အပိုင်း (၂၅၆)
မြားတစ်စင်းက စစ်သည်ထောင်ပေါင်းများစွာကို စုစည်းစေနိုင်တယ်
“နန်းပေါင်ရီရဲ့ ခြေထောက်ကို ကျန်းမိသားစုက ချိုးပစ်လိုက်ပြီး သူမက မြစ်ထဲ ခုန်ချသွားတယ်”
ကျောက်စိမ်းလမ်း သေရည်ဆိုင်တွင်…..
နားနေခန်းမှာ ချိတ်ဆွဲထားသော ပုတီးစေ့ ကန့်လန့်ကာ၏နောက် ထောင့်နားမှာတော့ မီးတောက်နေသော အမွှေးနံ့သာ အိုးလေးက တောက်လောင်နေသည်။
အပြာရောင်ရင့်ရင့် ဝတ်စုံကို ဝတ်ထားသော မိန်းကလေးက ကျက်သရေရှိစွာနဲ့ ထိုင်ဖုံပေါ်မှာ ဒူးထောက်ထိုင်နေပြီး လက်ဖက်ရည် စပ်နေသည်။
ရွယ်မေ့၏ ရင်းနှီးသော သူငယ်ချင်း ရှမင်ဟွေးပင်။
သူမက မျက်တောင်တွေကို စိုက်ချလိုက်ပြီး နှုတ်ခမ်းထောင့်စွန်းတွေက အပြုံးဟန်ဖြင့် “သတင်းက ယုံရရဲ့လား”
အစေခံက ရိုကျိုးစွာနဲ့ “အစေခံ၏ အစ်ကိုကြီးက ကျန်းအိမ်တော်၏ ကိုယ်ရံတော် အဖွဲ့ကပါ၊ သူကိုယ်တိုင် သူ့မျက်လုံးနဲ့ မြင်ခဲ့တာမို့ အတုအယောင် မဖြစ်နိုင်ပါဘူး၊ သူရဲ့ ဒူးခေါင်းက သွင်သွင် ကျိုးသွားပြီး အသက်ရှင်ရင်တောင် သူက ဒုက္ခိတဖြစ်မှာ စိုးရတယ်”
ရှမင်ဟွေးက ခပ်တိုးတိုး ရယ်မောလိုက်သည်။
သူမက မျက်လုံးတွေကို ပင့်လိုက်ပြီး “နန်းယန်၊ နင်တစ်ခါ ငါ့ကိုစာပို့လာတယ်လေ၊ နန်းပေါင်ရီက ငါ့ဝမ်းကွဲအစ်မ ရှချင်ချင်ကို သတ်တဲ့ လူသတ်သမားလို့၊ အခုတော့ သူက ငါတို့လက်ချက် မဟုတ်ဘဲနဲ့ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီ၊ ငါတို့ တစ်ခွက်လောက် သောက်ပြီး ဂုဏ်ပြုသင့်တာပေါ့”
သူမက လန်းဆန်းစွာနဲ့ ကြိုချက်ထားသော လက်ဖက်ရည်ကို ပုတီးစေ့ ကန့်လန့်ကာ၏ အပြင်ဘက်သို့ ကမ်းပေးလိုက်သည်။
ကန့်လန့်ကာ အပြင်ဘက်တွင်တော့….
