အပိုင်း (၂၆၅)
အစ်ကိုက မင်းကို တသက်လုံး စောင့်ရှောက်မှာ
“ဗုန်း”
ရှည်လျားပြီး တိတ်ဆိတ် ငြိမ်သက်နေသော အရုဏ်ဦးမှာ ကျယ်လောင်သော အသံတစ်ခုက ရုတ်ခြည်း ထွက်ပေါ်လာသည်။
ရှောင်းယီက မျက်လုံးတွေဖွင့်ပြီး ထောင့်နားက အိပ်ရာလေးကို ကြည့်လိုက်သည်။ မီးအိမ်ငယ်က ပြုတ်ကျနေပြီး အခန်းတစ်ခုလုံးက လင်းကျင်းနေသည်။ ကိုယ်လုံးပေါ်မှန်က အစိတ်စိတ်အမြွှာမြွှာ ကွဲကြေနေပြီး ကြမ်းပြင်မှာတော့ ကျိုးပဲ့ကြေမွနေသော အပျက်အစီးတွေနဲ့ ပြည့်နေသည်။
ကောင်မလေးက ကျိုးပဲ့နေသော မှန်နားမှာ ထိုင်နေပြီး အပြာရောင် ပိုးသားဝတ်စုံလေးကို ဝတ်ဆင် ထားသည်။ ပါးလျသော ခန္ဓာကိုယ်လေးနဲ့ သူမ၏ ညာခြေထောက်ကို ကိုင်ထားရင်း သည်းခြေပျက်မတတ် ငိုကြွေးနေလေသည်။
“နန်းကျောင်းကျောင်း….”
ရှောင်းယီ၏ လည်ဇလုတ်က အနည်းငယ် လှုပ်ခတ်သွားပြီး သူမကို နှစ်သိမ့်ဖို့ စကားလုံးကို ရှာမရပါချေ။
လွန်ခဲ့သော လဝက်က ကောင်မလေးက မနက်တိုင်း ညနေခင်းတိုင်း သူမ၏ခြေထောက်က ပြန်ကောင်းမှာလားလို့ မေးတတ်သည်။
သို့ပေမယ့် အတော်ဆုံး သမားတော်လို့ သိကြသော ကျန်းဆွေ့ဟန်တောင်မှ တိကျသေချာသော အဖြေကို မပေးနိုင်ပါချေ။
သူမလေး ဆေးကို နာနာခံခံနဲ့ သောက်ဖို့အတွက် သူနဲ့ ကျန်းဆွေ့ဟန်က ချော့ပြီး ခြေထောက်က လဝက်နဲ့ ပြန်ကောင်းမှာလို့ ပြောခဲ့သည်။
ကောင်မလေးက စာအုပ်လေး တစ်အုပ်ကို ယူပြီး ရက်တွေကို ရေတွက် ထားတော့သည်။
ဒီနေ့က ဆယ့်ငါးရက် မြောက်နေ့ပင်။
သူမက အအိပ်မက်သော ကလေးလေး ဖြစ်ပေမယ့် ဒီနေ့တော့ စောစောနိုးနေပြီး ခြေထောက်ကို နေမထွက်ခင် ကြည့်နေခဲ့သည်။
ရှောင်းယီက ထရပ်လိုက်သည်။
သူက ထိုအကွဲ အစအနတွေကို ခြေဗလာနဲ့ နင်းဖြတ်သွားလိုက်ပြီး နန်းပေါင်ရီ၏ ရှေ့မှာ ဒူးတစ်ဖက်ထောက် ထိုင်လိုက်သည်။
ကောင်မလေးက ရဲစွေးနေသော မျက်နှာလေးနဲ့ ငိုကြွေးနေသည်။ သူမ၏ ရှည်လျားသော ဆံနွယ်တွေက ပါးပြင်ပေါ်မှာ စိုစွတ်နေပြီး စိုက်ချထားသော မျက်လွှာတွေက မျက်ရည်တွေကို ဖုံးကွယ်ထားသည်။ သူမ၏ နူးညံ့သော မေးရိုးလေး တစ်လျှောက်ကို စီးကျလာပြီး ပိုးထည်စလေးသို့ စိမ့်ဝင်သွားသည်။
