အပိုင်း (၂၆၄)
မှန်ထဲကကောင်မလေးက လမ်းလျှောက်သောအခါ ခြေတစ်ဖက်ဆာနေတယ်
ထိုနည်းလမ်းကို စဉ်းစားမိပြီး သူမ၏ ရှေ့နှစ်ရက်အတွင်း ခံစားခဲ့ရသော နာကျင်မှုတွေက အကျိုးရှိတယ်လို့ ခံစားလိုက်ရသည်။
ခြေထောက်ဒဏ်ရာကို ကုသပြီးရင် အဝတ်အစား အသစ်တွေကို ဝတ်ပြီး သူမက ကျင်းကွမ်မြို့၏ အလှဆုံး မိန်းကလေး တစ်ယောက် ဖြစ်နေဦးမှာပင်။
သူမက ဒဏ်ရာတွေကို သက်သာသွားပြီလို့ တွေးနေစဉ်မှာ တည်းခိုခန်း၏ ခန်းမဆောင်ကတော့ အလိမ်အညာတွေနဲ့ ပြည့်နှက်နေသည်။
ချန်းတယ်ယွီ၏ မျက်နှာက စိတ်ဒုက္ခတွေနဲ့ ပြည့်နေပြီး “သမားတော်ကျန်း၊ ကျောင်းကျောင်း အဆင်ပြေလား သူက ဂူသင်္ချိုင်းမှာ ပိတ်မိသွားတယ်လို့ ကြားမိတော့ ကျုပ်ကြေကွဲ ဝမ်းနည်းနေတာ၊ ကျုပ်သာ သူ့အစား သေသွားလိုက်ချင်တယ်၊ သမားတော်ကျန်း သူ့ကိုတွေ့ဖို့ ကျုပ်ကို အပေါ်ထပ် ခေါ်သွားပေးပါ၊ ကျုပ် သစ်သီးတွေ အများကြီး ဝယ်ထားတယ်၊ သူကြိုက်မှာ သေချာတယ်”
ရှောင်းယီနဲ့ နန်းပေါင်ရီ မသေဘူးလို့ အိပ်မက်တောင် မမက်ဖူးချေ။ ထောက်ပံ့ငွေ ကိစ္စကလည်း လေပွေတစ်ခုလို ပြန်ရောက်လာခဲ့သည်။
ချန်းမိသားစုက နန်းအိမ်တော်၏ စည်းစိမ်တွေကို မရနိုင်တော့ဘူး ဆိုတဲ့ အဓိပ္ပါယ်ပင်။
နန်းအိမ်တော်၏ ကြွယ်ဝချမ်းသာမှုတွေနဲ့ နန်းပေါင်ရီ၏ အလှကို တွေးမိရင် စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ပါချေ။ ထို့ကြောင့် သူက တည်းခိုခန်းကို ပြန်လာပြီး အပေါ်ထပ်ကိုသွား၍ ကောင်မလေးဆီ သွားလည်ချင်ခဲ့ခြင်း ဖြစ်သည်။
သူမအကြောင်းကို သူ့စိတ်ထဲက အလေးထားတယ် ဆိုတာကို ကောင်မလေးက နားလည် သွားရင်လည်း ကောင်းပေသည်။
ကျန်းဆွေ့ဟန်မှာ အော်ဂလီဆန် သွားမိသည်။
နွေးထွေးသော အရေခြုံထားသည့် အရာရှိတစ်ယောက်….
