အပိုင်း (၂၇၉)
အမတ်မင်းက သူမ၏လက်သည်းတွေကို အရောင်ဆိုးပေးချင်တယ်
နန်းအိမ်တော်သို့ ပြန်ရောက်သောအခါ သန်းခေါင်ယံ နီးနေလေပြီ။
နန်းပေါင်ရီက ကိုယ်လက် သန့်စင်ပြီး နူးညံ့သော ချည်သား ညအိပ်ဝတ်စုံကို လဲလှယ်၍ အနောက်ပြတင်းတွင် ထိုင်နေသည်။
ပြတင်း အပြင်ဘက်၌ ကြယ်ပွင့်လေး အနည်းငယ်ရှိနေပြီး စာအုပ်စင်ကို အလျားလိုက် ထောင်ထားသည်။ ငါးကြီးဆီ ထည့်ထားသည့် ကြေးနီမီးအိမ်က အလွန် စွဲမက်ဖွယ် ကောင်းစွာ လင်းနေပြီး စုတ်တံ၊ မင်၊ စာရွက်နှင့် မင်သွေးကျောက်တို့ကို သေသပ်လှပစွာ တခမ်းတနား တင်ထားလေသည်။
မိန်းကလေးက မင်ကို တစ်ချက် လျှာနှင့် လျက်လိုက်ပြီး စုတ်တံကို စာရွက်ပေါ်သို့ နေရာချလိုက်သည်။ နိမိတ်ကောင်းရန် အတွက် ဆုတောင်းစာများက စုတ်ချက်များ အတိုင်း စာလုံးသေးလေးတွေအဖြစ် ကူးပြောင်း သွားကြပြီး နူးညံ့ ပျော့ပျောင်းစွာ၊ ပြီးပြည့်စုံပြီး ရှင်းလင်းသပ်ရပ်၍ လှပလှသည်။
‘နှစ်တိုင်း ဆုတောင်းပေးရင် အရာရာတိုင်းက မင်္ဂလာရှိနေမှာ’
တတိယအကြိမ်မြောက် ရောက်လာသောအခါ သူမ ရပ်တန့်သွားသည်။ မီးငှက်မျက်လုံးများမှာ တောက်လဲ့ လာပြီး ဆုတောင်းစာကို ကြည့်၍ ရုတ်တရက်ကြီး တခစ်ခစ် ရယ်မောနေသည်။
“မမလေး ရယ်နေတာ အရမ်း ပျော်နေသလိုပဲ၊ ပျော်စရာ တစ်ခုခုကိုများ သတိရမိလို့လား”
ဟယ်ယဲ့က လက်ဖက်ရည် ဗန်းကို ယူလာခဲ့သည်။ နန်းပေါင်ရီက စုတ်တံကို ချလိုက်ပြီး အစိမ်းရောင် ကြွေလက်ဖက်ရည်ခွက်လေးကို ယူလိုက်သည်။
“ငါက ဒီဆုတောင်းစာတွေကို ထပ်ပြီး ရွတ်ဆိုဖို့ မလိုတော့ဘူး၊ နေ့တိုင်း တစ်ယောက်တည်း ပြဇာတ် ထိုင်ရေးနေလို့ ရပြီ”
“ဒါပေမယ့် အရင် နေ့တွေကတော့ မမလေးက အရူးလေးလိုမျိုး ရွတ်ဆိုနေပြီးတော့”
“ဘာလို့ တာအိုဘုန်းတော်ကြီးက ငါ့ကို လူတွေနဲ့ ဆုံသောအခါ ဒီဆုတောင်းစာကို ရွတ်ခိုင်းလဲဆိုတာ ငါသိသွားပြီ၊ အတိတ်တွေက အဝေးမှာ ကျန်နေခဲ့ပြီ၊ အတိတ်က မကျေနပ်ချက်တွေ၊ အရှုပ်အထွေးတွေ အကျဉ်းအကျပ်တွေကို ဘေးမှာချိတ်ပြီး တောက်ပတဲ့ နေရောင်ခြည်ရယ်၊ တိမ်တိုက်တွေနဲ့ ကြယ်တွေရယ်ကို ပျော်ရွှင်မှုနဲ့ မျက်နှာချင်း ဆိုင်တာက ပိုကောင်းတယ် ဆိုတာပဲ၊ လောကကြီးကို အပြုံးတစ်ပွင့်နဲ့ ဖွင့်လှစ်ပြီး တခြားရဲကိစ္စတွေကို သူတို့ဘာသာပဲ လွှတ်ပေးထား လိုက်တော့မယ်”
