အပိုင်း (၂၅၂)
ရှောင်းယီ၊ မင်းက အယုတ်တမာကောင်ပဲ
ရှောင်းယီနဲ့ ရှန်းရိချောင်တို့ တစ်ချိန်တည်းမှာ တိတ်ဆိတ်သွားသည်။
လူတစ်ယောက်က မျက်နှာကြီးပြီး ဒီလောက် မျက်နှာပြောင်သော သူကို သူတစ်ခါမှ မမြင်ဖူးပါချေ။
သို့ပေမယ့် သူ့အဖေ၏ အရှိန်အဝါကိုမှီပြီး အစိုးရရုံးတော်မှာ အကြံပေးတစ်ယောက် ဖြစ်လာခဲ့ပြီး အရာရှိအသစ်လို့ ပြောနေတာကို မရှက်ဘူးလားမသိ။
ခန်းမဆောင်၏ လေထုအခြေအနေက ထူးဆန်းသွားပြီး ရှီးယန်က စာတစ်စောင် နှင့်အတူ ပြေးဝင်လာခဲ့သည်။
သူက လက်ကိုယှက်၍ အရိုအသေပြုလိုက်ပြီး ရှောင်းယီဆီသို့ စာကို လှမ်းပေးလိုက်သည်။
“သခင်လေး၊ ဒါက တောပုန်းဓါးပြတွေဆီက ပို့လာတာပါ”
ရှောင်းယီက စာကို ဖွင့်ဖောက် လိုက်သည်။
“ငါမှန်းတာမှန်တယ်၊ ယန်အာနဲ့ ကျောင်းကျောင်းကို ခေါ်သွားတာ တကယ်ကို ဓါးပြတွေပဲ”
ချန်းတယ်ယွီ၏ မျက်နှာက တည်ကြည်ဟန်နဲ့ “အမတ်မင်း၊ ကျုပ်ကို သူတို့နေရာမှာ အစားထိုးဖို့ မေးတာလား။ ဓါးစာခံကို လဲလှယ်တာက မသင့်တော်ဘူးနော်၊ ဒါက ရင်းနှီးမြှုပ်နှံမှုကြီးပဲ၊ အဲဒါကြောင့် ကျုပ်က အဖေ့ကို ဖိတ်ခေါ်လိုက်တာ ပိုကောင်းမယ်၊ တကယ်တမ်းတော့ ကျုပ်အဖေက ရှုနိုင်ငံ၏ ဘုရင်ခံပဲလေ၊ သူတို့က နည်းနည်း မနာလိုဖြစ်နေလောက်မှာပေါ့….”
“ရှီးယန်”
ရှောင်းယီက သူ့တစ်ယောက်တည်း ပြောနေသော စကားကို ကြားဖြတ်လိုက်သည်။
“ကျွန်တော်မျိုးရှိပါတယ်”
ရှောင်းယီက စာကိုမီးရှို့လိုက်ပြီး “အသင့်ပြင်ထား၊ ရှန်းရိချောင်ကို တောင်ပေါ်ပို့ပေးလိုက်”
ရှန်းရိချောင်က တဒင်္ဂမျှ ဆွံ့အသွားပြီး သူ့နှလုံးသားထဲက မကောင်းသော ကြိုတင်သိစိတ်က တိုးထွက်လာတော့သည်။
သူက မဝံ့မရဲဖြင့် “ကျွန်တော့ကို တောင်ပေါ်ကို ဘာလို့ပို့တာလဲ”
ရှောင်းယီက အပြုံးရေးရေးဖြင့် “ဓါးပြတွေက စာမှာ ရေးထားတယ်၊ မင်းနဲ့ ကျောင်းကျောင်းကို လဲမယ်တဲ့”
ကြိုတင်ခန့်မှန်းချက်က မှန်နေလေရောပဲ….
