အပိုင်း (၂၇၁)
ဧကရာဇ်ရဲ့သံတမန် ကုချုံရှန်း
နန်းပေါင်ရီ “…..”
ဒါ အရမ်းမြန်လွန်းနေတယ်လေ…..
သူမက အလွန် သိချင်နေဟန်ဖြင့် “သမီးတို့က ရန်သူ့နိုင်ငံမှာ ဘယ်လိုလုပ်ပြီး ချမ်းသာနိုင်မှာလဲ”
နန်းချန်းလီက ပြုံးရင်း “ငါတို့ ဘဏ်တစ်ခုဖွင့်ဖို့ စီစဉ်ထားတယ်”
“နိုင်ငံတိုင်းမှာ ဘဏ်တွေဖွင့်မယ်၊ ဧကရာဇ်နဲ့ စစ်သူကြီးတွေကနေ စပြီး ကုန်သည်တွေနဲ့ အပေါင်ဆိုင် လုပ်ငန်းရှင်တွေ အထိ ငါတို့ဘဏ်က ယုံကြည်အားထား ရတယ်ဆိုတာကို သိစေရမယ်၊ အဲဒီလို သူတို့ရဲ့ ငွေတွေကို လာပြီး စုဆောင်းကြဖို့ ဆွဲဆောင်တာကို အများယုံကြည် လက်ခံနိုင်စွမ်း ရှိတယ်လို့ ခေါ်တယ်”
ကိုကိုကြီးက လက်ဖက်ရည်ကို သက်သောင့်သက်သာနဲ့ သောက်ရင်း ဖြေသည်။
ဝမ်းကွဲအစ်ကို ဆုန်းရှစ်နင်က ထပ်ဖြည့်လိုက်သည်။
“ငါတို့ဘဏ်က တခြားသူတွေနဲ့ မတူဘူး၊ ငွေအပ်ရင် ငါတို့က အပ်တဲ့သူကို စာရင်းစာရွက် ပေးလိုက်မယ်၊ အဲဒီ စာရင်းစာရွက်နဲ့ လောကကြီးက ရှိရှိသမျှ ဘဏ်တွေ အားလုံးမှာ ငွေထုတ်ယူလို့ ရတယ်၊ ဒီလို နည်းလမ်းနဲ့ဆိုရင် ငွေကြေးတွေ၊ ရွှေတွေ အမြောက်အမြား သယ်ပြီး တောင်တန်းတွေ၊ မြစ်တွေကို ဖြတ်သန်း သွားနေရတဲ့ စီးပွားရေး သမားတွေရဲ့ အဆင်မပြေမှုတွေ၊ အန္တရာယ်တွေကို ကာကွယ်ပြီးသား ဖြစ်သွားလိမ့်မယ်”
အဘွားအိုက အပြုံးနှင့်အတူ “သူတို့ အပ်ထားတဲ့ ငွေပမာဏကို ထည့်မစဉ်းစားဘဲနဲ့ သူတို့က သတ်မှတ်ထားတဲ့ ပမာဏတစ်ခုကို ပြန်ထုတ် ယူလို့ရနိုင်မယ်၊ ပြီးတော့ သူတို့က တခြား စီးပွားရေး လုပ်ငန်းရှင်တွေကို မတူညီတဲ့၊ မြင့်မားတဲ့ အတိုးနှုန်းနဲ့လည်း ပြန်ပြီး ချေးငှားလို့ ရတယ်”
“လူတွေရဲ့ စားဝတ်နေရေးပေါ်မှာ လိုက်ပြီး တခြား စီးပွားရေး လုပ်ငန်းတွေက ပိုပြီး ကျယ်ပြန့် လာလိမ့်မယ်”
