အပိုင်း (၂၇၈)
သူက ဘာလို့ နန်းကျောင်းကျောင်းကို အရှက်ကွဲခံစေရမှာလဲ
ဘေးမှာ ဝိုင်းနေသည့် ရှုနိုင်ငံ၏ ချမ်းသာကြွယ်ဝသော စီးပွားရေး လုပ်ငန်းရှင်များ၊ အထက်တန်းလွှာနှင့် မင်းဆွေမင်းမျိုးများ ကြား၌ နန်းပေါင်ရီ၏ ပါးပြင်တွေက ပူလောင် လာတော့သည်။
ကုန်သည် တချို့က နန်းအိမ်တော်၏ အဆင်မပြေသော အခြေအနေကို ကြည့်ပြီး ဒုက္ခရောက်နေပြီလို့ သုံးသပ်ကြသည်။
“နန်းအိမ်တော်က ကျရှုံးသွားလို့များလား၊ ဘယ်လိုဖြစ်ပြီး ဒီအဖေနဲ့သမီးက အစားအသောက်တွေ ကိုတောင် ယူသွားဖို့ လုပ်နေကြတာလဲ”
“ခိုင်မာလှတဲ့ အချမ်းသာဆုံး မိသားစုက တကယ်ကို ရွှေစနှစ်စပဲ လှူတယ်တဲ့၊ အိမ်တော်ကောင်း တစ်ခုက ကောင်းကျိုး မရချင်ဘူးလား။ အရင်က ဂုဏ်သတင်းတွေက လူတွေကို လှည့်စားထားတာပဲ နေမယ်”
“အဲဒါဆို ဒီတစ်ခေါက် တော်ဝင် ကုန်သည်ဘွဲ့ကို ကျူးမိသားစုက ပိုင်ဆိုင်သွားတာပေါ့၊ သူဌေးကျူး ဂုဏ်ယူပါတယ်ဗျာ”
“ဘယ်ကသာ၊ ဘယ်ကသာ၊ ဟား…. ဟား…. ဟား….”
နန်းယန်က လက်ကိုင်ပဝါလေးကို ညင်သာစွာ ယမ်းရင်း ပြုံးနေလေသည်။ နန်းပေါင်ရီ ဒုက္ခရောက် နေတာကို မြင်ရတာ သူမ၏ နှလုံးသားထဲမှာ အပျော်တွေ ပြည့်နေလေပြီ။
သူမ၏နောက်က မိန်းမပျိုက လေသံတိုးတိုးဖြင့် “အရင်တစ်ခေါက် ရွယ်မိသားစု ညစာစားပွဲမှာတုန်းက နန်းယန်လည်း လာတက်တယ်လေ၊ ဒါပေမယ့် ကျောက်မျက်ရတနာတွေ လှူဖို့တော့ တွန့်ဆုတ်နေတာ၊ နောက်ဆုံးမှ ချန်းသခင်လေးက သူ့ကို ဖိအားပေးပြီး ဆံထိုးတစ်ချောင်း လှူခိုင်းလိုက်တာ၊ နန်းယန်ရဲ့ ကပ်စေးနှဲတဲ့ အကျင့်က သူ့အဖေဆီက အမွေရတာနေမယ်”
“နန်းယန်ကို ကြည့်ပါဦး ရယ်နေတယ်၊ ရှက်လည်း မရှက်ဘူး၊ သူက မရှက်ရုံ မဟုတ်ဘဲ ဂုဏ်တောင် ယူနေသေးတယ်၊ တကယ်ကို မျက်နှာ အရေထူတာပဲ”
နန်းယန် “….”
