အပိုင်း (၂၇၇)
ကျောင်းကျောင်းရဲ့ အရင်သူငယ်ချင်းကောင်း
နန်းပေါင်ရီက ခေါင်းညိတ်လိုက်ပြီး ထပ်တစ်ဖန် ခေါင်းခါ လိုက်ပြန်သည်။
သူမ၏ အသည်းငယ်တတ်သော ပုံစံကို သူ့ရှေ့မှာ မပြချင်ပေ။ ထို့ကြောင့် သူမက ခေါင်းစဉ်ကို ပြောင်းလိုက်သည်။
“ဒီတစ်ခေါက် ရောက်လာတဲ့ သံတမန်က အနောက်တိုင်းရဲ့ ဘုရင်ခံလို့ မထင်ထားမိဘူး”
“ဟုတ်တယ်၊ ကျောင်းကျောင်းရဲ့ သူငယ်ချင်း ဟောင်းကြီးပဲ”
ရှောင်းယီ၏ စကားက အနုတ်သဘော ဆောင်နေသည်။ နန်းပေါင်ရီ ရင်ထဲ မွန်းကျပ်ဆို့နင့် သွားရသည်။
သူမ၏ အိပ်မက်ထဲတွင် မြားပစ်တာကို ကုချုံရှန်းက သင်ပေးခဲ့သည်ဟု့ သူ့ကို ပြောခဲ့သော်လည်း အဲဒါက သူငယ်ချင်းဟောင်း မဟုတ်ပါဘူးနော်… ဟုတ်ပလား…
ဩဇာအာဏာပြင်းလှသော အမတ်မင်း၏ စကားက တကယ်ကြီးကို မှားနေပြီ….
သူမသည် အနည်းငယ် သောက်ထားသော မက်မွန်ပန်း လက်ဖက်ရည်ကို ငုံ့ကြည့်လိုက်သည်။
ခန်းမထဲရှိ စားသောက်ပွဲကြီးက စတော့မည်။ သူမ ပတ်ချာလည်ကို လိုက်ကြည့် သော်ငြားလည်း ဘုရင်ခံရွယ်နှင့် ဘုရင်ခံချန်းတို့က မရောက်ကြသေးပေ။ ရှုနိုင်ငံက စီးပွားရေးသမား တော်တော်များများကို တွေ့လိုက်ရသည်။
အထူးသဖြင့် သူမတို့ မိသားစုနှင့် စီးပွားရေး ကတိကဝတ် ရှိထားသည့် ရှုပိုးထည်ကုန်သည်များ တော်တော် များများ ရှိနေသည်။
သူမက အလွန် သိချင်သွားရပြီး “အစ်ကို ၂၊ ကုချုံရှန်းရဲ့ မြင့်မားတဲ့ အဆင့်အတန်း အရဆို ဘုရင်ခံရွယ်နဲ့ ဘုရင်ခံချန်းက ကိုယ်တိုင် သူ့ကို ပင့်ဖိတ်ပြီး စားသောက်ပွဲကို ခေါ်လာရမှာ မဟုတ်ဘူးလား”
“သူ့ရဲ့ အဆင့်အတန်းက ဘယ်လောက်မြင့်မြင့် သူက မိန်းမစိုး တစ်ယောက်ပဲလေ၊ ဘုရင်ခံရွယ်နဲ့ ဘုရင်ခံချန်းက သူ့ကိုမကြိုက်ကြဘူး”
နန်းပေါင်ရီ ဆွံ့အသွားရသည်။
ကုချုံရှန်းက အာဏာ ဘယ်လောက်ကြီးကြီး၊ အမတ်ချုပ်နှင့် တွေ့လျှင် အမတ်ချုပ်က သူ့ကို ‘ဘုရင်ခံကု’ ဟု ခေါ်ရသည်။ နန်းတွင်းသူ၊ နန်းတွင်းသားများ ကတော့ တစ်ခါတစ်ရံ သူ့နောက်ကွယ်၌ ‘ဝှေးသင်းထားတဲ့ အခြေအမြစ် မရှိတဲ့သူ’ ဆိုပြီး ဆဲရေးတတ်ကြသည်။
သူမက ထပ်ပြီး “သူတို့နှစ်ယောက် လက်မခံဘူး ဆိုတာက ထားပါတော့၊ ဘာလို့ ဒီမှာ ကုန်သည်တွေ အများကြီး ရှိနေတာလဲ။ ရုံးတော်က ညီမလေးတို့ ရှုနိုင်ငံရဲ့ ကုန်သည်တွေနဲ့ ကတိပြု မလို့လား”
“ဒီတစ်ခေါက် ရှုနိုင်ငံကို ကုချုံရှန်း ရောက်လာတာဟာ ကူညီ ထောက်ပံ့ ငွေတွေရဲ့ လုယက်ခံရမှုကို စုံစမ်း စစ်ဆေးဖို့တင် မကဘူး၊ ရှန်ကျင်းမြို့တော်ကို တစ်နှစ်ပတ်လုံး ပိုးထည်တွေ တင်သွင်းဖို့ ဧကရာဇ်ရဲ့ တစ်ဦးတည်း ကိုယ်စားလှယ် တော်ဝင်ပိုးထည် ကုန်သည်ကို ရွေးချယ်ဖို့လည်း ပါတယ်”
တော်ဝင်ပိုးထည် ကုန်သည်…….
