အပိုင်း (၂၇၂)
ရှောင်းယီက ခေါင်းကိုငုံ့ပြီး ဝတ်စုံရဲ့ အနံ့သင်းသင်းလေးကို အနည်းငယ် ရှူရှိုက် လိုက်တယ်
ရှောင်းယီက အနည်းငယ် ရယ်သွမ်း သွေးလိုက်သည်။
ဒီနန်းမိသားစုက ကောင်မလေးက ပျော်စရာပွဲတွေကို ကြိုက်မှန်း သူမေ့သွားသည်ပင်။
သူက ဖိတ်စာကို ပင့်မြှောက် လိုက်ပြီး “နောက်သုံးရက် နေရင် ကျင်းကွမ်မြို့ကို ဧကရာဇ်ရဲ့ သံတမန် အသစ် ရောက်လာလိမ့်မယ်၊ ရွယ်မိသားစုက သူ့ကို ဧည့်ခံဖို့ ကျင်းယုမန်တန်မှာ စားသောက်ပွဲ လုပ်မယ်၊ ဘေးအန္တရာယ် ကူညီထောက်ပံ့ရေး ငွေတွေရဲ့ ကိစ္စမှာ ကျောင်းကျောင်းကလည်း ကြီးကြီးမားမား စွမ်းဆောင်ထားတာမို့ ဖိတ်ကြားခြင်း ခံရတယ်”
“ညီမငယ်လေးလို့ ခေါ်ပါဆို….”
နန်းပေါင်ရီက ပွစိပွစိဖြင့် သူ့ကို အမှန်ပြင်ပေး လိုက်သည်။ သူမက ဗီရိုဆီသို့ လျှောက်သွား လိုက်သည်။ နန်းအိမ်တော်ရဲ့ ရွှေရောင်ဖိတ်ဖိတ် လက်နေသည့် အဝတ်ဗီရိုကြီးတွေက ခေါင်ရန်းပန်းနံ့လေး ပျပျမွှေးနေပြီး ရာသီအလိုက် ဝတ်စုံတွေနဲ့ ပြည့်နေသည်။
သူမက တုံ့ဆိုင်းစွာနဲ့ ပွဲနေ့ကျရင် ဘာဝတ်ရမလဲလို့ စဉ်းစားခန်း ဝင်နေလေသည်။
ဝတ်စုံ တစ်စုံပြီးတစ်စုံ ထုတ်ကြည့် ပြီးနောက် တချို့က အလွန် ရိုးရှင်းနေပြီး တချို့က အလွန် တောက်ပြောင် လွန်းနေသည်။
သူမ ဝယ်တုန်းကတော့ အားလုံးက ကြည့်ကောင်း နေသည်ဟု ထင်ခဲ့ပေမယ့် အပြင်ထွက်ဖို့လည်း လုပ်ရော ဗီဒိုထဲမှာ အဝတ်တွေ ရှိနေပေမယ့် ဝတ်စရာ အဝတ်အစား ရှိမနေသလို ခံစားရသည်။
ရှောင်းယီက သူမကို ကြည့်နေသည်။ သူမက ဗီရိုအနီးသို့ ကပ်သွားပြီး ခွေးပေါက်လေး တစ်ကောင်လို အထဲက အဝတ်အစားတွေကို သွက်လက်စွာနဲ့ တူးထုတ်နေသည်။
အဝတ်တွေအားလုံးက ကြမ်းပြင်ပေါ်သို့ သက်ဆင်း သွားကြသည်။
သူက ကောင်မလေး ဝတ်လေ့ရှိတဲ့ မိုးမခကိုင်းလို ညွတ်ပျောင်း နူးညံ့နေသည့် အဝါရောင် ပန်းထိုးထည်လေးကို ကောက်ယူ လိုက်သည်။
ချည်ဝတ်စုံလေးကို ယူပြီး ခေါင်းကိုငုံ့၍ ဝတ်စုံရဲ့ တိမ်းမူးဖွယ်ရာ အနံ့သင်းသင်းလေးကို ရှူရှိုက် လိုက်သည်။
သင်းပျပျ အနံ့လေးက အရမ်း……
“အစ်ကို ၂၊ ဒီအနီရောင်ကြာပွင့် ဝတ်စုံလေးကို ကြည့်ပါဦး…..”
