမားသော သလင်းခွက်ကို သူ့ဘေးက စားပွဲနိမ့်လေး ပေါ်သို့ တင်ပေးလိုက်သည်။ ခွက်ထဲတွင် ထုခွဲထားသော ရေခဲတွေနှင့် ချယ်ရီသီးတွေ၊ ဖရဲသီး၊ ဘယ်ရီသီးနှင့် တခြား အသီးများ ပါသည်။ အနံ့သင်းသင်းလေးနှင့် အဆီလည်း မများပေ။
အထူးခြားဆုံးကတော့ လင်နန်က ဘဘကြီး ဝယ်လာသည့် လိုင်ချီးသီး လတ်လတ် ဆတ်ဆတ်တွေပင်။
နန်းပေါင်ရီက အခွံခွာထားသော လိုက်ချီးသီး တစ်လုံးကို ကောက်ယူလိုက်ပြီး စားရင်း ဆေးရောင်ခြယ် စာအုပ်ကို ဖတ်နေသည်။ ရယ်စရာ တစ်ခုကို တွေ့သောအခါ သူမက အကျယ်ကြီး အော်မရယ်ဘဲ မနေနိုင်တော့။
ရယ်နေသည့် အသံလေးက ခိုးခိုးခစ်ခစ်နှင့် ချိုမြနေသည်။ ရှောင်းယီ၏ စစ်ရေး ကိစ္စတွေကြောင့် မကောင်းတဲ့ စိတ်အခြေအနေကို တက်ကြွသွားအောင် အလျင်အမြန် မြှင့်တင်ပေး လိုက်သလိုပင်။
သူက စာအုပ်ကို ပိတ်လိုက်ပြီး လက်ကို မြှောက်၍ မျက်ခုံးကို ပွတ်သပ် လိုက်သည်။
သူ့နောက်က ကောင်မလေး ဘက်သို့ လှည့်လိုက်ပြီး “ဘာတွေ ကြည့်နေတာလဲ၊ ဒီလောက်တောင် မင်းကို ရယ်အောင် လုပ်နိုင်တာ”
“ဆေးရောင်ခြယ် စာအုပ်မှာ ပြောထားတယ်၊ ဧကရာဇ်က သူ့ကို နိုင်အောင်ပြောနိုင်တဲ့ အရာရှိတွေကို ဆုပေးမယ်တဲ့၊ အရာရှိ တစ်ယောက်က ပြောလိုက်တယ်၊ သူပြောတာက သူ့မှာ ကုသိုလ် မရှိဘူးတဲ့၊ အဲဒါကြောင့် ဧကရာဇ်ကပြောတယ်၊ ဟား…. ဟား…. ဟား….”
နန်းပေါင်ရီက စားပွဲကိုရိုက်ပြီး ရယ်တာကို အတောမသတ် နိုင်သေးပေ။
ရှောင်းယီက သူမရယ်တာကို စောင့်နေပြီးမှ ကြင်နာစွာဖြင့် မေးလိုက်သည်။
“ဘာပြောလဲ”
“ဧကရာဇ်ကပြောတယ်… ဟား…. ဟား…. ဟား….”
နန်းပေါင်ရီက ရယ်ရလွန်းလို့ ဗိုက်ကိုတောင် ဖိထားရသည်။ စကားမဆက် နိုင်သေးချေ။ ကြမ်းပြင်ပေါ်မှာ ဘောလုံးလေး တစ်လုံးလို လှိမ့်နေသည်။
နောက်ဆုံးတော့ သူမရယ်လို့ ပြီးသွားချေပြီ။ စာအုပ်ထဲက ဇာတ်ကောင်များ၏ အကြောင်းကို ပြန်ပြောပြဖို့ ပြင်သည်။
မရှိတဲ့ မုတ်ဆိတ်မွှေးရှည်ကို ပွတ်သပ်ရင်း ပြုံးဖြဲဖြဲဖြင့် “ဘာတွေ ပြောနေတာလဲ အိုက်ချင်း(အမတ်)၊ ဒါပေါ့ မင်းသားနဲ့ မောင်းမကို ချစ်ပေးဖို့က ကိုယ်တော့် တာဝန်ဆိုတာ၊ ဘာကိုလာပြီး အတုခိုးနေတာလဲ၊ ဘယ်လိုလုပ်ပြီး အတုခိုးရတာလဲ”
ပြောပြီးနောက် ထပ်ပြီး မနေနိုင်တော့ဘဲ ကြမ်းပြင်ပေါ်မှာ လှိမ့်နေပြန်သည်။ ရှောင်းယီ၏ နှုတ်ခမ်းတွေက ကွေးညွှတ်သွားသည်။
“ကြမ်းပေါ်မှာအေးတယ်”
သူက နန်းပေါင်ရီကို ဆွဲထူလိုက်ပြီး လက်မောင်းတွေ ကြားထဲမှာ ပွေ့ဖက် ထားလိုက်သည်။