နန်းပေါင်ရီ၏ မျက်လုံးများ အရောင်လက် သွားသည်။ တော်ဝင်ကုန်သည် ဖြစ်သွားရင်တော့ ကြီးမားသည့် အောင်မြင်မှုကြီးပင်။
နှစ်တိုင်း ရှန်ကျင်းမြို့တော်က ရှုပိုးထည်တွေကို အမြင့်ဆုံး ပမာဏ မှာယူတာဖြစ်ပြီး ခုနစ်ဆယ် ရာခိုင်နှုန်းအထိ အခွန် ကင်းလွတ်ခွင့် ရသေးသည်။
တော်ဝင်မိသားစု၏ နောက်ခံကြောင့် မိသားစု အဆင့်အတန်းမှာလည်း မြင့်တက်သွားပြီး စီးပွားရေး နယ်ပယ်ရှိ တခြား ကုန်သည်များက သူတို့၏ ပစ္စည်းများနှင့် အကြွေးများကို ပေးသွင်းရန် ပျက်ကွက်တာမျိုး မလုပ်ရဲသည် သာမက ပူးပေါင်းဖို့ အတွက်ပါ အရင် ကမ်းလှမ်း ကြရသည်။
အတိတ်ဘဝမှာ ရှမိသားစုက တော်ဝင် ကုန်သည် ဖြစ်သွားပြီးနောက် ရှန်ကျင်းမြို့တော်သို့ မိသားစုလိုက် ပြောင်းရွှေ့ သွားကြသည်။
သူမတို့ မိသားစုကသာ တော်ဝင်ကုန်သည် ဖြစ်သွားရင် ရှန်ကျင်းမြို့တော်ကို ပြောင်းရွှေ့ နိုင်ရုံမက တော်ဝင်မိသားစုနှင့်ပါ အဆက်အသွယ် ရသွားနိုင်ပြီး ဘဏ်လုပ်ငန်းအတွက် အလွန်ကောင်းသော အကျိုးအမြတ်များ ရရှိနိုင်သည်။
သို့သော်…..