နန်းပေါင်ရုံက အလွန် နူးညံ့သိမ်မွေ့စွာဖြင့် “ဥပမာဆိုရင် လူတွေက သူတို့ ငယ်ငယ်ကတည်းကနေ ကြီးပြင်းလာတဲ့ အချိန်အထိ နှစ်စဉ်နှစ်တိုင်း ငွေတွေကို အပ်ထားမယ်ဆိုရင် သူတို့ရဲ့ ဘဝတစ်စိတ် တစ်ပိုင်းကို ဖြန့်ကြက်ဖို့ အငြိမ်းစား ငွေကိုရမယ်၊ အဲဒါက ဘဝတစ်လျှောက်လုံး တည်မြဲ ဖြစ်ထွန်းစေဖို့ အတွက်ပဲ၊ ဖြစ်နိုင်တာက တော်ဝင် မိသားစုတွေကလည်း ခိုင်ခိုင်မာမာ ထောက်ခံကြလိမ့်မယ်”
“ဒီလိုနဲ့ ငါတို့က နိုင်ငံတိုင်းက တော်ဝင် မိသားစုတွေနဲ့ ချိတ်ဆက် မိသွားနိုင်တယ်”
ဒေါ်လေးကျန်းက လွတ်လွတ်လပ်လပ် ပြောလာသည်။
“နိုင်ငံတွေက ဆားနဲ့ သံတွေကို လဲလှယ်ပြီး နိုင်ငံရဲ့ ရတနာတွေကိုပါ ဖလှယ်လို့ ရမယ်၊ ဒီလိုနည်းလမ်းနဲ့ လောကကြီးက တောက်ပ လက်ဖြာလာမှာ၊ ဘယ်သူက ငါတို့မိသားစုကို ထိပါးနိုင်ဦးမှာလဲ”
“လောကကြီးရဲ့ စည်းစိမ်ချမ်းသာတွေ အားလုံးကို ထိန်းချုပ်ပြီး မင်းသမီးကို ဒူးထောက်စေလို့ ဧကရာဇ်ကို ဦးညွှတ်စေမယ်……”
အဘွားအိုက သူမှန်တယ်လို့ အလွန်အမင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြင်းထန်နေပုံရပြီး “ဒါ ငါတို့ နန်းအိမ်တော်ပဲ၊ ဘာလုပ်ချင်သေးလဲ”
ခန်းမတစ်ခုလုံးက တိတ်ဆိတ်နေသည်။
နန်းပေါင်ရီက မူးမေ့ သတိလစ်မတတ် ဖြစ်သွားရသည်။
အချိန် အနည်းငယ်ကြာမှ သူမက အစား တစ်ခုတည်းကိုသာ အာရုံစိုက်နေသည့် နန်းပေါင်ကျူးကို ကြည့်လိုက်ပြီး “ကျူးကျူး၊ နင်နားလည်လားဟင်”
“ဘာကိုလဲ”
နန်းပေါင်ကျူးက ပန်းပွင့်ကိတ် အစအနတွေ ပေကျံနေသည့် ပါးစပ်လေးကို သုတ်လိုက်ပြီး ခံစားချက် မရှိသလိုဖြင့် “ဒါက အရမ်း ရိုးရှင်းတယ်၊ ငါတွေးတာတော့ ငါတို့က တခြား စီးပွားရေးကိုလည်း စလုပ်နိုင်နေပြီ၊ နှစ်တိုင်း လူတွေကို ငွေနည်းနည်းချင်းစီ စုခွင့်ပေးပြီး သူတို့ နေမကောင်း ဖြစ်လာတာမျိုး ဆိုရင် ငါတို့ဘဏ်က သူတို့ကို အလကား ကုပေးမယ်၊ ဆေးကုတဲ့ ကုန်ကျစရိတ်ကို ပြန်ပေးမယ်၊ ဒီလို စီးပွားရေးကို ပမာဏ လုံလုံလောက်လောက် ရှိတဲ့လူတွေ လုပ်ကြပြီဆိုရင် ငါတို့ဘဏ်က ငွေတွေ အများကြီး ရနိုင်ပြီ”
နန်းအိမ်တော်က လူတွေက တညီတညွတ်တည်း ခေါင်းညိတ်၍ “အဓိပ္ပါယ်ရှိတယ်”
နန်းပေါင်ရီ “…….”
