အပိုင်း (၂၈၀)
နန်းကျောင်းကျောင်းလေးက အခုထိ အိမ်တံခါးကိုဖြတ်ပြီး ဝင်မလာသေးဘူး
အစေခံက ပန်းအဆီအနှစ်ကို ယူလာပေးသည်။
ပန်းအဆီအနှစ်က အနီရင့်ရောင်ဖြစ်ပြီး သေးငယ်သော ကြွေခွက် အစိမ်းလေးထဲတွင် ထည့်ထားသည်။ အလွန် လှပပြီး တောက်ပြောင်၍ တင့်တယ်လှသည်။
စစ်တုရင်စေ့များက ဖယ်ရှား ခံလိုက်ရသည်။ ရှောင်းယီက နန်းပေါင်ရီ၏ လက်လေးကို ဂရုတစိုက် ကိုင်ပြီး လက်သည်းလေးများကို ဆိုးပေးနေသည်။
လက်ချောင်း ဆယ်ချောင်းလုံးက ပန်းရောင် ဖျော့ဖျော့သန်း၍ ကြည်လင်နေပြီး လက်ချောင်း ထိပ်လေးတွေက ဝါးစို့ပေါက်လေးကဲ့သို့ ဖြူဖွေးနေသည်။
သူက နူးညံ့သော စုတ်တံ အသေးလေးကို ယူလိုက်ပြီး ပန်းအဆီအနှစ်ထဲသို့ စိမ်လိုက်သည်။ သဘာဝအတိုင်း လင်းလဲ့နေသည့် လက်သည်းလေးကို မနာကျင်စေချင် သောကြောင့် သူမ၏ လက်ချောင်း ထိပ်လေးများကို အနည်းငယ် ဖုန်ခါ ပေးလိုက်ပြီး ပန်းအဆီ အနီရင့်ရောင်ကို ဆိုးပေး လိုက်သည်။
မီးအိမ်၏ အလင်းရောင်က ဖြာကျနေသည်။
နန်းပေါင်ရီက မျက်လုံးများကို အလျင်စလို ပင့်လာသည်။
အမတ်မင်းက နှုတ်ခမ်းပါးများဖြင့် မျက်တောင်ကို စင်းချထားပြီး သူ့ညီမလေးကို သေးငယ်သော ကိစ္စလေးတွေမှာ အာရုံစိုက်ပြီး လုပ်ပေးနေတာက အလွန်ကို ကြင်နာလှသည်။
လောကမှာ ရာထူးအာဏာ ကြီးမြင့်သော သူတွေ အများကြီး ရှိသည်။ သို့သော် လူအနည်းငယ်ကသာ သူတို့၏ ပုံရိပ်ကို နှိမ့်ချ၍ မိန်းကလေး၏ လက်သည်းကို ဆိုးပေးတတ်တာ ဖြစ်သည်။
သူ ပန်းအဆီ အနှစ်ထဲသို့ နှစ်လိုက်သောအခါ အနီရောင် အစက်တစ်စက်က သူ၏ လက်ချောင်းပေါ်သို့ ပေသွားသည်။ သူက လက်ကို မြှောက်လိုက်ပြီး ကျသွားသော အစက်လေးကို သူမ၏ လက်နှစ်ချောင်းပေါ်သို့ ညင်သာစွာ တင်ပေးလိုက်သည်။
“မျက်နှာချေ လိမ်းသလိုပဲ….”