သူမက တုံ့ဆိုင်းဆိုင်းဖြင့် “အစ်ကို ၂၊ ဘာလို့ ညီမလေးတို့ မိသားစုက ဖိတ်စာ မရတာလဲ ညီမလေးတို့ မိသားစုက ရှုနိုင်ငံရဲ့ အကြီးဆုံး ပိုးထည် ကုန်သည်ဆိုတာ သိသိသာသာကြီးပဲကို”
စကားသံ ထွက်ထွက်လာခြင်းမှာပင် နောက်ဘက်မှ နွေးထွေးသော နှုတ်ဆက်သံက ပျံ့လွင့်လာသည်။
“ကျောင်းကျောင်း”
နန်းပေါင်ရီ၏ စိတ်ထဲတွင် မကောင်းသော ခံစားချက် ရသွားသည်။ သူမသည် နောက်သို့ ဖြည်းညင်းစွာ လှည့်ကြည့်လိုက်သည်။
သူမ၏အဖေက ကောင်းကောင်းမွန်မွန် ဝတ်စားပြင်ဆင်ပြီး အပြုံးတစ်ခုနှင့် လျှောက်လာလေသည်။
“ရှေ့ရက်တုန်းက အဖေ တံခါးစောင့်နားမှာ ရှိနေတုန်း လူတစ်ယောက်က ရွှေနဲ့ကျောက်စိမ်းလို ဖိတ်စာ တစ်စောင်ကို လာပို့တယ်”
နန်းကွမ်က မျက်နှာထိ မျက်နှာထားနှင့် ဝင်ထိုင်လိုက်ပြီး “အဖေ စဉ်းစားတယ်၊ ဒီလို အခွင့်ကောင်းမျိုးက အဖေ မပါလို့ ဘယ်ရပါ့မလဲလို့၊ အဲဒါကြောင့် မိသားစုကိုယ်စား ညစာစားပွဲကို အထူး တက်ရောက်လာတာ၊ သမီး အဘွားကို မပြောလိုက်နဲ့၊ အဖေက တိတ်တိတ်လေး ဖိတ်စာကို ဖြတ်ယူထားလိုက်တာ၊ မဟုတ်ရင် အဆူခံရလိမ့်မယ်”
သူက ရောက်ရောက်ချင်းမှာပင် ကြက်ပေါင် တစ်ချောင်းကို ဆွဲယူလိုက်ပြီး ပါးစပ်ထဲသို့ သိပ်ထည့်ကန့်လန့်ကာ “အင်း…. ဒီကြက်ကင်က အရသာ ရှိချက်ပဲ”
သူက နောက်ထပ် ကြက်ပေါင် တစ်ချောင်းကို အလျင်စလို ယူပြီး နန်းပေါင်ရီ၏ ပန်းကန်လုံးထဲသို့ ထည့်ပေးကာ “ကျောင်းကျောင်း၊ မြန်မြန်စားကြည့် အလုမခံနဲ့”
နန်းပေါင်ရီက စိတ်ဆင်းရဲ သွားရသည်။ သူမ ပတ်ဝန်းကျင်ကို စူးစမ်းလိုက်သည်။ တခြား မိသားစုများက စားပွဲကို လွှတ်လိုက်သော သူအားလုံးသည် ညှာတာခြင်းမဲ့သည့် သူချည်းပင်။ သူတို့အားလုံးသည် ရှုပိုးထည်နှင့် ပတ်သက်ပြီး နှစ်ခြောက်ဆယ်ကျော် လေ့လာခဲ့ကြသော ရှုပိုးထည်၏ ဘိုးဘေးကြီးတွေ ဖြစ်သည်။ ပြီးနောက် နိုင်ငံကျော် ရှုပိုးထည်ဆိုင်ကြီးတွေကို ဖြန့်ကြက်ထားနိုင်သော စီးပွားရေး သမားများ ဖြစ်ကြသည်။
အားလုံးမှာ တော်ဝင်ကုန်သည် ဖြစ်ရန်အတွက် ဒေါင်းတင်မောင်းတင်ဖြင့် ကြံနေကြသူချည်းပင်။
သူမတို့အိမ် တစ်ခုတည်းကသာ…..