နန်းယန်က ဒူးထောက်ထိုင်နေပြီး သူမ၏ပါးပြင်က ချန်းတယ်ယွီ၏ ပါးရိုက်ခံရတာကြောင့် အနည်းငယ်နီရဲပြီး ယောင်ကိုင်းနေဆဲပင်။
အခုတော့ သူမက နန်းပေါင်ရီ ကျရှုံးသွားသော သတင်းကို ကြားသောအခါ အလွန်ပျော်ရွှင်စွာနဲ့ ရယ်မောမိတော့သည်။
သူမက လက်ဖက်ရည်ခွက်ကို ယူလိုက်ပြီး “အဲဒီ ခွေးမက အလှအပကို အကြိုက်ဆုံးပဲ၊ ဒုက္ခိတဖြစ်သွား ရင်တော့ ကြည့်ကောင်းပြီ”
လက်ဖက်ရည်နံ့လေးက သင်းပျပျ မွှေးနေသည်။
ရှမင်ဟွေးက နွေးထွေးစွာနဲ့ “ဒါပေမယ့် သူ့ကိုငါက ဒုက္ခိတဖြစ်စေချင်တာ မဟုတ်ဘူး၊ ငါ မြို့တော်ကနေ ထွက်လာတုန်းက ရှချင်ချင်ဆီကနေ စာတွေ မကြာခဏ ရတတ်တယ်၊ သူက နန်းပေါင်ရီကြောင့် ရောဂါတောင် ရသွားတာမို့ နန်းပေါင်ရီကို အရမ်း စိတ်ဆိုးတယ်တဲ့၊ ဟွားလျိုရောဂါကို ရခဲ့တာ၊ နင်ငါ့ကို ပြောတယ်၊ နန်းပေါင်ရီက ချင်ချင်တို့ မိသားစုကို သတ်၊ ထောင်သားကို ငွေပေးပြီး ရှချင်ချင်ကို လည်ပင်း ညှစ်သတ်ခိုင်းတယ်လို့…. ငါ့မှာ ဝမ်းကွဲဆိုလို့ အသတ်ခံလိုက်ရတဲ့ ချင်ချင်တစ်ယောက်ပဲ ရင်းရင်းနှီးနှီး ရှိတာ၊ ငါကွမ်ရှန်မြို့ကို ဒီတစ်ခေါက် လာတာက သူရဲ့ရန်သူကို ရှင်းပစ်ဖို့ပဲ၊ နန်းပေါင်ရီက ရေထဲကို ကျသွားတာ ငါတို့အတွက် အချိန်ကောင်းပဲ”
နန်းယန်က ဝန်လေး သွားရသည်။ သူမက နန်းပေါင်ရီကို သူ၏ခြေထောက် အောက်မှာ နင်းချေပြီး ဒီခွေးမက သူမလို လက်ထပ်ပွဲ ကောင်းကောင်း မပြုရဘူးဆိုပြီး လူတိုင်းကို မြင်အောင်ပြချင်တာ ဖြစ်သည်။ သူမထက်လည်း အဆင့်အတန်း မမြင့်ဘူးလို့ပင်။
နန်းပေါင်ရီကို သူမက သိမ်ငယ်အောင် အရှက်တကွဲ ဖြစ်အောင် လုံးလုံးလျားလျား မလုပ်ရသေးခင် သူမ၏အသက်ကို မဆုံးစေချင်သေးပေ။
“တကယ်ဆို ငါက အမြစ်ကို မနုတ်ဘဲ မြက်ရိတ်တာကို အမုန်းဆုံးပဲ”
ရှမင်ဟွေးက လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး “အသက်ရှင်နေသေးရင် လူကိုမြင်ချင်တယ်၊ သေသွားရင်လည်း အလောင်းကို မြင်ချင်တယ်၊ မင်ကျန်းမြစ် တစ်လျှောက် အောက်ပိုင်းအထိ နန်းပေါင်ရီကို သွားရှာကြ၊ တကယ်လို့ သူအသက်ရှင် နေသေးရင် ဆိုးဆိုးဝါးဝါး နှိပ်စက်ပြီး နောက်တစ်ခေါက် ထပ်သတ်ပြီး မင်ကျန်းမြစ်ထဲကို ပစ်ချလိုက်၊ ဒီနည်းနဲ့ဆို ချင်ချင်၏ ဝိညာဉ်က ကောင်းကင်ပေါ်ကနေ စိတ်ချမ်းသာ နိုင်လောက်ပါပြီ”
ရှမိသားစု၏ ကိုယ်ရံတော်တွေက ချက်ချင်း အမိန့်ကို လိုက်နာ လိုက်ကြသည်။
“ခဏလေး…”
နန်းယန်က သူမကို အသံကျယ်ကျယ်နဲ့ တားမြစ်လိုက်သည်။
သူမက ကြွေခွက်လေးကို လက်ချောင်းတွေနဲ့ ညင်သာစွာ ပွတ်သပ်ရင်း နက်နက်ရှိုင်းရှိုင်း တွေးတောဟန်နဲ့ “နင်သူ့ကိုသတ်ဖို့ မဖြစ်နိုင်ဘူး၊ ရှမမလေးက ရှောင်းယီကို ဘယ်လို ရှင်းပြမယ်လို့ တွေးထားလဲ နင် ဒါမှမဟုတ် ငါ တစ်ယောက်ယောက်ကတော့ အမတ်မင်းရဲ့ ဒေါသသင့်ကြရမှာပဲ”
ရှမင်ဟွေးက ငြိမ်သက် သွားတော့သည်။
ဘုရင်ခံရွယ်တောင်မှ ရှောင်းယီကို ကြောက်နေရသည်၊ သူမ တစ်ယောက်တည်းသာဆို
အချိန်အတန်ကြာမှ သူမက တိုးသဲ့သဲ့ဖြင့် “နန်းပေါင်ရီကို ငါးစာလိုသုံးပြီး ရှောင်းယီကို ငါးစာချတာ ပိုကောင်းမယ်၊ ပြီးမှ ချုံခိုတိုက်ခိုက်ပြီး သူတို့နှစ်ယောက်လုံးကို မြစ်ထဲ ပစ်ချလိုက်ရမယ်….”
