အပိုင်း (၂၆၉)
ငါက အိမ်၏အကြီးအကဲပဲ
နွေရာသီ၏ အစောပိုင်းနေက ပူပြင်းလွန်းလှသည်။
နန်းယန်က ချန်းယဲ့ရူ နဲ့အတူ အရှေ့ခြံသို့ လိုက်သွားပြီး အဝေးက တံစက်မြိတ် အောက်မှာ သူ့အစ်ကို နန်းကျင်က လည်ပင်းမှာ စပါးနှံပုံ ချည်ထိုးထားသော အိတ်ကို ဆွဲထားပြီး ခွေးခြေခုံ အသေးလေးပေါ်မှာ ထိုင်နေသည်။ သူ၏ ဆံထုံးနဲ့ ခြေသည်းလက်သည်းတွေက သန့်ရှင်းနေလေသည်။
အဖေက ပန်းကန်လုံး အသေးလေးကို ကိုင်ထားရင်း သူ့ကို တည်ငြိမ်စွာနဲ့ စွပ်ပြုတ် ကျွေးနေလေသည်။
“ကျင်အာရဲ့ အကြိုက်ဆုံး နို့ကြက်ဥပေါင်းလေ”
နန်းကွမ်က ပြုံးရင်း ထမင်းတစ်ဇွန်းကို ဇွန်းအပြည့် ခပ်လိုက်ပြီး “ကျင်အာက လိမ္မာပါတယ်၊ ပါးစပ်လေး ဟ ပါဦး၊ အာ…”
“အာ….”
နန်းကျင်က ပါးစပ်ကို နာနာခံခံနဲ့ ကလေးလေး တစ်ယောက်ကို ဟ လိုက်သည်။
သူမက ထိုရှေ့သို့ ရောက်သွားသောအခါ ခေါ်လိုက်သည်။
“ဖေဖေ”
နန်းကွမ်က နောက်သို့ လှည့်ကြည့်လိုက်ပြီး စားစရာ ကိုင်ထားသော လက်က လှုပ်ခတ်သွားသည်။ နို့ကြက်ဥပေါင်းဇွန်းက နန်းကျင်၏ ပါးစပ်ထောင့်စွန်းကို ထိုးမိသွားသည်။ နန်းကွမ်က မျက်လုံးတွေကို အောက်ငုံ့လိုက်ပြီး လက်ကိုင်ပဝါနဲ့ သုတ်ပေးလိုက်သည်။
သူ၏မျက်လုံးတွေက ချက်ချင်း နီရဲလာတော့သည်။ သူက အစေခံကို ပန်းကန်လေး ကမ်းပေးလိုက်ပြီး နန်းယန်ဘက်သို့ လှည့်လာသည်။
အရည်အချင်းရှိပြီး လှပသော သူ၏ သမီးကြီးက ငယ်စဉ်ကတည်းက ‘ထက်မြက်ပြီး အရည်အချင်းရှိသော မိန်းကလေး’ ဆိုပြီး ကျင်းကွမ်မြို့မှာ ကျော်ကြားခဲ့သည်။
သူမက အလွန် ကောင်းကောင်းမွန်မွန် အိမ်ထောင်ပြုရလိမ့်မယ်လို့ သူတွေးထားခဲ့သည်။ ဆယ်မိုင်လောက် ရှိသော အနီရောင်ကော်ဇော၊ အောင်သွယ်သောသူ သုံးယောက်လောက်နဲ့ ခြောက်ကြိမ်လောက် ချိန်းဆိုပြီးမှ ချမ်းသာ ကြွယ်ဝသော မိသားစုနဲ့ တင့်တင့်တယ်တယ် အိမ်ထောင်ပြုလိမ့်မယ် လို့ပင်။
ဒီနေ့ ပြန်လာသော အခါမှာတော့ သူမက လက်ထပ်ပြီးစ မိန်းကလေးလို ဆံထုံးကို ထုံးထားပြီး ပါးလွှာသော ပန်းရောင်ဝတ်စုံကို ဝတ်ဆင်လာခဲ့သည်။
ထိုသည်က မယားကြီး မဟုတ်တာကြောင့် သူမက အနီရောင် ဝတ်စုံကိုတောင် ဝတ်ခွင့်မရှိပါချေ….