သူမက သူမ၏အဖေကို စိတ်ပျက်လက်ပျက် ကြည့်လိုက်မိသည်။
နန်းကွမ်က အရသာရှိလှသော ကြက်သားကို ပြင်းပြင်းထန်ထန် ဝါးနေပြီး ပါးစပ်အပြည့် ဆီများ စွန်းပေလျက် “ကျောင်းကျောင်း၊ အဖေ လုပ်နေတာကို ကြည့်စမ်း၊ ဒီလို စားသောက်ပွဲကောင်းမျိုး ဆိုတာက တခြား နေရာမှာ သွားစားလို့ မရဘူး၊ တူလေး ဝတ်ရုံလက်အိတ်ထဲကို ထည့်လို့ရမလား ဒီမွှေးပွဂဏန်း ပန်းကန်ကို ထည့်လိုက်၊ အာလာဟဿ မဖြစ်စေနဲ့”
နန်းပေါင်ရီ တကယ်ကို သူနဲ့ စကားပြောချင်စိတ် မရှိတော့ပါချေ။ သူမက ပါးပါးနပ်နပ်နဲ့ ပြောလိုက်သည်။
“အစ်ကို ၂၊ တော်ဝင်ကုန်သည် ရွေးချယ်မှုက ဘာကို ယှဉ်ပြိုင်ရတာလဲ မိသားစုစီးပွားရေး စံနှုန်းလား၊ ဒါမှမဟုတ် ရှုပိုးထည်ရဲ့ အရည်အသွေး ကောင်းမှုနဲ့လား”
“လှူဒါန်းငွေ”
“လှူဒါန်းငွေ”
“ဧကရာဇ် ရုံးတော်က ဘေးအန္တရာယ်သင့် ဒေသတွေအတွက် ကူညီထောက်ပံ့ငွေကို ရွှေစတစ်သန်း ခွဲဝေ သတ်မှတ် ပေးလိုက်တယ်၊ အဲဒါကို ဧကရာဇ်အိုကြီးက စိတ်ဆင်းရဲနေတယ်၊ မိုးခေါင်မှုက ဘယ်အချိန်မှ အဆုံးသတ်မယ် မသိဘူး၊ ဧကရာဇ်အိုကြီးက ထောက်ပံ့ငွေ ဆက်ပေးဖို့ကို တွန့်ဆုတ်နေတယ်၊ အဲဒါကြောင့် သူက ရှုနိုင်ငံရဲ့ ကြွယ်ဝချမ်းသာတဲ့ ကုန်သည်တွေဆီက ထောက်ပံ့ငွေတွေကို ပေးစေချင်တယ်၊ စီးပွားရေး လုပ်ငန်းရှင်တွေဆီကပေါ့”
နန်းပေါင်ရီ “……”
သူမက မျှော်လင့်ချက် ရေးရေးဖြင့် မဝံ့မရဲ မေးလိုက်သည်။
“အဖေ၊ အဖေလာတုန်းက တစ်ယောက်ယောက်က ငွေလှူခိုင်းသေးလား”
“ငွေလှူဖို့ အဖေလှူခဲ့တယ်”
နန်းကွမ်က ဆက်ပြောသည်။
“ရွှေစနှစ်စ လှူခဲ့တယ်၊ ကျောင်းကျောင်း သမီးအဘွားရဲ့ စည်းမဲ့ကမ်းမဲ့ ဖြုန်းတီးတဲ့ အကျင့်နောက်ကို မလိုက်စမ်းပါနဲ့၊ ရွှေစနှစ်စနဲ့ မင်္ဂလာ သေရည်သောက်ဖို့သာ ပြင်စမ်းပါ၊ ဟုတ်လား”
ရွှေစ… နှစ်စ…..
နန်းပေါင်ရီက ကြက်ပေါင်ကို ကိုက်ဝါးနေသည့် သူမအဖေကို ခံစားချက်ဗလာဖြင့် ကြည့်နေပြီး သူ့မျက်နှာကို ထမင်းပန်းကန်လုံးထဲ နှစ်ပစ်လိုက်ချင်သည်။
ထိုစဉ် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည်။
“သံတမန် ရောက်ရှိလာပါပြီ…..”
ကုချုံရှန်းသည် မိန်းမစိုး တစ်ယောက်ပင်။ လူအများက သူ့ကို နောက်ကွယ်၌ အထင်အမြင် သေးကြသော်လည်း ဘယ်သူကမှ သူ့ကို မျက်နှာချင်းဆိုင် အပြစ်မပြုရဲပေ။
မြင့်မားသော အဆင့်အတန်းရှိသည့် ရှောင်းယီကလွဲပြီး လူတိုင်းက ထရပ်ပြီး အရိုအသေ ပြုကြရသည်။
ကုချုံရှန်းက စားပွဲဆီသို့ တစ်ယောက်တည်း သွားပြီး လက်ဝကျယ် ဝတ်စုံကို ဝတ်ထားပြီး အေးစက်စက် မျက်နှာထားနှင့် ထိုင်လိုက်သည်။ သူက ဘာကိုမှ မပြောဘဲ တခြားသူများကို ဂရုမစိုက်စွာ ကိုယ့်ဘာသာ လက်ဖက်ရည် ငှဲ့နေသည်။