နန်းပေါင်ရီ၏ ခေါင်းလေးက ပျော်ရွှင်စွာ လှည့်လာသောအခါ ခေါင်းကိုငုံ့ပြီး သူမ၏ဝတ်စုံကို နမ်းရှိုက်နေသည့် ရှောင်းယီနဲ့ တိုက်မိတော့သည်။
သူ့နှုတ်ခမ်းပါးတွေက ပြေပြေလေး ကွေးညွတ်နေပြီး စင်းချထားတဲ့ ဇာမဏီ မျက်ဝန်းတွေက ရယ်ရွှင်ဟန်ဖြင့်။
“အာ…”
သူမ အံ့အားသင့် သွားတော့သည်။
ရှောင်းယီက သူ့မျက်လုံးတွေကို ပြန်လှည့်ပြီး ဝတ်စုံကို အလောတကြီး ပြာယာခတ်ခြင်း အလျှင်းမရှိစွာနဲ့ ပြန်ချလိုက်သည်။
ပြီးနောက် တည်ကြည်စွာနဲ့ “နန်းကျောင်းကျောင်း၊ မင်းရဲ့ဝတ်စုံက အရမ်းနံတယ်၊ နှာခေါင်းကို ပိတ်ထားလိုက်”
နန်းပေါင်ရီက ကြက်သေ သေသွားရသည်။
မင်းရဲ့ နှာခေါင်းကို ပိတ်ထားလိုက်၊ အနံ့နံနေတယ်။
ဒီလူက တစ်ခုခုတော့ စံလွဲနေတယ်ဆိုတာ လူတွေက မသိကြဘူး……
သူမက အနီရောင် ကြာပန်း ဝတ်စုံလေးကို ကိုယ်မှာ ကပ်ပြလိုက်ရင်း “အစ်ကို ၂၊ ဒီတစ်စုံကို ဘယ်လို သဘောရလဲ”
ရှောင်းယီက လေးဖင့်စွာနဲ့ ပါးပြင်ကို အနားပေး လိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် နန်းကျောင်းကျောင်းက ဘာပဲဝတ်ဝတ် သူထင်တာတော့ ရင်နဲ့တင် လုံးဝ မရှိပါချေ။ ဒါပေမယ့် သူမက ပန်းပွင့်နဲ့ဝတ်စုံကို ဝတ်နိုင်သေးသည်လား။
ပွဲတော်ကိုသွားဖို့ မဆိုထားနဲ့ လမ်းသွားရင်တောင် အလှပြနေသလိုပဲ။
ထိုသို့တွေးမိပြီး သူက အပြုံးရေးရေးဖြင့် “အနီရောင် ကြာပန်းဝတ်စုံက အရမ်းလှတယ်၊ ဒီစကားလိုပဲ ‘ကြာရွက်တွေက ကောင်းကင်ကြီးရဲ့ အဆုံးမရှိ အစိမ်းရောင် လွင်ပြင်လို၊ ကြာပွင့်ချပ်တွေက နေမင်းရဲ့ အနီရောင် အလင်းလို’ ဆိုသလိုပေါ့”
ဒါက ဝတ်စုံကို ချဲ့ကား ပြောနေရုံမျှမက လူကိုလည်း ချဲ့ကား ပြောနေသလိုပင်။
နန်းပေါင်ရီက ပျော်ရွှင်ကြည်နူးစွာနဲ့ ရှက်သွေးဖြာ သွားရင်း “ဒီ အဖြူရောင် သစ်တော် ပန်းပွင့်လေးတွေနဲ့ တစ်စုံကရောဟင်”
“ညချမ်းလေပြည်က ရုတ်တရက် ဆော်သွေးလာသလို သစ်တော်ပင် ထောင်ပေါင်းများစွာက သစ်တော် ပန်းလေး တွေပွင့်လန်းလာသလိုပဲ”