လွန်ခဲ့သော ခြောက်လတုန်းက နန်းကွမ်က နန်းယန် ညဘက်ကြီး ထွက်ပြေး သွားခဲ့တာကြောင့် အကြိမ် ထောင်ပေါင်းများစွာ ကြိမ်းမောင်း အပြစ်တင်နေခဲ့သည်။ တစ်နေ့မှာ သူမအိမ်ကို ပြန်လာသောအခါ သူမကို ပြင်းပြင်း ရိုက်ပစ်မယ်လို့ တွေးရင်း စောင့်နေခဲ့သည်။
သို့ပေတည့် သူ့သမီးကြီး၏ မက်မွန်စေ့လို အရည်လဲ့နေသော မျက်လုံးတွေနဲ့ ဆုံသောအခါ ဘာစကားမှ ထွက်မကျလာတော့ချေ။
“ပြန်လာရင်ပဲ….”
သူက နန်းယန်၏ လက်မောင်းကိုပုတ်ရင်း “ပြန်လာရင်ပဲ…..”
နန်းယန်က သူ့ကိုကြည့်နေသည်။ ရှုပ်ထွေးပွေလီလှသော အဖေက ချက်ချင်းပဲ အသက်ဆယ်နှစ်လောက် အိုစာသွားသလိုပင်။
သူမ၏စိတ်ထဲက အပြစ်ရှိစိတ် အနည်းငယ်ကို ခံစားလိုက်ရပြီး အစေခံဆီက ကနုတ်ဖော် သေတ္တာလေးကို ယူ၍ အပြုံးလေးဖြင့် “သမီးက လွန်ခဲ့တဲ့ ခြောက်လအတွင်းမှာ ချန်းအိမ်တော်မှာ နေနေတာပါ၊ အဖေ့ကို သမီးဝတ္တရား မကျေမိတာ သမီးမကောင်းတာပါ၊ သမီးမှာ မြဲမြံသော လက်တစ်စုံ ရှိနေပါပြီ၊ အစ်ကိုချန်းက ဒါကို ဂိုထောင်ထဲက ယူလာပြီး နှုတ်ဆက်သော လက်ဆောင်အဖြစ် ပေးခိုင်းလိုက်တာ”
ချန်းတယ်ယွီက နန်းပေါင်ရီ အကြောင်းကို စဉ်းစားနေတာကြောင့် သမီးနဲ့အဖေ၏ ပြန်ပေါင်းထုပ်ခန်းကို ယိုးမယ်ဖွဲ့ပြီး သူက အနောက်ဆောင်သို့ အမြန်သွား လိုက်သည်။
သမီးနဲ့အဖေက စာကြည့်ခန်းထဲကို လှမ်းဝင် သွားကြသောအခါ နန်းကွမ်က စိတ်ပူစွာနဲ့ မေးလာသည်။
“ယန်အာ၊ ချန်းတယ်ယွီက သမီးအပေါ် ကောင်းကောင်း ဆက်ဆံရဲ့လား သမီးက အဲ့လိုဖြစ်လို့ မရသေးဘူးလေ၊ သမီးက တစ်ခါမှမှ မဖြစ်ရသေးတာ….”