မိန်းမစိုးအိုကြီး တစ်ယောက်က ကျယ်လောင်သည့် အသံဖြင့် “ကျုပ်ရဲ့ဆရာက ဧကရာဇ်ရဲ့ အမိန့်နဲ့ ကူညီ ထောက်ပံ့ရေး ငွေတွေ အခိုးခံရတဲ့ ကိစ္စကို စုံစမ်းစစ်ဆေးဖို့အပြင် ရှုပိုးထည်တွေ အတွက် တော်ဝင်ကုန်သည်ကို ရွေးချယ်ဖို့ လာခဲ့ခြင်း ဖြစ်တယ်၊ ဧကရာဇ်က မိုးခေါင်ရေရှားတဲ့ ဒဏ်ကို ခံစားနေရ သူတွေအတွက် ကြွယ်ဝချမ်းသာတဲ့ ကုန်သည်တွေဆီက ကူညီထောက်ပံ့ငွေတွေ လှူဒါန်း စေချင်တယ်၊ အများဆုံး လှူဒါန်းနိုင်သူက တော်ဝင်ကုန်သည်ဆိုတဲ့ ဘွဲ့ကိုရမယ်၊ မျှတစေဖို့ အတွက် ဘယ်သူက ဘယ်လောက် လှူဒါန်းထားတယ် ဆိုတာကို အားလုံးရဲ့ ရှေ့မှာ ဖတ်ကြားပြမှာ ဖြစ်ပါတယ်”
ခန်းမအတွင်းရှိ ကုန်သည် အားလုံးက စိတ်လှုပ်ရှား နေကြသည်။ တခြားသူက ဘယ်လောက် လှူထားတယ် ဆိုတာကို သူတို့ မသိနိုင်ကြပေ။ သို့သော်လည်း နန်းမိသားစုက အများဆုံး လှူဒါန်းပြီး တော်ဝင် ကုန်သည်ဘွဲ့ထူးကို ရလိမ့်မည် ဆိုတာကိုတော့ ယုံမှားသံသယ ဖြစ်စရာ မလိုပါချေ။
သူတို့က နှစ်တိုင်း ဘေးအန္တရာယ်သင့် ဒေသတွေအတွက် ရွှေစ ခြောက်သိန်း လှူဒါန်းနေကြဖြစ်သည် ဆိုတာကို လူတွေက သိထားကြသည်။ ဒီတစ်ခေါက် မိုးခေါင် ရေရှားမှုမှာလည်း ဘယ်လောက်များ လှူလိမ့်မလဲ။
နန်းပေါင်ရီက အရပ်မျက်နှာ မျိုးစုံမှ အကြည့်တွေကို ခံစားမိသည်။ ထိုမျက်လုံးများက ကြောက်လန့်ခြင်းတွေ ပြည့်နေပြီး သူမတို့ မိသားစုကို ကြံ့ခိုင်သော ပြိုင်ဘက် တစ်ယောက်လို သဘောထား နေကြသည်။
ဗိုက်တင်းကားအောင် စားနေသည့် လူအိုကြီးကို ကြည့်ရင်း နန်းပေါင်ရီက အလွန်အမင်း ဒေါသထွက် လာတော့သည်။
“ဝမ်မိသားစု၊ ရွှေစငါးထောင်”
“လီမိသားစု၊ ရွှေစခုနစ်ထောင်”
“ကျန်းမိသားစု၊ ရွှေစတစ်သိန်း”
အသံ အနေအထား အလိုက် လူများ၏ မျက်နှာ အနေအထားမှာလည်း မတူညီကြပါချေ။ အနိမ့်ဆုံး အလှူရှင်က ကောမိသားစုဖြစ်ပြီး လှူဒါန်းငွေက ရွှေစ နှစ်ထောင် ဖြစ်သည်။
ကောမိသားစုက အလွန် ရှက်ရွံ့နေပြီး ပါးပြင်တွေပါ ပူလာတော့သည်။ ကောမိသားစု၏ သခင်မက ဘေးချင်းကပ် စားပွဲမှာဖြစ်ပြီး နန်းမိသားစုနဲ့လည်း ဆက်ဆံရေးကောင်း ရှိသူဖြစ်သည်။
သူမက စိတ်လက်မသက်မသာဖြင့် နန်းပေါင်ရီကို ပြုံးပြရင်း “ကျွန်မ ယောကျ်ားက တစ်နေ့က လောင်းကစားရုံမှာ ငွေတွေ အများကြီး ရှုံးသွားတာကြောင့် လက်ထဲမှာ ငွေကျပ်သွားတယ်၊ ထုတ်ပြော ရတာတော့ ရှက်ဖို့ ကောင်းပါတယ်…. ပေါင်ရီတို့ မိသားစုက ချမ်းသာကြွယ်ဝပြီး ဂုဏ်သိက္ခာလည်း မြင့်မားတယ်၊ ဒီတစ်ခေါက် နန်းအိမ်တော်က ကျိန်းသေပေါက် တော်ဝင်ကုန်သည် နေရာကို တစ်ချက်တည်းနဲ့ အရယူနိုင်မှာပါ”
နန်းပေါင်ရီ “….”
