အပိုင်း (၂၇၀)
ပထမဆုံး မင်းကိုယ်မင်း ဟာသလုပ်လိုက်တာ ပိုကောင်းလိမ့်မယ်
ထိုသူက ရှောင်းယီပင်။
သူက ဘယ်လိုလုပ်ပြီး ဒီလိုနေရာမျိုးမှာ ထိုင်နေရတာလဲ။
နန်းယန်က ပဟေဠိ ဖြစ်သွားရပြီး ရိုသေစွာနဲ့ ဦးညွှတ်လိုက်ရင်း “ယန်အာက အစ်ကို ၂ ကို ဂါရဝပြု ပါတယ်”
“မလိုဘူး”
ရှောင်းယီက ပျင်းရိနေဟန်ဖြင့် တစ်ငုံသောက်လိုက်ပြီး မျက်လွှာတွေကို အောက်စိုက် ချထားသည်။
အကောင်းစား အနက်ရောင် လက်ဖက်ရည် ခွက်ထဲမှာတော့ အဝါရောင် အရည်တချို့ ရှိနေသည်။
ပဲနို့တွေပဲ…
ရှောင်းယီက ထွက်မသွားခင်မှာ မီးဖို့ဆောင်ကို ဝင်ပြီး ဖြည့်ခဲ့သည်။ ပဲနို့က ချိုလွန်းတယ်လို့ သူခံစားရပေမယ့် တကယ်က ချိုမြိန်လှသည်ပင်။
သို့သော် နန်းယန်က ပြန်တွေးတောခြင်းကို မရပ်တန့်နိုင်ဘဲ သူ၏ မျက်လုံးတွေထဲမှာ ချစ်မြတ်နိုးသော အရိပ်အငွေ့တွေနဲ့ ပြည့်နေတာကို မြင်သွားသောအခါ မုန်းတီးလွန်းလို့ ဖျက်လိုဖျက်ဆီး လုပ်ပစ်ချင်စိတ်တွေ ပေါ်လာရသည်။
နန်းပေါင်ရီက အခု ဒုက္ခိတ ဖြစ်သွားပြီလေ၊ ရှောင်းယီက အရင်ကလောက် သူမကို ချစ်တော့မှာ မဟုတ်။
သူက အပြင်ဆောင်က မိန်းကလေးကို တွေ့သောအခါ သူမက အခုဆို ဘုရင်ခံချန်း အိမ်တော်က သား၏ ဇနီး တစ်ယောက် ဖြစ်နေပြီမို့ သူနဲ့ မောင်နှမတွေကြားက ရင်းနှီးမှုကို ပြန်လည် တည်ဆောက်ဖို့ တွေးတောမည်မှာ အမှန်ပင်။
တကယ်တမ်းတော့ သူမကို ဖမ်းမိခြင်းက ချန်းတယ်ယွီကို ဖမ်းမိခြင်းနဲ့ အတူတူပင်။
ချန်းတယ်ယွီကလည်း ဘုရင်ခံချန်းနဲ့ အတူတူလောက် ရှိသည်။
ရှောင်းယီက ငယ်ငယ်ရွယ်ရွယ်နဲ့ အမတ်မင်း နေရာကို ရထားပေမယ့် သူက လူငယ် တစ်ယောက်ပဲ ဖြစ်နေမှာမဟုတ်ချေ။ ဘုရင်ခံရွယ်နဲ့ ဘုရင်ခံချန်းတို့၏ ခိုင်မာစွာ အမြစ်တွယ်နေသော အင်အားတွေနဲ့ ယှဉ်ရင် သူက တကယ်တမ်းတော့ အားနည်းနေသေးသည်။
သူက သူမကိုသုံးပြီး ဘုရင်ခံရွယ်ကို တောင်းပန်ဖို့ ဆိုရင်တော့ ကျိုးကြောင်း ဆီလျော်လှသည်။
အတွေးတွေကို ရှင်းလင်းပြီးနောက် နန်းယန်က ကျောကို မတ်မတ် ထားလိုက်သည်။
သူမက နူးညံ့သော အသံလေးနဲ့ “အစ်ကို ၂ က ညီမကို ရပ်ခိုင်းတာ၊ ဘာကိစ္စများရှိလို့လဲ”