အတိတ်ဘဝက သေဆုံးခြင်းအတွက် သူမ တစ်ခေါက်တော့ ဝမ်းနည်း ပူဆွေးခဲ့ဖူးသည်။
ကုချုံရှန်းမှာ အလွန် ရှုပ်ထွေးသော စိတ်နေ သဘောထား ရှိသည်။ သို့သော် ဒီညမှာတော့ ကောင်းသော နှုတ်ဆက်ခြင်းပါပေ။ ကုချုံရှန်း၏ ကျရှုံးခြင်းများနှင့် ပူပန်သောကများ အားလုံး ပျောက်ကွယ်သွားဖို့ သူမ မျှော်လင့်သည်။
တူညီမှုများ ထပ်မရှိတော့ပါချေ။ သူမ ပြန်လည် မွေးဖွားလာကတည်းက အားလုံးက ပြောင်းလဲ သွားခဲ့ပြီ …
ထိုအရာကို ကောင်းချီးပေး ခံရခြင်းဟု ခေါ်ပြီး ကံကောင်းခြင်းကတော့ ကောင်းချီး ပေးခံရခြင်းနှင့် မတူပါပေ။
ထိုအစား သူမကိုယ်တိုင် တိုက်ယူရမှာ ဖြစ်သည်။
ဟယ်ယဲ့ကတော့ နားမလည်ပါချေ။ သူမက ခေါင်းကို ယမ်းလိုက်ပြီး စိတ်ထဲက တိတ်တိတ်လေး ပြောလိုက်သည်။
‘မမလေးကတော့ ထပ်ပြီး ဆိုလာပြန်ပြီ’
အကြောင်းအရာတွေ အများကြီးအကြောင်း စကားများပြောပြီး တာအိုဘုန်းတော်ကြီး၏ ဆုတောင်း စကားနှင့် ထာဝရရှင်သန်ခြင်းကို အထမြောက်ချင်တယ် ဆိုတာက ဘာအဓိပ္ပါယ်မှန်းကို နားမလည်ပေ။
ဟယ်ယဲ့သည် အိပ်ခန်းအပြင်ဘက်သို့ ထွက်သွားတော့သည်။
ပြတင်းအပြင်မှ ကြယ်များကို ငေးရင်း နန်းပေါင်ရီသည် ရုတ်တရက် ကျောက်ဝမ်ခြံကို သတိရ သွားမိသည်။
သူမက ညအိပ်ဝတ်စုံကို သစ်တော်ပွင့်လေးများ ပါသော ဖြူစွတ်နေသည့် အတွင်းဝတ်စုံနှင့် လဲလှယ်လိုက်ပြီး ဆံပင်ထူထူကို ကျစ်ဆံမြှီး ကျစ်၍ အပြာရောင် ပိုးထည်စလေးဖြင့့် စည်းနှောင်လိုက်သည်။ ထို့နောက် သူမ၏ ခေါင်းဂျိုစောင်း နှစ်ဖက်ပေါ်တွင် ဆံထုံးလေး နှစ်ခုအဖြစ် ရိုးရိုးရှင်းရှင်း ထုံးထားလိုက်သည်။ ရွှေဘီး အသေးလေးကို စိုက်၍ တန်ဆာဆင် လိုက်သည်။
ပန်းပွား အမြိတ်လေးများဖြင့် အလှဆင်ထားသော မီးအိမ်လေးကို ကိုင်ရင်း သူမသည် ကျောက်ဝမ်ခြံသို့ အလျင်အမြန် ထွက်သွားတော့သည်။
နန်းအိမ်တော်တွင် ရေပြတ်လပ်မှု မရှိတာကြောင့် ကျောက်ဝမ်ခြံကို သွားသော လမ်းတစ်လျှောက်လုံးမှာ သစ်ပင်ပန်းမန်များက လန်းဆန်းပြီး ဝေဆာနေလေသည်။
ညချမ်းလေပြည်က ဇီဇဝါပန်းရနံ့ သင်းသင်းလေးကို ဆောင်ယူလာခဲ့ပြီး အပြည့်အဝ လန်းဆန်းသွား စေသည်။
နန်းပေါင်ရီက အပြာရောင် ကျောက်ခင်း လမ်းလေးနှင့် ပန်းရုံကို ဖြတ်လျှောက်လာရင်း ခပ်လှမ်းလှမ်းက ကျောက်ဝမ်ခြံမှာ လင်းထိန်နေတာကို မြင်လိုက်ရသည်။