“အစ်ကို ၂”
သူမက နီရဲနေသော မျက်ဝန်းတွေကို ပင့်ပြီး ရွှေလိုကျောက်စိမ်းလို အဆင်းရှိသော လူငယ်ကို မော့ကြည့် လာသည်။
သူမက မျက်ရည် တွေတွေကျရင်း “အစ်ကို ၂၊ ညီမလေးရဲ့ ခြေထောက်တွေက ပိုကောင်းမလာဘူး၊ ဟုတ်တယ်မလား အစ်ကိုနဲ့ အစ်ကိုကျန်းက ညီမလေးကို ချော့ပြောနေကြတာမလား အရမ်းရုပ်ဆိုးတာပဲ၊ အစ်ကို ၂ မှန်ထဲက မိန်းကလေးက အရမ်းရုပ်ဆိုးတယ်”
အမြဲတမ်း တောက်ပရွှန်းလဲ့ နေတတ်သော မီးငှက်လို မျက်ဝန်းတွေက ခါးသည်းခြင်းတွေ၊ စိတ်အားငယ်ခြင်းတွေနဲ့ ပြည့်နှက်နေသည်။
ဘာကြောင့်လဲဆိုတော့ သူမ ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော နာကျင်မှုကို ခံစားခဲ့ရဖူးပြီး လူတိုင်းက လက်ညှိုး ထိုးတာကို သူမ သည်းခံပြီး နေထိုင်ခဲ့ရဖူးသည်။ ဒါကြောင့် သူမ အဲဒီလို အတွေ့အကြုံမျိုးကို ထပ်ပြီး မခံစားချင်တော့ပါချေ။
သူမက ပြီးပြည့်စုံသော ခန္ဓာကိုယ်နဲ့ အမတ်မင်း၏ ဘေးမှာ လှလှပပလေး ရပ်နေချင်သည်။
သူမတို့ကို တွေ့သော လူတိုင်းက ချီးကျူးကြစေချင်သည်။ ကြည့်ပါဦး၊ ဒီနန်းမိန်းကလေး ၅ က အရည်အချင်း ရှိပြီး အမတ်မင်းနဲ့ တကယ်ကို လိုက်ဖက်ညီလိုက်တာ….ဆိုတာမျိုးပင်။
နန်းပေါင်ရီက မှန်ထဲက ပုံရိပ်ကို ပြန်အမှတ်ရ လိုက်သည်။ မိန်းကလေးက ခြေထောက်တစ်ဖက် ဆာနေပြီး သူ၏ ရှေ့က ရွှေလိုကျောက်စိမ်းလို အသွင် လူငယ်ကို ငေးနေသည်။ သူမ၏ နှလုံးသားထဲသို့ သိမ်ငယ်ခြင်းဆိုသော ခံစားချက်က ဝင်လာတော့သည်။
သူမက မျက်ရည်တွေနဲ့ ငိုရှိုက်နေပြီး စကားမပြောနိုင်ပါချေ။
ရှောင်းယီက သူမ၏ ခေါင်းလေးကို ကိုင်ရင်း သူ၏လက်မောင်းပေါ်မှာ တိတ်တိတ်လေး ဖိထားလိုက်သည်။ ကြီးမားပြီး အသားမာ အနည်းငယ် တက်နေသော လက်ဖဝါးတွေနဲ့ သူက သူမ၏ခေါင်းလေးကို ကြင်နာစွာ ပွတ်ပေးနေရင်း သူမကို စိတ်သက်သာရာရဖို့ ချော့မြူနေသည်။
“တောင်းပန်ပါတယ်၊ ငါမင်းကို လိမ်ခဲ့မိတယ်….”