ရှောင်းယီက မျက်လုံးတွေကို ပင့်လိုက်ပြီး အပြုံးမမည်သော အပြုံးနဲ့ “ငါအမတ်မင်း မင်းကိုကြည့်ရတာ အရမ်း ပျော်နေသလားလို့”
“ယန်အာက အရည်အချင်း မရှိပါဘူး၊ အပြင်ဆောင်က အစေခံသာသာပါ၊ ကံကောင်းပြီး ပြီးပြည့်စုံသော ချန်းမိသားစုက သားနဲ့ လက်ထပ်ခဲ့ရတယ်၊ ညီမက ဒီလို လက်ထပ်ပွဲ ကောင်းမျိုးကို လှမ်းတက်နိုင်သော အတွက် ပျော်နေတယ် ဆိုတာက ပုံမှန်ပါပဲ”
ရှောင်းယီက ခေါင်းညိတ် လိုက်သည်။
သူက ထပ်မေးလာသည်။
“နန်းကျောင်းကျောင်း ခြေထောက် ထိသွားတာကိုရော မင်းမပျော်ဘူးလား”
“အစ်ကို ၂ က ဘာမဆို သိတဲ့သူပဲ၊ ညီမက မပျော်ဘူးလို့ ပြောရင် ယုံမှာမှ မဟုတ်တာ”
နန်းယန်၏ မျက်ခုံးတွေက စူးစိုက်သွားပြီး “ဟုတ်တယ်၊ သူခြေထောက် ထိခိုက်သွားတာကို ညီမ အရမ်းပျော်တယ်၊ သူက အရမ်း သနားစရာ ကောင်းသွားဖို့ မျှော်လင့်တယ်၊ ကျင်းကွမ်မြို့၏ လှောင်ပြောင်စရာ တစ်ခုဖြစ်သွားဖို့ မျှော်လင့်တယ်”
ရှောင်းယီက ဖြည်းညင်းစွာ လက်ဖက်ရည်ခွက်ကို ဖုံးလိုက်သည်။ သူက လက်ဖက်ရည်ခွက်ကို ဘေးမှာ တင်ထားလိုက်ပြီး လက်တစ်ဖဝါးစာလောက် ကျောက်တုံး တစ်တုံးနဲ့ တိုက်မိလိုက်သည်။
သူက အပြုံးရေးရေးဖြင့် “နန်းယန်၊ ဒီအမတ်မင်းကိုကြည့်စမ်း”
နန်းယန်က ကြည့်လိုက်သည်။
တောက်ပလဲ့ဖြာနေသော မျက်လုံးတွေနဲ့ လူငယ်က တိမ်စိုင်တိမ်တိုက်တွေ ကြားထဲက လမင်းလို ရယ်မောနေသည်။
သူမ၏ နှလုံးခုန်နူန်းက အနည်းငယ် မတည်မငြိမ် ဖြစ်သွားရသည်။
သို့သော် နောက်ချက်ချင်းမှာတော့ လက်တဖဝါးခန့် အရွယ်ကျောက်တုံးက ရုတ်တရက် သူမကို လာမှန် တော့သည်။
သူမ ရှောင်ဖို့အချိန် မရလိုက်ပေ။
ကျောက်တုံးက သူမ၏ ခြေကျင်းဝတ်သို့ ပြင်းထန်စွာ ထိသွားသည်။ သူမက အော်သံပြု၍ မြေပြင်ပေါ်သို့ ရှက်စရာပုံစံနဲ့ လဲကျသွားတော့သည်။ ညာဘက် ခြေထောက်ကို ဖိရင်း နာကျင်မှုကြောင့် တသိမ့်သိမ့် တုန်နေသည်။
ရှောင်းယီက အပြုံးလျော့တိ လျော့ရဲဖြင့် “နန်းကျောင်းကျောင်းကို ဟာသတစ်ခုလို့ မြင်ချင်တယ်၊ ပထမဆုံး မင်းကိုယ်မင်း ဟာသလုပ်လိုက်တာ ပိုကောင်းလိမ့်မယ်၊ ခြေထောက် ကျိုးသွားတဲ့ မိန်းမ တစ်ယောက်ကို ချန်းတယ်ယွီက စိတ်ဝင်စားမှာ မဟုတ်ဘူး….”