နန်းပေါင်ရီကို ရယ်တာက မကောင်းလို့လား။
ဘာလို့ သူမကိုပါ ဆွဲထည့်ချင်ရတာလဲ … ဩ
ရွယ်မေ့က ပျော်ရွှင် ဝမ်းမြောက်စွာဖြင့် “နှစ်စ၊ ရွှေစနှစ်စ၊ ဟာသပဲ၊ အရင်တစ်ခေါက် နှင်းမုန်တိုင်းတုန်းက နန်းပေါင်ရီက လူတွေကို ဦးဆောင်ပြီး အိမ်တွေပြင်ပေး၊ ဆန်ပြုတ်နဲ့ အစားအစာတွေ ဝေပေးနဲ့၊ သူက အရမ်း သဘောထားကြီးတာပဲလို့ ငါထင်ခဲ့တာ၊ ဒါပေမယ့် အခုတော့ ရွှေစနှစ်စတဲ့ သူ့အဖေကိုပဲ ကျေးဇူးတင် ရတော့မယ်”
လှောင်ပြောင် ကဲ့ရဲ့ခြင်းတွေက အတောမသတ်တော့ပေ။
နန်းပေါင်ရီ၏ ဖြူဖွေးနူးညံ့သော နဖူးပြင်လေးက ချွေးစေးများ ထွက်လာတော့သည်။
သူမက တိတ်တိတ်လေး ပြန်ထိုင်လိုက်ပြီး ရှောင်းယီ၏ ဝတ်စုံလက်ကို ဆွဲ၍ “အစ်ကို ၂ ညီမလေးကို ဝတ်ရုံလက် ခဏငှားပါ”
သူမက မျက်နှာလေးကို သူ့ဝတ်ရုံလက်ထဲမှာ ဖွက်ထားလိုက်သည်။ ရှောင်းယီက နှုတ်ခမ်းတွေကို စေ့၍ ပြုံးလိုက်သည်။
ကောင်မလေးက ရှက်လွန်းလို့ သူ့ဝတ်စုံလက်ထဲမှာ လာပုန်းနေတာဟာ ငုံးလေးက ခေါင်းလေး မြုပ်နေသလိုပဲ….
သူက နွေးထွေးစွာဖြင့် “ရှေးခေတ်တုန်းက ဝတ်စုံလက်ထဲမှာ မြားတွေ ထည့်ထား တတ်တယ်၊ အခုတော့ အမတ်မင်းရဲ့ ဝတ်စုံလက်ထဲမှာ အလှလေး ရှိနေတာပဲ”
“အစ်ကို ၂ ညီမလေး မျက်နှာထားစရာ မရှိအောင် ရှက်နေပြီ”
အလင်းရောင်များက ထိန်ငြီးနေပြီး ငယ်ရွယ်သော ဇာမဏီမျက်ဝန်းများက ကြင်နာဟန်ဖြင့်။
သူက ဘယ်လိုလုပ်ပြီး နန်းကျောင်းကျောင်းကို အရှက်ကွဲစေပါ့မလဲ။
သူက လက်ခုပ်နှစ်ချက် တီးလိုက်သည်။ ရှီးခူနှင့် တခြား ကိုယ်ရံတော်များမှာ ကြီးမားသည့် အနီရောင်သစ်သား သေတ္တာကြီး တစ်လုံးစီကို ခန်းမထဲသို့ ပို့ဆောင်လာကြသည်။
သေတ္တာပေါ်မှာ သေသပ်ရှင်းလင်းစွာ ကပ်ထားသော တံဆိပ်ကတော့ ‘ဘေးအန္တရာယ် အတွက် နန်းအိမ်တော်၏ ကူညီထောက်ပံ့ငွေ’ ဆိုသည့် စာသားက နဂါးများနှင့် ဇာမဏီများ၏ လက်ရေးလက်သား လိုပင်။
ရှီးခူက ခန်းမမှာရပ်ပြီး ကျယ်လောင်စွာဖြင့် “နန်းအိမ်တော် သခင်မကြီးရဲ့ အမိန့်အတိုင်း ရွှေစ ရှစ်သိန်း ရှစ်သောင်းကို အထူးအနေနဲ့ ရှုနိုင်ငံက ဘေးဒဏ်သင့် လူတွေအတွက် လှူဒါန်းပါတယ်၊ ကျေးဇူးပြုပြီး စစ်ဆေးပေးပါ”
ရွှေစ ရှစ်သိန်း ရှစ်သောင်း…….