သူမ မပြုံးဘဲ မနေနိုင်တော့။ သူမ၏ ခြေလှမ်းများက ပို၍ တက်ကြွလာပြီး ပေါ့ပါးလာ တော့သည်။
သူမ ကျောက်ဝမ်ခြံ၏ စာကြည့်ခန်း အပြင်ဘက် စင်္ကြံသို့ ရောက်သောအခါ ယွီဝေ့ကို မီးအိမ်လေး ကမ်းပေး လိုက်သည်။ အစိမ်းရောင် ကြာပွင့်ပုံ အပေါ်ဝတ်ရုံကို ချွတ်လိုက်ပြီး တံခါးဘောင်ကို ကျော်၍ အခန်းတွင်းသို့ လှမ်းဝင် သွားတော့သည်။
အမတ်မင်းက ရှန်းရိချောင်နဲ့ စစ်တုရင် ပြိုင်နေလေသည်။
သူမ စစ်တုရင်ခုံပေါ်သို့ တစ်ချက် မျက်စိ ကစားလိုက်သည်။ အနက်နှင့်အဖြူ စစ်တုရင်စေ့များက ရောယှက် နေသည်။ အဖြူရောင်ကိုတော့ ရှန်းရိချောင်က ယူထားပြီး လက်သာနေလေသည်။
သူမက လိမ္မာစွာဖြင့် ရှောင်းယီ၏ ဘေးတွင် ထိုင်လိုက်ပြီး လက်ဖက်ရည် နွေးနွေးလေးကို ငှဲ့ပေးပြီး ကမ်းပေးလိုက်သည်။
“အစ်ကို ၂၊ အစ်ကိုက အင်အား နည်းနေပြီ၊ ပိုပြီး တည်ငြိမ်ရမယ်”
ရှောင်းယီက စစ်တုရင်စေ့ကို လှည့်လိုက်ပြီး သူမကို တစ်ချက် ငဲ့ကြည့်လိုက်သည်။
နန်းအိမ်တော်၏ နန်းကျောင်းကျောင်းလေးက မျက်နှာချေမှုန့်များ မလိမ်းထားတာတောင် မျက်နှာလေးက သန့်စင်ပြီး နူးညံ့နေတာပဲ….
သစ်တော်ပွင့်လေးများ ထိုးထားသော ဖြူစွတ်နေသည့် အတွင်းဝတ်စုံနှင့် ရှည်လျားသည့် အနက်ရောင် ကေသာက ဆံထုံးလေး ထုံးထားပြီး လည်တိုင်လေးက သွယ်လျလို့ နှင်းလို ဆွတ်ဆွတ်ဖြူ နေသည်။
သွယ်လျသော လက်ချောင်းလေးများနှင့် အပြာရောင် ကြွေပန်းကန်လုံးလေးကို ကိုင်ထားသည်မှာ မိုးရွာပြီးနောက် လက်ချောင်းလေးများ စိုလဲ့ပြီး ပန်းရောင် သန်းနေသလိုပင်၊ လက်သူကြွယ်လေးက အနည်းငယ် မြင့်ပြီး နူးညံ့အိစက် နေလေသည်။
သူက နှုတ်ခမ်း ထောင့်စွန်းကို လျှာနှင့်သပ်လိုက်ပြီး ပေါ့ပေါ့ပါးပါးဖြင့် “ကျောင်းကျောင်းက ဒီကိုဘာလို့ ရောက်လာတာလဲ”
“ဒီည ဘယ်ကိုပဲသွားသွား ကြယ်တွေက လင်းလက်နေတာပဲ၊ အစ်ကို ၂ နှင့်အတူ ကြည့်ချင်လို့ လာလည်တာ”
မျက်နှာချင်း ဆိုင်မှာတော့ ရှန်းရိချောင်က လက်များကို ဝတ်ရုံလက်ထဲ ထည့်၍ ဆုပ်ထားရင်း မထီမဲ့မြင်ပြုလျက် လှောင်ရယ် လိုက်သည်။
ညနေက သူတို့ ကျင်းယုမန်တန်ကို ညစာစားပွဲ တက်ဖို့ အတူသွားကြတယ်လေ၊ ပြန်ရောက်ပြီးလို့ ခွဲတာမှ တစ်ရှီချန်တောင် မကြာသေးဘူး အပြေးလာတွေ့ နေပြန်ပြီ…..