သူမက တစိမ့်စိမ့် ချင့်ချိန်ပြီး ကိုယ်ရံတော်တွေကို “မင်းက အခုချက်ချင်း ဘုရင်ခံရွယ်ကို နန်းပေါင်ရီ အကြောင်း သွားပြောလိုက်၊ ပြီးတော့ ဝံပုလွေ ကိုယ်ရံတော်တွေကို လွှတ်ပေးပြီး သူ့ကိုရှာဖို့ မင်ကျန်းမြစ်ရိုး တစ်လျှောက်က ကမ်းပါးလှိုင်ဂူတွေမှာ ရှာပေးဖို့ပြောလိုက်”
နန်းယန်က စူးစမ်းချင်စိတ်ဖြင့် “မမလေးရှ၊ ဘာလို့ မင်ကျန်းမြစ်ရိုး တစ်လျှောက်က ကမ်းပါးလှိုင်ဂူတွေမှာ ရှာခိုင်းတာလဲ သာမန်လူ တစ်ယောက် ရေထဲကျသွားရင် အားလုံးက ရေစုန်ကိုပဲ မြောသွားကြတာ မဟုတ်ဘူးလား”
“နင်မသိတာ ရှိသေးတယ်”
ရှမင်ဟွေးက တည်ငြိမ်စွာနဲ့ “ငါတို့မိသားစုက မင်ကျန်းမြစ် တစ်ဝိုက်မှာ နှစ်တွေ အကြာကြီး နေခဲ့တာ၊ အဲဒါကြောင့် မင်ကျန်းမြစ်၏ ဘေးနှစ်ဖက်မှာ ရှေးသင်္ချိုင်းတွေ အများကြီး ရှိတာကို သိတယ်၊ အဲဒါတွေက မြစ်ရေအောက်မှာ အမြဲတမ်း မြုပ်နေပြီး မိုးခေါင်မှု ကြီးကြီးမားမား ဖြစ်တော့ မြစ်ရေ ကျသွားသောအခါ လိုဏ်ဂူတွေက ပေါ်လာကြတယ်၊ အဲဒီ အချိန်မှာ လူတွေက ရေထဲကိုကျသွားရင် တစ်ခါတလေ ဂူတွေထဲကို အလွယ်လေး ဝင်နေနိုင်တယ်၊ လူတစ်ယောက်ကိုရှာဖို့ အဲဒီ ဂူတွေမှာ သွားရှာတာက အကောင်းဆုံး နည်းလမ်းပဲ”
နန်းယန်က ရုတ်တရက် နားလည်သွားတော့သည်။
***
တခြားဘက် တည်းခိုဆောင် အထူးခန်းမှာတော့….
