အပိုင်း (၂၅၈)
သူ၏နူးညံ့မှုတွေအားလုံး နန်းကျောင်းကျောင်းကို ပေးလိုက်ပြီ
မြစ်ကမ်းဘေးမှာ အော်ဟစ်သံတွေ ဆူညံသွားပြီး မြစ်ပြင်ကိုဖြတ်ပြီး တိုက်ခတ်လာသော လေညင်း၏ ငိုရှိုက်သံနဲ့ ရောနှောပြီး အချိန်တော်တော် ကြာသည်အထိ သည်းခံနေရသည်။
အရိုးကျိုးကြေသံတွေက ရက်စက်ပြီး ရှည်ကြာသော အပြစ်ပေးမှု တစ်ခုလို ကြောက်စရာ ကောင်းလှသည်။
သခင်မချန်နဲ့ကျန်းယွမ့်ဝမ်က တွန်းထိုး ရုန်းကန်နေပြီး အဆက်မပြတ် ငိုကြွေးနေလေသည်။ သွေးတွေက သဲပြင်ပေါ်သို့ ကျနေပြီး သွေးညှီနံ့ ပြင်းပြင်းက လူကို အော်ဂလီဆန်စေသည်။
အသိစိတ် ရှိနေသေးစဉ်မှာ သူတို့ကို ကိုယ်ရံတော်တွေက အပိုင်းပိုင်း ဖြတ်လိုက်ကြသည်။ သေခြင်းကတောင် သူတို့အတွက် သာ၍ ကောင်းလိမ့်ဦးမည်။
လူငယ်က မြစ်ဆိပ်မှာ ရပ်ရင်း အနက်ရောင် ဝတ်စုံနဲ့ မျက်နှာထားက မည်းမှောင်၍ ထူးကဲအေးစက် နေလေသည်။
သူက အရှေ့ဘက်သို့ ဦးတည်ပြီး စီးဆင်းသွားသော မြစ်ကြောင်းကို ကြည့်နေပြီး ဖြည်းညင်းစွာနဲ့ သူ၏လက်ချောင်းတွေက လက်စွပ်လေးကို ပွတ်သပ်လိုက်ပြီး ဇာမဏီ မျက်လုံးတွေက ခန့်မှန်းလို့ မရနိုင်ပေ။
စုရုံးနေသော စစ်သည် တစ်သိန်းက ပိုက်ကွန်တွေကို ယူဆောင်လာပြီး မင်ကျန်းမြစ်ကြောင်း တစ်လျှောက် ရှာဖွေကြတော့သည်။
နန်းသခင်မလေး ၅ က နစ်မြုပ်သွားလေပြီ….
နေဝင်ချိန်၏ နေရောင်ခြည်က မြစ်ပြင်ပေါ်ကို ဖြန့်ကြက် ကျလာပြီး လှိုင်းကြက်ခွပ်လေးတွေက အဝေးက ကြည့်ရင် နွေးထွေးသော ရွှေမှုန်စလေးတွေလိုပင်။
ရှီးယန်က ရှောင်းယီ၏ နောက်မှာ ရပ်နေပြီး မျက်လုံးတွေိကို အောက်စိုက်ရင်း နူးညံ့စွာနဲ့ “သခင်လေး၊ ဒီနေရာကနေ ရေစုန်အတိုင်း မိုင်တစ်ရာကျော် အထိ မိန်းကလေးပေါင်ရီကို ရှာမတွေ့ပါဘူး၊ မြစ်ပြင်မှာ ငါးဖမ်းနေသော လူအိုကြီးတွေနဲ့ မြစ်ကမ်း တစ်လျှောက်မှာ နေထိုင်တဲ့ သူတွေကလည်း ဘယ်သူမှ မတွေ့လိုက်ပါဘူးတဲ့၊ မျောလာတာကို…..”
