အပိုင်း (၂၅၅)
သံတုတ်နဲ့ သူမ၏ဒူးဆစ်ကို ပြင်းပြင်းထန်ထန် ရိုက်လိုက်တယ်
ထိုသူနှစ်ယောက်က တွန်းထိုးရင်း ရွယ်လောင်ဘုရားကျောင်း ရှေ့သို့ ရောက်သွားကြသည်။ တစ်ခုခုကို ငြင်းခုန်နေပုံပင်။
မိန်းမက ရွှေငွေတွေကို ဝတ်ဆင်ထားပြီး ခါးသီးနေသော မျက်နှာထားနဲ့ ဟန်ပန်ရှိသည်။ ထိုမိန်းမက စွန်းရှန်းရှန်းပင် ဖြစ်သည်။
ယောက်ျားကတော့ ဂုဏ်သိက္ခာရှိပုံ ပေါ်ပေမယ့် ညာဘက်လက်က အားထည့်ပြီး သုံးလို့မရပါချေ။ ထိုသူကတော့ ကျန်းတုဝေ၏ သား၊ မမကြီး၏ သတို့သားလောင်း အဟောင်း ကျန်းယွမ့်ဝမ် ဖြစ်လေသည်။
ကျန်းတုဝေ၏ မိသားစုက သူမ၏မိသားစုတွေကို အခွန်မပေးဘူးလို့ သားပုပ်လေလွင့် ပြောခဲ့တာကြောင့် ကျန်းတုဝေကို အရာရှိရုံးတော်က ထုတ်ပယ်ခံရအောင် အစ်ကို ၂ ကလုပ်ခဲ့တာကို သူမ မှတ်မိသေးသည်။ အခု ဘာလို့ သူတို့မိသားစုတွေက ကွမ်ရှန့်ကို ရောက်နေကြတာလဲ။
တွေးတော စဉ်းစားနေချိန်မှာပဲ အစေခံတွေက မိန်းမတစ်ယောက်ကို ခေါ်လာခဲ့သည်။
သခင်မချန်ပဲ….
နန်းပေါင်ရီက အမွှေးအိတ်လေးတွေ ရောင်းသော ပျံကျဈေးသည်၏ နောက်မှာ အမြန်ဝင်ပုန်း လိုက်သည်။
သူမက နားကိုစွင့်၍ သခင်မချန်၏ ခက်ထန်စွာ အော်ဟစ်နေသံကို ကြားရသည်။
“စွန်းရှန်းရှန်း နင်က ဇနီးမယား တစ်ယောက်နဲ့ တူသေးရဲ့လား နင့်ခင်ပွန်းကို ဒီလိုပုံစံမျိုး ပြန်ပြောနေတာ ဘယ်လိုလုပ်ပြီး သင့်တော်မှာလဲ မြေးငယ်ကြောင့်သာ မဟုတ်ရင် ငါ နင့်ကို အိမ်က မောင်းထုတ် ပစ်လိုက်ပြီ”
“အမေ၊ အဲဒါက တခြား မိန်းကလေးကို ကိုယ်ထိလက်ရောက် ပစ်မှားနေသော ခင်ပွန်းသည်ကြောင့်လေ၊ သူ့ကို အပြစ်မတင်နိုင်တာကို ကျွန်မ အရမ်းစိတ်ဆိုးတယ်”
“ဆိုးလိုက်တာ၊ ယွမ့်ဝမ်က သာမန်လူ မဟုတ်ဘူးလေ၊ ငါတို့ကျန်းမိသားစုက နဂိုနေရာကို ပြန်ရတော့မှာ၊ သားက ရှန်ကျင်းမြို့တော်က အစိုးရအရာရှိ ဖြစ်လာတော့မှာ၊ အနှေးနဲ့အမြန်ပဲ ဇနီးသုံးယောက်နဲ့ မောင်းမလေးယောက် ယူဖို့အချိန် ရောက်လာမှာ၊ ဒီမှာ အရှက်ကွဲခံမနေနဲ့၊ အိမ်ကိုပြန်တော့”
သူတို့မိသားစု သုံးယောက်က လူအုပ်ထဲကနေ ခွဲထွက်ပြီး လျှောက်သွားကြသည်။
ကျန်းဝမ့်ယွမ်က “အမေ၊ ကျွန်တော် ကျင်းကွမ်မြို့ကို ပြန်တုန်းက နန်းပေါင်ရုံကို ဖူရုံလမ်းမှာ အဝေးကနေ တွေ့လိုက်ရတယ်၊ သူက ပိုပိုပြီး လှလာတယ်၊ ကျွန်တော်တို့ ပြန်ရောက်ရင် သားက သူ့ကို မယားငယ်အဖြစ် သေချာပေါက် လိုချင်တယ်”