ခန်းမထဲရှိ လူတိုင်း တစ်ပြိုင်နက်တည်း အသက်ရှူ ရပ်သွားကြသည်။
ဒါကြီးက သူတို့အားလုံး ပေါင်းထားတဲ့ ငွေလောက် ရှိတယ်လေ၊ နန်းအိမ်တော်က တကယ်ကို လက်ကြီးပြီး ရက်ရောလွန်း တာပဲ……
ကုချုံရှန်းကဲ့သို့ တစ်ချိန်လုံး အရက် လောင်းထည့်နေသည့် လူသည်ပင် မျက်လုံးများ အေးစက်စွာ ပင့်တက် သွားသည်။
သူက နီစွေးနေသည့် နှုတ်ခမ်းတွေနဲ့ ပြုံးလိုက်ပြီး မိန်းမစိုးငယ်လေးကို လက်ခံဖို့ လက်ဟန် ပြလိုက်သည်။
အံ့အားသင့်ခြင်း မရှိစွာပဲ တော်ဝင် ကုန်သည်ဆိုသော ဘွဲ့ကို နန်းမိသားစုက ရရှိသွားလေသည်။
နန်းပေါင်ရီက ဝတ်စုံလက်ထဲကနေ တိုးထွက်လာပြီး မျက်လုံးလေးများ ဖိတ်ဖိတ်တောက်လျက် “အစ်ကို ၂ အဲဒါဆို အစ်ကိုနဲ့ အဘွားက ပြင်ဆင် ထားပြီးသားပေါ့နော်၊ တကယ်ပဲ ညီမလေးကို စိတ်ပူအောင် လုပ်တယ်”
ရှောင်းယီက မယုတ်မလွန် အမူအယာဖြင့်သာ။
နန်းအိမ်တော်က အခုလို ကြီးမားသော စီးပွားရေး လုပ်ငန်းကို လုပ်နိုင်သည်မှာ အမှန်ပင်။ သူတို့သည် သတင်းများနှင့် ပတ်သက်၍ ဗဟုသုတ များစွာရှိသည်။ ကုချုံရှန်း ရှုနိုင်ငံကို လာသော ဒီခရီးမှာ တော်ဝင်ကုန်သည် ရွေးမည် ဆိုတာကို သိထားတာ ကြာလှပြီ ဖြစ်သည်။
ဘေးအန္တရာယ် ကူညီထောက်ပံ့ငွေ၊ ဒါမှမဟုတ် တစ်ခုခုကို မနက်စောစော ကတည်းက ပြင်ဆင် ထားပြီးသားပင်။
ရွှေစ ရှစ်သိန်းရှစ်သောင်းကို တော်ဝင်ကုန်သည် ဂုဏ်ပုဒ်နှင့် လဲလှယ်လိုက်ပြီး နန်းတွင်း မိသားစုတွေဆီက အခွန် ၇၀ ရာခိုင်နှုန်း လျှော့ပေးခြင်း ခံရမှာဖြစ်သည်။ ဒီလို စီးပွားရေးကြီးကို လုပ်နိုင်သော သူကမှ စီးပွားရေး သမား ပီသတာ ဖြစ်သည်။ အကျိုးအမြတ်လည်း ထိုက်ထိုက်တန်တန် ရမည်ပင်။
တကယ်ဆို ရှောင်းယီက သူမ၏ သတို့သားလောင်းလေ၊ ဘာလို့ နန်းပေါင်ရီက သူ့ကို ကလေးလို ချွဲနေတာလဲ။
ရွယ်မေ့က ယပ်တောင်ကို ခါလိုက်ပြီး လှောင်ပြောင်ဟန်ဖြင့် “ငါက ချမ်းသာပေမယ့် ငွေနည်းနည်းပဲ လှူတယ်၊ အဲဒါဆို ဘာဖြစ်နိုင်လဲ၊ ငါဘာပြန်ရနိုင်လို့လဲ”
နန်းပေါင်ရီက သူ့ကို ပြန်မေးခွန်း ထုတ်သည်။
“မမလေးရွယ်ရဲ့အပြောက လွယ်လိုက်တာ၊ လှူဖို့ ငွေရော ရှိလို့လား”
ရွယ်မေ့က ဆွံ့အ သွားတော့သည်။ သူမ မလှူခဲ့ပါချေ။