ရှန်းရိချောင်က ဆံပင်မွေေးတွေတောင် ထောင်တက်သွားပြီး “ရှောင်းယီ၊ ငါက ရှန်းအိမ်တော်ရဲ့ သခင်လေးနော်၊ ဒုတိယအဆင့် သခင်လေးလို့၊ သူက အဆင့်ရှစ်ပဲ ရှိတဲ့ မိန်းကလေးတစ်ယောက်၊ ဘာလို့ ငါက သူ့အစား သွားရမှာလဲ”
ရှောင်းယီက သူ့စကားတွေကို ကြားပုံမရ။
သူက တည်းခိုခန်း၏ အပြင်ဘက်သို့ တောက်လျှောက် လျှောက်သွားပြီး “မြင်းပြင်လိုက်၊ ဒီအမတ်မင်းက ကျောင်းကျောင်းကို ကိုယ်တိုင် သွားခေါ်မယ်”
“ရှောင်းယီ!!!!”
ရှန်းရိချောင်က ရူးချင်သလို ဖြစ်နေလေပြီ။
ရှီးယန်က လက်ကိုပင့်ပြီး “ရှန်းသခင်လေး၊ ကျေးဇူးပြုပြီး”
“ငါမသွားဘူး၊ ငါက ဘယ်လိုလုပ်ပြီး ဓါးပြတွေရဲ့ သားရဲတွင်းထဲကို ဆင်းရမှာလဲ ငါက ဒုတိယအဆင့် သခင်လေးပဲ”
“အပြစ်ပြုမိပါပြီ”
ရှီးယန်က သနားညှာတာခြင်း ကင်းစွာနဲ့ ကိုယ်ရံတော်တွေကို အချက်ပြပြီး သူကို ဖမ်းချုပ်လိုက် တော့သည်။
ရှန်းရိချောင်ခမျာ ငိုချင်သွားရလေသည်။
နန်းမမလေး ၅က တောပုန်းဓါးပြများ အဖမ်းခံရတာ သူနဲ့ဘာဆိုင်လို့လဲလို့။
တွမ့်ယန်ကိုမလာခင် နက္ခတ်တာရာလေး ဘာလေး ကြည့်ခဲ့သင့်တာ…
ဓါးပြတွေက အမြဲတမ်း နိုင်လိုမင်းထက် လုပ်တတ်ကြပြီး ကျိုးကြောင်း ဆင်ခြင်မှု မရှိကြဘူးလို့ သူကြားဖူးသည်။ ချောမောလှပသော လူငယ်ဆိုရင်တောင် ဓါးပြခေါင်းဆောင်က ခေါ်ထားတတ်သည်ပင်။
သူက ရထားလုံးပေါ်သို့ ဆွဲတင်ခံလိုက်ရပြီး မျက်နှာက နီရဲနေလေသည်။ သူက မဆုံးနိုင်အောင် ကျိန်ဆဲနေတော့သည်။
“ရှောင်းယီ၊ မင်းက အယုတ်တမာ ကောင်ပဲ၊ မင်းမျက်စိထဲမှာ နန်းမမလေး ၅ ပဲရှိတယ်၊ ဝမ်းကွဲညီ ငါ့ကိုရော မမြင်ဘူးလား ဘာလို့ငါ့ကို နန်းမမလေး ၅ အတွက် ငါ့ကိုသုံးရတာလဲ”
“ရှောင်းယီ၊ မင်းရဲ့ဦးနှောက်ထဲမှာ ယုတ္တိမရှိသော အတွေးတွေပဲ ရှိနေတာ၊ သရဲငါးကောင်နဲ့ အလောင်းတွေချည်းပဲ၊ မင်းက ဝက်ဆီလိုပဲ မျက်လုံးကန်းနေတာ၊ မင်းမျက်စိမှုန်နေလား ဒီဝံပုလွေ အသည်းနဲ့ကောင်”
ကျိန်ဆဲသော စကားတွေက အဆုံးမရှိပင်….