သူ၏မျက်လုံးတွေက မျက်ရည် ကျတော့မယောင် ပုံစံဖြစ်အောင် ကြိုးစားနေတာက မိးကျောင်းတစ်ကောင် ငိုနေသလိုပင် အလွန် ကြောင်သူတော်နဲ့ တူလှသည်။
ကျန်းဆွေ့ဟန်က ပြုံးရင်း “ချန်းသခင်လေးကို အတင့်ရဲပြီး မေးပါရစေ၊ နန်းမိန်းကလေး ၅ နဲ့ ဘာတော်လဲဟင်”
“ခဲအို”
ချန်းတယ်ယွီက ပြတ်ပြတ်သားသား အသံဖြင့် “ကျုပ်က သူရဲ့ခဲအိုပါ၊ ကျုပ်ခယ်မလေးက ဒဏ်ရာရထားတာကို ခဲအိုတစ်ယောက် အနေနဲ့ သွားကြည့်ရမှာပေါ့၊ ဒါ ပြဿနာ မဟုတ်ဘူးမလား အတော်ဆုံး သမားတော်ကျန်း ခင်ဗျားက အပြင်လူပါ”
“ခဲအို……”
ကျန်းဆွေ့ဟန်က ချန်းတယ်ယွီ၏ စကားကို လှောင်ရယ်လိုက်ပြီး “ခင်ဗျား လက်ထပ်ပွဲကို ဖျက်သိမ်းတုန်းက နန်းမိန်းကလေး ၅ ကို ဘယ်လောက်တောင် မနှစ်မြို့လိုက်သလဲ။ အခုကျတော့ ခဲအိုဆိုသော လေယူလေသိမ်းနဲ့ သူ့နားကိုကပ်ဖို့ ကြိုးစားနေတယ်၊ ခင်ဗျား သူရဲ့သတို့သားလောင်း ဖြစ်ခဲ့တုန်းက သူ့အစ်မကို စိတ်ဝင်စားနေတာ၊ လက်ခံလိုက်စမ်းပါ၊ သူ့ကို ဆုံးရှုံးပြီးတော့မှ သူ့ကိုပြန်ပြီး စိတ်ဝင်စား နေပြန်ပြီ၊ ချန်းသခင်လေးကို တစ်ခုတော့ ပြောလိုက်မယ်၊ ဒီလို အကျင့်စရိုက်မျိုးက မရှိသင့်ဘူး၊ ဟုတ်ရဲ့လား”
သူက စကားလုံးတွေနဲ့ ပစ်ပေါက်ပြီး ထွက်သွားရုံမက ခေါင်းထဲကိုပါ သံရိုက်ထည့်ခဲ့သေးသည်။
ချန်းတယ်ယွီ၏ မျက်နှာက နီရဲသွားပြီး ချေပစကား တစ်ခွန်းမှ မပြောနိုင်တော့ပါချေ။
ထိုစဉ် နန်းယန်နဲ့ ရှမင်ဟွေးကလည်း ဝင်လာခဲ့သည်။
နန်းယန်၏ မျက်လုံးတွေက နီရဲနေပြီး မျက်လုံးထောင့်စွန်းကို လက်ကိုင်ပဝါနဲ့ သုတ်နေသည်။
သူမက စိုးရိမ်တကြီးနဲ့ “သမားတော်ကျန်း၊ ကျွန်မညီမလေး နေကောင်းရဲ့လား သူက ကျန်းမိသားစုရဲ့ ခြေထောက် ရိုက်ချိုးတာကို ခံလိုက်ရတယ်လို့ ကျွန်မကြားလိုက်တယ်၊ ကျွန်မ စိတ်ပူလိုက်တာ၊ သမားတော်ကျန်း သူ့ကိုတွေ့ဖို့ ခေါ်သွားပေးမယ် မလားဟင် အဲဒါမှ စိတ်ချနိုင်မှာ မို့လို့ပါ”
ကျန်းဆွေ့ဟန်က စိတ်ပျက် သွားတော့သည်။
စိတ်ချမယ်။
ဘာကိုစိတ်ချမှာလဲ။
သူက နန်းမိန်းကလေး ၅ ဒုက္ခိတ ဖြစ်မဖြစ်ဆိုတာကို သေချာသိချင်နေတာများ….
ဒီမိန်းမက သူ့စိတ်ထဲမှာတော့ လက်ဖက်စိမ်းမပင်၊ လက်ဖက်စိမ်းမ…..
နန်းယန်၏ မျက်စိဒေါက်ထောက်ပြီး ကြည့်နေသော အကြည့်ကို တုံ့ပြန်ဖို့အတွက် သူက နန်းမိန်းကလေး ၅ ၏ ခြေထောက်တွေကို အကောင်းဆုံး ကြိုးစားပြီး ကုပေးရမယ်….