ဒါပေမယ့် ဘာအရေးလဲ။ အဖေက ပြောသည်။ မိုးခေါင် ရေရှားမှုကြီး ပြီးသွားရင် တခြားသူများ၏ ကူညီကယ်ဆယ်ရေး အတွက် အားစိုက်ထားမှုတွေကို သူမ တစ်ယောက်တည်းကသာ ရရှိမည်ဖြစ်ပြီး ရုံးတော်ကို ဖိတ်ခေါ်၍ သူမကို မင်းသမီး တစ်ပါးအဖြစ် အမိန့်ထုတ်ပြန် ခိုင်းမည် တဲ့လေ။
နန်းပေါင်ရီက သူမ၏ မျက်နှာထားကို တစ်ချက်ကြည့်၍ ကုချုံရှန်းဘက်သို့ လှည့်ပြီး အပြုံးရေးရေးဖြင့် “ဘုရင်ခံ ကုချုံရှန်းက ရွယ်မမလေး အကြောင်းကို မသိသေးဘူး၊ သူက ရှုနိုင်ငံရဲ့ ‘ဘေးအန္တရာယ်ကို သက်သာစေတဲ့ မိန်းကလေး’ ဆိုပြီး နာမည်ကြီးတယ်၊ သူက ထက်မြက် သိမ်မွေ့ပြီး စိတ်ကောင်း နှလုံးကောင်း ရှိတယ်၊ ဒီမိုးခေါင် ရေရှားမှုကြောင့် ဖြစ်လာတဲ့ ပြင်းထန်တဲ့ ဒုက္ခတွေကို ‘ဘေးအန္တရာယ်ကို သက်သာစေတဲ့ မိန်းကလေး’ ဆိုသော နာမည်အတိုင်း ကျိန်းသေပေါက် မမလေးရွယ်က ဦးဆောင်ဦးရွက် ပြုပြီး ကူညီပေးမှာ”
“အိုး….”
ကုချုံရှန်းက ခွက်တစ်ဝက်ခန့် သေရည်ကို သောက်လိုက်ပြီး ကစားဟန် အပြည့်ဖြင့် ပြုံးရင်း “မမလေးရွယ်၊ အဲဒါဆိုရင်တော့ ငွေလှူဖို့ လိုတယ်နော်”
ရွယ်မေ့က ကျောက်စိမ်း ယပ်တောင်ကို တင်းတင်း ဖျစ်ညှစ်ရင်း မျက်နှာက ဖျော့တော့လာသည်။
ကုချုံရှန်းက ဧကရာဇ်ရဲ့ ဘေးက လူတစ်ယောက် ဖြစ်သည်။ ဧကရာဇ်ကသာ သူမ၏ ‘ဘေးအန္တရာယ်ကို သက်သာစေတဲ့ မိန်းကလေး’ ဆိုသည့် နာမည်က အမှားကြီးမှန်း သိသွားလျှင် သူမကို အမိန့်ထုတ်ပြီး မင်းသမီးအဖြစ် ခန့်အပ်တော့မှာ မဟုတ်ချေ။
သူမက ရှက်ရွံ့နေပေမယ့် တွန့်ဆုတ် တွန့်ဆုတ်ဖြင့် ပြုံးရင်း “သံတမန်၊ ဒီမိန်းမပျိုလေးက ဘေးအန္တရာယ် ကူညီထောက်ပံ့ရေး အတွက် ရွှေစ နှစ်သောင်း လှူချင်ပါတယ်”
ထိုသို့ပြောပြီးနောက် သူမ၏နှလုံးသားက သွေးစိမ်းရှင်ရှင် ထွက်သွားရသည်။
ရွှေစနှစ်သောင်းဆိုသည့် ငွေက သူမနှစ်တွေ အကြာကြီး ကိုယ်တိုင် စုဆောင်းခဲ့ရတာ ဖြစ်သည်။
ဒီည နန်းပေါင်ရီ၏ စကားတစ်ခွန်းကြောင့် အားလုံးက သဲထဲရေသွန် ဖြစ်သွားရလေပြီ။
သူမ နန်းပေါင်ရီကို ပြင်းပြင်းထန်ထန် မျက်စောင်း ထိုးလိုက်သည်။ နန်းပေါင်ရီက ရှောင်းယီကို မှီပြီး မျက်ဝန်းများက အကြောက်အလန့်မရှိ ကွေးညွှတ်၍ ပြုံးနေသေးသည်။