ရှီးယန်က ရထားလုံး၏ ဘေးမှာရပ်နေပြီး စိတ်ထဲက တိတ်တိတ်လေး ပြောလိုက်သည်။
ပညာရှိတွေလည်း ကျိန်ဆဲတတ်ကြတယ် ဆိုတာကို သက်သေပြနေတာပဲ…..
သူက သခင်လေးကို ခိုးကြည့်လိုက်သည်။ သခင်လေးက မြင်းကိုလှည့်ပြီး နှုတ်ခမ်းပါးတွေက ညှို့အားပြင်းစွာ ကော့ညွတ်နေသည်။ သူက တောင်တန်းတွေဘက်သို့ ညင်သာစွာ ငေးကြည့်နေသည်။
သူက လက်ကိုတောင်ပင့်ပြီး ဝတ်စုံကို ပွတ်သပ် လိုက်သေးသည်။ သူ၏ အသည်းအသက်လေးကို သွားပြန်ခေါ်မှာမို့လေ။
ရှီးယန်က ရှန်းရိချောင်ကို ထပ်ကြည့် လိုက်ပြန်သည်။ ဒီသနားစရာ ကောင်းလှသော ရှန်းသခင်လေးက ကိုယ်ခံပညာလည်း မတတ်ပေ။ သူက အားနည်းသော ပညာရှင်လေးမျှသာ။
သူက ရထားလုံး၏ တံခါးကို လက်နှစ်ဖက်လုံးနဲ့ ကုတ်ခြစ်နေပြီး ငိုကြွေးရင်း ပြောပြန်သည်။
“ရှောင်းယီ၊ ငါမှားပါတယ်၊ ငါဓါးပြတွေရဲ့ သားရဲတွင်းထဲကို မသွားချင်ဘူး၊ အမတ်မင်း၊ အမတ်မင်း၊ ဝမ်းကွဲအစ်ကို၊ ဝမ်းကွဲအစ်ကို…”
သို့ပေတည့် ထိုအချိန်မှာတော့ ‘အဖေ’လို့ပဲခေါ်ခေါ် ‘ဝမ်းကွဲအစ်ကို’ လို့ပဲခေါ်ခေါ် အသုံးမဝင်ပါချေ။
ရှောင်းယီက မြင်းကို ကျာပွတ်နဲ့ အချက်ပြလိုက်ပြီး “သွားတော့”
ထိုည၏ လမင်းက ထိန်ထိန်သာနေသည်။
တောင်ပေါ်တက်ဖို့ မီးတုတ်တွေ မလိုပါချေ။ သစ်ကိုင်းပေါ် နားနေသော ကျီးကန်းတွေကိုတောင်မှ ရှင်းရှင်းလင်းလင်း မြင်ရနိုင်သည်။
ခပ်ဝေးဝေးမှာတော့ နန်းပေါင်ရီက စိတ်လှုပ်ရှားစွာနဲ့ လက်ကိုဝှေ့ယမ်းပြနေပြီး “အစ်ကို ၂”
အမတ်မင်းက ရှန်းရိချောင်ကို သူမနဲ့ လဲလှယ်ဖို့ ဆန္ဒရှိတယ် ဆိုတာကို သူမ သိသောအချိန်မှာ သူမ ဘယ်လောက်တောင် ပျော်နေလဲ ဆိုတာကို ဘုရားပဲသိလိမ့်မည်။
သူမ အရမ်းကို စိတ်မကောင်း ဖြစ်မိပေမယ့် ရှန်းရိချောင်ဆို တော်သေးသည်ပင်။
သူမက ရှောင်းယီဆီသို့ အမြန်ပြေးသွားပြီး ပန်းထိုး ဖိနပ်လေးတောင် ကျွတ်ကျခဲ့သည်။
သူမက ရှောင်းယီ၏ခါးကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်ပြီး “အစ်ကို ၂”
ရှောင်းယီက လက်တစ်ဖက်မှာ မြင်းဇက်ကြိုးကို ကိုင်ပြီး သူ့ကို ရင်ပူအောင် လုပ်သော ကောင်မလေးကို ငုံ့ကြည့်နေသည်။
သူမက သစ်သားအိမ်လေးထဲမှာ သော့ခတ်ခံထားရပြီး ညစ်ပတ် ပေရေနေသည်။ ဆံထုံးလေးပေါ်မှာတောင် သစ်ရွက်ခြောက်တွေ တင်ကျန်နေသေးသည်။
သို့သော်လည်း သွေးနံ့မရခြင်းက သူမ မထိခိုက်ဘူး ဆိုတာကို ပြနေသည်။
“ဘာမှမဖြစ်တော့ဘူး”
သူက သူမ၏မျက်နှာလေးကို ဖွဖွထိကိုင်ရင်း ချော့မော့နှစ်သိမ့် ပေးနေသည်။
တကယ်တော့ နန်းပေါင်ရီက ကြောက်လန့် မနေပါချေ။
တကယ်ဆို ဓါးပြတွေက သူမကို ဘာမှမှ မလုပ်တာ….