ရှောင်းယီက ခရုအစပ်ကင် တစ်အိတ်နဲ့အတူ ပြန်လာပြီး အသံခပ်လေးလေးနဲ့ ခေါ်လိုက်သည်။
“နန်းကျောင်းကျောင်း၊ အစ်ကိုမင်းအတွက် အစားကောင်းလေးတွေ ဝယ်လာတယ်”
သူက တံခါးကိုဖွင့်လိုက်သည်။
အခန်းထဲမှာတော့ ပိုးထည်သေတ္တာတွေ အပုံလိုက်ကြီးနဲ့ ပြည့်နေပြီး ရတနာအားလုံးက ကျောက်စိမ်းလမ်း ကျောက်မျက်ရတနာဆိုင်မှ ဖြစ်သည်။
အဖိုးတန်လှသော ပိုးထည်တွေ၊ ဖဲစတွေ၊ ပန်းထိုးဖိနပ်တွေ အားလုံးက ကြမ်းပြင်ပေါ်မှာ ရှိနေသည်။ ရပ်ဖို့နေရာတောင် မရှိတော့ပေ။
ရှောင်းယီ၏ နှုတ်ခမ်းက ကွေးညွတ်သွားတော့သည်။
နန်းကျောင်းကျောင်းလေးက ဈေးဝယ် ထွက်ရတာကို တကယ်ကြိုက်တာပဲ….
သူက စားပွဲပေါ်သို့ ခရုအစပ်ကင်ကို တင်လိုက်ပြီး အနီရောင်ပိုးဖဲ ဝတ်စုံအသစ်ကို ယူ၍ ကိုယ့်ဘာသာ လက်နဲ့တိုင်းထွာ ကြည့်သည်။
တိုင်းတာပြီးနောက် သူက အထင်သေးစွာနဲ့ အောက်ခံဝတ်စုံကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။
နန်းကျောင်းကျောင်းက တကယ်ပဲ ဒီလို တန်ပုံစံ တိုကပ်နေသော ဝတ်စုံကို ဝယ်ရဲတယ်ပေါ့…
ဝယ်တုန်းအချိန်မှာ ပျော်ရွှင်နေပေမယ့် သူမဝတ်သောအခါ ကျတော့ရော….
သူက ထိုင်ခုံမှာ ထိုင်လိုက်ပြီး ခြေတံတွေကို ဖြစ်သလို ချိတ်ထိုင်လိုက်သည်။ ခရုကိုယူပြီး စားဖို့ပြင်လိုက်သည်။
စားပြီးပြီးချင်းမှာပဲ ရှီးယန်က အပြင်ဘက်ကနေ စိတ်လှုပ်ရှားစွာနဲ့ ပြေးဝင်လာခဲ့သည်။
သူက အမြန် အရိုအသေ ပြုလိုက်ပြီး “သခင်လေး၊ မိန်းမကြီး တစ်ယောက်က တည်းခိုခန်းကို လာပြီး မိန်းကလေးပေါင်ရီ၏ မိသားစုကို လာရှာတယ်၊ မမလေးပေါင်ရီ ….. တစ်ခုခုဖြစ်တာ ဖြစ်နိုင်တယ်”
တည်းခိုခန်း၏ ခန်းမဆောင်မှာတော့…..