“အစ်ကိုချန်းမှာ မောင်းမ မရှားပါဘူး၊ သူက သမီး အချိန်မကျသေးဘူး ဆိုတာကို သိလို့ သမီးကို အဲ့လိုမျိုး မဆက်ဆံရသေးပါဘူး”
နန်းယန်က ယဉ်ကျေးစွာနဲ့ “သမီးက အိမ်ထောင်သည်လိုမျိုး ဆံထုံးကို ထုံးထားပေမယ့် အဖေ စိတ်ချချနေပါ၊ သမီးက အခုထိ အပျိုစင်ပါပဲ”
နန်းကွမ်က သက်သောင့်သက်သာ ဖြစ်သွားဟန်နဲ့ ခေါင်းညိတ်လိုက်သည်။
ဒီနှစ်တွေအတွင်းမှာ သူက ပန်းလေးတွေ အနားရစ်ဝဲနေခဲ့ပေမယ့် အရွယ်မရောက်သေးသော မိန်းကလေးကိုတော့ သူတစ်ခါမှ မထိဖူးပါချေ။
သူတို့လေးတွေက သင့်လျော်သော ကာလထက်စောပြီး လူကြီးကိစ္စတွေကို စူးစမ်းဖို့ ငယ်ရွယ်လွန်းလှသည်။ ထိုသည်က သူတို့၏ ကျန်းမာရေးအတွက် မကောင်းပါချေ။
ကံကောင်းလှသည်။ အခုထိ သူ၏သမီးလေး သန့်စင်နေသေးသည် ဆိုတာက သူ့ကို တကယ် ပျော်ရွှင်သွားစေသည်။
“အဖေ”
နန်းယန်က ရိုးရိုးသားသားဖြင့် “သမီးက ချန်းမိသားစုရဲ့ မယားငယ် တစ်ယောက် ဆိုတာကို သိပါတယ်၊ မိသားစုကို အရှက်ရစေတယ်၊ ဒါပေမယ့် ဈေးထဲက သာမန်လူတန်းစား တစ်ယောက်ရဲ့ နာကျင်မှုကို သမီး ခံစားဖူးပြီးပြီ၊ သမီး ကိုယ့်ခြေထောက်ပေါ်ကိုယ် မတ်မတ်ရပ်ချင်တယ်၊ သမီးမှာ တောက်ပသော အနာဂတ် ရှိချင်တယ်…. သမီးကို ခွင့်လွှတ်နိုင်မလား”
“ငါ့ကလေးလေး၊ ဘာလို့ ခွင့်လွှတ်ရမှာလဲ”
နန်းကွမ်က မက်မွန်လက်ဖက်ရည် တစ်ခွက်ကို ငှဲ့လိုက်ပြီး သူမ၏လက်လေးထဲသို့ ကြင်နာစွာ ထည့်ပေးလိုက်ပြီး “မင်းအစ်ကိုက ဒီလိုဖြစ်သွားခဲ့ပြီ၊ အဖေ့မှာ သမီးတို့ နှစ်ယောက်ပဲ ကျန်တော့တာပါ”
“အဖေ၊ တကယ်တော့ သမီး ဒီတစ်ခေါက် ပြန်လာတာက အဘွားနဲ့ အဖေ့ဆီ လာလည်ဖို့အပြင် အကြောင်းတစ်ခု ရှိသေးတယ်….”
နန်းယန်က အနည်းငယ် တုံ့ဆိုင်းသွားပြီးမှ “အဖေလည်း သိတာပဲ၊ ချန်းမိသားစုက ဘယ်လိုမျိုးလဲ ဆိုတာကို၊ နှစ်တိုင်း နှစ်သစ်ကူး ပွဲတော်ကျရင် အဝတ်အစားတွေ၊ လက်ဝတ်ရတနာတွေကို ဝယ်ကြတယ်၊ အားလုံးက ငွေကုန်တာချည်းပဲ၊ အဲဒါကြောင့် သမီးအတွေးက… သမီး… သမီးရဲ့ အတွင်းပစ္စည်းများ ရနိုင်မလားလို့”
နန်းကွမ်က မူးမေ့မတတ် ဖြစ်သွားရသည်။
ယဲ့ရူက သူ့ကို တင်းတင်းကျပ်ကျပ် သတိပေးသလို ကြည့်နေသောပုံကို မြင်ယောင်လာသည်။ တကယ်ကို သူ့အိတ်ထဲမှာလည်း ငွေအမြောက်အမြား မရှိပါချေ။
သူက ရှက်ကိုးရှက်ကန်းဖြင့် “ဒါက… အဖေ ရူအာနဲ့ မေးကြည့်လိုက်ဦးမယ်၊ သူက သမီးရဲ့ အဒေါ်ပဲလေ၊ အဲဒါကြောင့် သူက သမီးကို အတွင်းပစ္စည်းတွေ ပေးမှာပါ……”
နေ့လယ်စာ စားပြီးသောနောက် နန်းယန်က နန်းကျင်နဲ့အတူ တံစက်မြိတ်အောက်မှာ ကစားပေးနေသည်။
နန်းကွမ်က ချန်းယဲ့ရူကို အိပ်ခန်းထဲသို့ တိတ်တဆိတ် ဆွဲခေါ်သွားသည်။
သူက တောင်းဆိုလိုက်သည်။
“မိန်းမလေး.. မိန်းမလေး….”