နန်းပေါင်ရီက အပြုံးလေးတစ်ပွင့် နှုတ်ခမ်းထက် ပန်ဆင်ရင်း ရှောင်းယီကို ကြည့်၍ “ဒါ ကြည့်ကောင်း လားဟင်”
ရှောင်းယီက သူမကို ချစ်မြတ်နိုးလှသည်။
နန်းကျောင်းကျောင်း၏ နှုတ်ခမ်း ထောင့်စွန်းနားက အနီရောင် နှုတ်ခမ်းနီ စက်လေးက အလွန် အရောင်လက်ပြီး လှပနေသည်။
သို့သော်……
သူ့လက်ချောင်း ထိပ်လေးက ကြင်နာစွာ သူမ၏ နှုတ်ခမ်းလေးပေါ်သို့ ထိဖိလိုက်သည်။
သူ့အသံက ဩရှနေပြီး “ပန်းအဆီအနှစ်က လှပေမယ့် ကျောင်းကျောင်းရဲ့ နှုတ်ခမ်း သားလေးလောက် မလှပါဘူး၊ လောကကြီးမှာ ကျောင်းကျောင်းရဲ့ နှုတ်ခမ်းအရောင် နီနီရဲရဲလေးကို ဘယ်အရာကမှ မယှဉ်နိုင်ဘူး”
နန်းပေါင်ရီ၏ နှလုံးခုန်သံက ကြိမ်နှုန်း မြင့်သွားရသည်။ သူမက မျက်လွှာ ချလိုက်ပြီး ပါးပြင် မို့မို့လေးတွေ ရဲစွေးလာသည်ကို ဖုံးကွယ်ရန် ခေါင်းလေးကို ငုံ့၍ ရှောင်းယီကို လုံးဝ မျက်လုံးချင်း ဆုံပြီး မကြည့်ရဲတော့ပေ။
ဒီကောင်မလေး ရှက်သွားတာကို ရှောင်းယီ သိသည်။ သူက လက်ကို ပြန်ရုပ်လိုက်ပြီး သူမကို စူးစူးနင့်နင့် ကြည့်ကာ မျက်လုံးများက တဖြည်းဖြည်းချင်း မည်းမှောင်သထက် မည်းမှောင် လာတော့သည်။
သူက ခပ်လေးလေး ရယ်သွမ်းသွေး လိုက်ပြီး လက်ချောင်းထိပ်နှင့် ပန်းအဆီအနှစ်ကို ညင်သာစွာ ယူလိုက်ပြီး သူ့အောက်နှုတ်ခမ်းကို ရည်ရွယ်ချက်ရှိရှိ ပွတ်ဆွဲလိုက်သည်။
ရှည်လျားသော ညတာက တိတ်ဆိတ် ငြိမ်သက်လို့ နေသည်။
လက်သည်းကို ပန်းအဆီအနှစ် ဆိုးဖို့က အရောင်ကို ထိန်းညှိရန် အချိန်အတန်ကြာ ယူရတတ်သည်။
အခုတော့ နန်းပေါင်ရီက အပျိုပေါက်လေး အရွယ်ကို ရောက်လာခဲ့ပြီမို့ ထိုင်းမှိုင်း လေးကန်ပြီး ခန္ဓာကိုယ်၏ အပြောင်းအလဲများကို ကြုံတွေ့ရတော့မည့် အချိန်ဖြစ်သည်။
သူမက အိပ်ချင်စိတ်ကို မတွန်းလှန် နိုင်တော့ပေ။ စစ်တုရင် ခုံပေါ်သို့ ငိုက်ကျသွားပြီး မသိလိုက် မသိဘာသာ အိပ်ပျော် သွားတော့သည်။
ရှောင်းယီက နှမ်းရွက်လေးတွေကို ယူလိုက်ပြီး သူမ၏ လက်သည်းလေးများကို ဂရုတစိုက် ကပ်ပေး နေသည်။
မနက်ဖြန်အထိ ထိုနှမ်းရွက်လေးတွေကို မဖယ်သေးပဲ ထားလိုက်ရင် လက်သည်းလေးများက လှပစိုလဲ့ လာမည်ပင်။
ထိုအခန်းထဲမှာတော့ ကြေးနီမီးအိမ်လေး တစ်လုံးသာ ကျန်နေခဲ့လေသည်။
အလင်းနှင့် အရိပ်များ၏ ထောက်ပံ့မှုဖြင့် ရှောင်းယီသည် မိန်းကလေး၏ လက်ချောင်း ထိပ်လေးတွေကို နှမ်းရွက်နှင့် ကပ်ပြီး ပိုးထည်ကြိုးလေး ချည်ပေးနေသည်။
ကောင်မလေးက လက်တွေကို စစ်တုရင်ခုံပေါ် တင်ထားသည်။ လက်ချောင်း ဆယ်ချောင်းလုံးကို နှမ်းရွက်နှင့် ကပ်၍ သေချာ ချည်ပြီးသောအခါ တစ်ခါတလေ ပန်းအဆီ စက်လေးများက သူမ၏ အရေပြား ပေါ်သို့ ကျသွားတတ်သည်က အသက်ရှူ မှားလောက်အောင် လှရက်လွန်းသည်။
ရှောင်းယီက သူမ နဖူးပေါ်ကျလာသော ဆံစလေးတွေကို သပ်တင် ပေးလိုက်သည်။ ကောင်မလေး အိပ်ပျော်နေသည့် မျက်နှာလေးက နူးညံ့ပြီး လှပလျက်၊ နှုတ်ခမ်းလေးက ပန်းအဆီ အနှစ်တွေထက်တောင် ပိုသာ၍ လှသည်။
သူ၏ လည်ဇလုတ်က အမှတ်တမဲ့ အထက်အောက် ရွေ့လျားသွားသည်။ အချိန် အတန်ကြာတော့မှ သူက အနည်းငယ် စောင်းလိုက်ပြီး သူမ၏ နှုတ်ခမ်းလေးကို မရဲတရဲ နမ်းရှိုက် လိုက်သည်။
နူးညံ့တယ်….