သူက တိုးသဲ့သဲ့ဖြင့် “ကျန်းဆွေ့ဟန်က မင်းရဲ့ ခြေထောက်တွေကို အချိန်တိုအတွင်း လုံးဝ ပြန်ကောင်းအောင် ကုဖို့ သူတတ်နိုင်ပါ့မလား မသိဘူးတဲ့”
သူက ကောင်မလေး၏ မျက်နှာလေးကို ညင်သာစွာ ကိုင်ရင်း မျက်ရည်တွေကို လက်ကိုင်ပဝါနဲ့ ဂရုတစိုက် သုတ်ဖယ် ပေးလိုက်သည်။
“ဒါပေမယ့် အစ်ကိုက မင်းကို ကတိပေးတယ်၊ တကယ်လို့ ကျန်းဆွေ့ဟန်က မင်းကို မကုနိုင်ဘူး ဆိုရင် ငါ တခြားနေရာက အတော်ဆုံး သမားတော်ကို ခေါ်ပေးမယ်၊ တစ်ယောက်နဲ့ အလုပ်မဖြစ်ရင် နောက်တစ်ယောက် ပြောင်းမယ်၊ လောကကြီးက အတော်ဆုံး သမားတော်တွေ အကုန်လုံး ဆိုရင်တော့ ကျောင်းကျောင်းရဲ့ ခြေထောက်ကို ကုနိုင်မှာပါ”
သူ၏အသံက တိုးညင်းပြီး ကွဲအက်နေသည်။ ဇာမဏီမျက်လုံးတွေက သူမကို သနားခြင်းတွေနဲ့ ပြည့်နှက်နေသည်။
နန်းပေါင်ရီက သူ့ကို မျက်ဝန်းဗလာနဲ့ ကြည့်ပြီး မျက်လုံးအိမ်ထဲမှ မျက်ရည်ဥတွေ ထပ်ပြီး ကျလာပြန်သည်။
သူမက ဝတ်စုံကို တင်းတင်းဆုပ်ရင်း ငြိမ်သက်သော အသံနဲ့ “ရယ်စရာ ဖြစ်သွားမှာပေါ့…. နန်းယန်နဲ့ တခြားသူတွေက ညီမလေးကို ဟာသလုပ်ဖို့ စောင့်နေကြတာ”
မျက်ရည်ကြည်တွေက ပါးပြင်ပေါ်သို့ သက်ဆင်း လာလေသည်။ ရှောင်းယီ၏ ရင်ခွင်ထဲမှာ လှဲနေရင်း သူမ၏ စိတ်ပျက် အားငယ်ခြင်းတွေက ပိုမို တောက်လောင် လာလေတော့သည်။
သူ၏ ရင်ဘတ်ထဲက ပြင်းထန်သော ညှာတာခြင်း ကင်းမှုက တိုးထွက်လာပြီး ဇာမဏီမျက်လုံးတွေက အသူတရာ နက်သော ချောက်လို နက်ရှိုင်းသွားတော့သည်။
“အမတ်မင်းက မသေသေးဘူး၊ ဘယ်သူက မင်းကိုရယ်ရဲလဲ၊ ဘယ်လို နည်းလမ်းနဲ့ပဲဖြစ်ဖြစ် သူတို့၏ ခြေထောက်တွေကို ချိုးပစ်မယ်၊ ဘယ်တော့မှ မတ်တပ် မရပ်နိုင်တော့အောင် ချိုးပစ်မယ်”
နန်းပေါင်ရီက ငိုရင်း ရယ်နေသည်။
သူမက မျက်ရည်စိုလူးနေသော မျက်ဝန်းတွေနဲ့ မော့ကြည့်လာပြီး “လမ်းလျှောက်ရင် အရမ်းရုပ်ဆိုးတယ်၊…. အစ်ကို ၂၊ မကြည့်နဲ့”
‘အစ်ကို ၂ မကြည့်နဲ့’ ဆိုသော စကားက ရှောင်းယီကို အလွန် ဝမ်းနည်းစေသည်။
သူမက မိန်းမလှလေးလေ…