သူ၏အသံက တဖြည်းဖြည်း တိုးသွားသည်။
သူ၏ခြေဖဝါး အောက်က တိတ်တဆိတ် ကြောက်ရွံ့မှုက တိုးထွက်လာသည်။ သူက ရှောင်းယီ နောက်ကို ငယ်စဉ်ကတည်းက လိုက်ခဲ့တာဖြစ်ပြီး မိန်းကလေး ပေါင်ရီက သခင်လေးအတွက် ဘယ်လို ဖြစ်တည်မှုမျိုး လဲဆိုတာကို သူသေချာ သိထားသည်လေ။
မိန်းကလေး ပေါင်ရီက သခင်လေးကို စနောက်ရတာ ကြိုက်ပြီး ငယ်စဉ်တုန်းက သခင်လေးအတွက် လျှို့ဝှက် သက်တော်စောင့်တွေကတောင် စိတ်ဆိုးခဲ့ကြသည်။ သခင်လေးက ဒီကောင်မလေးကို စက်ဆုပ်ရွံရှာ နေလိမ့်မယ်လို့ ထင်ခဲ့ကြသည်။
သို့ပေမယ့်………..
ပေါင်ရီ မိန်းကလေးကို သခင်လေး ငယ်စဉ်ကတည်းက ဘယ်လို ဆက်ဆံခဲ့လဲဆိုတာ သူကတော့ မြင်ခဲ့လေသည်။
မိန်းကလေး ပေါင်ရီ ငယ်စဉ်က ခေါင်းမာပြီး သူမက အိမ်တော် တစ်ခွင်လုံးကို ပတ်၍ ပြေးဆော့တတ်သည်။ ဆောင်းရာသီ တစ်ခုမှာတော့ သူမက လေတိုက်လို့ ပုံထပ်နေသော နှင်းခဲပုံထဲသို့ ပြုတ်ကျသွားပြီး သတိလစ် နေလေသည်။ သခင်လေးက သူမကို အမြန်ချီပြီး အိပ်ခန်းသို့ ပြန်ပို့ပေးခဲ့သည်။
မိန်းကလေး ပေါင်ရီက သူ၏စာအုပ်တွေကို မီးရှို့ပစ်သည်။ သူက စိတ်မဆိုးသည့်အပြင် သူက စာအုပ် တစ်ထပ် လိုက်ကြီးကို ထပ်ဝယ်ခဲ့ပြီး နဂိုနေရာမှာ ပြန်ထားခဲ့သည်။ သူမက အသီးဝါဝါလေးတွေ သီးသော သစ်ပင်ကြီးရှိသည့် သူနေသော ခြံဝင်းကိုထပ်လာပြီး မီးရှို့ဖို့ တိတ်တိတ်လေး မျှော်လင့်နေခဲ့သည်။
မိန်းကလေး ပေါင်ရီက သူ့ကို သူမစားနေလက်စ မက်မွန်သီးကို စားဖို့ ပြောသောအခါ သခင်လေးက ညစ်ပတ်နေတယ်လို့ မတွေးဘဲ သူမစားထားသော အရာလေး အတိုင်းကို ဝါးစားတတ်သည်။
မိန်းကလေးပေါင်ရီ၏ စွန်က ကျောက်စွန်းမှာ ညိသွားသောအခါ သခင်လေးက တိတ်တဆိတ် သွားယူပေးပြီး သန့်ရှင်းအောင် သုတ်၍ စာရွက်ဟောင်းတွေ ကြားထဲမှာ ဖွက်ထားကာ အချိန်တိုင်း ထုတ်ကြည့်နေ တတ်သည်။
သခင်လေးက ဘေးပတ်ဝန်းကျင်က လူတွေနဲ့ ဆက်ဆံရသောအခါ အမြဲတမ်း တိတ်ဆိတ်ပြီး အေးစက်နေ တတ်သည်။
သူ၏ထူးခြားသော နောက်ကြောင်း ရာဇဝင်ကြောင့် သူက အမြဲတမ်း ခေတ်နောက်ကျ နေသလို ဟန်ဆောင် နေခဲ့ပြီး လူတွေနဲ့ ရင်းနှီး နီးကပ်ဖို့ ငြင်းဆန်ခဲ့ပြီး သူ၏ ငယ်ရွယ် ထက်မြက်လှသော ပုံစံကို ဖော်ပြဖို့ ငြင်းပယ်ခဲ့သည်။