ချိုမြိန်ပြီး အိစက်နေတာပဲ…..
သူက အရသာကို မြည်းစမ်းရုံသာ ရဲခဲ့ပေမယ့် စားပြီး အရသာကို ခံကြည့် လိုက်ချင်သည်။ သူမကို မျိုချလိုက်ပြီး ဗိုက်ထဲ ထည့်ထား လိုက်ချင်လှသည်။
သူ့မျက်လုံးများက မင်ရည်လို နက်မှောင်လာပြီး သူဖြည်းဖြည်းချင်း ထမရပ်ခင် အချိန် အတန်ကြာသည်အထိ သည်းခံ ထိန်းချုပ် နေရသည်။ ပြီးနောက် သူက ဘေးချင်းကပ် အခန်းသို့ ထွက်သွားတော့သည်။
သူက စစ်တုရင်စားပွဲ၏ ထောင့်မှာ ထားထားသော ကြေးနီမီးအိမ်ကို အမြန် ငြှိမ်းလိုက်ပြီး အခန်းထဲသို့ ဖြာကျနေသည့် လရောင်၏ အလင်းနှင့် ချန်ထားခဲ့သည်။
နားစည် အတွင်းမှာတော့ အဆုံးမရှိ ပြေးလွှားနေသံက ပဲ့တင်ထပ်နေသည်။
နန်းကျောင်းကျောင်း…..
သူ့ချိုးနှိမ်နေရတဲ့ လိုအင်ဆန္ဒလေး….
အပြင်လူတွေအတွက် မဆိုထားနှင့် ပြည့်ဝရန် အတွက် ခက်ခဲလှသလို ရည်မှန်းချက် ပန်းတိုင်ကလည်း အလွန် အမင်း ကြီးမားလှသည်။
အနှေးနှင့် အမြန် သူမကို သိမ်းပိုက်နိုင်ဖို့…..
သူက အေးစက်နေသည့် ရေပြင်၏ ဘေးတွင် လမ်းလျှောက် နေပြီးနောက် ချမ်းစိမ့်စိမ့် ဖြစ်လာကာ စာကြည့်ခန်းသို့ ပြန်သွားသည်။
စစ်တုရင်ခုံ၏ ဘေးတွင်ထိုင်ရင်း စစ်ပွဲတစ်ခုအကြောင်း စာအုပ်ကို သူဖွင့်လိုက်သည်။
“စစ်တပ်သုံးခုက အင်အားတွေကို ချုပ်ကိုင် ထားနိုင်တယ်၊ စစ်သူကြီးကတော့ နှလုံးသားကို ဖမ်းဆုပ် ထားနိုင်တယ်၊ ဘာကြောင့်လဲ ဆိုတော့ ဉာဏ်ပညာ ကြီးမြင့်လှတဲ့ သူတစ်ယောက် ဖြစ်လို့ပဲ၊ နေ့ရက်တွေက ပျင်းရိစရာ ကောင်းပြီး ဆည်းဆာချိန်ကို ပြန်ရောက်မယ်…..”