နန်းပေါင်ရီက ရှက်သွေးဖြာဟန်ဖြင့် တခစ်ခစ် ရယ်နေသည်။
သူမက တခြားတစ်စုံကို ကိုင်လိုက်ပြီး “ဒီပန်းထိုး ဝတ်စုံလေးကရော”
“ဝတ်စုံက အတွန့်အလိပ်လေးတွေ ဆယ့်သုံးခုကျော်တောင် ပါပြီး ဒုတိယမြောက်လ အစောပိုင်းမှာ ထွက်လာတဲ့ အစို့အညှောက်လေးတွေလိုပဲ”
“ဒီရွှေရောင် ခြည်ထိုး ဝတ်စုံကရော”
“ထင်ရှားတဲ့ ပန်းလေးတွေက တစ်ပွင့်ချင်းစီ ပြုံးပျော်နေပြီး ဧကရာဇ်ကတောင် တစ်ခါတစ်ရံ ပြုံးဟန် ပြုတယ်”
“ဒီပေါ့ပါးတဲ့ တိမ်လွှာဆင်လေးကရော”
“ယွမ်က အဝတ်အထည်တွေ အကြောင်းကို တွေးတောနေသလို ဟွားနန်ရဲ့ အဝင်ဝက တိုက်ခတ်လာတဲ့ လေပြည် လေညင်းလေးလိုပဲ”
ထိုစာသား နှစ်ကြောင်းက မိန်းမလှလေး ယွမ်ကို ချီးကျူး ဂုဏ်တင်ထားတဲ့ စာသားတွေ ဖြစ်သည်။
အမတ်မင်းက သူမ၏ အလှအပတွေကို ပွင့်ပွင့်လင်းလင်း မြှောက်ပင့် ချီးကျူးနေတယ်လို့ နန်းပေါင်ရီ ခံစားရသည်။
သူမက မျက်ခုံးလေးတွေ ကွေးညွတ်သွားအောင် ပြုံးလိုက်မိသည်။
သူမက ဝတ်စုံကို လွှတ်ပစ်လိုက်ပြီး ရှက်ရွံ့စွာနဲ့ မျက်နှာလေးကို လက်ဖဝါး နှစ်ဖက်ထဲ ထည့်ထားကာ “အစ်ကို ၂ က တကယ်ကို …..ကောင်းလွန်းတယ်၊ ဘာအမှန်တွေ ပြောနေတာလဲ ရှက်စရာကြီး”
ထိုအပြောမှာ မိန်းကလေးရဲ့မျက်နှာလေးက အလွန်ပျော်ရွှင် ကျေနပ်နေဟန်ပင်။
ရှောင်းယီ၏ မျက်ခုံးတွေက ပင့်တက်သွားသည်။ သူက လက်ဖက်ရည် တစ်ငုံ သောက်လိုက်ပြီး စိတ်တွင်းက တိတ်တဆိတ် ရေရွတ်လိုက်သည်။
‘ဒါက ကြွားဝါနေတာပဲ’
ဒီကောင်မလေးရဲ့ မိသားစုကစပြီး ဘာကိုပဲ ပြောလိုက်ပြောလိုက် အလွန်ကို ကြွားဝါ တတ်ကြသည်။ ကြွားတာမှ လွန်လွန်ကျူးကျူးပင်။
ဟယ်ယဲ့က အပြင်မှ အလျင်စလို ဝင်လာပြီး ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေသည့် ဝတ်စုံတွေကိုကြည့်ပြီး တောင့်တင်း သွားတော့သည်။