အချိန် အတန်ကြာတဲ့အထိ သူမ တစ်ယောက်တည်းကသာ ရှုပ်ထွေးပြီး နားမလည် နိုင်သေးတဲ့သူလား။
စီးပွားရေး ကောင်းကောင်း လုပ်တတ်တဲ့ မိသားစုရဲ့ သွေးက သူမတို့သားအဖ နှစ်ယောက်မှာ မျိုးရိုး မလိုက်ခဲ့ဘူးလို့ သူမ တွေးမိသည်။
စာကိုကောင်းကောင်း မလေ့လာနိုင်တဲ့ မျိုးရိုးသာ လိုက်လာခဲ့ပုံပင်။
တကယ် ငိုချင်နေပြီလို့…..
နန်းပေါင်ရီက အိပ်ခန်းသို့ ပြန်သောအခါ အမတ်မင်းက ထိုင်ခုံပေါ်မှာ ခြေချိတ်ထိုင်ရင်း လိမ္မော်သီးကို အခွံခွာ နေတာကို တွေ့လိုက်ရသည်။
“အစ်ကို ၂”
သူမက နုံးချည့်စွာနဲ့ နှုတ်ဆက်လိုက်သည်။
ရှောင်းယီ၏ မျက်ခုံးတွေက ပင့်တက်သွားသည်။ ကောင်မလေးက လမ်းလျှောက် လေ့ကျင့်ခန်း လုပ်သလို လျှောက်လာသည်။ သူမက တင်ပဆုံကို ထောက်ပြုနိုင်ဖို့ အတွက် ထိုင်ခုံပေါ်ကို တံတောင်ဆစ်လေးနဲ့ ထောက်ပြီး အားပြုပြီးမှ ထိုင်လိုက်သည်။
သူက လိမ္မော်သီး တစ်စိတ်ကိုစားရင်း “မပျော်လို့လား”
“အရမ်းကို မပျော်နေတာ”
နန်းပေါင်ရီက ပဲစေ့လေးတွေ လောင်းချ လိုက်သလို ပင်မဆောင်က ကိစ္စတွေကို တတွတ်တွတ် ပြန်ပြောပြ လိုက်သည်။
သူမက မျက်ခုံးလေးကို ချလိုက်ရင်း “အစ်ကို ၂၊ ညီမလေးက အမြဲတမ်း ဖေဖေ့ကို တုံးတယ်လို့ ထင်ခဲ့တာ၊ ဒါပေမယ့် မထင်ထားတာက ညီမလေးကလည်း တကယ် ငတုံးပဲ၊ ညီမလေးက မိသားစုရဲ့ ကောင်းမွေတွေကို မဆက်ခံခဲ့ဘူး၊ အဲဒါကြောင့် ညီမလေးကိုယ် ညီမလေး မီးပြင်းတိုက်ပြီး ပြန်တည်ဆောက်ဖို့ ဖိအား ပေးရမယ်”
ရှောင်းယီက စပ်ဖြီးဖြီး ဖြစ်သွားတော့သည်။
သူက နောက်ထပ် လိမ္မော်သီး တစ်စိတ်ကို ထပ်စား လိုက်ရင်း “ငါတို့ ကျောင်းကျောင်းက မိသားစုရဲ့ ကောင်းမွေတွေကို မရတာ မဟုတ်ပါဘူး”
“ဘာကောင်းမွေလဲ”
ရှောင်းယီက သူမလေးရဲ့ တောက်လဲ့နေသည့် မီးငှက်လို မျက်လုံးရွှဲကြီးတွေကို စူးစူးနင့်နင့် စိုက်ကြည့်ရင်း ကြင်နာသော အသံဖြင့် “အလှတရား”
အလှတရား……