ညခင်း၏ လေတစ်သုတ်က ပြတင်းမှတစ်ဆင့် တံခါးခေါက် ဝင်လာပြီး စာအုပ်ကို ရောက်တတ်ရာရာ လှန်လှော လိုက်သည်။
သူ့အကြည့်များက ရုတ်တရက် မိန်းကလေးဆီသို့ သက်ဆင်း သွားသည်။
သူမ၏ သစ်တော်ပန်းပွင့်ပုံ အဖြူရောင် ပိတ်ကျဲဝတ်စုံက ကျယ်ပြန့်လှပြီး ပိန်ပါးနေသည်။ ညခင်းဘက် ဝတ်ထားသောအခါ အလွန် အေးစိမ့်နေမှာ အမှန်ပင်။
“ဒီရှောင်းကျောင်းကျောင်းလေးက ရှောင်းမိသားစုရဲ့ တံခါးဝကို မဖြတ်ရသေးတာတောင် တကယ် စိတ်ပူအောင် လုပ်နေတာပဲ”
သူက သက်ပြင်း ချလိုက်ပြီး ထူထဲသည့် အနက်ရောင် သားမွေး အပေါ်ဝတ်စုံကို ဂရုစိုက်ပြီး သူမကို ခြုံလွှား ပေးလိုက်သည်။
သူက စာအုပ်ကို ပြန်လှန်လိုက်ပြီး စစ်ရေးစစ်ရာ ကိစ္စများတွင် အာရုံစူးစိုက်ရန် ပြင်လိုက်သည်။
အရုဏ်ဦး မိုးသောက်ခဲ့လေပြီ….
နန်းပေါင်ရီက မျက်လုံးလေးများကို လက်နှင့် ပွတ်သပ်လိုက်ပြီး နိုးလာသည်။ တကယ်ပဲ စစ်တုရင်ခုံပေါ်မှာ အိပ်ပျော် သွားတာပဲလို့ စိတ်ထဲမှ ပွစိပွစိ ပြောလိုက်သေးသည်။
သူမ ပခုံးပေါ်မှ ထူထဲသော သားမွေး ဝတ်စုံကို ထိကြည့် မိသောအခါ မျက်လုံးများ ပင့်တက်သွားသည်။ အမတ်မင်းကလည်း စစ်တုရင်ခုံပေါ်မှာ လက်တစ်ဖက်က စစ်ရေးနည်း ဗျူဟာစာအုပ်ကို ကိုင်ရင်း အိပ်ပျော်နေလေသည်။
ညက ညဉ့်နက်ချိန်မှာ သူတို့ တကယ်ကြီး ဒီလိုပုံစံနှင့် အိပ်ပျော် သွားကြတယ်လား။
သူမက လက်ချောင်းလေးတွေကို ကြည့်လိုက်ပြီး နှမ်းရွက်လေးများအား ညင်သာစွာ ပွတ်သပ် လိုက်သည်။
သူမက လက်လေးများကို ကြေးဇလုံလေးထဲရှိ ရေဖြင့် သန့်စင်လိုက်သည်။ လက်ချောင်းလေးများမှာ ဖြူဉသွယ်လျပြီး နူးညံ့နေသည်။ လက်သည်းလေးများမှာ ပန်းရောင် ဖျော့ဖျော့နှင့် အနီရောင် သန်းနေသည်။ အနုစိတ် ခြယ်ထားသော ပန်းချီလို လှပလွန်းသည်။ ကဗျာတစ်ပုဒ်မှာ စပ်ဆိုထားသကဲ့သို့ ‘ကြက်တူရွေးလေးရဲ့ နှုတ်သီးလေးလို နွေဦးရဲ့ ပွင့်ဖူးစ ပန်းငုံလေးလို’ ဆိုသကဲ့သို့ပင်။
သူမ အလွန်ကို ကျေနပ်နှစ်သက် နေမိသည်။
ကြွေခွက် အစိမ်းလေးထဲ၌ ပန်းအဆီ အနှစ်လေး နည်းနည်း ကျန်နေသေးသည်ကို သူမ တွေ့လိုက်သည်။ အမတ်မင်းကို တစ်ချက် ကြည့်လိုက်ပြီး ရုတ်တရက် သူ၏လက်သည်းများကို ဆိုးပေးရန် စိတ်အား ထက်သန် သွားမိသည်။