သူက ယပ်တောင်ကို တဖျပ်ဖျပ်ခပ်ရင်း ပေါ့ပေါ့ပါးပါးဖြင့် “နန်းမိန်းကလေး ၅ က အရမ်း နေကောင်းတယ်၊ မင်း ဟိတ်ဟန်များပြီး စိတ်ပူသယောင် ဟန်ဆောင်နေဖို့ မလိုဘူး၊ မင်း ဘယ်ကိုပဲ ပြန်သွားသွား အားလုံးက ပြီးသွားပြီ”
သူက ဆေးဝယ်ဖို့ ထွက်သွားလေတော့သည်။
နန်းယန်နဲ့ တခြားသူတွေက ဘယ်လောက်တောင် မျှော်လင့်နေလိုက်လဲ၊ ဒါပေမယ့် ရှောင်းယီက ငွေအမြောက်အမြားသုံးပြီး အထူးခန်း တစ်ခုလုံးကို ငှားထားသည်။ ရှီးယန်နဲ့ တခြား ကိုယ်ရံတော်တွေကို လွှတ်ပြီး လှေခါးတစ်လျှောက်ကို ထိန်းချုပ်ထားသည်။ သူတို့က အပေါ်ထပ်ကို တက်ဖို့ အခွင့်အရေး မရနိုင်ပါချေ။
ချန်းတယ်ယွီက ရှီးယန်ကို သစ်သီးတွေ ကမ်းပေးလိုက်ပြီး “ကျောင်းကျောင်းကို ပြောပေးပါ၊ ကျုပ် မနက်ဖြန် သူ့ကို လာကြည့်မယ်လို့”
သူက တည်းခိုခန်း အပြင်သို့ တင့်တယ်သော ဟန်ပန်နဲ့ ပြန်ထွက်သွားတော့သည်။
ထိုအချိန်က သူ့အဖေနဲ့ ဘုရင်ခံရွယ်က နန်းကျောင်းကျောင်းနဲ့ ရှောင်းယီ ဘယ်လို လွတ်လာလဲဆိုတာ စဉ်းစားလို့ မရကြချေ။
နန်းမိသားစု၏ စည်းစိမ်တွေကို ရချင်ရင် လက်ထပ်ဖို့လိုသည်။
ဒီတစ်ခေါက် နန်းပေါင်ရီ၏ ဒဏ်ရာက သူ့အတွက် အခွင့်ကောင်းပင်။ ဟာကွက်ထဲ ဝင်ပြီး သူ၏ ဂရုစိုက် ပူပန်မှုတွေကို မြင်အောင်ပြရမည်။
မိန်းမကောင်းလေးက တရစ်ဝဲဝဲ ဖြစ်နေတာကို မကြိုက်တာကြောင့် သူက စိတ်ရှည်ပြီး ညင်သာဖို့ လိုသည်။
သူ၏ ပါးစပ်ထောင့်စွန်းတွေက ကော့တက်သွားရင်း မျက်နှာမှာ မြူးတူးခြင်းတွေနဲ့ ပြည့်နေလေသည်။
နန်းယန်နဲ့ ရှမင်ဟွေးက နောက်တစ်လှမ်း ဆုတ်ပြီး တည်းခိုခန်းက ထွက်လာကြသည်။
“သမားတော်ကျန်းရဲ့ အမူအရာကို ကြည့်ရတာ နန်းပေါင်ရီရဲ့ ခြေထောက်တွေက ဒုက္ခိတဖြစ်သွားတာ သေချာတယ်”
ရှမင်ဟွေးက ပြုံးရင်း “ငါတို့က ပိတ်ထားတဲ့ တံခါးနဲ့ကြုံပေမယ့် ခရီးက အချည်းနှီးတော့ မဖြစ်ဘူးပဲ”
နန်းယန်ကလည်း ပျော်မြူးနေပုံရသည်။
သူမက တည်းခိုခန်းကို နောက်လှည့်ကြည့် လိုက်ရင်း ဝါဖျော့ဖျော့ မျက်လုံးတွေက အပြုံးရိပ်တွေ အပြည့်ဖြင့် “လုပ်စရာ မရှိတော့ဘူး၊ မနက်ဖြန် သူ့ကို သွားကြည့်လိုက်မယ်၊ မနက်ဖြန်ကျရင် သူ၏ ဒုက္ခိတ ဖြစ်သွားသော ခြေထောက်နဲ့ ဘယ်လောက် သနားစရာ ကောင်းနေမလဲလို့ မြင်ရဖို့ မစောင့်နိုင်တော့ဘူး”
ရှောင်းယီက နန်းပေါင်ရီကို ကြိုက်ပါဦးမလား။
သူမ မြင်ချင်စမ်းလှသည်။ နန်းပေါင်ရီသာ ဒုက္ခိတဖြစ်သွားရင် ရှောင်းယီက ကြိုက်နေဦးမလားလို့လေ။
ရှောင်းယီ၏ ချစ်ခင်မှုသာ မရှိရင် နန်းပေါင်ရီကို လူတိုင်းက လိမ်လည်လှည့်ဖျားလို့ ရသည်ပဲ….