မိန်းကလေးပေါင်ရီနဲ့ တွေ့သော အခါမှသာ သူက လူငယ်လေး တစ်ယောက်လို လန်းဆန်း တက်ကြွနေဟန်က ပေါ်လွင်လာသည်ပင်။
ပြီးနောက် လူငယ်လေး ရှောင်းယီက တိတ်တဆိတ်နဲ့ သူ၏နူးညံ့မှုတွေ အားလုံး နန်းမိသားစုက နန်းကျောင်းကျောင်းလေးကို ပေးထားသည်လေ။
အခုတော့ မိန်းကလေးက မြစ်ရေစီးနဲ့အတူ မျောပါသွားလေပြီ။
သူမကိုသာ ရှာမတွေ့ဘူးဆိုရင် ရှုနိုင်ငံ တစ်နိုင်ငံလုံးကတော့ မုန်တိုင်း ကျတော့မည်ဟု သူအခိုင်အမာကို ယုံကြည်နေမိသည်။
လေတိုက်သံက သားရဲကောင်ကြီး ဟိန်းဟောက် နေသကဲ့သို့ပင်။
ရှောင်းယီက ခေါင်းကိုမော့၍ သူ၏လက်ချောင်းထက်က လက်စွပ်နှစ်ကွင်းကို ခံစားချက် အပြည်နဲ့ နမ်းရှိုက်လိုက်သည်။
ဒါလေးတွေက နန်းကျောင်းကျောင်း သူ့ကိုပေးထားတာ……
သူမက ရတနာတွေကို ကြိုက်တတ်တယ်….
ရှီးယန်က စိုးရိမ်ပူပန်စွာနဲ့ မေးလိုက်သည်။
“သခင်လေး၊ ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ”
အဆိုးဆုံး အခြေအနေကတော့ မိန်းကလေးပေါင်ရီက မြစ်ထဲမှာ ပျောက်ကွယ်သွားတာ ဖြစ်သည်။ စစ်သည် တစ်သိန်းက လှေတွေနဲ့ ဆယ်ရှာတာတောင် နောက်ကျသွားမှာကို စိုးရိမ်မိသည်။
ရှောင်းယီက သူ့ကို မဖြေပါချေ။
သူ၏လက်ကောက်ဝတ်မှာ ပတ်ချည်ထားသော နန်းကျောင်းကျောင်း သူ့ကိုပေးထားသော ကံကောင်းစေသော အကြွေစေ့လေးနဲ့ အနီရောင် ခေါင်းစည်းကြိုးလေးကို ဖြေလိုက်သည်။
သူက လှိုင်းထန်နေသော မြစ်ပြင်ကျယ်ကို ကြည့်ရင်းပြုံး၍ “ရှေးခေတ်ဟောင်း ရိုးရာအရ၊ မြစ်ထဲကို ဒင်္ဂါးပစ်ချတာက နဂါးဘုရင်ကို ပူဇော်ပြီး ငြိမ်းငြိမ်းချမ်းချမ်း နေရဖို့အတွက် ဆုတောင်းတာသော၊ ငါက ဒီ ကံကောင်းစေသော ငွေဒင်္ဂါးလေးကို သုံးပြီး နဂါးဘုရင်ကို လာဘ်ထိုး ချင်တယ်၊ နန်းကျောင်းကျောင်းကို ကံကောင်းခြင်းတွေ ပေးဖို့၊ လုံခြုံနေစေဖို့ ငါလာကယ်မှာကို အသက်ရှင်ရက် စောင့်နေစေဖို့”
ရှီးယန် မျက်မှောင်ကြုတ် သွားတော့သည်။
သူ့သခင်လေးက ဘုရားသခင်နဲ့ နတ်တွေကို အယုံအကြည် မရှိတတ်။
ဒါပေမယ့် မိန်းကလေး ပေါင်ရီကြောင့် သူက တကယ်ကို မျှော်လင့်ချက် တစွန်းတစနဲ့ နဂါးဘုရင်ကို ပူဇော်ပသ ချင်နေတယ်……..