သူက ပြောပြီးနောက် ကျောက်တုံး တစ်တုံးကို ဆံထိုးရွေးနေသလို သေချာစိစစ်ပြီး ရွေးနေသည်။
ထိုကျောက်တုံးက ပန်းကန်လုံးကြီး တစ်လုံးလောက်တောင် ကြီးလှသည်။
နန်းယန်၏မျက်နှာက ကြောက်လန့်လွန်းလို့ ဖျော့တော့ သွားတော့သည်။
ထိုကျောက်တုံးနဲ့သာ သူမ၏ ခြေထောက်ကို ရိုက်လိုက်ရင် လမ်းတောင် လျှောက်နိုင်ပါဦးမလား။
သူမသိလိုက်သည်။ ရှောင်းယီက သူမကို ဒီမှာ စကားကောင်းကောင်း ပြောဖို့ ရောက်နေတာ မဟုတ်ဘဲ နန်းပေါင်ရီအတွက် လက်စားချေဖို့ဖြစ်သည်။
သူမ၏စိတ်ကို အင်အားပြင်းသော မနာလိုဝန်တိုမှုနဲ့ ခါးသည်းမှုတွေက လွှမ်းမိုးလာပြီး မျက်ရည်တွေက မျက်နှာပေါ်သို့ ကျဆင်းလာပြီး စိတ်လောစွာနဲ့ သတိပေးလိုက်သည်။
“အမတ်မင်း၊ ကျွန်မက အစ်ကိုချန်းရဲ့ မောင်းမတစ်ယောက်နော်”
“အိုး…”
ရှောင်းယီက ကျောက်တုံးတွေကို ကောက်ယူလိုက်သည်။ အလေးချိန်က လုံလောက်ပြီလို့ ခံစားမိသော အခါမှ သူက နန်းယန်၏ ခြေထောက်ကို ထုရိုက်ခါနီးမှာပဲ အဒေါ်ကျိက ချန်းတယ်ယွီကို ခေါ်ထုတ်လာခဲ့သည်။
ရှောင်းယီ၏ ပုံစံကိုမြင်သောအခါ အဒေါ်ကျိက ရုတ်တရက် ထိတ်လန့်သွားပြီး “အမတ်မင်း၊ ဘာလုပ် နေတာလဲ”
ရှောင်းယီက မျက်ခုံးတွေပင့်လိုက်ပြီး အပြုံးတစ်ပွင့်နဲ့ “လက်မောင်း အားကို စမ်းသပ်နေတာပါ”
သူက မိန်းမတစ်ယောက်ကို ရိုက်နှက်နေတယ် ဆိုတာ အဒေါ်ကျိကို သိခွင့်မပေးနိုင်ပါချေ။ ဒါ့အပြင် နန်းအိမ်တော် တစ်ခုလုံးက မိန်းမတွေ အားလုံးက သူက ကြမ်းတမ်းသော သူလို့ အထင်မှား သွားကြလိမ့်မည်။
အဒေါ်ကျိက မသင်္ကာပေ။
အချိန်ခဏနေမှ သူမက ချန်းတယ်ယွီဘက်သို့ လှည့်၍ တည်တင်းနေသော မျက်နှာနဲ့ “ချန်းသခင်လေး၊ အနောက်ခြံဝင်းက မိသားစုဝင်တွေ နေတဲ့နေရာပါ၊ နောင်အခါများမှာ ခြေလှမ်းတောင် မချပါနဲ့၊ မဟုတ်ရင် သခင်လေးရဲ့ ဂုဏ်သိက္ခာတွေ ပျက်စီးသွားပြီး လှောင်ပြောင်ခံရလိမ့်မယ်”
ပြောပြီးနောက် အေးစက်စက် မျက်နှာထားနဲ့ လှည့်ထွက် သွားတော့သည်။