သခင်မချန်၏ မျက်လုံးတွေက အကောက်ကြံမဲ့ အရိပ်အယောင်တွေနဲ့ ပြည့်နေပြီး “မပူစမ်းနဲ့၊ နန်းအိမ်တော်က ငါတို့ကို အကြွေးတင်နေတာ၊ ဒီရက်တွေ အတွင်းမှာ ပိုပြီး အကျိုးအမြတ်ရအောင် နှစ်ဆ ပြန်ပေးဆပ် ခိုင်းရမယ်”
သူတို့က တဖြည်းဖြည်းနဲ့ ဝေးသွားတော့သည်။
အမွေးအိတ်လေးတွေကို ရောင်းနေသော မိန်းမကြီးက သက်ပြင်းချရင်း “အဲဒီ အိမ်က ကွမ်ရှန့်ရဲ့ အောက်ရုံး တရားသူကြီးအိမ်လေ၊ ကြားတာတော့ ကျင်းကွမ်မြို့မှာ စစ်ရေး အရာရှိအဖြစ် တာဝန်မ ထမ်းဆောင် နိုင်တော့လို့ အောက်ရုံး တရားသူကြီးအဖြစ်နဲ့ ဘုရင်ခံက ဒီကိုပို့လိုက်တာလို့ ပြောတယ်၊ အိုး၊ တကယ်ပါပဲ၊ အထက်တန်းလွှာ အရာရှိတစ်ယောက်ဖြစ်ပြီး နေအိမ်မှာ နေ့ရှိသရွေ့ သောက်စား မူးယစ် နေကြတာ၊ ငါတို့ပြည်သူတွေ သေသေရှင်ရှင် အာရုံထဲမှာကို မရှိဘူး”
နန်းပေါင်ရီက ရွှေဖရုံသီးကိတ်ကို တစ်ကိုက် ကိုက်လိုက်သည်။
နဂိုနေရာ….
ကျန်းတုဝေက ဒီမှာ အောက်ရုံး တရားသူကြီးတဲ့လား….
ဒါကတကယ်ကို အရှေ့ဘက်မှာ နေမသာရင် အနောက်ဘက်မှာ နေသာနေသလိုပဲ…
သူမက ‘တကျော့ပြန်လာမယ်’ ဆိုသော သခင်မချန်၏ စကားကို တွေးနေပြီး သူတို့မှာ လျှို့ဝှက်ပူးပေါင်း ကြံစည်မှုတစ်ခု ရှိလိမ့်မယ်လို့ စိတ်ထဲက အလိုအလျှောက် ထင်မိသည်။
ကူညီထောက်ပံ့ရေး ငွေတွေ အခိုးခံရတာနဲ့များ ဆက်စပ်နေမလား။
သူမနားမလည်နိုင်တော့ပေ။
မိန်းမကြီးက အမွေးအိတ်လေးတွေကို ခက်ခက်ခဲခဲ ကြိုးစားပြီး သိုးမွေေးထိုး နေတာကို တွေ့သောအခါ သူမက ငွေလက်မှတ် တစ်ရွက်ကို ထုတ်ယူ၍ သူမဘေးမှာ ထားပေးလိုက်ပြီး ကိတ်မုန့်ကိုစား၍ ထွက်သွားတော့သည်။
မြစ်ကမ်းဘေး တစ်လျှောက် ခဏ လမ်းလျှောက်ပြီးသောအခါ ရှေ့တည့်တည့်မှာတော့ ဘုရားကျောင်း တစ်ကျောင်းကို တွေ့လိုက်ရသည်။
ဘုရားကျောင်းက ပျက်စီးယိုယွင်းနေပြီး ဆေးတွေတောင် ကွာကျနေလေပြီ…
သူမက တံခါးဘောင်ကို ကျော်၍ ဝင်သွားလိုက်သည်။ ဘုရားကျောင်းက နဂါးဘုရင်၏ ဘုရားကျောင်းမှန်း တွေ့လိုက်ရသည်။ သို့သော်လည်း ပြုပြင်ရန် လိုအပ်နေသော အခြေအနေမို့ ဘုရားကျောင်း၏ ယက်မတွေက စုတ်ပြတ်နေပြီး ပေါင်းမြက်တွေ တက်နေလေသည်။