သူ၏ သွင်ပြင်ကို ထိန်းသိမ်းဖို့အတွက် ဂရုစိုက်ပြီး သူမ၏နဖူးပေါ် ကျနေသော ဆံပင်လေးတွေကို သပ်တင် ပေးလိုက်သည်။
“ရုပ်မဆိုးပါဘူး၊ နန်းအိမ်တော်က ကောင်မလေးက ခေါင်ရန်းပန်းလေးလို အနံ့သင်းသင်းလေးနဲ့ အရမ်းလှတာ၊ ဘယ်လိုလုပ်ပြီး ရုပ်ဆိုးရမှာလဲ”
နန်းပေါင်ရီက သူ့ကို ငေးလာသည်။
နွေဦးနှောင်းပိုင်းမို့ နေ့တာက ရှည်ကြာလှသည်။
ကောင်းကင်မှာတော့ တိမ်တိုက်တွေက ရွေ့လျားနေပြီး ရွှေရောင် တောက်နေသော နေမင်းကြီးက ပေါ်ထွက်လာသည်။ ထွန်းလင်း တောက်ပနေတော့သည်။
သူက အလင်းရောင်ထဲမှာ နတ်ဘုရား တစ်ပါးလိုပင်။
သူမက နှုတ်ခမ်းလေးကို ကိုက်လိုက်ပြီး သူ့ကို သွေးတိုး စမ်းလိုက်သည်။
“ညီမလေးက လက်ထပ်ဖို့ မဖြစ်နိုင်တော့ဘူး…”
သူက ပါးလျလျပြုံးရင်း ဘာကိုမှ တွေးတောမနေဘဲ ပြန်ဖြေလာသည်။
“အစ်ကိုက မင်းကို ဘဝတလျှောက်လုံး စောင့်ရှောက်ပေးမယ်”
သူ၏ ကြင်နာပြီး မိန်းမောနေသော သွင်ပြင်ကို ကြည့်ရင်း နန်းပေါင်ရီ၏ နှလုံးသားထဲမှာ ပုန်းကွယ်နေသော အိုးထဲက အနီရောင် ပဲစေ့လေးတွေက ဆူပွက်လာလေသည်။ သူမ၏ မျက်နှာလေးက နီစွေးနေပြီး နှလုံးခုန်နူန်းကလည်း မြန်လာသည်။
တကယ် သဘောကျတယ်၊ သူမ ဒီလူကို တကယ် သဘောကျတယ်….
ရှောင်းယီက သူမ၏ပါးပြင် မို့မို့လေးကို ထိရင်း “ဘာလို့ မျက်နှာလေးက နီလာတာလဲ”
“ပဲစေ့နီလေးတွေက ဆူနေတယ်”
ရှောင်းယီက မျက်ခုံးတွေကို ပင့်သွားပြီး “နန်းကျောင်းကျောင်း၊ ငိုလွန်းလို့ တုံးအအလေး ဖြစ်သွား တာလား အိပ်ခန်းထဲမှာ ဘယ်က ပဲစေ့နီလေးတွေ ပွက်နေပါ့မလဲ”
နန်းပေါင်ရီက အပြုံးချိုချိုလေး ပြုံးပြပြီး ပြန်မဖြေပါချေ။ သူမက သူ၏လက်မောင်းတွေထဲသို့ တိုးဝင်လိုက်သည်။
ရှောင်းယီက သူမကို ကြင်နာစွာ ဖက်ပွေ့ထားလေသည်။
သူက ခေါင်းကိုငုံ့၍ သူမ၏ အစိမ်းရောင် ဝတ်စုံကို နက်နက်ရှိုင်းရှိုင်း နမ်းရှိုက်လိုက်သည်။ သူ၏ မျက်ဆံအိမ်တွေက နက်စွေးနေပြီး အတိတ်ကို တသသနဲ့ အောက်မေ့နေလေသည်။
တည်းခိုခန်း၏ ဒုတိယထပ်မှာတော့……