“သခင်လေး”
သူက နူးညံ့စွာနဲ့ ဖျောင်းဖျ လိုက်သည်။
“လောကကြီးမှာ နတ်ဘုရားတွေဆိုတာ မရှိပါဘူး၊ နတ်ဘုရားတွေ ဆိုတာက လူတွေရဲ့ စိတ်ကူးယဉ်မှု ကနေ စိတ်ခွန်အားပေးဖို့ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ဖြစ်လာတဲ့ အရာတွေပါ”
ရှောင်းယီက သူ့စကားကို မျက်ကွယ် ပြုလေသည်။
သူက ကံကောင်းစေသော အကြွေစေ့လေးကို လေထဲ ပစ်လွတ်လိုက်သည်။ အကြွေစေ့လေးက အမြန်ပဲ နစ်မြုပ်သွားပြီး ဘာအစအနမှ မကျန်အောင် ပျောက်ကွယ် သွားတော့သည်။
နောက်ချက်ချင်းပင် ရှောင်းယီက မြစ်ဘက်သို့ မျက်နှာမူပြီး ခုန်ချသွားတော့သည်။
“သခင်လေး”
ရှီးယန်က အလွန် ထိတ်လန့် သွားတော့သည်။
သူ့မှာ ရှောင်းယီ၏ ဝတ်ရုံလက် အစလေးကိုတောင် ဖမ်းဆွဲဖို့အချိန် မရလိုက်ပါချေ။ သူ မြစ်ထဲခုန်ချသွား တာကို စောင့်ကြည့်နေရုံသာ တတ်နိုင်တော့လေသည်။
***
ဘယ်နေရာမှာများ ရှိနေမလဲ …
ပြောကြတာတော့ နတ်ဘုရားဆိုတာ တကယ်မရှိဘူး၊ ရှင်သန်ခြင်းအတွက် စိတ်ကူးယဉ်မှု တစ်ခုပဲသော၊ သေခြင်းနဲ့ အကျွမ်းတဝင် ရှိနေဖို့ ကံကောင်းခြင်းတွေနဲ့ ချစ်ခြင်းတွေအတွက် ဆုတောင်းရမယ်တဲ့…..
ရှောင်းယီက မြစ်ထဲမှာ အစုန်အဆန် ကူးခတ်နေသည်။
သူက စုတ်ဝဲထဲသို့ ကိုယ့်ကိုယ်ကိုယ် နှစ်မြှုပ်လိုက်ပြီး မြစ်အောက်ခြေက ဘယ်နေရာမှန်း မသိတဲ့ဆီသို့ သူ့ကိုပို့ဆောင်မှာကို စောင့်ဆိုင်းနေသည်။
တကယ်လို့…. တကယ်လို့များ နန်းကျောင်းကျောင်းက ကမ်းပေါ်ကို ပြန်မတက် နိုင်တော့ဘူးဆိုရင် သူမက ရေအောက် တစ်နေရာမှာ ရှိနေလိမ့်မည်။ သူမ၏ အစ်ကို ၂ က လာကယ်မှာကို စောင့်နေလိမ့်မည်။
နန်းကျောင်းကျောင်း အစ်ကိုရောက်လာပြီ……
ရှောင်းယီ၏ နှုတ်ခမ်းတွေ ကော့ညွတ်ပြီး ညင်သာသော အပြုံးလေးတစ်ပွင့်ကို ပြုံးလိုက်သည်။
တခြားလှိုင်းလုံး တစ်ခုက ရိုက်ခတ်လာပြီး သူက မြစ်တွင်းသို့ ပိုပိုပြီး နစ်မြုပ်သွားတော့သည်။
***
ရှုနိုင်ငံ၏ မိုးခေါင်ရေရှားမှုကြီးကြောင့် မင်ကျန်းမြစ်၏ မြစ်ရေချိန်က ပုံမှန်ထက် အများကြီး နိမ့်နေသည်။