နန်းပေါင်ရီ၏ မျက်လုံးတွေက အရောင်လက် သွားတော့သည်။ ထိုအချိန်မှာ ဖြစ်သွားသည့် ပျော်ရွှင်ခြင်း၏ အဓိပ္ပါယ်ကို သူမ အတွေ့အကြုံ နှံ့နှံ့စပ်စပ် ရှိလှသည်။
ရဲစွေးနေသည့် မျက်နှာလေးဖြင့် သူမက သတိပေးလာသည်။
“အစ်ကို ၂၊ တာအိုဘုန်းတော်ကြီးက ပြောတယ်၊ အစ်ကိုက ညီမလေးကို ညီမငယ်လေးလို့ ခေါ်ရမယ်တဲ့”
ရှောင်းယီက ဝတ်ရုံကို ပြင်ရင်း ထိုင်ခုံပေါ်ကို ခြေချိတ်၍ ပျင်းရိပျင်းတွဲဖြင့် ထိုင်လိုက်ပြီး ကောင်မလေးကို အပြုံးတစ်ချက်နဲ့ စိုက်ကြည့်ရင်း မေးလိုက်သည်။
“အဲဒီတော့ ငါ့ရဲ့ညီမငယ်လေးက စကားမပြောခင်မှာ ‘နှစ်တိုင်း ဆုတောင်းပေးရင် အရာရာတိုင်းက မင်္ဂလာရှိနေမှာ’ ဆိုတာကိုရော ပြောပြီးပြီလား”
“မေ့သွားတယ်လို့”
နန်းပေါင်ရီက ရှင်းသည်။
သူမက ခေါင်းကို တစ်ချက် ရိုက်လိုက်ပြီး စုတ်တံ၊ မင်၊ စာရွက်နဲ့ မင်သွေးကျောက် တို့ကို အမြန် ဖြန့်ခင်းလိုက်ရင်း “တာအိုဘုန်းတော်ကြီးက ပြောတယ်၊ တကယ်လို့ မေ့သွားခဲ့ရင် မြန်မြန် ဘာသာတရား အကြောင်းကို စိတ်မှာ မှတ်ပြီး အခေါက် သုံးဆယ် ကူးရေးရမယ်တဲ့”
နွေနေခြည်၏ နွေးထွေးမှုက ပြတင်းကို ဖြတ်သန်း ဝင်ရောက် လာသည်။
သူမက ပျော့ပျောင်းပြီး ပေါ့ပါးတဲ့ ပိတ်ကျဲဝတ်စုံလေးကို ဝတ်ဆင်ထားပြီး ဂရုတစိုက်နဲ့ စာရွက်ပေါ်မှာ စာလုံးလေးတွေကို ချရေးနေသည်။
ရှောင်းယီက လက်တစ်ဖက် ထောက်ပြီး စောင်းကြည့်ရင်း အတွေးထဲ နစ်နေသည်။
နွေ နေ့လယ်ခင်းက ချိုမြိန်ပြီး နွေးထွေးနေသည်။ သူက လိမ္မော်သီးကို ထပ်စားလိုက်ပြန်သည်။ ထိုကဲ့သို့ ငေးမောနေတာ အမွှေးတိုင် တစ်တိုင်စာ အချိန် လွန်ခဲ့သောအခါ ယွီဝေ့က ဖိတ်စာတစ်စောင် နှင့်အတူ ဝင်လာခဲ့သည်။
သူမက ဖိတ်ခေါ်စာကို ရိုရိုသေသေ ကမ်းပေးလိုက်ရင်း “သခင်လေး၊ ဒါက ရွယ်မိသားစုက ပေးပို့လာတာပါ၊ နောက်သုံးရက် နေရင် ရွယ်မိသားစုက ဧကရာဇ်ရဲ့ သံတမန် အသစ်ကို ဧည့်ခံဖို့အတွက် ကျင်ယုမန်တန်မှာ စားသောက်ပွဲ တစ်ခုကို ကျင်းပပါမယ် တဲ့”
ရှောင်းယီက ဖွင့်ဖတ်လိုက်သည်။ ထိုဖိတ်စာမှာတော့ သူ့ကိုတင်မက နန်းကျောင်းကျောင်းကိုပါ ဖိတ်ခေါ် ထားလေသည်။