သူက လိုင်ချီးသီး တစ်လုံးကို အခွံခွာပြီး သူမကို ကျွေးလိုက်ရင်း “ချိုလား”
နန်းပေါင်ရီက လိုင်ချီးသီးကို ယောင်နနနှင့် တစ်ကိုက် ကိုက်လိုက်သည်။ သူမ၏ မျက်နှာလေးက သူ့လက်မောင်းကြားက ပြူထွက်လာပြီး မီးငှက်လို မျက်လုံးရွှဲကြီးတွေက ရေလိုကြည်လင် နေသည်။
အမတ်မင်း၏ လက်တွေက သူမ၏ခါးလေးမှာ ရှိနေဆဲပင်။ နွေရာသီမှာ အဝတ်ပါးပါးပဲ ဝတ်ထားတာကြောင့် သူ့လက်ဖဝါး၏ အထိအတွေ့က ပါးလျသော ပိတ်ကျဲဝတ်စုံကို ဖြတ်ပြီး သူမ ခံစားရသည်။
ဒီလိုပုံစံက အရမ်း ဒွိဟဖြစ်စေတယ်လို့ အမြဲခံစားရတယ်၊ သူမ၏ စိတ်ကို ယောက်ယက်ခတ်အောင် လုပ်နေတာပဲ…
ရှောင်းယီက သူမ၏ လျစ်လျူရှုမှုကြောင့် မျက်ဝန်းတွေ နက်မှောင်သွားသည်။ သူမ၏ အနီရောင် နှုတ်ခမ်းလေးထက်က လိုင်ချီးသီးကို ယူလိုက်ပြီး တည်ငြိမ်စွာဖြင့် သူ့ပါးစပ်ထဲသူထည့်လိုက်သည်။
“အရမ်းချိုတယ်”
သူက ချီးကျူးလာသည်။ သို့သော်လည်း သူချီးကျူးနေတာက လိုင်ချီးသီးကိုလား အခြားတစ်ခုကိုလား သူမ မသိပါချေ။
နန်းပေါင်ရီ၏ ပါးပြင်မို့မို့လေးက နီစွေးသွားပြီး မျက်လွှာကို မြန်မြန် ချလိုက်သည်။ သူမက ဘယ်ရီသီး တစ်လုံးကို ယူ၍ ပါးစပ်ထဲသို့ အရှက်ပြေ သိပ်ထည့် လိုက်သည်။
ထိုအချိန်မှာပင် ရှန်းရိချောင်က အပြင်မှဝင်လာသည်။
သူက သူတို့နှစ်ယောက်ကို စူးစိုက်ကြည့်နေပြီး မလိုလားဟန်ဖြင့် မျက်မှောင်ကြုတ်၍ “ကောင်းကင်ပြာနဲ့ ထိန်ထိန်သာနေသည့် နေရောင်အောက်မှာ ဖက်ပြီးရင်း ဖက်နေကြတာ၊ ဘာပုံစံလဲ”
နန်းပေါင်ရီက အပြစ်ရှိစိတ်ဖြင့် ခေါင်းငုံ့သွားပြီး စားပွဲပုလေးဘေးမှာ ဒူးထောက်ထိုင်ဖို့ အမြန်ရွှေ့ လိုက်သည်။
ရှောင်းယီက လက်ချောင်းများဖြင့် သူမ၏ခါးလေးကို ဖျစ်ညှစ်လိုက်ပြီး ခပ်ပေါ့ပေါ့ပင် “ဘာလို့ ဒီရောက် လာတာလဲ”
“ဒီနေ့ ကျွန်တော် ရှုနိုင်ငံရဲ့ ၃၂ နေရာက သတင်းရတယ်၊ ကျွန်တော်တို့ စပါးတွေ စုဆောင်းထားတဲ့ ကုန်လှောင်ရုံတွေ မီးရှို့ခံရတယ်”
ရှန်းရိချောင်က ရှောင်းယီ၏ ရှေ့တွင် ဒူးထောက် ထိုင်လိုက်ပြီး ဝတ်ရုံ လက်ကျယ်ထဲမှ စာများကို ထုတ်လိုက်သည်။
“မူရင်းစာတွေပဲ၊ ကူးထားတာ မရှိဘူး၊ ဆိုင်ပိုင်ရှင်တွေက ရုံးတော်ကို သတင်းပို့ ထားပြီးပြီ ဆိုပေမယ့် ၃၂ နေရာက အောက်ရုံး တရားသူကြီး တစ်ယောက်မှ ဒီအမှုကို လက်မခံကြဘူး”
စာတွေ အားလုံးက ဖြစ်ရပ်ကို အတိုချုံး ရှင်းပြထားသည်။
အနက်ရောင် စာရွက်ပေါ်မှာ အဖြူရောင် စာသားတွေနှင့် ရေးထားပြီး စာလုံးတိုင်းက သွေးမျက်ရည် ကျရမတတ် ထိတ်လန့်အံ့ဩစရာ ကောင်းလှလေသည်။
***