ချန်းယဲ့ရူက ထိုင်ခုံမှာ ထိုင်လိုက်ပြီး လက်ဖက်ရည် တစ်ခွက်ကို ယူလိုက်သည်။
သူမက အငွေ့တွေကို မှုတ်ထုတ်လိုက်ရင်း “ဒီလို ရယ်နေပုံထောက်ရင် ရှင့်သမီးက အတွင်းပစ္စည်း တောင်းနေတယ်မလား”
နန်းကွမ်က အံ့ဩသွားပြီး “ရူအာက တကယ် ဉာဏ်ကောင်းတာပဲ၊ အဲဒါကို မင်းသဘောတူလား”
“ကျွန်မက နန်းယန် လက်ထပ်ရင် ရွှေစငါးထောင်၊ ငွေစတစ်ထောင်နဲ့ ဖူရုံလမ်းက ဆိုင်သုံးဆိုင်၊ ချင်ချိုး ဟူထောင်အိမ်တော်က အိမ်ငါးလုံးနဲ့ ကျင်းကွမ်မြို့က ဧကနှစ်ရာမြေကို ပေးဖို့ စီစဉ်ထားတာ”
“တကယ်လား”
နန်းကွမ်က သူ၏လက်တွေကို ပွတ်သပ်လိုက်ပြီး အံ့အားသင့်သွားသည်။
“လျှောက်ပြောနေတာ”
ချန်းယဲ့ရူက လက်ဖက်ရည်ခွက်ကို စားပွဲပေါ် ဆောင့်ချလိုက်သည်။ နန်းကွမ်က ကြောက်လွန်းလို့ သုံးကြိမ်မျှ တုန်ယင်သွားရသည်။
ချန်းယဲ့ရူက လှောင်ရယ် ရယ်လိုက်ပြီး “မိန်းမကောင်း တစ်ယောက်က ဒီလိုမလုပ်ဘူး၊ သူက ညခင်းဘက်ကြီးမှာ အိမ်က ထွက်ပြေးပြီး မယားငယ် သွားလုပ်နေတယ်… ဒီလို အရှက်မရှိတဲ့ မိန်းကလေးမျိုးက မိဘအိမ်ကို ပြန်လာပြီး အတွင်းပစ္စည်းတောင် လိုချင်နေသေးတယ် အတွင်းပစ္စည်းဆိုတာက ကျွန်မပြောမယ်၊ လူကြီးတွေက သူ့ကို မင်းပူ၏ သူဌေးနဲ့ လက်ထပ်ပေးဖို့ ကတိပေးပြီးနေပြီ။ သခင်မကြီး သူ့အတွက်ပေးမယ့် အတွင်းပစ္စည်းက သူ့ဘဝတစ်လျှောက်လုံး ထိုင်စားနေဖို့ လုံလောက်တယ်၊ သူက တကယ်ကို အရှက်မရှိတာပဲ၊ တခြားသူတွေက သူ့ကို အထင်အမြင် သေးကြမှာကို မတွေးဘူး”
သူမက အသံကို မတိုးခဲ့ပေ။
တံစက်မြိတ်အောက်မှာတော့….