ဒုတိယအနေနဲ့ တောပုန်းဓါးပြတွေက ဟန်ယန့်လျန်၏ ပိုင်နက်ဆိုတာကို သူမသိထားပြီး ကြောက်စိတ် မရှိတော့ပါချေ။
သူမက ရှက်ကိုးရှက်ကန်းနဲ့ ပန်းထိုးဖိနပ်လေးကို ပြန်ကောက်လိုက်ပြီး ဖိနပ်အောက်ခံပြား အောက်က ငွေလက်မှတ် အထပ်လိုက်ကို ထုတ်ယူလိုက်သည်။
သူမက ရှောင်းယီကို တုန်ယင်စွာနဲ့ ဝှေ့ယမ်းပြလိုက်ပြီး “အစ်ကို ၂၊ ညီမလေးရဲ့ ကျောက်မျက်ရတနာတွေ မရှိတော့ပေမယ့် ညီမလေး၏ ငွေလက်မှတ်တွေကို ဖိနပ်ထဲမှာ ဖွက်ထားတာ၊ အဲဒါကြောင့် ဓါးပြတွေဆီ ပါမသွားဘူး”
ရှောင်းယီက စိတ်ဆိုးဆိုးနဲ့ ရယ်မိတော့သည်။
ကောင်မလေးက ဓါးပြများ၏ အဖမ်းခံရတာတောင် ငွေအကြောင်းကို စဉ်းစားနိုင်သေးတယ်…
ဒီည နန်းကျောင်းကျောင်း ငိုတာကို တွေ့ရတော့မယ်လို့ သူထင်ထားခဲ့တာ….
နန်းပေါင်ရီက ရှောင်းယီ၏ ဝတ်ရုံလက် အစွန်းလေးကို ဆွဲရင်း အနည်းငယ် စွေပြီးကြည့်ရင်း “နန်းယန်က သနားစရာပဲ၊ သူ့ လက်ဝတ်ရတနာတွေနဲ့ ငွေတွေ အားလုံးကို ယူသွားခံလိုက်ရတယ်”
သူမက နန်းယန်ကို ကြည့်လိုက်သည်။
နန်းယန်က ချန်းတယ်ယွီထံသို့ လျှောက်သွားသည်။
“အစ်ကိုချန်း”
သူမက မျက်ရည်တွေ ကျဆင်းလာပြီး “ဓါးပြတွေက ကြောက်ဖို့ကောင်းတယ်၊ အစ်ကိုသာ ညီမကို လာမကယ်ရင် သူတို့က ညီမကို သေချာပေါက် စိတ်ရှိသလိုလုပ်ပစ်ကြမှာ”
နန်းပေါင်ရီက မျက်ဆံအိမ်ကို လှည့်လိုက်သည်။
သူတို့ကို လာကယ်သော သူက အမတ်မင်းဆိုတာ အသိသာကြီးပဲ။ ချန်းတယ်ယွီက ဘာလုပ်ရလို့လဲ။
သူမကလည်း အံ့အားသင့် သွားရသည်။ သို့သော် ငွေအတွက်တော့ မဟုတ်ပါချေ။
နန်းယန်က တစ်ချက် ရှိုက်လိုက်ပြီး “အစ်ကိုချန်း၊ ဓါးပြတွေက နတ်ဆိုးတွေလိုပဲ၊ သူတို့က မိသားစုကောင်းက မိန်းကလေးတွေကို ပြန်ပေးဆွဲတာ၊ သူတို့ အားလုံးကို သတ်ပစ်သင့်တယ်”
ချန်းတယ်ယွီက အများကြီး ပြန်မဖြေပါချေ။ သို့ပေတည့် ရှောင်းယီ၏ ဇာမဏီ မျက်လုံးတွေကတော့ ကျဉ်းမြောင်း သွားတော့သည်။
တောပုန်းဓါးပြတစ်စုက သူ၏ကျောင်းကျောင်းကို ပြန်ပေးဆွဲသွားတယ်၊ သေသွားမယ် ဆိုရင်တော့ တကယ်နှမြောစရာပဲ….