သူမက တခြား အစေခံငယ်လေးတွေကို ရှင်းလင်းဖို့ ခေါ်လိုက်ရင်း လေသံတိုးတိုးဖြင့် “မမလေး အရှေ့ခြံမှာ ကိစ္စတစ်ခု ဖြစ်သွားတယ်၊ နန်းကျင်က မတော်တဆ လဲကျသွားပြီး နဖူးကို ခိုက်မိတယ်၊ သမားတော်က လာပြီး ဆေးထည့်၊ ပတ်တီး စီးပေးတယ်၊ သခင် ၃ က သမားတော်ကို အပြင် ပြန်ပို့ပေးနေတုန်း၊ အစေခံတွေကလည်း ဆေးကြိုဖို့ မီးဖိုချောင်ကို သွားနေတုန်းမှာ ခဏလေးပဲ ကြာလိုက်တယ်၊ နန်းကျင်က ပျောက်သွားတော့တာ”
“ပျောက်သွားတယ်”
နန်းပေါင်ရီက အတွင်းဝတ်စုံ တစ်စုံကို ကိုင်ထားရင်း အလွန် သိချင်စိတ် ပြင်းပြသွားရသည်။
ဟယ်ယဲ့က ခေါင်းညိတ်ရင်း “သခင်ကြီးက အရမ်း စိတ်လောနေတယ်၊ အစေခံတွေနဲ့ အိမ်တော် တစ်ခုလုံးကို မြေလှန် ရှာတာတောင် ရှာလို့မတွေ့ဘူး၊ သူက အိမ်တော် အပြင်ကို ထွက်သွားတာ ဖြစ်နိုင်တယ်၊ သခင်ကြီးက ဒီကိစ္စကို ရုံးတော်ကို တိုင်ကြားထားပြီး ကျင်းကွမ်မြို့ တစ်မြို့လုံးမှာ လိုက်ရှာနေတယ်”
အစေခံတွေက ဝတ်စုံတွေကို ဗီရိုထဲ ပြန်ထည့်ပေးပြီး ရိုကျိုးစွာနဲ့ ပြန်ထွက်သွားကြသည်။
နန်းပေါင်ရီက တွေးတောနေသည်။
သူမက ရှောင်းယီကို ရုတ်ခြည်း လှည့်ကြည့်လိုက်ပြီး “အစ်ကို ၂၊ ဒီကိစ္စကို ဘယ်လိုထင်လဲ နန်းကျင်ရဲ့ ဉီးနှောက်က အခုလိုမျိုး ဖြစ်သွားပြီဆိုရင် နည်းနည်းများ ပိုကောင်း လာလိမ့်မလား၊ သူက ညီမလေးကို လက်စားချေ နိုင်လားဟင်”
ရှောင်းယီက မွှေးရနံ့ သင်းထုံနေသည့် လက်ဖက်ရည်ကို ခပ်မျှဉ်းမျှဉ်း သောက်လိုက်ရင်း “စင်ပေါ်မှာ လူပြက်တွေ ခုန်နေသလိုပဲ”
နန်းပေါင်ရီက အပြုံးလေး တစ်ပွင့်ကို နှုတ်ခမ်းထက် တင်လိုက်သည်။
နန်းကျင်က နည်းနည်းလေး ပိုပြီး ဉာဏ်ကောင်းပေမယ့် တကယ်တမ်း ကိစ္စကြီးတွေကို ကိုင်တွယ်ဖို့တော့ သူက အလွန် သေးငယ်လွန်း သေးသည်ပင်။
သူမစိတ်ပူဖို့အတွက် တကယ်ကို မထိုက်တန်လှ။
သူမက အပြင်ဘက်က ကိစ္စတွေကို ဂရုမစိုက်ပါချေ။ အိပ်ခန်းထဲမှာပဲ နေပြီး မနက်ကနေ ညအထိ ကြေးမုံရဲ့ရှေ့မှာ လမ်းလျှောက် လေ့ကျင့်နေသည်။
သူမ၏ အတိတ်ဘဝ နက်ရှိုင်းသည့် နန်းတော်ထဲမှာတုန်းက မောင်းမဆောင်ထဲမှာ မိန်းမချောတွေ ပြတ်လတ်တယ်ဆိုတာ ရှိကိုမရှိဖူးဘူးဟု အထိန်းတော်တွေက ပြောခဲ့ဖူးသည်။