***
နန်းပေါင်ရီက ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်…
သူမက အဘွားကို စိတ်မပူစေချင်ပေ။ အဘွားက ကွမ်ရှန့်ကို သတင်းရရချင်း အမြန်လိုက်လာမှာ ကြောက်ရသည်။ လှေတွေ၊ လှည်းတွေက အဘွား၏ ခန္ဓာကိုယ်ကို ထိခိုက်ပြီး နာကျင်စေနိုင်သည်။ ထို့ကြောင့် ရှောင်းယီက သူမဒဏ်ရာ ရနေသောအကြောင်း အိမ်ကို သတင်း အပြန့်မခံပါချေ။
သူမက အလွန် ပျော်ရွှင်နေပြီး ကွမ်ရှန့်မှာ အချိန်တော်တော်ကြာအောင် နေဦးမယ်လို့သာ ပြောထားလိုက် လေသည်။
ထိုညက……..
နန်းပေါင်ရီက တက်တက်ကြွကြွနဲ့ ဆေးသောက်ပြီး အိပ်ရာပေါ်မှာ လိမ္မာစွာ လှဲလိုက်သည်။ ဟယ်ယဲ့က ကျင်းကွမ်မြို့မှာပဲ ကျန်နေခဲ့ပြီး ရှောင်းယီက မသိကျွမ်းသော အစေခံကို သူမကို ပြုစုမခိုင်းချင်တာကြောင့် သူက နူးညံ့သော မွေ့ရာတစ်ခုကို သူမ အခန်းထဲ ထည့်ထားပြီး စားပွဲကိုတောင် သူမ၏အခန်းထဲ ရွှေ့လာလိုက်သည်။ သူမကို ကိုယ်တိုင် ပြုစုစောင့်ရှောက် ပေးဖို့အတွက်ပင်။
အိပ်ရာ အသိုက်လေး၏ အထဲမှာတော့ နန်းပေါင်ရီက ရှောင်းယီကို ငေးကြည့်နေသည်။
အမတ်မင်းက စစ်ရေးကိစ္စတွေကို စီမံနေသည်။ ကျန်းမိသားစုနဲ့ ကူညီကယ်ဆယ်ရေး ငွေတွေကြောင့် ကွမ်ရှန့်မြို့မှာ လုပ်စရာကိစ္စတွေ များပြားနေသည်။
ညသန်းခေါင်သို့ ချဉ်းနင်းလာခဲ့ပြီ။
နောက်ဆုံးမှာတော့ သူက ကိစ္စရပ်တွေကို စီမံလို့ ပြီးသွားပြီဖြစ်ပြီး ပျင်းရိစွာနဲ့ သူ၏ ဘေးဘက်ကို ချလိုက်သည်။
သူက ခေါင်းကိုလှည့်ပြီး နန်းပေါင်ရီ၏ မျက်လုံး တောက်တောက်လေးတွေနဲ့ အကြည့်ချင်း ဆုံသွားသည်။
သူက သူမနဲ့ လိုက်လျောညီထွေ ဖြစ်အောင် အသံကျယ်ကျယ် အော်ပြောလာသည်။
“ဘာလို့ မအိပ်သေးတာလဲ”
“နေ့ခင်းတုန်းက အိပ်ထားတာ ဝနေပြီ၊ ညဘက် မအိပ်နိုင်တော့ဘူး”
နန်းပေါင်ရီ တက်ကြွစွာဖြင့် ပြန်ဖြေသံက သူ၏အသံ ထက်တောင် ပိုကျယ်နေသေးသည်။