နန်းပေါင်ရီက သူ၏မျက်နှာ အမူအရာကို သိသွားပြီး မကောင်းတော့ဘူးလို့ စိတ်ထဲက တိုးတိုးလေး ပြောလိုက်မိသည်။
ဒီဓါးပြတွေက ဟန်ယန့်လျန်၏ လူတွေဖြစ်ပြီး သူတို့က သူမ၏ လူတွေလည်း ဖြစ်သည်။ သူတို့ကို ဘယ်လိုလုပ်ပြီး ရှင်းပစ်ရမလဲ။
သူမက ရုတ်တရက် ထပြောလိုက်သည်။
“နှစ်တွေအကြာကြီး ဒီနေရာမှာ ဓါးပြတွေက ခြေကုတ်ယူထားတာ၊ သူတို့ရဲ့ အရေအတွက်က တစ်သောင်း ထက်တောင် များသေးတယ်၊ သူတို့က လက်ဖက်ရည်လမ်းက ကုန်သည်တွေနဲ့လည်း အဆက်အသွယ် ရှိတယ်၊ အပြင်ဘက်မှာ သူတို့၏ ဖြန့်ကြက်၊ ဝန်းရံထားတဲ့ အင်အားက အမြတ်အစွန်းတွေ အများကြီးပဲ၊ အဲဒါကြောင့် အစိုးရက သူတို့ကို သတိထား ထိန်းချုပ်ပြီး ကိုင်တွယ်နေရတာ၊ ဒီနှစ်တွေမှာမှ ကြုံတောင့်ကြုံခဲ ဘက်ညီနေတာ၊ ဒီညက ကြောက်စရာ မရှိခဲ့ပါဘူး၊ အဲဒါကြောင့် သူတို့က တခြားသူတွေကို ထိခိုက်အောင်လုပ်ဖို့ ရည်ရွယ်ချက် မရှိကြဘူး၊ ညီမလေး အမြင်မှာတော့ နှစ်ဖက်လုံး ထိခိုက်နစ်နာမဲ့အစား သူတို့ကို ဒီလိုအလုပ်တွေ ရပ်ဖို့ပြောတာ ပိုကောင်းမယ် ထင်တယ်”
နန်းယန်က သူ၏ရှိုက်သံကို မရပ်နိုင်သေးပေ။
“အစ်ကိုချန်း၊ ဒီည ညီမက အရမ်းကို ကြောက်လန့်နေတာ၊ တောပုန်းဓါးပြတွေကို သတ်မှ ညီမ ကောင်းကောင်းအိပ်ပြီး၊ ကောင်းကောင်းစားနိုင်မှာ”
သူမက ငိုပြီးရင်းငိုနေပြီး နန်းပေါင်ရီ၏ ပုံစံကိုကြည့်၍ ချန်းတယ်ယွီကို ဖက်ထားသည်….