ပူဇော်ခံ စားပွဲပေါ်မှာတော့ အေးစက်နေသော အဖြူရောင် ဂျုံနဲ့လုပ်ထားသော ကိတ်မုန့် တစ်ပန်းကန်ကို တွေ့ရပြီး ရှုပ်ယှက်ခတ်နေသော ရွယ်လောင် ဘုရားကျောင်းနဲ့ယှဉ်ရင် တကယ်ကို ရိုးရှင်းလွန်းပြီး အစားအစာ ကလည်း ရိုးစင်းလှသည်။
နန်းပေါင်ရီက ကြွပ်ရွနေသော မက်မွန်သီး သေတ္တာလေးကို ထုတ်ယူလိုက်ပြီး စားပွဲပေါ်သို့ တင်လိုက်သည်။
သူမက နဂါးဘုရင်၏ ရုပ်ပွားတော်ကို ဖူးမြော်လိုက်သည်။
ထိုနဂါးဘုရင် ဘုရားကျောင်းက တစ်ခါတုန်းကတော့ အမွှေးနံ့သာတွေနဲ့ ကိုးကွယ်မှု အထွတ်အထိပ်သို့ ရောက်ခဲ့ပုံပင်။ နဂါးဘုရင်၏ ရုပ်ပွားတော်က နှစ်ပေခန့်မြင့်ပြီး မြင့်မြတ် တင့်တယ်လှသည်။
ပြောင်းလဲမှုတရားတွေ ကြုံခဲ့ပြီးနောက် မျက်လုံးတွေကို ဖန်ကဲ့သို့ မီးတောင်ထွက်ကျောက် နဲ့ လုပ်ထားပြီး ရွံ့ကိုပန်းပုထုပြီး ရွှေချထားသော အပိုင်းအစက အဝေးမှာ ပြုတ်ကျနေသည်။ ထို့ကြောင့် ရုပ်တုကို အနီရောင် ဝတ်ရုံနဲ့ ဖုံးအုပ်ထားပြီး ကြည့်ရတာ အရမ်းကို စိတ်မချမ်းမြည့်စရာ ကောင်းလှသည်။
နွေဦးနှောင်းပိုင်၏ နေရောင်က ပေါက်ပြဲနေသော အမိုးကတစ်ဆင့် ချဉ်းနင်းဝင်ရောက် လာသည်။
နဂါးဘုရင်၏ ရုပ်တုက နွေးထွေးသော အလင်းရောင်အောက်မှာ မတ်မတ်ရပ်နေပြီး အရိပ်တို့ ဖြာကျနေသည်။
တစ်ခုချင်းစီကို ကြည့်ရင်း ရုပ်တု၏ ဘယ်ဘက် မျက်လုံးက အနီရောင် အရည်တွေ တစိမ့်စိမ့် ထွက်နေပြီး တိတ်တဆိတ်နဲ့ လူတွေက သုတ်ဖယ် ပေးထားသလိုပင်။
နန်းပေါင်ရီက နောက်သို့ ခြေလှမ်းဝက် ဆုတ်လိုက်သည်။
“ဒီနှစ်မိုးခေါင်ခြင်းက နဂါးဘုရင်ကို ငိုစေတာလား”
သူမက တိုးဖွဖွ ရေရွတ်လိုက်ပြီး ထိုသည်က အာရုံခံစားမှု တစ်ခုလို့ မထင်ခဲ့ပါချေ။
သူမက စားပွဲပတ်လည် လျှောက်ကြည့်လိုက်ပြီး ဂရုတစိုက်နဲ့ နဂါးဘုရင် ရုပ်တုပေါ်သို့ ဆုတောင်းစားပွဲ ပေါ်ကနေ တက်သွားလိုက်သည်။
သူမက ရုပ်တု၏ ပခုံးပေါ်ကို ခြေချလိုက်ပြီး လက်ကိုမြှောက်၍ အနီရောင် အရည်နည်းနည်းကို သုတ်လိုက်သည်။
အနီရောင် ဖယောင်းဆီ၏ အနံ့က သိသိသာသာ ထွက်လာလေ၏။
“ဘယ်လိုလုပ်ပြီး ဖယောင်းဆီက နဂါးဘုရင်ရုပ်တုကနေ စီးကျလာတာလဲ”
သူမက ပဟေဠိဖြစ်သွားရပြီး ဝတ်ရုံလက်ကိုပင့်၍ ရုပ်တု၏ မျက်လုံးကို သုတ်ဖယ်လိုက်ပြီး ရုပ်တုထဲမှာ ငွေတွေတောင်ပုံရာပုံ ဖွက်ထားလေမလားလို့ ရှာဖွေလိုက်သည်။
ဒါ ပျောက်သွားသော ငွေတွေပဲ…..