ကမ်းပါးဘေး နှစ်ဖက်လုံးက သင်္ချိုင်းတွေဟာ လေပေါ်ပေါ်လာကြပြီး အနက်ရောင် ဂူတွေ အများအပြားက ရွံ့နွံနံရံမှာ ပေါ်လာသည်။ ရှေးလူတွေ၏ ဂူသင်္ချိုင်းတွေဖြစ်သည်။
နန်းပေါင်ရီက နာကျင်မှုတွေ နှင့်အတူ နိုးလာသည်။ သူမက စိုစွတ်နေသော ရွံ့မြေပေါ်မှာ လဲနေပြီး ညာဘက် ခြေထောက်က ကျိုးသွားပုံပင်။ အပ်ပေါင်းများစွာနဲ့ ထိုးနေသလို သူမ၏ ဒူးခေါင်း တစ်လျှောက် ပျံ့နှံ့လာသော နာကျင်မှုက အဆုံးမရှိပင်။ သူမ တစ်ကိုယ်လုံးကို ဖြန့်ကြက် သွားပြီး လှုပ်ရှားလို့မရ ဖြစ်စေသည်။
ဖြူဖွေး သေးသွယ်သော လက်ချောင်းလေးတွေက မြေပြင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ထားပြီး လက်ဖမိုးက သွေးကြော ပြာတွေတောင် ထောင်ထလာသည်။ ဆွဲမက်ဖွယ် ကောင်းသော မျက်နှာလေးက ဆိုးဝါးလှသော နာကျင်မှုကြောင့် ရှုံ့မဲ့နေပြီး နှုတ်ခမ်းကို သွားတွေနဲ့ ဖိကိုက်ထားမိသည်။
နာ..လိုက်…တာ….
အရမ်းနာတယ်……
သူမက အလွန်နာကျင်နေပြီး သခင်မချန်နဲ့ သူ့သားကို ကိုက်သတ်ပစ် လိုက်ချင်သည်။
သူမက မျက်ရည်တွေ စိုလူးရင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
အလင်းရောင်က မှိန်ဖျော့ဖျော့…
ဂူက စိုထိုင်းနေပြီး မင်ကျန်းမြစ်၏ ကမ်းပါးဘေးက ဂူတစ်လုံးဖြစ်သည်။ ဂူက စိုစွတ်နေတာကြောင့် လေထုက ငါးပုစွန်တွေ၏ ချဉ်စုတ်စုတ် အနံ့ဖုံးလွှမ်းနေပြီး အော်ဂလီဆန်စရာ ကောင်းလှသည်။
အနီးနားက ရှေးခေတ်လူတွေ လုပ်ထားသော ဂူတွေဖြစ်တာကြောင့် အမြဲလင်း မီးတိုင်က ကြီးကျယ်ခမ်းနားသော ဂူသင်္ချိုင်း နံရံပေါ်မှာ ရှိနေသေးသည်။ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တာကြောင့် ရေညှိတွေတက်ပြီး ကျိုးပဲ့နေလေသည်။
သူမ၏ ရှေ့ညာဘက်ခြမ်းမှာတော့ ရှေးခေတ်က ကြီးမား လေးလံသော ကျောက်ခေါင်းတလား တစ်လုံး ရှိသည်။
နန်းပေါင်ရီက သနားစဖွယ် ကောင်းလှစွာနဲ့ မျက်ရည်တွေကို သုတ်ဖယ်လိုက်သည်။
သူမလို သေခြင်းတရားနဲ့ ပတ်သက်ပြီး အလွန် သနားစရာ ကောင်းသောသူ လောကမှာ ထပ်မရှိနိုင် လောက်ပေ။ ပထမဆုံး သူမ၏ခြေထောက်က သွင်သွင်ကျိုးနေပြီး မြစ်ကလည်း တစ်စုံတစ်ယောက်၏ သင်္ချုင်းထဲသို့ ပို့ပေးလိုက်သည်။ အခုတော့ သူမက အခေါင်းတစ်ခု နှင့်အတူ နေနေရလေပြီ။