ရှမင်ဟွေးက ရွယ်မေ့ကို ကူညီ၍ ရုတ်တရက် ထပြောလာသည်။
“နန်းမိန်းကလေးက တခြားသူတွေကို ငွေလှူဖို့ ဒီလိုနည်းလမ်းနဲ့ အတင်းအကျပ် ဖိအားပေးတာ လွန်တယ်လို့ မထင်ဘူးလား”
“ဒါက နိုင်ငံရေးအတွက် အကျိုးအမြတ် ရှာတာပဲလေ”
နန်းပေါင်ရီက ပွင့်ပွင့်လင်းလင်းပင် “ ‘ဘေးအန္တရာယ်ကို သက်သာစေတဲ့ မိန်းကလေး’ ဆိုတဲ့နာမည် အတွက် ဘာမှ မပေးဆပ်လို့ ရမလား။ ဒီလို ပြောကြကြေးဆိုရင် မမလေးရှနဲ့ မမလေးရွယ်က နီးကပ်တဲ့ သူငယ်ချင်းတွေမလား၊ မမလေးကလည်း သူ့လို အကြင်နာတရား ရှိမှာပဲ၊ မမလေးရော သူ့ထက် ပိုလှူချင် သေးလား”
ဒီလှည့်ကွက်က အလွန်ကို အဆိပ်ပြင်းလှသည်။
ရှမင်ဟွေးက ရွှေစတစ်စရဲ့ တစ်ဝက်ကိုတောင် မပေးချင်ပေ။ ထို့ကြောင့် သူမက ဆိတ်ဆိတ် နေလိုက်ပြီး မျက်လွှာချ၍ လက်ဖက်ရည်ကိုသာ မြန်မြန် ယူသောက်လိုက်သည်။
ရွယ်မေ့၏ သူငယ်ချင်းများ ကလည်း နန်းပေါင်ရီကြောင့် အရှက်ကွဲမှာကို ကြောက်ကြတာကြောင့် ဘယ်သူကမှ စကားစ မပြောရဲပေ။
ကုချုံရှန်းက မည်းနက်သော ရင်းတိုက်သား ပုတီးစေ့လေးတွေကို လှည့်ကစားနေရင်း ခပ်လှမ်းလှမ်းက နန်းပေါင်ရီကို မျက်လုံး နက်နက်များဖြင့် စိုက်ကြည့် နေလေသည်။
သူက ပျော့ပျောင်းသော လေသံဖြင့် “အမတ်မင်းရဲ့ ညီမလေးက အရမ်း ပျော်တတ်တာပဲ….”
သူ့မျက်လုံးတွေက အလွန်အမင်းကို အန္တရာယ် များလှသည်။
နန်းပေါင်ရီ မျက်နှာက အနည်းငယ် တောင့်ခဲသွားရသည်။
ရှောင်းယီက ကျယ်ပြန့်သော ဝတ်စုံလက်ကို သူမဆီ ဆန့်တန်းပေးပြီး အတွေးဆဆဖြင့် “အထဲဝင်ပြီး ပုန်းချင်လား”
နန်းကျောင်းကျောင်းလေးက သူ၏ကျယ်ပြန့်သော ဝတ်ရုံလက်ထဲမှာ ပုန်းနေသည့် ပုံစံလေးကို သူကြိုက်သည်လေ။
***
စေ့စေ့စပ်စပ် ရေတွက်ပြီးသော အခါမှာတော့ စားသောက်ပွဲက ပြီးဆုံးသွားလေပြီ။
လမ်းဘေးမှာ ဆိုက်ထားသော ရထားလုံးများက တဖြည်းဖြည်းနှင့် ကျဲပါးသွားပြီး လမ်းမရှည် တစ်လျှောက်တွင် လရောင်ကသာ အပြည့်အဝ ဖြာကျနေသည်။
နန်းပေါင်ရီက ရထားလုံးပေါ်သို့ တက်ရန် ပြင်ချိန်မှာပဲ ‘ခဏနေဦး’ ဆိုသော အသံက နောက်မှ ထွက်ပေါ်လာသည်။