ကျန်းဆွေ့ဟန်က ဧည့်သည်ခန်းကို ဆေးခန်းသို့ ပြောင်းလဲပြီး ဒီမှာနေလာတာ လဝက်လောက် ရှိခဲ့ပြီ။ ရှေးဟောင်း စာပေတွေကို အဆုံးမသတ်နိုင်အောင် ဖတ်ရှုရင်း ဆေးဖော်ဖို့ ကြိုးစားနေသည်။
မိုးသောက်နံနက်ခင်း၏ လေပြည်လေးက မီးအိမ်လေးကို ငြှိမ်းလိုက်ပြီး ဆေးခန်းလေး၏ အလင်းနဲ့ အရိပ်တွေက မှိန်ဖျော့ဖျော့။
လေထုမှာတော့ ပြင်းရှသော ဆေးများ၏ အနံ့တွေနဲ့ ဖုံးလွှမ်းနေပြီး ကျောက်မီးသွေး မီးဖိုကလွဲရင် အခန်းက လုံးဝကို တိတ်ဆိတ် ငြိမ်သက်နေသည်။
ကျန်းဆွေ့ဟန်က ထောင့်နားမှာထိုင်ရင်း လက်ကိုမြှောက်၍ မျက်ခုံးတွေကို ပွတ်သပ်လိုက်သည်။
သူ၏မျက်နှာက အရိပ်တွေနဲ့ ဖုံးနေပြီး မျက်ဆံတွေက အောက်စိုက်နေသော မျက်တောင်တွေ အောက်မှာ ပုန်းကွယ်နေသည်။ သူ၏ နှုတ်ခမ်းထောင့်စွန်းတွေနဲ့ ပင်ပန်းနေသော မျက်ခုံးတွေကိုသာ မြင်တွေ့နိုင်သည်။ သူ တစ်ညလုံး မအိပ်ထားမှန်း သိနိုင်သည်ပင်။
သူက အတော်ဆုံး သမားတော် တစ်ယောက်ဖြစ်သည်။
ရှုနိုင်ငံကလူတိုင်းက သေခြင်းရှင်ခြင်းကို အဆုံးအဖြတ် ပေးနိုင်သော အတော်ဆုံး သမားတော်လို့ ဆိုကြသည်။
သို့သော် ဒီတစ်ကြိမ်မှာတော့ သူက နန်းမိန်းကလေး ၅ ၏ ခြေထောက်ကို အချိန်တိုအတွင်း လုံးဝ ပြန်ကောင်းအောင် ကုသ ပေးချင်ခဲ့သည်။ ထိုအရာက ခက်လွန်းလှသည်။ တကယ် ခက်ခဲလွန်းလှသည်။
အတော်ဆုံး သမားတော်ဆိုသောဘွဲ့နဲ့တော့ တကယ်ကို တခြားစီပင်။
သူက လက်မောင်းတွေ ကြားထဲမှာ မျက်နှာကို ဖွက်ထားလိုက်မိသည်။
အမွေေးတိုင် နှစ်တိုင်စာ အချိန်လောက် ခဏမှေးပြီး ပြန်ထ၍ မျက်နှာကို ရေအေးနဲ့ သစ်လိုက်သည်။ သူက ဆေးတွေကို ခံစားချက်ဗလာနဲ့ ကျိုနေလေသည်။
ဒီနေ့ လေလုံးဝ မတိုက်ပါချေ။
ဆူပွက်နေသော ဆေးခွက်ကို ကိုင်ရင်း ကျန်းဆွေ့ဟန်က အထူးခန်း၏ တံခါးဝသို့ ရောက်လာခဲ့သည်။ သူ၏အပြုံးနဲ့ မျက်နှာထားကို တစ်ချက် စစ်ဆေးလိုက်ပြီး ပျော်ရွှင်စွာနဲ့ တံခါးကိုဖွင့်၍ ဝင်သွားတော့သည်။
“နန်းမိန်းကလေး ၅၊ ဒီနေ့ဆေးသောက်ဖို့ အချိန်ရောက်ပြီ”
သူက အော်ဟစ်ရင်း အခန်းထဲသို့ ဟိတ်ဟန်အပြည့်နဲ့ လျှောက်သွားလိုက်သည်။