သူမက စုတ်တံ အသေးလေးကို ညင်သာစွာ ယူလိုက်ပြီး ရှောင်းယီ၏ လက်သည်းလေးကို သေချာ ဆိုးပေးနေသည်။
ရှောင်းယီက လက်ကောက်ဝတ်ကို ကွေးထားပြီး နှုတ်ခမ်းများ အနည်းငယ် ကွေးညွှတ် သွားသည်။
နန်းပေါင်ရီက သူ၏ လက်သည်းများကို စိတ်ဝင်တစားဖြင့် အရောင် ဆိုးပေးနေပြီး ဆံပင်များက သူခိုးတစ်ယောက်လို ပြေကျနေသည်။
သူမက သူ့နောက်တွင် ဒူးထောက်ပြီး သူ့ကို ကြင်နာစွာဖြင့် သူ၏ ပြေလျော့နေသည့် ဆံထုံးကို ဘီးဖြီးပေးရန် ကြံရွယ်၍ သူမ၏ ရွှေဘီးကို လှလှပပလေး ဖြုတ်ယူလိုက်ပြီး သူ့ကို ဆံထုံး သေချာ ထုံးပေးနေသည်။
ငြိမ်သက် တိတ်ဆိတ်စွာ အပြုံးရေးရေးဖြင့် သူမက အနီရောင် ကြာပွင့်ပုံ ပန်းထိုးထားသော ဝတ်ရုံလက်ကို သူ့ပခုံးပေါ်သို့ တင်လိုက်သည်။
ဒီအချိန်တွင်သာ အာဏာကြီးမြတ်လှသည့် အမတ်မင်းက မိန်းမပျိုလေး၏ အဝတ် ဝတ်ဆင် ပေးခြင်းကို ခံရတာလေ။
သူမက နှုတ်ခမ်းလေးကို ကွယ်လိုက်ပြီး ရယ်ချင်စိတ်ကို ဖိနှိပ်ရင်း ပါးလျသော ဝါးဖျာပေါ်မှာ ရှေ့မှနောက်သို့ လူးလှိမ့်နေသည်။
ရယ်ရလွန်း၍ မျက်ရည်ပင် ကျလာသောအခါ ရှောင်းယီက ပျင်းတွဲ့စွာ ထရပ်လိုက်ပြီး သူမကို စောင်း၍ ကြည့်လိုက်သည်။
မျက်ခုံးကိုပင့်လိုက်ပြီး အသံဩဩဖြင့် “ရယ်ရလား”
နန်းပေါင်ရီ၏ အပြုံးများက အေးခဲသွားသည်။
တကယ်ကြီး…..
အမတ်မင်းက အစောတည်းက နိုးနေတာပေါ့…
သူမက ပွစိပွစိ ရေရွတ်လိုက်ပြီး ခေါင်းလည်း မညိတ်သလို ခေါင်းလည်း မခါပါချေ။
အချိန် အတန်ကြာတော့မှ သူမ၏ မျက်နှာလေးက နီရဲလာပြီး အသံလေးက ခြင်အော်သံလေးလို “ရယ်ရတယ်….”
ရှောင်းယီက သူမရှေ့သို့ ငုံ့ကိုင်းလိုက်သည်။ ပန်းအဆီအနှစ် ဆိုးထားသော လက်ဖျားများက ကောင်မလေး၏ ဖြူဖွေးနူးညံ့နေသည့် မေးဖျားလေးကို ကိုင်ထားသည်။
သူက အပြုံးစစဖြင့် “ပြီးရင် မနက်တိုင်း အစ်ကိုက မင်းနဲ့ ကစားပေးမယ်၊ ကျစ်ဆံမြီး ကျစ်တာပဲဖြစ်ဖြစ် လက်သည်း ဆိုးတာပဲဖြစ်ဖြစ်၊ ကျောင်းကျောင်းကလည်း တခြား နေရာတွေမှာ ကစားပေးနိုင်ရမယ်”
ဘယ်နေရာပဲဖြစ်ဖြစ်….
ဘယ်လိုနေရာလဲ..