စစ်မှန်သော အလှတရားကတော့ ပျောက်ဆုံး နေခဲ့သည်ပင်။
အလှတရားဆိုတာက အရိုးထဲက ဖြစ်လာတာဖြစ်ပြီး အပေါ်ယံလွှာ အရေပြား မဟုတ်ပါချေ။ ကျောရိုး တည်ဆောက်ပုံ၊ အပြုအမူနဲ့ စိတ်နေစိတ်ထားတွေကသာ တကယ့် အလှစစ်ကို တိုင်းတာသည့် စံနှုန်းများ ဖြစ်ကြသည်။
သူမ၏ ဂုဏ်သိက္ခာက ပျက်စီး သွားတာကြောင့် သူမက အလွန်နိမ့်ကျတဲ့ အစေခံဘဝမှာ အချိန် အကြာကြီး နေခဲ့ရသည်။
သို့ပေတည့် ထိုအထိန်းတော်တွေရဲ့စကားကပဲ သူမကို ထပ်တစ်ဖန် ခွန်အားပေးခဲ့ ပြန်လေသည်။
သူမ နန်းတော်ထဲသို့ နောက်ကျမှ ဝင်ရောက်ခဲ့သောကြောင့် အစောကြီး ကတည်းက နန်းတော်ထဲမှာ လေ့ကျင့်သင်ကြား ပေးခံခဲ့ရသော အပျိုတော်များဖြင့် မယှဉ်သာပေ။ သူမက နန်းတော်ထဲက လမ်းလျှောက်ပုံတွေ၊ ပြုမူပြောဆိုပုံတွေကိုသာ ပိုပြီး စေ့စေ့စပ်စပ် သင်ကြားခဲ့ရသည်။
နက်ရှိုင်းပြီး ရှည်လျားတဲ့ နန်းတွင်း၏ လမ်းကျဉ်းလေးမှာ သူမ တစ်ယောက်တည်း အထီးကျန်စွာ ခေါင်းပေါ်မှာ စာအုပ်တစ်အုပ် တင်ပြီး ဟိတ်ကြီးဟန်ကြီး နိုင်လှသည့် လမ်းလျှောက်ပုံများကို လေ့ကျင့်ခဲ့ ရသည်။ မိုးတွေက သဲသဲမဲမဲ ရွာလာသည်ကိုပင် ခြေထောက်များ သွေးထွက်ပြီး အသားမာ တက်သည်အထိ လေ့ကျင့်ခဲ့ရလေသည်။
နောက်တော့ နန်းတွင်း အပျိုတော်တွေကြားမှာ သိက္ခာအရှိဆုံးသော မိန်းမပျို တစ်ယောက် ဖြစ်လာခဲ့သည်။
အိပ်ခန်းငယ်က တိတ်ဆိတ် ငြိမ်သက်နေသည်။ ခေါင်းပေါ်သို့ စာအုပ်တင်ပြီး နန်းပေါင်ရီက ကြေးမုံရှေ့မှာ တစ်လှမ်းချင်း လျှောက်နေသည်။
နဖူးမှ ချွေးစေးတွေက စီးကျလာသည်။ သူမ၏ ထော့နဲ့နေသည့် လမ်းလျှောက်ပုံကို မပေါ်စေဖို့အတွက် ထိန်းထားပြီး သူမက ပုံမှန် လူတစ်ယောက်လို လမ်းလျှောက်နိုင်ရန် အတွက် သွေးချွေးတွေကို နင့်နင့်နဲနဲ အမှတ်ရရန် လိုသည်လေ။
သူမက အပြုံးချိုချိုလေးကို ပြုံးရင်း မျက်ခုံးလေးတွေက ဆန်းသစ်စ လခြမ်းလေးလို ကွေးညွှတ် သွားသည်။