နန်းယန်က နန်းကျင်နဲ့အတူ တတွတ်တွတ် ပြောနေသည်။ သူမ၏ လှပသော မျက်နှာလေးကတော့ ပြုံးမနေ နိုင်တော့ပါချေ။
အခန်းထဲမှာတော့ နန်းကွမ်က သတိထားပြီး မဝံ့မရဲနဲ့ ပြောလာသည်။
“အမေက နန်းယန်ကို အတွင်းပစ္စည်းတွေ ပေးဖို့ ငြင်းဆန်ခဲ့ရင် ရူအာ ဘာလို့ သူ့ကို မင်းရဲ့ အတွင်းပစ္စည်းတွေ မပေးလိုက်တာလဲ။ ဘာပဲဖြစ်ဖြစ် ကျောင်းကျောင်းမှာတောင် သူ့အမေ ချန်ထားခဲ့တဲ့ အတွင်းပစ္စည်းတွေ ရှိတယ်၊ မင်းနည်းနည်းလောက် မျှပေးလိုက်ရင် မလောက်မငှ မဖြစ်တော့……”
“နန်းကွမ်!!!!”
ချန်းယဲ့ရူက ရုတ်တရက် အသံကို မြှင့်လိုက်သည်။ နန်းကွမ်က အလွန် ကြောက်လန့်သွားပြီး ထိုင်ခုံမှာ ထိုင်ကျသွားတော့သည်။
သူက တံတွေးမျိုချလိုက်ပြီး “မိန်းမလေး….မိန်းမလေး….”
“ကျွန်မ တစ်ခေါက်ပဲ ပြောမယ်၊ ရှင်မှတ်ထား၊ တကယ်လို့ ရှင်နဲ့ သမီးတစ်ယောက်သာ ရခဲ့ရင် ကျွန်မ၏ အတွင်းပစ္စည်းတွေကို နှစ်ပုံပုံပြီး တစ်ပုံက ကျောင်းကျောင်းအတွက်၊ နောက်တစ်ပုံက ကျွန်မတို့ သမီးလေးအတွက်၊ တကယ်လို့ သားလေးဆိုရင် ကျွန်မရဲ့ အတွင်းပစ္စည်းတွေ အားလုံးက ကျောင်းကျောင်း အတွက်ပဲ၊ နန်းယန်အတွက် စဉ်းစားမနေဘူး”
“ချန်းယဲ့ရူ၊ ငါက မိသားစုရဲ့ အကြီးအကဲပဲ”
“ဟုတ်လား”
ချန်းယဲ့ရူ၏မျက်လုံးတွေက အေးခဲနေပြီး ဖျော့တော့နေသည်။
နန်းကွမ်က တွန့်ဆုတ် သွားတော့သည်။
ဟုတ်ရဲ့လား ..
သူက တကယ်ကို ပူလောင်လာတော့သည်။
တံစက်မြိတ် အောက်မှာတော့….