နန်းပေါင်ရီက သင်္ကာမကင်းသလို ကြည့်လာသည်။
ဒါကြီးက ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလို့ အမြဲတမ်း ခံစားနေရတယ်….
သူမက ရှက်ရွံ့စွာဖြင့် မျက်နှာလေး နီနေပြီး ရှောင်းယီနှင့် ထပ်မရှုပ်ရဲတော့ပါချေ။
လိမ်လိမ်မာမာဖြင့် “အစ်ကို ၂၊ ညီမလေးက အိပ်ခန်းကိုပြန်ပြီး မျက်နှာသစ် လိုက်ဦးမယ်”
ပြောပြီးသည်နှင့် ခေါင်းကိုငုံ့၍ ဝတ်စုံစကိုမပြီး စာကြည့်ခန်းထဲကနေ ခြေလှမ်း သေးသေးလေးများဖြင့် ထွက်ခွာ သွားတော့သည်။
ရှောင်းယီက ပျင်းရိစွာနဲ့ ခြေချိတ် ထိုင်ထားဆဲပင်။ ဆံထုံးထက်က ရွှေဘီးလေးကို ဖြုတ်ယူလိုက်ပြီး နှာခေါင်းဖျားမှာ ထား၍ ရှူရှိုက်လိုက်သည်။
ကျန်းဆွေ့ဟန်က အပြင်မှ ယပ်တောင်ကို တဖျပ်ဖျပ် ခပ်ရင်း ဝင်လာသည်။ သူ၏ သေသပ်သော ဆံထုံး၊ ဝတ်ရုံလက်က အနီရောင် တောက်တောက်နှင့် လက်သည်းများ ဆိုးထားတာကို တွေ့လိုက်ရသည်။
သူ့မျက်နှာမှာ ကြောက်လန့်တကြား အမူအရာ ပေါ်လာပြီး “မင်း … မင်းက အစ်ကိုရှောင်းရဲ့ အမြွှာ ညီမလား”
ရှောင်းယီက ရွှေဘီးလေးကို ဝတ်ရုံ လက်အိတ်ထဲ ဝှက်ထားလိုက်သည်။
သူ့နှုတ်ခမ်းဖျားများက ပြုံးနေဟန် မပျောက်သေးဘဲ ပေါ့ပေါ့ပါးပါးဖြင့် “နန်းကျောင်းကျောင်း စသွားတာ”
ကျန်းဆွေ့ဟန်က မကြိုက်ပေ။
သူတို့သာ ဒီလိုပုံစံမျိုး ဝတ်ထားမယ်ဆိုရင် ရယ်မောလို့ ဆုံးတော့မှာ မဟုတ်။ အခုတော့ ရှောင်းယီ၏ ပုံစံကို အစေခံတွေက နှာရှုပ်နေလေပြီ။
အရမ်းကြီး တမ်းတမ်းစွဲ ဖြစ်မနေပါနဲ့လားလို့။
တော်သင့်ပြီ အချစ်မှာ ကျရှုံးနေမှုကြီးက အကျင့်တွေတောင် ပျက်လာပြီ။
သူက တည်တံ့စွာနှင့် အပြစ်တင် လိုက်သည်။
“မနက်စောစော ရောက်လာတာ တကယ် မှားတာပဲ၊ အမတ်မင်းက ဂုဏ်သိက္ခာကို မရှိတော့ဘူး”
ရှောင်းယီက ဆံထုံးကို ဖြည်းဖြည်းချင်း ဖြေလိုက်ပြီး အနီရောင် တောက်တောက် ဝတ်စုံလက်ကို ချွတ်လိုက်သည်။
သူက ပေါ့ပေါ့ပါးပါးဟန်ဖြင့် ရယ်မောရင်း “ဘယ်သူလဲ အဲဒါ အမတ်မင်းက ကျောင်းကျောင်း တစ်ယောက်တည်းကိုပဲ လိုချင်တာ”
ကျောင်းကျောင်းနဲ့ အဖွဲ့ဝင်ချင်လား….
ကျန်းဆွေ့ဟန် “….”
ဒီလူက အရမ်း ဟိတ်ဟန် များလွန်းတယ်….
***