ဒီဘဝမှာတော့ နန်းမိသားစု၏ သခင်မလေးက ပြိုင်ဘက်ကင်း ဖြစ်နေပြီလေ။ သူမက လူအများ၏ ရှေ့၌ တောက်ပလက်ဖြာနေသည့် ဟန်ပန်ကိုသာ ပြလိုသည်။
ဒီသုံးရက် အတွင်းမှာ မြင်းဖြူကြီး တစ်ကောင်က အက်ကွဲကြောင်း တစ်ခုကို ကျော်ဖြတ် ရသလိုပင်။
ပွဲခန်းမ၏ ကျင်းပချိန်က နေဝင်ရီတရောလေးမှာ ဖြစ်သည်။
ရှောင်းယီက အိမ်တော်၏ အပြင်ဘက်တွင် စောင့်ဆိုင်းနေသည်။ သိပ်မကြာလိုက် အိမ်တော်ရဲ့ တံခါးက ဖြည်းဖြည်းချင်း ပွင့်သွားတော့သည်။
နှင်းပွင့်လေးတွေထက် သာလွန်ထူးကဲသည့် အသားအရေနှင့် မိန်းကလေးက ထွက်လာခဲ့သည်။ သူမ၏ နှုတ်ခမ်းဖူးဖူးလေးက နီရဲစိုနေပြီး မီးငှက် မျက်လုံးရွှဲကြီးတွေနဲ့ မျက်တောင် ဖျားတွေကလည်း ရှက်သွေး ဖြာနေဟန်။ သူမ၏ မျက်နှာချေမှုန့် လိမ်းခြယ် ထားခြင်းက အလွန် လှပလွန်းပြီး ဆံထုံးလေးတွေကလည်း သေသပ်ကျန နေသည်။
ကြာပွင့်လေးက ခြေလှမ်းလေး လှမ်းလိုက်တိုင်းမှာ ပိုပို ကြီးလာသယောင်၊ အနုစိတ်လွန်းပြီး သီးသန့် ဆန်လှသည်။ ‘လောကကြီးမှာ ပြိုင်ဘက်ကင်း’ ဆိုတဲ့ ဘွဲ့ထူးနဲ့ ထိုက်တန်လွန်းသည်။
“အစ်ကို ၂……”
အနီးသို့ ရောက်လာသောအခါ နန်းပေါင်ရီက မျက်နှာလေးကို ပင့်မော့လာပြီး “ညီမလေး ထော့နဲ့ နေသေးလားဟင်”
ရှောင်းယီက နွေးထွေးစွာနဲ့ “နည်းနည်းလေးတောင်မှ မတွေ့ရဘူး”
နန်းပေါင်ရီ၏ နှုတ်ခမ်းတွေက တွန့်ကွေးသွားသည်။
သူမ၏ လက်လေးတွေက ရင်ဘတ်ပေါ် ယှက်တင်ပြီး အနည်းငယ် ဝိုင်းပတ်ပြရင်း “အပြာရောင် ပန်းပွင့်ပုံ ခေါင်ရန်းပန်းပုံစံ ထိုးထားတဲ့ ဝတ်စုံကို ဟယ်ယဲ့ ရှာတွေ့တာ၊ အဖြူရောင်က နွေရာသီ အစောပိုင်းမှာဆို ငြိမ်ဆိမ်ပြီး လှပတယ်တဲ့၊ အစိုးရ အရာရှိ အကြီးပိုင်းတွေရဲ့ အမြင်မှာ တည်ငြိမ်ပြီး ကျက်သရေရှိတဲ့ မိန်းမပျိုတွေကို ပိုကြိုက်တတ်ကြတယ်၊ အစ်ကို ၂ ရဲ့ အမြင်ကရောဟင်”
“ခေါင်ရန်းပန်းလေးက သန့်ရှင်းစင်ကြယ်တဲ့ ရေကနေ ပွင့်ဖူးလာတာ သဘာဝအတိုင်း ပန်းပုထုဆစ် ထားသလိုပဲ”