ချန်းတယ်ယွီက ငြင်းဆန်လိုက်သည်။
သူက သူမ၏ပါးပြင်ပေါ်မှာ ပေလူးနေသော ခြေရာကိုကြည့်ပြီး နူးညံ့စွာနဲ့ “ပြောစရာရှိရင် တည်းခိုခန်း ပြန်ရောက်မှ ပြောကြတာပေါ့၊ မင်းအရမ်း ညစ်ပတ်နေပြီ၊ ရေချိုးလိုက်ရင် ကောင်းမယ်”
နန်းယန် “….”
သူမ၏မျက်လုံးအိမ်က မျက်ရည်တွေတွေ ကျလာသည်။
‘သူမက အရမ်းညစ်ပတ်နေတယ်’ ဆိုတာက ဘာလဲ။
သူမက ဓါးပြတွေ၏ ညစ်ညမ်းအောင် အလုပ်ခံလိုက်ရတယ်လို့ ချန်းတယ်ယွီက ထင်တာလား။
သူတို့အားလုံးက ယောကျာ်းတွေချည်းပဲလေ၊ ဘာလို့ ရှောင်းယီက နန်းပေါင်ရီ၏ ပေတူးနေသော အဝတ်တွေ ကိုတော့ မငြင်းဆန်တာလဲ။
နီရဲနေသော မျက်လုံးတွေနဲ့ သူမက တွန့်ဆုတ်စွာ ကျောက်စိမ်းလမ်းက တည်းခိုခန်းသို့ ပြန်လိုက်လာခဲ့ရ တော့သည်။
ညဉ့်နက်သန်းခေါင်ယံ…
နန်းပေါင်ရီက ရေနွေးနွေးလေးနဲ့ စိမ်ပြီး ရေချိုးနေသည်။
သူမက ရေချိုးစည်ပိုင်းကနေ ထွက်လိုက်ပြီး ပုလဲအလှလိမ်းဆေးကို ယူပြီး တစ်ကိုယ်လုံးကို လိမ်းကျံလိုက်သည်။ သူမ၏ လက်ချောင်းလေးတွေက ညင်သာစွာနဲ့ ဖိပွတ်ပြီး အသားထဲကို စိမ့်ဝင်အောင် လိမ်းနေလေသည်။
သူမ ညအိပ်ရာ မဝင်ခင် ညတိုင်းလုပ်လေ့ရှိသော အလုပ်တစ်ခုဖြစ်ပြီး ပေါ့ပေါ့တန်တန် သဘောထား လို့ မဖြစ်ပါချေ။
အလင်းရောင်က မှိန်ဖျော့လှသည်။
မိန်းကလေးက သူမ၏ ရေချိုးဝတ်စုံကို ဖြည်လိုက်ပြီး တွဲလျားကျနေသော အပြာရောင် ပိုးသားဝတ်စုံကို ခါးတစ်ဝိုက်မှာ ပတ်ချည်လိုက်သည်။
ရှည်လျားနက်မှောင်လှသော ဆံနွယ်တွေက သူမ၏ အသားအရေကိုပိုပြီး ပုလဲရောင်တောက် နေစေပြီး အထူးသဖြင့် စိုပြေပြီး ဖြူဖွေးဝင်းလက် စေသည်။
သူမက ကိုယ်လုံးပေါ် မှန်ရှေ့မှာ ရှက်ရွံ့စွာနဲ့ ရပ်နေပြီး မှန်ကိုကြည့်၍ “အရမ်းလှသော ဒီမိန်းကလေးက ဘယ်သူလဲ”
အကာအရံ၏ အပြင်ဘက်က ရယ်သံတိုးတိုး ပျံ့လွင့်လာသည်။
ရှောင်းယီက အကာကိုမှီပြီး သူ၏လက်မောင်းတွေကို ယှက်တွယ်ထားလျက် ချက်ချင်း တုံ့ပြန်လိုက်သည်။
“ငါ့ရဲ့မိန်းကလေးပေါ့”
***