အမွှေးအိတ်လေးတွေ ရောင်းသော မိန်းမကြီးက စိတ်လှုပ်ရှားစွာဖြင့် ရှောင်းယီ၏ ဝတ်စုံလက်ကို ဆွဲလိုက်ပြီး တုန်တုန်ရီရီနဲ့ “ကျွန်တော်မျိုးမ မြစ်ကမ်းပါးမှာ ရှိနေတုန်းက အောက်တရားသူကြီးရဲ့ ဇနီးနဲ့ သားက မိန်းကလေးကို နန်းပေါင်ရီလို့ ခေါ်လိုက်တာကို ကြားလိုက်ရပါတယ်၊ မိန်းကလေးက ရှုနိုင်ငံ ကျင်းကွမ်မြို့က နန်းမိသားစုက များလားလို့ ထင်မိလို့ပါ၊ ချမ်းသာတဲ့ ကောင်မလေးက နန်းမိသားစုရဲ့ သခင်မလေးပဲ ဖြစ်လိမ့်မယ်၊ ကျွန်မက ထပ်ကြား လိုက်သေးတယ်၊ နန်းအိမ်တော်က အမတ်မင်းက လာကယ်လိမ့်မယ်တဲ့၊ အဲဒါကြောင့် လမ်းမှာ ရှာလာခဲ့တာပါ”
သူမက ကြောက်လန့်နေပြီး အသက်မရှူနိုင်အောင် မွန်းကျပ်လုနီးပါး ဖြစ်နေပြီး နန်းပေါင်ရီ၏ အခြေအနေကို ပြောပြလာသည်။
ရှီးယန်က ဘေးမှနားထောင်နေပြီး မျက်လုံးတွေက အံ့အားသင့်လွန်းလို့ ထိတ်လန့် သွားတော့သည်။
ပုံမှန်လူတစ်ယောက်၏ ဒူးက ကျိုးသွားခဲ့ရင် သေတာထက်တောင် ဆိုးသော နာကျင်မှုကို ခံစားရသည်။ ကျောင်းကျောင်းလို မိန်းကလေး ငယ်လေးဆိုရင် ဘယ်လောက်တောင် နာကျင်လိုက်မလဲ ကျန်းမိသားစုက အရမ်းကို ရက်စက်ယုတ်မာ လွန်းသည်။
သူက သခင်လေးကို ကြည့်လိုက်မိသည်။ အမတ်မင်း၏ အခန်းထဲမှာ နေစဉ်က ပျင်းရိ ငြီးငွေ့မှုတွေက ကွယ်ပျောက်သွားပြီး မုန်တိုင်းတစ်ခုလို အကြင်နာ ကင်းမဲ့ခြင်းနဲ့ ရက်စက်ခြင်းတို့သာ တင်ကျန် နေတော့သည်။
သို့သော်လည်း သူ၏အမူအရာက ပြုံးနေသယောင်….
ထိုအပြုံးက ခန့်ညားနေပေမယ့် ကြက်သီးထစရာ ကောင်းလှသည်။
“သခင်မချန်၊ ကျန်းယွမ့်ဝမ်….”
ရှောင်းယီက နာမည်နှစ်ခုကို ဝါးစားချင်နေသလို ရွတ်နေပြီး သူ၏နှုတ်ခမ်းထောင့်ကို လျှာနဲ့သပ် လိုက်သည်။
သူ၏အသံက တသီးတခြားဖြစ်စွာ ညင်သာနေပြီး “စစ်သည်တွေကို ခေါ်လိုက်၊ ကျန်းအိမ်တော်ကို သွားမယ်”
ရှီးယန်က မေးလိုက်သည်။
“စစ်သည်ဘယ်နှယောက်လောက် ခေါ်ရမလဲသခင်လေး”
“စစ်သည်တစ်သိန်း”
ရှီးယန်က တောင့်တင်း သွားတော့သည်။
သူက တည်းခိုခန်းထဲက အမြန်ထွက်သွားပြီး ပြင်းရှစွာနဲ့ ပြောလိုက်သည်။
“မြားပစ်”
ပေါ့ပါးသော ငှက်တောင်လို မြားတံက လေတိုးသံသဲ့သဲ့ နဲ့အတူ ကောင်းကင်ယံထက်သို့ ပစ်ခွင်းလိုက်ပြီး နေ့အလင်းရောင်မှာ မီးရှူးမီးပန်းတွေက ပေါက်ထွက်သွားကာ ကောင်းကင်ပေါ်မှာ အချိန်အကြာကြီး တည်နေလေသည်။
ကွမ်ရှန့်မြို့က လူတွေက သိချင်စိတ် ပြင်းပြစွာနဲ့ ကြည့်လိုက်ကြသည်။
သိပ်မကြာလိုက်၊ သူတို့က အဝေးမှလာနေသော မြင်းခွာသံတွေကို ကြားလိုက်ရသည်။
ကျော်လွှားရန် ခက်ခဲလွန်းစွာ၊ အံ့အားသင့်လွန်းပြီး ဆွံ့အသွားကြတော့သည်။
မြားတံလေး တစ်ချောင်း ပစ်လိုက်ရုံနဲ့ ထောင်ပေါင်း များစွာသော စစ်သည်တွေက စုရုံးလာကြသည်။
စစ်သည် တစ်သိန်းက ကွမ်ရှန့်မြို့၏ အရပ်မျက်နှာအစုံမှ မြင်းကို ကဆုန်စိုင်းပြီး ပြေးလာကြသည်။ တောင်တွေကိုဖြတ်၊ ရေတွေကိုဖြတ်၊ မြို့တွေကိုဖြတ်ပြီး မဟာပထဝီမြေကြီးက တုန်ခါလာလေသည်။
ရှောင်းယီက အေးစက်တောင့်ခဲသော မျက်နှာထားနဲ့ တိုက်မြင်းပေါ်မှာ ရပ်နေသည်။
လူနဲ့မြင်းက တကိုယ်လုံး နက်စွေးနေပြီး ထောင်ပေါင်း များစွာသော စစ်သည်တွေ၊ မြင်းသည်တော်တွေကို ဦးဆောင်၍ ကျန်းမိသားစု အိမ်တော်သို့ ဦးတည်၍ မြင်းကိုဒုန်းစိုင်း သွားတော့သည်။
ကျန်းမိသားစုအိမ်တော်ကို ဝန်းရံပြီးလေပြီ။
ကျန်းအိမ်တော်၏ ပင်မခန်းမဆောင်မှာတော့…….