လက်တစ်ဖက်ကို နောက်ပစ်ပြီး နောက်လက် တစ်ဖက်ဖြင့် ရှောင်းယီက သူမ၏ ခေါင်းလေးကို ပွတ်သပ် လိုက်သည်။
နန်းပေါင်ရီ၏ မျက်လုံးတွေက လက်ဖြာနေပြီး ခေါင်းလေးကို မော့၍ အပြုံးလေး တစ်ပွင့် ပွင့်လန်း လာသည်။
“အဲ့လောက်ပဲလား”
ရှောင်းယီက တခဏမျှ စဉ်းစားလိုက်ပြီး သူမ၏ နားသည်စပ်လေး နားသို့ ငုံ့ကိုင်း၍ တိုးညင်းပြီး ဩရှရှ လေသံဖြင့် “နတ်သမီးလေး နတ်သက် ကြွေလာသလိုပဲ…..”
ထိုစကားက နန်းပေါင်ရီ၏ နှလုံးသားလေးကို တကယ် ဝင့်ထည် သွားစေသည်။
မိန်းကလေးက ပန်းလေး တစ်ပွင့်လို အပြုံးလေးနှင့် ပေါ့ပါးသည့် ပိတ်ကျဲ ဝတ်စုံစကို ဆွဲကိုင်ထားရင်း အစေခံတစ်ယောက၏ လက်ကို ကိုင်၍ ရထားလုံး အတွင်းသို့ ဝင်သွားသည်။
ရှောင်းယီက ရထားလုံး၏ ဝါးကန့်လန့်ကာလေး ကျသွားတာကို စောင့်ကြည့်နေသည်။
ကုချုံရှန်း ရောက်လာပြီ။ သူက မိန်းမပျိုများ၏ အမြင်မှာ ချီးကျူး ဂုဏ်တင်စေနိုင်သော ကဗျာတချို့နှင့် သီချင်းများကို ရေးသားထားဖူးသည်။
ကောင်မလေးက သူ့ကို ရှေ့ရက်တွေ ကတည်းက နေ့တိုင်း သူမကို ချီးကျူးပေးဖို့ ပြောတတ်သည်။ တစ်နေ့မှာတော့ သူက လုံးလုံးလျားလျားကြီးကို စကားလုံးတွေ ဆင်းရဲသွားတော့မည်ပင်။
ရွှေငွေအပြည့် ကျောက်စိမ်းခန်းမ (ကျင်းယုမန်တန်)ကို ဒီနေ့တော့ ရွယ်မိသားစုက ကြိုတင် မှာယူထား လေသည်။
ညစာစားပွဲကို တက်ရောက် လာကြသူ အားလုံးက ကျင်းကွမ်မြို့က ချမ်းသာကြွယ်ဝသည့် စီးပွားရေး လုပ်ငန်းရှင်များနှင့် အထက်တန်းလွှာ ချည်းပင်။
ထိုအချိန် ပွဲကျင်းပရာ ခန်းမထဲ၌ ရွှေမီးအိမ်များနှင့် ဖန်အလင်းများက ထိန်လင်း တောက်ပ နေသည်။
မိန်းမပျိုများမှာ အပြုံးများဖြင့် အုပ်စုဖွဲ့၍ စကားပြော နေကြသည်။
သူတို့၏ မျက်နှာများသည် ပျော်ရွှင်မှုတွေဖြင့် ပြည့်နေပြီး တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း “သိကြလား ငါကြားမိတာတော့ နန်းမိသားစုက မမလေး ၅ က ဒုက္ခိတ ဖြစ်သွားတယ်တဲ့”
***