“အစ်ကို ၂၊ အစ်ကိုကျန်းက ပြောတယ်၊ ညီမလေး ခြေထောက်က ကုလို့ရတယ်သော၊ အစ်ကိုလည်း ပြောတယ်လေ၊ လဝက်နဲ့တောင် ပျောက်မှာဆို”
ရှောင်းယီက အပြုံးတစ်ပွင့်ဖြင့် “ဒါပေါ့”
နန်းပေါင်ရီက ပို၍ လက်တွေ့ကျကျ ပြောလာသည်။ သူမက သူ့ကို အကျိုးခံစားခွင့်နဲ့ ဆိုင်သော အကြောင်းကို ထပ်ပြောလာသည်။
သူမက တိုက်တွန်း လိုက်သည်။
“အစ်ကို ၂၊ အစ်ကို အစီရင်ခံစာ ရေးရင်လေ ညီမလေးက ညီမလေး၏ ကျော်ကြားမှုနဲ့ ကံကြမ္မာကို မလိုချင်လို့ ဘာဆုကိုမှ လက်မခံဘူးလို့၊ တိုင်းပြည်ကို ကောင်းမွန်အောင် လုပ်ဆောင်နိုင်ဖို့ပဲ မျှော်လင့်တာလို့၊ နောက်ပိုင်း ညီမလေးက ထပ်ပြီး ဆုလာဘ်ရဖို့ အလုပ်တွေကို လုပ်ဖြစ်လို့ ဧကရာဇ်က ဆုမပေးရင် အရမ်းရှက်မိမှာပဲ၊ ညီမလေးကို အကျိုးခံစားခွင့်တွေနဲ့ ဆုတွေပေးမှာ အသေအချာပဲ”
ရှောင်းယီ၏ မျက်ခုံးတွေက ပင့်တက်သွားသည်။
ကောင်မလေးက ဆွဲဆောင်မှုရှိပြီး တုံးတုံးအအလေး ဖြစ်နေသည်။ ဒါပေမယ့် သူမလေးက အဓိက အချက်တွေနဲ့ ပတ်သက်ပြီး အလွန် အကြံအစည် များလှသည်။
အရမ်းတွေ တွက်ချက်ထားတာပဲ…
သူက ခပ်သဲ့သဲ့ ရယ်မောလိုက်ပြီး အင်း လို့ပြောလိုက်လေသည်။
နောက်တစ်နေ့မှာတော့…..
ချန်းတယ်ယွီနဲ့ နန်းယန်က လာလည်ကြသည်။
တစ်ယောက်က သစ်သီးတွေကို ကိုင်လာပြီး နောက်တစ်ယောက်ကတော့ ကြီးမားသော အရိုးစွပ်ပြုတ်ကို ယူလာသည်။ သူက အေးစက်ပြီး နွေးထွေးဟန်ဖြင့် သူ၏မိဘတွေထက်ကို ပိုပြီး ကျေးဇူးသိတတ်နေ လေသည်။
ရှောင်းယီက အနှောင့်အယှက်တွေကို ကြည့်လိုက်ပြီး ရှီးယန်ကို သစ်သီးတွေနဲ့ စွပ်ပြုတ်ကို ပြန်ယူသွားပြီး သူတို့ကို အပြင်ကန်ထုတ်ဖို့ မှာလိုက်သည်။
ရက်ပေါင်းများစွာ ထိုသို့ ထပ်ခါထပ်ခါ လုပ်ပြီးသော အခါမှာတော့ နောက်ဆုံး သူတို့၏ ကြင်နာမှုကို ပြဖို့ ရှုံးနိမ့်သွားပြီး ချန်းတယ်ယွီနဲ့ နန်းယန်က ကျင်းကွမ်မြို့သို့ ပြန်သွားတော့သည်။
မျက်စိတစ်မှိတ် အတွင်းမှာတင် လဝက်ကြာခဲ့ပြီ။