သူ့ရဲ့ဝမ်းကွဲအစ်ကိုက တကယ် ဆွဲဆောင်မှု ပြင်းတာပဲ….
သို့သော် သူကတော့ ရှောင်းယီနှင့် ကွာခြားသည်။ ဘယ်တော့မှ သူက ကလေးတွေကို ချစ်ခင်ပြီး အလိုလိုက်မှာ မဟုတ်။
ထိုနေ့များတွင် သူသည် လူများကို ဦးဆောင်ပြီး နန်းအိမ်တော်၏ ထောင့်တိုင်း ထောင့်တိုင်းကို ရှာဖွေခဲ့သည်။ သို့သော်လည်း တံဆိပ်တော်ကို ရှာမတွေ့သေးပေ။ ဒါမှမဟုတ် တံဆိပ်တော်က တစ်လျှောက်လုံး နန်းအိမ်တော်မှာ မရှိတာများလားလို့ သူစဉ်းစားမိသည်။
သူက သက်သောင့်သက်သာဖြင့် မေးလိုက်သည်။
“မိန်းကလေး ပေါင်ရီက နန်းအိမ်တော်မှာ နေတာကြာပြီ ဆိုတော့ မင်းတို့အိမ်မှာ တံဆိပ်တော်လိုမျိုး ရတနာ ရှိ၊ မရှိဆိုတာကို သိလား”
“တံဆိပ်တော်”
နန်းပေါင်ရီက အတွေးမပေါက်ပေ။
“ဒါက စစ်တပ်ကို စုရုံးပြင်ဆင်ဖို့ အမိန့်ပေးနိုင်တဲ့ အရာမလား။ ကျွန်မတို့အိမ်က မျိုးရိုးစဉ်ဆက် ကုန်သည် လုပ်ခဲ့ကြတာ၊ အဲဒါကြောင့် အဲဒီလို ပစ္စည်းမျိုး ဘယ်ကလာ ရှိမှာလဲ”
သူမက လိမ်နေပုံ မပေါက်ပါချေ။ ရှန်းရိချောင်က ပြောစရာ စကား မဲ့သွားရသည်။
သူက နောက်ထပ် စစ်တုရင် တစ်စေ့ကို ချလိုက်ပြီး ပေါ့ပါးစွာဖြင့် “ငါသိသလောက်တော့ ကျင်းကွမ်မြို့မှာ လက်ရွေးစင် စစ်တပ် တစ်တပ် ရှိတယ်တဲ့၊ သူတို့ကို အမိန့်ပေးနိုင်တဲ့ တံဆိပ်တော်ကို မင်းတို့ အိမ်တော်မှာ ဖွက်ထားတယ်၊ တကယ်ဆို အဲဒီစစ်တပ်က တရုံရဲ့ အပိုင်ပဲ၊ အမတ်မင်းကသာ အဲဒီ တံဆိပ်တော်ကို သုံးနိုင်ရင် ပိုပြီး အင်အားကြီးလာမှာ”
နန်းပေါင်ရီက ရှောင်းယီကို ကြည့်လိုက်သည်။
လူငယ်၏ မျက်နှာက အေးစက်ပြီး တည်ကြည်နေသည်။
သူမက နှုတ်ခမ်းများကို စေ့လိုက်ပြီး သူတို့က သူမအား အပြင်လူကဲ့သို့ မဆက်ဆံသည်ကို သိလိုက်သည်။ သို့သော် စစ်တပ်ကို စုစည်းရန် အမိန့်ပေးနိုင်သည့် တံဆိပ်တော်ဟာ သူမတို့ အိမ်တော်မှာ ရှိတယ် ဆိုတာကို တကယ် မသိပေ။