နန်းယန်၏ မျက်နှာထားက တဖြည်းဖြည်းနဲ့ အေးစက်စွာ ရှုံ့မဲ့လာတော့သည်။
ဒီတစ်ခေါက် သူမက အတွင်းပစ္စည်းတွေ ရမယ်လို့ မှန်းထားခဲ့သည်။ သို့ပေမယ့် နန်းမိသားစုက အရမ်း စူးရှနာကျင်စေလိမ့်မယ်လို့ သူမ ထင်မထားခဲ့ချေ။
“ဗုံ၊ ဗုံ”
နန်းကျင်က လက်ခုပ်တီးပြီး အနီရောင် ပလုတ်တုတ်လေးကို ဖမ်းဖို့ကြိုးစားသည်။
“အစ်ကိုလိုချင်လို့လား”
နန်းယန်က ပလုတ်တုတ်လေးကို လှုပ်ခါရင်း ခန့်မှန်းမရသော အပြုံးမျိုးနဲ့ မေးသည်။
နန်းကျင်က ပျော်ရွှင်မြူးတူးစွာနဲ့ “အင်း”
နန်းယန်၏ မျက်လုံးတွေက ကြောက်စရာ ကောင်းလှပြီး ပလုတ်တုတ်ကို လှလှပပလေး အဝေးသို့ ဝှီးခနဲ ပစ်လွှတ် လိုက်သည်။
သူမက ဝတ်စုံကို ခါလိုက်ရင်း “ကိုယ့်ဘာသာ သွားကောက်လိုက်”
ပြောပြီးနောက် သူမက ခေါင်းကိုလှည့်၍ အရှေ့ခြံမှ ထွက်ခွာ သွားတော့သည်။
နန်းကျင်က လက်ခုပ်တီးပြီး ပျော်ရွှင်စွာနဲ့ ပလုတ်တုတ်ကို ကောက်ဖို့ ပြေးသွားသည်။ သူက အလွန် မြန်မြန် ပြေးသွားသည်။ သူ့ကို စောင့်ကြည့်နေသော အစေခံကလည်း တစ်ယောက်မှ မရှိပါချေ။ သူက မတော်တဆ ကျောက်တုံးနဲ့ ခလုတ်တိုက်မိပြီး အော်သံပြု၍ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
သူ၏ခေါင်းက အဖြူရောင် ကျောက်တုံးတစ်တုံးနဲ့ ပြင်းထန်စွာ တိုက်မိပြီး သွေးတွေက ဖြည်းဖြည်းချင်း စီးကျလာတော့သည်။
အစေခံမိန်းမကြီး တစ်ယောက်က ဘေးဘက်အဆောင်ကနေ ရေဇလုံနဲ့ ထွက်လာခဲ့သည်။
သူမက သူ့ကိုတွေ့သောအခါ အံ့အားသင့် ထိတ်လန့် သွားပြီး “သခင်ကြီး၊ သခင်လေး တစ်ခုခု ဖြစ်နေပြီ”
နန်းယန်က အရှေ့ခြံကနေ ပြန်သွားသောအခါ အနောက်ခြံသို့ တန်းပြီး သွားလိုက်သည်။
ချန်းတယ်ယွီက နန်းပေါင်ရီကို လာရှာလိမ့်မယ်လို့ သူမတွေးမိကာ မျက်နှာထားက အေးစက် သွားတော့သည်။
သူမက ချန်းတယ်ယွီကို မကြိုက်ပေမယ့် ချန်းတယ်ယွီက နန်းပေါင်ရီကို ကြိုက်နေတာကိုတော့ သည်းမခံနိုင်ပါချေ။ ကျောက်ခင်း လမ်းလေးကို ဖြတ်ပြီးနောက် ရယ်သံတိုးတိုးက ရုတ်တရက် အထက်ပိုင်းမှ ထွက်ပေါ်လာသည်။
နန်းယန်က မော့ကြည့်လိုက်သည်။
ရွှေသရဖူကို ဆောင်းထားသော လူငယ် ရှောင်းယီက ပေါ့ပေါ့ပါးပါးဖြင့် ကျောက်တုံးကြီးပေါ်မှာ ထိုင်နေသည်။
ရွှေရောင်ရင့်ရင့် ဝတ်စုံကြီးက ဝဲကျနေပြီး သွယ်လျပြီး ဖြူဖွေးနေသော လက်ချောင်းတွေက ပျင်းရိပျင်းတွဲ ဟန်ဖြင့် အနက်ရောင် လက်ဖက်ရည်ခွက် တစ်ခွက်ကို ကိုင်ထားသည်။ နှုတ်ခမ်းတွေက နီစွေးနေပြီး သွားတွေက ဖြူလဲ့နေသည်။ ဇာမဏီမျက်လုံးတွေကတော့ ပြုံးနေလေသည်။
***