“သခင်လေးရေးတဲ့ အစီရင်ခံစာထဲမှာ မိန်းကလေး ပေါင်ရီက ထောက်ပံ့ငွေတွေကို ပထမဆုံး ရှာဖွေ တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားတယ်လေ၊ အဲဒါကြောင့် မိန်းကလေး ပေါင်ရီကလည်း ဧကရာဇ်ရဲ့ သံတမန်ကို တွေ့ဖို့ ဖိတ်ကြားခံရတယ် ဆိုတာ အဓိပ္ပါယ် ရှိပါတယ်”
ယွီဝေ့က ရုတ်တရက် ခေါင်းငုံ့လိုက်ရင်း “တစ်ခုပဲ၊ သခင်လေး ဒီတစ်ခေါက် သံတမန်က ……”
သူမက တဒင်္ဂ တွန့်ဆုတ်နေပြီးမှ ရှောင်းယီ၏ နားနားသို့ ကပ်ပြီး လေသံလေးဖြင့် ပြောလိုက်သည်။
ရှောင်းယီ၏မျက်ဝန်းတွေက နက်မှောင်သွားပြီး “သူလား”
ယီဝေ့က ကြောက်ရွံ့စွာနဲ့ ခေါင်းကို ညိတ်လိုက်သည်။ သူမ ပြန်ထွက် သွားပြီးနောက် ရှောင်းယီက ဖိတ်စာကို လှည့်ကစားနေရင်း နှုတ်ခမ်းထောင့်စွန်းတွေက နတ်ဆိုး တစ်ကောင်လို ကော့တက် သွားတော့သည်။
ဒီတစ်ခေါက် လာမဲ့ ဧကရာဇ်ရဲ့ သံတမန်က ကုချုံရှန်း ဖြစ်လေသည်။
တိုင်းပြည် တစ်ခုလုံးမှာ သူမျက်လုံးထဲ ထည့်သည့် တစ်ဦးတည်းသော သူပင်။
မဟုတ်သေး၊ သူက ‘လူကြီး’လို့ ခေါ်သင့်တာများလား…..
အနောက်တိုင်းရဲ့ ဘုရင်ခံ ဒီလူက ဘယ်လို လူစားများလဲ။
“အစ်ကို ၂”
ရှောင်းယီက အတွေးထဲ နစ်နေစဉ်မှာ နန်းပေါင်ရီက ဆုတောင်းစာကို အခေါက်သုံးဆယ် ကူးပြီးလေပြီ။
‘နှစ်တိုင်းဆုတောင်းပေးရင် အရာရာတိုင်းက မင်္ဂလာရှိနေမှာ’
သူမက တည်တံ့စွာ ပြောလိုက်ပြီး “ယွီဝေ့ လာပေးတာ ဘာဖိတ်စာလဲဟင် ညီလေးကိုရော ခေါ်သွားပါလား”
ရှောင်းယီက ရယ်မောရင်း “မင်းက ဒီလို ခြေထောက် အနေအထားနဲ့ သွားချင်သေးတယ်လား”
“အစ်ကိုက မိန်းကလေးမှ မဟုတ်တာ၊ အဲဒီတော့ အိမ်တွင်း အောင်းနေရတာ ဘယ်လောက် ပျင်းဖို့ကောင်းလဲဆိုတာ ဘယ်နားလည်ပါ့မလဲ”
နန်းပေါင်ရီက အမှန်တကယ်ကို ပြောနေဟန်ဖြင့် “တကယ်လို့ အဲဒီပွဲက စိတ်ဝင်စားဖို့ ကောင်းတဲ့ စားပွဲ တစ်ခုဆိုရင် ညီမလေးက ဘီးတပ် ကုလားထိုင်မှာထိုင်ပြီးကို သွားကြည့်ဦးမှာ”
***