မဟုတ်သေးဘူးလေ၊ သူမတို့ မိသားစုက တော်ဝင်ကုန်သည် နေရာကို ဆုံးရှုံးရရုံမျှမက လာရောက်ကြသော ပရိသတ်များ၏ လှောင်ပြောင်ကဲ့ရဲ့ခြင်းကိုပါ ခံရတော့မှာ…..
ရွှေစနှစ်ထောင် ဆိုတာက သူမတို့ မိသားစု လှူဒါန်းထားသည့် ရွှေစနှစ်စနဲ့စာရင် အဆတစ်ထောင် ကွာနေသေးသည်မလား….
သူမက လေသံဖွဖွဖြင့် “အစ်ကို ၂၊ ညီမလေးတို့ အမြန်သွားသင့်လား”
“ချော်မလဲစေနဲ့”
ရှောင်းယီက ဖရဲသီးဖျော်ရည်ကို ဖြည်းဖြည်းချင်း သောက်နေသည်။
“ညီမလေး ဘာသာပဲ ချော်လဲမှာ…..”
နန်းပေါင်ရီက သူ၏ လက်ကောက်ဝတ်ကို သူခိုးတစ်ယောက်လို တွယ်ချိတ်ပြီး ခွေးလေး တစ်ကောင်လို ရင်ဘတ်ကို ကုတ်ခြစ်နေပြီး သူမ၏ ခြေဖဝါးအောက်က ဖိနပ်အောက်ခံမှာ ချွေးစေးတွေ ရွှဲနစ်နေသည်။
နန်းကွမ်က ဘာမှားနေလဲ ဆိုတာကို နောက်ဆုံးတော့ သိသွားပြီဖြစ်ပြီး အသံကို မြန်မြန်တိုး၍ “ကျောင်းကျောင်း အဖေ့ကိုစောင့်ဦး”
သူကပြောပြီး အနံ့မွှေးနေသည့် ဘဲကင်အစပ် တစ်ကောင်နှင့် ကြက်သားနှပ် ငါးတုံးကို ကောက်ယူလိုက်ပြီး “ငါမယူနိုင်တော့ဘူး၊ ကျောင်းကျောင်း အဖေ့ကိုကူဦး”
ခန်းမထဲမှာတော့ မိန်းမစိုးက နောက်ဆုံးနှစ်ခုကို ကျယ်လောင်စွာ အော်ဖတ်နေသည်။
“ကျိုးမိသားစု၊ ရွှေစနှစ်သိန်း”
“နန်းမိသားစု၊ ရွှေစနှစ်သိန်း၊ မဟုတ်သေးဘူး၊ ရွှေစနှစ်သန်း မဟုတ်သေးဘူး၊ နှစ်လား ဒါနှစ်လား ဟုတ်ပြီ၊ နန်းမိသားစု ရွှေစနှစ်စ”
ရွှေစနှစ်စ
အားလုံးက ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
နန်းမိသားစု၏ အဖေနှင့် သမီးထံသို့ မျက်လုံးအစုံက တစ်ချိန်တည်းမှာ လှည့်လာကြတော့သည်။
ခြေလှမ်း နှစ်လှမ်း လှမ်းပြီးသည့် နန်းပေါင်ရီက ခြေချော်သွားပြီး “…..”
သူမ၏ လက်ထဲမှာတော့ သူမ၏အဖေ ပေးထားသော ဘဲကင်တစ်ကောင်ကို ကိုင်လျက်သား။
နန်းကွမ်က သူမ၏ခါးကိုဖက်၍ ထိန်းထားလိုက်ပြီး စားပွဲပေါ်က ကြက်သားတုံးတွေ အားလုံးကို ကိုင်ထား လေသည်။
***