ချန်းတယ်ယွီ၏ မျက်နှာက ရှက်ရွံ့မှုတွေနဲ့ ပြည့်သွားသည်။ သူက ဆုန်းဟယ့်ခြံမှာ နန်းပေါင်ရီကို သွားတွေ့ချင်ခဲ့သည်။ သို့သော် လမ်းတစ်ဝက်မှာတင် အဒေါ်ကျိ၏ အဖမ်းခံလိုက်ရသည်။
သူက နန်းပေါင်ရီ၏ မျက်နှာလေးကိုတောင် မမြင်ရသေးခင် ကန်ထုတ်ခံလိုက်ရသည်။
သူ၏စိတ်ခံစားချက်တွေကို ထိန်းချုပ် ဖိနှိပ်လိုက်ပြီး နန်းယန်ကို အကြင်နာ ကင်းမဲ့စွာနဲ့ တစ်ချက် ကြည့်လိုက်ကာ “မြေပေါ်မှာထိုင်နေပြီး ဘာလုပ်နေတာလဲ အိမ်ပြန်ဖို့ အချိန်ရောက်နေပြီ”
နန်းယန်၏စကားပြန်ကို မစောင့်ဘဲ သူက ထွက်သွားတော့သည်။
နန်းယန်က နှုတ်ခမ်းကို တင်းတင်း ကိုက်လိုက်သည်။
ဒီအရာရှိငယ် သခင်လေးက ငယ်စဉ် ကတည်းက မိန်းကလေးတွေကို ဘယ်လို ကြင်ကြင်နာနာ ဆက်ဆံ ရမလဲဆိုတာကို မသိချေ။
ရှောင်းယီနဲ့ မတူပေ။ နန်းပေါင်ရီက ဒုက္ခိတ ဖြစ်သွားတာတောင် သူက ပစ်ပယ်မသွား။
သူမက ယောင်ကိုင်းနေသော ခြေကျင်းဝတ်ကို ပွတ်သပ်လိုက်သည်။
ဘယ်လိုပဲဖြစ်ဖြစ် သူမ ပိုပြီး မုန်းသောသူက နန်းပေါင်ရီပင်၊ ရှောင်းယီမဟုတ်…
ဆုန်းဟယ့်ခြံ၏ ပင်မဆောင်မှာတော့….
နန်းပေါင်ရီက ထိုင်ခုံမှာ မူးမိုက်စွာနဲ့ ထိုင်နေသည်။
အစေခံက နံရံပေါ်က နက်ပြောင်နေသော ကန့်လန့်ကာပေါ်မှာ နိုင်ငံတွေမျိုးစုံ၏ မြေပုံတွေကို ဆွဲသားထားသည်။ အနုစိတ်လွန်းပြီး တန်ဖိုးကြီးမားလှသည်။ မြို့တစ်မြို့ချင်းစီ၏ လမ်းမကြီးတွေွ ကိုတောင်မှ ရှင်းရှင်းလင်းလင်း မှတ်သားထားသည်။
အဘွားက ဦးဆောင်ပြီး ဘဘကြီး၊ ဒေါ်လေး၊ ကိုကိုကြီးနဲ့ တခြားသူတွေက ခန်းမဆောင်မှာ သိက္ခာရှိစွာ ထိုင်နေကြသည်။ ကန့်လန့်ကာကို မျက်နှာမူရင်း တီးတိုး ပြောနေကြသည်။ အချိန်တွေ ကြာပြီးနောက် သူက နန်းရွယ်ကို လက်ညှိုးထိုး ငါက တရုံကို လက်ညှိုးထိုးနဲ့ သူတို့က ရှင်းလင်းပြောကြားရင်း ဆွေးနွေး နေကြသည်။ ကြီးမားသော ပွဲတော်ကြီးပင်။
သူမက လက်ကိုင်ပဝါလေးကို စိုးရိမ်ကြောင့်ကြလျက် ဆွဲဆုပ်နေသည်။ ထိုပုံစံကို ကြည့်ရင် အဘွားနဲ့ တခြားသူတွေက တကယ်ပဲ ချမ်းသာကြွယ်ဝသော ရန်သူနိုင်ငံဘက်သို့ ပြစ်မှတ်ထားနေသည်ပင်။