သူမက ကျောက်ခေါင်းတလားကို တစ်ချက် ကြည့်လိုက်သည်။
သူမကို ဘယ်သူကမှ လာမကယ်ရင် သူမက အခေါင်းထဲမှာ ဝင်လှဲ နေလိုက်တော့မယ်လို့ တွေးမိသည်။
အခေါင်းကတော့ လုံခြုံလောက် ပါသေးသည်။
“အား….. အရမ်း ဝမ်းနည်းဖို့ ကောင်းတာပဲ”
သူမက မျက်ရည်တွေ စီးကျလာပြီး အသက်ရှင်ဖို့ မျှော်လင့်ချက် ပြင်းပြင်းပြပြနဲ့ ကျိုးနေသော ညာခြေကို တရွတ်တိုက်ဆွဲ၍ ဂူ၏အပြင်ဘက်ကို တွားသွား ထွက်လိုက်သည်။
သူမ ပြန်လည် မွေးဖွားလာပြီးနောက် ကျင်းကွမ်မြို့၏ ရှုမျှော်ခင်းတွေကို လုံလောက်အောင် မကြည့်ရသေးပေ။ ပုတီးစေ့ ကန့်လန့်ကာနဲ့ ထမ်းစင်ပေါ်လည်း မတက်ရသေးပေ။ သူမအဘွား၏ ဒူးခေါင်းအောက်မှာ သမီးတစ်ယောက်၏ ဝတ္တရားတွေကိုလည်း ကျေပွန်အောင် မဆပ်ရသေးပေ။ သူမ လက်တုံ့လည်း မပြန်ရသေးပါပေ။ ဒီလို ဆိုးဝါးလှသော နေရာမျိုးမှာ ဘယ်လိုလုပ်ပြီး သေလို့ဖြစ်ပါ့မလဲ။
သူမ၏ဒူးဆစ် နာကျင်မှုက ပြင်းထန်လှသည်။
သူမက ဂူအပြင်ဘက်ကို ကုတ်တက်လို့ မရဖြစ်နေပြီး အလွန်အမင်း နာကျင်မှုက ထပ်တစ်ဖန် စလာပြန်သည်။
အနက်ရောင်ဝတ် ကိုယ်ရံတော် တစ်စုက ပင့်ကူလို တွားသွားပြီး မင်ကျန်းမြစ် တစ်လျှောက် ဂူတွေကို လိုက်ရှာနေသည်။ သူတို့က နက်စွေးပြီး ထူထဲသော ဝတ်စုံကို ဝတ်ဆင်ထားပြီး ဝံပုလွေခေါင်းကို သူတို့၏ ဝတ်စုံမှာ ချည်ထိုးထားသည်။ အားလုံးက အရည်အချင်း ပြည့်ဝသော သူတွေပင်။
သူတို့ထဲက တစ်ယောက်က ဂူဝမှာ ပေါ်လာပြီး နန်းပေါင်ရီကို တစ်ချက် ကြည့်လိုက်ပြီး ပျော့ပျောင်းစွာ လေချွန်သံ ပြုလိုက်သည်။
တခြား အနက်ရောင် ကိုယ်ရံတော် တစ်ယောက်က ရောက်လာတော့သည်။
ခေါင်းဆောင်က ခေါင်းတလားကို ကြည့်၍ တည်ငြိမ်စွာနဲ့ အမိန့်ပေးလိုက်သည်။
“ကောင်မလေးရဲ့ အပြင်ဝတ်အင်္ကျီကို ဂူအပြင်ဘက်မှာ ရှောင်းယီ အာရုံစိုက်မှုရအောင် ချထားလိုက်၊ ခေါင်းတလားရဲ့ အဖုံးကို အတူတူ တွန်းကြမယ်၊ ကောင်မလေးကို ပစ်ထည့်လိုက်ပြီး ဂူပေါ်မှာ ယမ်းတွေ လုံလောက်အောင် ထည့်ထားလိုက်မယ်၊ ရှောင်းယီ ရောက်လာရင် သူက ဒီမှာ ပေါက်ကွဲသွားမှာပဲ”
***