သူမ လှည့်ကြည့် လိုက်သောအခါ ကုချုံရှန်းက လှေခါးထစ်မှာ ရပ်ရင်း သူ၏ နေဗီပြာရောင် လှိုင်းတွန့်များ ပါရှိသော အရာရှိဝတ်စုံမှာ လေလွင့်နေသည်။ နှုတ်ခမ်းနီနီရဲရဲနှင့် သွားဖွေးဖွေးတွေက လရောင်အောက်မှာ အလွန်ကို ချောမောသော သွင်ပြင်ဟန် ထင်နေလေသည်။
သူက အသံအက်အက်ဖြင့် “အမတ်မင်းရဲ့ ညီမလေး၊ နာမည် ဘယ်လိုခေါ်လဲ”
နန်းပေါင်ရီက ခေတ္တမျှ စဉ်းစား လိုက်ပြီးနောက် သဘောထားကြီးစွာနဲ့ ပြန်ဖြေလိုက်သည်။
“နန်းပေါင်ရီပါ”
“ကျွန်မရဲ့ အမေက ပေးခဲ့တာ၊ တစ်စုံတစ်ယောက်က ကျွန်မကို ပုလဲရတနာလေးလို သဘောထား ဆက်ဆံဖို့နဲ့၊ ဘဝတစ်လျှောက်လုံး အစားအစာနဲ့ အဝတ်အထည်တွေ ပေါများစေဖို့တဲ့”
သူမက မြင်းပေါ် တက်နေသည့် ရှောင်းယီဆီသို့ အကြည့်ပို့လိုက်ပြီး အပြုံးလေးဖြင့် “ဘုရင်ခံ ကုချုံရှန်း၊ ဒီဘဝမှာတော့ လူတော်တော်များများက ကျွန်မကို ရတနာ တစ်ပါးလို ပြုစု စောင့်ရှောက်ကြတယ်၊ ကျွန်မ အရမ်းကို ပျော်ရွှင်ရတယ်”
သူမ၏ မျက်ဆံအိမ်များက ကြယ်ပွင့်လေးလို လက်ဖြာနေပြီး အံ့အားသင့်စရာ ကောင်းလောက်အောင် တောက်ပ နေလေသည်။
ကုချုံရှန်း၏ မျက်လုံးများက မည်းမှောင် သွားသည်။ သူ့နှလုံးသားထဲ နာကျင်မှု တစ်ခုက ရုတ်ခြည်း တိုးထွက်လာသည်။ ထိုသည်မှာ လွန်ခဲ့သော နှစ်ပေါင်းများစွာတုန်းက သူသည် သူမလို မိန်းကလေး တစ်ယောက်ကို သိကျွမ်းခဲ့ဖူးသလိုပင်။
အဲဒါက ဒီမိန်းကလေးမှာ သနားစရာ ကောင်းသော ဘဝတစ်ခုရှိခဲ့ပြီး ဘယ်သူကမှ သူမကို ရတနာ တစ်ပါးလို တန်ဖိုး မထားခဲ့ကြဘဲ ဘယ်သူကမှ သူမကို စိတ်ပူပြီး ကာကွယ် မပေးခဲ့ကြသလိုမျိုး…..
နန်းပေါင်ရီသည် ပိတ်ကျဲဝတ်စုံကို မလိုက်ပြီး ရထားလုံးပေါ်မှာ နေရာယူလိုက်သည်။ ဝါးကန့်လန့်ကာကို ပင့်၍ ရုတ်တရက် ကုချုံရှန်းဘက်သို့ လှည့်ပြီး “ဘုရင်ခံကုချုံရှန်း”
“ဘာလဲ”
“ ‘နှစ်တိုင်းဆုတောင်းပေးရင် အရာရာတိုင်းက မင်္ဂလာရှိနေမှာ’ ပါ”
မိန်းကလေး၏ အပြုံးက ချိုမြိန်နေပြီး ရထားလုံးကို မှီထားသည်။
မြူခိုးများက အိပ်မက် တစ်ခုလို ရောက်ဖို့ ခဲယဉ်းလှသည်။ သူမသည် ကုချုံရှန်းကြောင့် အသက်ရှင်ခဲ့ရပြီး သူ့ကြောင့်ပင် သေဆုံးခဲ့ရသည်။
သူနှင့် ရေစက်က အခုကစပြီး ပြတ်တောက် သွားပြီပင်။
***