နန်းပေါင်ရီက တောင့်တင်းသွားပြီး သူမ၏စိတ်ထဲမှာ သဲလွန်စတွေ အားလုံးကို ဆက်စပ်မိသွား တော့သည်။
ကျန်းရှီလန်၊ ကယ်ဆယ်ရေး ငွေတွေကို စောင့်ရှောက် လိုက်ပါလာသော သူက ကျန်းတုဝေနဲ့ မျိုးရိုးနာမည် တူနေသည်။ သူတို့က မိသားစု တစ်စုတည်းက ဆွေမျိုးတွေ ဖြစ်နိုင်သည်။ ထို့ကြောင့် သူတို့က အရှက်ရသင့်သည်။ သူခိုးသူခိုးလို့ အော်နေသောသူက တကယ်တမ်း သူခိုးဖြစ်နေသည်ပင်။
ဘုရင်ခံချန်းက သူမ၏အစ်ကို ၂ ကို ပို့ပြီး ကျန်းရှီလန်ကို လက်ခံဖို့ စေခိုင်းခဲ့ပြီး ပျောက်သွားသော ကယ်ဆယ်ရေး ငွေတွေအတွက် အစ်ကို ၂ ကို တာဝန်ယူခိုင်းခဲ့သည်။ တောင်ပေါ်က ကျားကို နှင်ထုတ်ဖို့နဲ့ သူ့ကို နန်းအိမ်တော်က ထွက်သွားအောင် ဖြစ်သည်။
သူတို့က ငွေတွေကို မြစ်ကြောင်းအတိုင်း လျှို့ဝှက်စွာ သယ်လာပြီး အလွဲသုံးစားလုပ်ဖို့ မဟုတ်ဘဲ ရေလမ်းကနေ ကျင်းကွမ်မြို့၊ နန်းအိမ်တော်ကို ပို့ဖို့ဖြစ်သည်။
ထိုနည်းလမ်းအတိုင်း အစ်ကို ၂ ၏ အရာရှိလမ်းကြောင်းနဲ့ နန်းအိမ်တော်၏ ဖြူစင်မှုက အားလုံးပျက်စီး သွားမှာဖြစ်သည်။ ထိုသည်က ငှက်နှစ်ကောင်ကို ခဲတစ်လုံးနဲ့ ပစ်သကဲ့သို့ပင်။
ထို့ကြောင့် ကျန်းမိသားစု ပြန်လည် ရှင်သန်လာဖို့နဲ့ နန်းအိမ်တော်ကို လက်စားချေဖို့ သခင်မချန်က ယုံကြည်ချက်ရှိရှိ ပြောနေတာ ဖြစ်လိမ့်မည်။
အစ်ကို ၂ ကို တတ်နိုင်သမျှ မြန်မြန် သွားပြောရမယ်….