တစ်နည်းအားဖြင့် သူမ၏ အရင်ဘဝက သူမတို့မိသားစု ဘယ်လိုမျိုး ကျဆုံးပြိုကွဲ သွားခဲ့တာလဲ။
သူမ၏ ပါးပြင်လေးကို လက်ဖဝါးနှင့် ပင့်ပြီး စစ်တုရင်ခုံပေါ်က မကြာခဏ ပေါ်လာတတ်သော သတ်ကွင်း သတ်ကွက်များကို ကြည့်နေသည်။
ရှောင်းယီက တည်ငြိမ်စွာဖြင့် “မစဉ်းစားနိုင်ရင် မစဉ်းစားနေနဲ့တော့၊ ယွီဝေ့ကို ပန်းပွင့်ကိတ် ယူလာဖို့ ခိုင်းလိုက်”
နန်းမိသားစုက စီးပွားရေးမှာ လိမ္မာ ပါးနပ်ပြီး ရှုပ်ထွေးလှသည်။ နှစ်ပေါင်း နှစ်ရာကျော် ပြီးနောက် တံဆိပ်တော်ကို အမှိုက်တစ်စလို လွှင့်ပစ် လိုက်လေပြီလား….
နန်းကျောင်းကျောင်းက အရမ်း တုံးတယ်လို့ သူတွေးမိရင် ဘယ်မှာလာပြီး မိန်းမ ရတော့မလဲ။
သူက နောက်ဆုံး စစ်တုရင်စေ့ကို ချလိုက်သည်။
ရှန်းရိချောင်က ကာကွယ်လိုက်ပြီး စစ်တုရင်ခုံပေါ်က အခြေအနေ အလုံးစုံက တပ်ဆင်ပြီးချေပြီ။
သူရှုံးသွားပြီ….
သူက ရှောင်းယီကို စိတ်ဆိုးမာန်ဆိုးနှင့် တစ်ချက် ကြည့်လိုက်သည်။
နန်းပေါင်ရီ မလာခင် ဒီလူက သူနှင့် ဝတ်ကျေတမ်းကျေသာ ကစားနေပြီး နန်းပေါင်ရီလည်း ရောက်လာပြီးရော သူ၏ စစ်တုရင် ရွှေ့နှုန်းက ရုတ်တရက်ကြီး ပြင်းထန်လာတာ၊ နိုင်မှာ ကျိန်းသေ သွားသည်။
သူက မကြည်ကြည့်ဖြင့် နန်းပေါင်ရီကို ကြည့်လိုက်သည်။ မိန်းကလေး လာပြီး ကတည်းက ပြန်ဖို့စိတ်ကူး မရှိသလိုပင်။ အိမ်ရှင်က သူမကို ကြိုဆိုရဲ့လား ဆိုတာကိုလည်း မကြည့်ချေ။
သူက အေးစက်စက် လေသံဖြင့် “ညဘက် ညဉ့်နက်နေပြီ၊ မိန်းကလေး ပေါင်ရီ အဆင်ပြေရင် ဆုန်းဟယ့်ခြံကို အရင် ပြန်လိုက်တော့၊ အမတ်မင်းနဲ့ငါက ကစားကြဦးမှာ၊ ငါတို့ စစ်တုရင် ကစားနေတာကို လာမနှောင့်ယှက်နဲ့”
ဒါက နှင်ထုတ်နေတာပဲ….