သို့သော်လည်း ရှုနိုင်ငံ၏ အချမ်းသာဆုံးသူ ဖြစ်ဖို့က မလွယ်ပါချေ။ ချမ်းသာချင်တယ် ဆိုရင်တောင် ဘယ်မှာလာ လွယ်ကူပါ့မလဲလေ။
မိသားစုတွေက အမွှေးတိုင် နှစ်တိုင်စာ အချိန်ကြာသည်အထိ ဆွေးနွေးနေကြပြီး အားလုံးက တစိတ်တဝမ်းတည်း သဘောတူညီမှု တစ်ခုရသွားပြီး တစ်ချိန်တည်းမှာ ခေါင်းကို ပြိုင်တူညိတ် လိုက်ကြသည်။ သူတို့၏ မျက်နှာပေါ်က ပြတ်သားမှုတွေကတောင် လျှံကျတော့မလို။
နန်းပေါင်ရီက တုန်တုန်ယင်ယင်ဖြင့် “အဘွား၊ ချုပ်ကိုင်နိုင်ဖို့အတွက် အသေးစိတ် အစီအစဉ် ရေးဆွဲ ပြီးပြီလား”
သူတို့၏ အမူအရာတွေက လောကကြီးကို တိုက်ခိုက် သိမ်းပိုက်ပြီး သူတို့က ဧကရာဇ် လုပ်မယ်လို့ သူမ ခံစားလိုက်ရသည်။
အဘွားအိုက လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်ရင်း စိတ်ပါလက်ပါနဲ့ မှုတ်၍ တစ်ငုံသောက်လိုက်သည်။
သူမက မျက်လုံးတွေကို ပင့်လိုက်ရင်း အသံနိမ့်နိမ့်ဖြင့် “ကျောင်းကျောင်းအာ၊ ငါတို့ ဆွေးနွေးပြီးသွားပြီ၊ ဒီည တရုံ ချန်အန်း၏ ခေါက်ဆွဲ အကြီးကြီးရယ်၊ ဆုန်းဟယ့်ယွမ်က လန်ပိုင်ရယ်၊ နန်းရွယ် ရှန်ကျင်းပုံစံ ကောလောင်ပင်းနဲ့ ယုလု မလိုင်ရယ်၊ ဝေပိုင် ယဲ့ချန်း နှင်းချပ်လွှာနဲ့ ဇာမဏီ ဦးနှောက်ရယ်၊ တခြား ဟင်းတွေ အတွက်ကတော့ ကျန်းနန်အနံ့လေးနဲ့ စားလိုက်မယ်၊ ဝမ်ကျွင်း သေရည်လေးနဲ့ဆို အကောင်းဆုံး ပဲ”
နန်းပေါင်ရီ “…..”
ထိုစကားတစ်ခွန်းက သူမ အော့အန်သင့်သလား မသိတော့…
သူတို့က အမွှေးတိုင် လေးတိုင်ထွန်းစာ ကြာသောအထိ ဆွေးနွေးနေကြတာဟာ ဒီည ညစာစားဖို့ အတွက်တဲ့လား။
သူမက လေသံတိုးဖွဖွဖြင့် “အဘွားတို့ ဆွေးနွေးနေတာ ဘယ်လို ချမ်းသာအောင်နဲ့ ဆန့်ကျင် ပုန်ကန်ဖို့လို့ ထင်နေတာ”
“ဒါက ဆွေးနွေးပြီးပြီ”
ဒေါ်လေးကျန်းက အပြုံးနဲ့ “ငါတို့ အမွေးတိုင် တစ်တိုင်စာ အချိန်ကြာအောင် ဆွေးနွေး ဆုံးဖြတ်ပြီးပြီ၊ အဲဒါကြောင့် နောက်ကျန်သော အချိန်တွေမှာ ဒီည ဘာစားရမလဲ တိုင်ပင်နေကြတာ”
***