သူမက နဂါးဘုရင် ဘုရားကျောင်းကနေ ကျောက်စိမ်းလမ်းသို့ သူမလာရာ လမ်းအတိုင်း ပြေးထွက် လာခဲ့သည်။
မြစ်ကမ်းနားသို့ သူမ ရောက်လျှင် ရောက်ချင်းမှာပဲ လူတွေအများကြီးက သူမ၏ ပတ်ပတ်လည်မှာ အလျင်စလို ပေါ်လာတော့သည်။
သူတို့က အချုပ်ထဲက သန်မာတောင့်တင်းသော ရာဇဝတ်သားတွေ ဖြစ်ပြီး တစ်ယောက်ချင်းစီမှာ သံတုတ်တွေကို ကိုင်ထားကြသည်။ သူတို့က ပိတ်ထားသော ပိုက်ကွန်လို သူမဆီသို့ တိုးလာကြသည်။
“အမေ၊ ကျွန်တော် ပြောပါတယ်၊ ကျွန်တော် လူမမှားပါဘူးလို့၊ ရွယ်လောင် ဘုရားကျောင်းမှာ တွေ့လိုက်တာ နန်းပေါင်ရီပါဆို”
ကျန်းဝမ့်ယွမ်က ယပ်တောင်ကို ခပ်ရင်း မျက်ခုံးတွေက သေသပ်သားနားနေသည်။ သခင်မချန်က နန်းပေါင်ရီကို စိုက်ကြည့်နေပြီး နှုတ်ခမ်းထောင့်စွန်းတွေက အမုန်းတရားတွေကြောင့် ကွေးညွတ်တက် လာသည်။
သူမက ခနဲ့ပြုံးဖြင့် “မင်းက သံဖိနပ်ကို ကျော်ခွဖို့ နေရာရှာနိုင်မှာ မဟုတ်ဘူး၊ ဘာအားထုတ်မှုကမှ အကျုံးမဝင်ဘူး၊ နန်းအိမ်တော်၏ ကောင်းမွန်သော နေ့ရက်တွေက အဆုံးသတ်ကို ရောက်လာတော့မှာ၊ မင်းလို ခွာအသေးစားလေးက ဒီကို ပထမဆုံး ရောက်လာတယ်၊ ငါရဲ့ခင်ပွန်းကို ငါ့ရဲ့ဘဝ တစ်ဝက်လောက် လွမ်းနေရတာက နင့်ကြောင့်ပဲ၊ ဉာဏ်ကောင်းတဲ့ ငါ့သားရဲ့ အနာဂတ်ကလည်း နင့်လက်ထဲမှာ ပျက်စီးသွား ရတယ်၊ နန်းပေါင်ရီ ငါနင့်ကို ဘယ်လိုလုပ်သင့်လဲ”
သူမခင်ပွန်း၏ စစ်ရေးအရာရှိ ရာထူးက သူမကြောင့် ပျက်စီးသွားရပြီး သူမ၏ခင်ပွန်းက သူမကို ခေတ္တ နှင်ထုတ်လိုက်သည်။
ထိုအချိန်က သူမအတွက်တော့ ဆယ်နှစ်လောက် ကြာသွားတယ်လို့ ထင်မှတ်ရပြီး အရာရှိကတော် တစ်ယောက် မဟုတ်တော့ပေ။ သူမက တခြား အရာရှိကတော်တွေနဲ့ စကားပြောပြီး ရယ်မောရတာကို အသားကျနေခဲ့သည်။
သွားတွေက ဝါကျင်ပြီး ကျိုးပဲ့ပျက်စီး လာသည်။ မျက်ဝန်းထောင့်ဖျားတွေက အရေးအကြာင်းတွေ ပေါ်လာပြီး မှန်ကိုတောင် မကြည့်ရဲတော့ပါချေ။
ဒါတွေအားလုံးက နန်းပေါင်ရီကြောင့် ဖြစ်သည်။
ကျန်းဝမ့်ယွမ်က အလွန် စိတ်လှုပ်ရှားနေပြီး “အမေ၊ ဒါလေးက တကယ်ကို ကြည့်ကောင်းတာပဲ၊ သူ့ခြေထောက်ကို ဘာလို့ အရင်မချိုးလိုက်တာလဲ၊ ဒါမှ သူဘယ်ကိုမှ မပြေးနိုင်တော့မှာ၊ ပြီးတော့ သူ့ကို တစ်ချက်လောက် မြည်းစမ်း ကြည့်တာပေါ့၊ ပြီးတော့မှ သူ့ကို ကျွန်တော်တို့ရဲ့ အိမ်စေအဖြစ် သုံးကြတာပေါ့၊ လူတိုင်းက သုံးပြီး ပင်ပန်းလာတော့မှ မီးဖိုထဲကို ရောင်းပစ်လိုက်မယ်”
သခင်မချန်က သဘောကောင်းစွာနဲ့ “ငါတို့ဝမ်အာက တကယ်ကို ကြင်နာတရား ရှိတာပဲ၊ ဘာလို့ ငါတို့ ရန်သူရဲ့ အသက်ကိုတောင် ချမ်းသာပေးချင်ရတာလဲ”