ခြင်ထောင်က မြင့်မားပြီး ကောင်မလေးက အိပ်ရာ၏ ခေါင်းရင်းမှာ ထိုင်နေသည်။ အိပ်ရာပေါ်မှာတော့ သစ်ကြားသားနဲ့ လုပ်ထားသော စားပွဲဝိုင်းလေး ရှိနေသည်။ ပန်းပွင့်ကိတ်မုန့် အနည်းငယ်နဲ့ သစ်သီးတွေ ထည့်ထားသော ပန်းကန်ရှိပြီး ကဗျာစာအုပ် တစ်အုပ်က ဖွင့်လျက်သား။
သူမက ခေါင်းလေးကို မော့လာပြီး မျက်ခုံးတွေနဲ့ မျက်လုံးတွေက လှပစွာ ကွေးညွတ်လျက် “အစ်ကို ကျန်း”
“ငါတို့ နန်းမိန်းကလေး ၅ က တကယ်ကို ကြိုးစားနေတာပဲ၊ ဒီနေ့ စောစောထပြီး စာဖတ်နေတယ်”
ကျန်းဆွေ့ဟန်က ချီးကျူလိုက်ပြီး စားပွဲပေါ်သို့ ဆေးပန်းကန်ကို တင်လိုက်သည်။
သူ၏ဝတ်ရုံ လက်အိတ်ထဲက ပတ်တီးကို ထုတ်ယူလိုက်ပြီး “ငါမှန်းရသလောက် ဒီနေ့ကစပြီး ကျောက်ပတ်တီးကို နေ့တိုင်း စည်းပေးရင် မင်း၏ဒူးဆစ်က ကောင်းလာတာ ပိုမြန်လိမ့်မယ်”
နန်းပေါင်ရီက စာအုပ်ကို ပိတ်လိုက်ပြီး ဆေးကို လိမ္မာစွာ သောက်လိုက်သည်။
ဆေးက အလွန်ကို ခါးလှသည်။ သို့သော်လည်း သူမ တစ်ချိန်လုံး စိတ်မပျက်ခဲ့ပါချေ။ ပြန်ကောင်းမယ် ဆိုသော မျှော်လင့်ချက် ရှိနေသရွေ့ ဘာလို့ တောင့်မခံနိုင်ရမှာလဲ။
ကျန်းဆွေ့ဟန်က သူမကို ကြည့်လိုက်သည်။
လူကြီးတွေတောင် သောက်ရင် မအီမသာနဲ့ ပျို့အန်ချင်ကြသော ဒီလောက် ခါးသော ဆေးကိုတောင် နန်းမိန်းကလေး ၅ က ပန်းကန်လုံးကြီး တစ်လုံး သောက်နိုင်တယ်….
သူ၏စိတ်ထဲက အပြစ်ရှိစိတ်က ပိုမို ပြင်းထန်လာတော့သည်။
သူက ဘာမှမကျန်တော့သော ဆေးပန်းကန်ကိုကိုင်ရင်း လျှောက်သွားသောအခါ နန်းပေါင်ရီက လှမ်းခေါ် လိုက်သည်။
“အစ်ကို ကျန်း”
ကျန်းဆွေ့ဟန်က နောက်လှည့်ကြည့်လာသည်။
မိန်းကလေးက ငှက်ပျောသီးကို အခွံခွာနေပြီး “အစ်ကို့ မျက်လုံးတွေက နက်ပြီးပြာနေပြီ၊ အိမ်ပြန်ပြီး ကောင်းကောင်း အိပ်လိုက်ဦးနော်၊ ဘာပဲဖြစ်ဖြစ် ညီမလေး အစ်ကို့ကိုယုံတယ်”
ညီမလေး အစ်ကို့ကို ယုံတယ်….
ကျန်းဆွေ့ဟန်၏ နှာခေါင်းက ချဉ်စူးစူး ဖြစ်လာတော့သည်။
အချိန်အတော်ကြာပြီးမှ သူက ပြုံးရင်း ပြန်ဖြေလိုက်သည်။
“အင်း”
နန်းမိန်းကလေး ၅ ၏ ယုံကြည်မှုကို သူစိတ်မပျက်စေရပေ။
***