အရုဏ်ဦးမှာတော့ အထူးခန်းမှာ မီးအိမ်လေး လင်းနေပြီး ပြတင်းအပြင်ဘက်က မှိန်ဖျော့ဖျော့ လရောင်လေးက ကြမ်းခင်းပေါ်သို့ ဖြာကျနေသည်။
အိပ်ရာထဲမှာတော့…
နန်းပေါင်ရီက လျင်မြန်စွာ ထထိုင်လိုက်သည်။
သူမ၏ခြေထောက်တွေက လဝက်လောက် ကုပြီးရင် ပြန်ကောင်းမှာပါလို့ အမတ်မင်းနဲ့ အစ်ကိုကျန်းက အထပ်ထပ် အခါခါပြောသည်။
ဒီနေ့က သူမ ဆေးကုသမှုခံယူတာ ဆယ့်ငါးရက် တိုင်ခဲ့ပြီ။
သူမက ဒူးခေါင်းက ပတ်တီးကို ဂရုတစိုက် ဖြေလိုက်ပြီး သူမ၏ ညာခြေထောက်ကို ပျော်ရွှင်စွာ ဆန့်ထုတ် လိုက်သည်။
ကျန်းဆွေ့ဟန်၏ ဆေးတွေက တကယ်ကို အစွမ်းထက်သည်။ ပြင်းပြင်းထန်ထန် ဒဏ်ရာရ ပေမယ့် အခုတော့ မနာတော့ပါချေ။
သူမက အိပ်ရာကို ကိုင်ရင်း ကြမ်းပြင်ပေါ်မှာ တုန်တုန်ရီရီနဲ့ ရပ်လိုက်သည်။
အဖြူရောင် ပိုးထည်လေးက အနည်းငယ် ယိမ်းထိုးနေပြီး ကောင်မလေး၏ ခြေကျင်းဝတ်က သွယ်လျနေပြီး ခြေကျင်းဝတ် အရိုးတွေကတောင် သူမတူ ထူးကဲစွာ နူးညံ့နေသည်။
ကြမ်းပြင်ပေါ်မှာ ခြေဖဝါးဗလာနဲ့ သူမက ခြေလှမ်း အနည်းငယ် လျှောက်လိုက်ပြီး လမ်းလျှောက်ရတာ ပြဿနာ မရှိပါချေ။ ဒဏ်ရာကလည်း မနာတော့ပါချေ။
တစ်ခုပဲ…..
သူမက သိပ်မဝေးသော ကိုယ်လုံးပေါ် မှန်ရှေ့ကို စိုက်ကြည့်လိုက်သည်။ သူမ၏မျက်နှာက အာရုံစူးစိုက် နေဟန်ရပြီး ခြေလှမ်းအနည်းငယ် လှမ်းပြီးသောအခါ မှန်ကိုကြည့်လိုက်သည်။
မှန်ထဲက မိန်းကလေးက လမ်းလျှောက်တာ ခြေတစ်ဖက် ဆာနေသည်။ သူမ၏ ပခုံးတွေက နိမ့်ချည်မြင့်ချည် လှုပ်ရှားနေပြီး အလွန်ရုပ်ဆိုးပြီး ရယ်ရွှင်ဖွယ်ရာ ဖြစ်နေလေသည်။
သူမ ရပ်တန့်သွားသည်။
ခြေထောက် အောက်ခြေကနေ အအေးဓါတ်က စိမ့်တက်လာပြီး သူမ၏ခေါင်းအထိ အလျင်အမြန် ပျံ့နှံ့လာသည်။
သူမက မှန်ကို စိုက်ကြည့်နေပြီး သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးက တဖြည်းဖြည်း တုန်ယင်လာတော့သည်။
သူမက လက်မလျှော့သေးဘဲ နောက်ထပ် ခြေလှမ်းအနည်းငယ် ထပ်လှမ်း ကြည့်လိုက်လေသည်။
***