ကျန်းတုဝေက အလျင်စလို စိုးရိမ်ကြောင့်ကြစွာနဲ့ သူ၏မုတ်ဆိတ်မွှေးကို လိမ်ကျစ်နေသည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ….ဟုတ်တယ်၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ရုတ်တရက် သူက သခင်မချန်ကို ရက်စက်ကြမ်းတမ်းစွာ စိုက်ကြည့်လိုက်ပြီး “အားလုံးက မင်းကြောင့်၊ နန်းအိမ်တော်ကို ရန်စတာက ရတယ်၊ အခုတော့ သူတို့က ရှောင်းယီကြောင့် တောင့်တင်း ခိုင်မာနေပြီ၊ ဒါက ငါတို့မိသားစုကို အကောင်း ဖြစ်လာစေမှာလား၊ အဆိုးဖြစ်လာမှာလား၊ ငါမင်းကို မေးပါဦးမယ်”
သခင်မချန်က ထိုင်ခုံပေါ်မှာ တည်ငြိမ်စွာ ထိုင်နေသည်။ သူမက လက်ဖက်ရည်ကို လောင်းထည့်ရင်း အပြုံးတစ်ပွင့်နဲ့ လက်ဖက်ရည်ကို အနံ့ခံလိုက်သည်။
“သခင်ကြီး”
သူမက နွေးထွေးစွာနဲ့ “ဘုရင်ခံချန်းက ရှောင်းယီကို သုံးရက်အတွင်း ကူညီထောက်ပံ့ရေး ငွေတွေ ရှာခိုင်းထားတယ်၊ အခုဆို နှစ်ရက်မြောက်နေပြီ၊ သူက စိတ်လောလွန်းနေပြီး စိတ်ဆိုး နေလောက်ပြီ၊ အဲဒါကြောင့် ဘယ်လိုလုပ်ပြီး သူက ကျွန်မတို့ဘက်ကို လှည့်နိုင်မှာလဲ သူဘာမှလုပ်နိုင်မှာ မဟုတ်ဘူး”
“ဟုတ်တယ်”
ကျန်းယွမ့်ဝမ်က ကျောက်စိမ်းလို ယဉ်ကျေးသော သခင်လေးဆိုသည့် ဂုဏ်ပုဒ်ကို ထိန်းသိမ်းဖို့ အလွန်ပျင်းရိ နေပြီး သူ၏ဘေးမှာထိုင်၍ “အဖေ၊ ဘာပဲဖြစ်ဖြစ် နန်းပေါင်ရီက မင်ကျန်းမြစ်ထဲမှာ သေသွားပြီ၊ အဲဒါကြောင့် ရှောင်းယီကို ပေါ့ပေါ့ပါးပါးလေး ပေးလိုက်ပေါ့၊ အဖေက အစိုးရရုံးတော်က အရာရှိပဲ၊ သူက အဖေ့ကိုမသတ်နိုင်ပါဘူး”
***