နန်းပေါင်ရီက “အိုး” လို့ အသံပြုပြီး အနည်းငယ် စိတ်ပျက်သွားသည်။ ဝတ်စုံကိုမပြီး ထရပ်ရန် ပြင်လိုက်စဉ် မှာပင် ရှောင်းယီက ရုတ်တရက်ကြီး သူမ၏ လက်ကိုဆွဲပြီး နောက်ကနေ ဖိထားလိုက်သည်။
သူက အေးစက်ခြင်းနှင့် မနှစ်သက်ခြင်း အရိပ်အငွေ့များ ပြည့်နှက်နေသော ဇာမဏီ မျက်ဝန်းများကို ပင့်ပြီး “ရှန်းရိချောင်၊ မင်းက စစ်တုရင် ကစားတာ မတော်ဘူး၊ အမတ်မင်းက မင်းနဲ့ မကစားချင် တော့ဘူး၊ မင်းမြန်မြန် ပြန်လိုက်တော့”
ဒီဝမ်းကွဲအစ်ကိုက တကယ်ကို အမြင်မရှိလိုက်တာ….
ညဘက်ကြီးမှာတောင် သူက နန်းကျောင်းကျောင်းနဲ့ အချိန်အကြာကြီး စကားပြောချင် နေသေးတယ်၊ အမတ်မင်း၊ ဒီနေရာမှာ ဘာလုပ် ချင်သေးတာလဲ။
ရှန်းရိချောင် “….”
တရုံမှာဆို သူ ရှန်းရိချောင်ကို လောကကြီးရဲ့ ပထမဆုံးသော သခင်လေး ၄ လို့ လူတိုင်းက ချီးကျူး ကြရသည်။
သူ့ရထားလုံးက ရှည်လျားသော လမ်းမကို ဖြတ်သွားလျှင် မိန်းမပျိုလေးများက ပန်းတွေ၊ ငွေအိတ်တွေကို ရထားလုံးထဲသို့ ပစ်ထည့် ပေးတတ်ကြသည်။
သို့သော် သူကျင်းကွမ်ကို ရောက်လာ ကတည်းက နေ့ရက်တိုင်းမှာ အထင်မြင် သေးခံရတော့သည်။ သူ့မှာ ဟိုတုန်းကလို သက်သောင့်သက်သာ နေ့ရက်များ မရှိတော့ပါချေ။
သူက နှာမှုတ်လိုက်ပြီး အေးစက်စက် မျက်နှာထားဖြင့် ထွက်သွားတော့သည်။
ဘဝင်မြင့် နေသည့်ကောင် မရှိတော့မှ ရှောင်းယီက ပိုပြီး သက်သောင့်သက်သာ ဖြစ်သွားတော့သည်။
သူက ခြေချင်းချိတ်၍ ပြောင်းထိုင်လိုက်ပြီး နန်းပေါင်ရီ၏ လက်လေးကို ကိုင်၍ သူ့လက်ဖဝါးထဲ ထည့်လို့ ဆော့နေသည်။
ကောင်မလေး၏ လက်လေးက ဖြူဉပြီး နူးညံ့နေသည်။ သူ၏ ကြမ်းတမ်းသော လက်ဖဝါးပြင်နှင့် ယှဉ်လျှင် ရှသွားမည်ပင် စိုးရသည်။
လက်ချောင်း ဆယ်ချောင်းကလည်း သွယ်လျနေပြီး လက်သည်းလေးများက သဘာဝအတိုင်း လင်းလဲ့ နေသည်။ လက်သည်း ဆိုးဆေးကို ဆိုးထားသည်ကလည်း လှပပြီး ကြည်လင်နေသည်။
သူက ခေါင်းကိုငုံ့၍ သူမ၏ လက်ချောင်းလေးများကို တယုတယ နမ်းရှိုက်လိုက်သည်။
“ယွီဝေ့နဲ့ တခြားသူတွေက တစ်ခါတလေ လက်သည်းတွေကို ပန်းအဆီအနှစ်နဲ့ ဆိုးတာ တွေ့ဖူးတယ်၊ ဒီည ဘာမှ လုပ်စရာ မရှိဘူး၊ အစ်ကိုက ကျောင်းကျောင်းရဲ့ လက်သည်းတွေကို ဆိုးပေးရင် ဘယ်လိုလဲ”
နန်းပေါင်ရီက အနည်းငယ် လန့်သွားသည်။
အမတ်မင်းက သူမ၏ လက်သည်းတွေကို အရောင်ဆိုး ပေးချင်တယ် …
***