“အာ၊ ဘာပဲဖြစ်ဖြစ် သူက ပေါင်ရုံရဲ့ ညီမငယ်လေးပဲလေ၊ အဲဒါကြောင့် ပုံမှန်အတိုင်း သူ့ကို ကြင်နာပေး သင့်တာပေါ့”
“အဲဒါဆိုလည်း ဝမ်အာရဲ့ အကြံအတိုင်းပေါ့”
နန်းပေါင်ရီက နှေးကွေးနေဖို့ အချိန်မရခင်မှာပဲ ရုတ်တရက် ဘေးဘက်ကနေ သံတုတ် တစ်ချောင်း၏ လေကို ခွင်းလာသော အသံကို ကြားလိုက်ရသည်။ သူမ၏ ဒူးခေါင်းကို ပြင်းပြင်းထန်ထန် ရိုက်မိသွားတော့သည်။
အရိုးတွေ ကျိုးသွားသော အသံက အလွန့်အလွန်ကို ပြင်းထန်လှသည်။ အသည်းခိုက်မတတ် နာကျင်မှုက နန်းပေါင်ရီကို မြေပြင်ပေါ်သို့ လဲကျသွားစေသည်။
အတွင်းဝတ်တွေက ချွေးစေးတွေနဲ့ စိုရွှဲလာသည်။ မျက်ရည်ပန်းတွေက ပါးပြင်မို့မို့ပေါ်သို့ ခကြွေလာသည်။ သူမက အံကိုကြိတ်ထားပြီး အော်သံမပြုပေ။
သခင်မချန်နဲ့ ကျန်းယွမ့်ဝမ်၏ ရှေ့မှာ သူမက အရှက်သိက္ခာအတွက် အလွန်အမင်း စိတ်ဒုက္ခ ရောက်နေရတာကို မပြချင်ပေ။
ပြင်းထန်သော နာကျင်မှုကို သည်းခံနေရင်း သူမက ခေါင်းကို ဖြည်းဖြည်းချင်း မော့၍ အကြင်နာမဲ့သော လူတွေကို ကြည့်လိုက်သည်။
နောက်တစ်ခဏမှာ သူမက ရုတ်တရက် သခင်မချန်နဲ့ ကျန်းယွမ့်ဝမ်ကို တောက်တောက်ပပ ပြုံးပြလိုက်လေသည်။
သွားကြားထဲက စိမ့်ထွက်လာသော သွေးတွေက နှုတ်ခမ်းတစ်လျှောက် စီးကျလာသည်။ သူမက မျက်ခုံးတွေကို တွန့်ကွေးရင်း နတ်ဆိုးတစ်ကောင်လို ပြုံးပြလိုက်သည်။
“ရှင်တို့ကျွန်မကို ဒီလို ဆက်ဆံကြတယ်ဆိုတာ အစ်ကို ၂ သာသိရင် ရှင်တို့ရဲ့ အရိုးတွေကို နည်းနည်းချင်းစီ ချိုးပစ်လိမ့်မယ်…..”
“သေတော့မှာကိုတောင် ငါတို့ကို ခြိမ်းခြောက် ရဲသေးတယ်လား”
သခင်မချန်းက ဂုဏ်ယူဝံ့ကြွားစွာနဲ့ “သူ့ကိုရိုက်ကြစမ်း၊ နောက်ထပ် ခြေတစ်ချောင်းပါ ချိုးပစ်”
ထိုသူတွေက မစခင် နန်းပေါင်ရီက မသင်္ကာစရာ တစ်ခုကို လုပ်လိုက်သည်။ သူမက လှိုင်းလေ ပြင်းထန်နေသော မြစ်ထဲသို့ လှိမ့်ချလိုက်တော့သည်။
သွေးတစ်ပွက်က မြစ်ပြင်ပေါ်မှာ ပေါ်ထွက်လာပြီး လှိုင်းလုံးတွေက ရိုက်ပုတ်လာသည်။ မိန်းကလေးက မြစ်ကြောင်းထဲ မျောပါသွားတော့သည်။
အဝေးမှာတော့….
အမွှေးနံ့သာ အိတ်လေးတွေကို ရောင်းနေသော မိန်းမကြီးက ငွေလက်မှတ်လေးကို ကိုင်ရင်း ကြောက်လန့်စရာ အဖြစ်အပျက်တွေ အားလုံးကို မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရသည်။
သူမက နန်းပေါင်ရီကို ငွေလက်မှတ်ပြန်ပေးဖို့ ဒီမှာလာရှာတာ ဖြစ်သည်။
မမျှော်လင့်ဘဲ ဒီမြင်ကွင်းနဲ့ တည့်တည့် တိုးမိလေသည်။
“ဘုရားသခင်”
သူမက နဖူးပေါ်က ချွေးစေးတွေကို သုတ်ဖယ်လိုက်ပြီး “ငါ မိန်းကလေးရဲ့ မိသားစုတွေကို မြန်မြန်ရှာရမယ်”
***