အပိုင်း (၂၅၁)
ငါ့နှာခေါင်းကို ဘယ်သူ နှိုက်ရဲတာလဲ
နန်းပေါင်ရီ နိုးလာသောအခါ သူမ၏ လည်တိုင် ဘေးဘက်က ဆိုးဆိုးဝါးဝါး နာကျင်နေသည်။
သူမ မျက်လုံးတွေကို ဖွင့်ကြည့် လိုက်သောအခါ နံရံမှာ တိရစ္ဆာန် အဆီထည့်ပြီး ထွန်းရသော မီးအိမ်နဲ့ မီးတုတ် တွေကို ဘေးပတ်လည်မှာ ချိတ်ဆွဲထားတာကို တွေ့ရသည်။
သံပြတင်းတွေက ညစ်ပတ်ပြီး ဟောင်းနွမ်း စုတ်ပြတ်နေလေသည်။ ပြတင်း အပြင်ဘက်မှာတော့ ကြယ်တချို့ကို လှမ်းမြင်နေရသည်။
ဝံပုလွေတွေ၏ ဟိန်းဟောက်သံကို အဝေးမှ ကြားနေရသည်က ကြက်သီးထစရာ ကောင်းလှသည်။
သူမက နာကျင်နေသော လည်ပင်းကို ပွတ်သပ်ချင်ပေမယ့် သူမ၏လက်တွေက နောက်ဘက်မှာ ပူးပြီး အချည်ခံထားရသည်။ သူမက မျက်နှာကို ရှုံ့တွလိုက်မိတော့သည်။
အနီးနားမှာ ဝံပုလွေ ဟိန်းသံတွေနဲ့ တောင်တန်းတွေ၏ အနက်ပိုင်း တောတွင်း တစ်နေရာ ဖြစ်ပုံပင်။
ဒီအတိုင်းဆိုရင် ဒါက စွန့်ပစ်ထားသော သစ်သားဂိုထောင် တစ်ခုဖြစ်ပြီး တောပုန်းဓါးပြများ၏ နေရာ ဖြစ်နိုင်သည်။
ကူညီကယ်ဆယ်ရေး အတွက် ငွေတွေက တောပုန်းဓါးပြတွေ၏ သားရဲတွင်းထဲမှာ မဟုတ်ပေမယ့် သူမနဲ့ နန်းယန်ကတော့ တောပုန်းဓါးပြတွေ၏ သားရဲတွင်းထဲ ခေါ်ခံလိုက်ရသည်။
မျက်နှာချင်းဆိုင်ဘက်မှာတော့ နန်းယန်က သတိလစ်နေဆဲပင်။
“ဟေး”
သူမက နန်းယန်ကို ကန်လိုက်သည်။ တစ်ဖက်လူက တုံ့ပြန်မလာချေ။
နန်းပေါင်ရီက အသံကို တိုးလိုက်ပြီး “နန်းယန်၊ ထတော့၊ ငါတို့က ဓါးပြတွေရဲ့ သားရဲတွင်းထဲမှာ အလှောင် ခံထားရပြီ၊ နင်က အိပ်နေနိုင်သေးလား”
သို့ပေတည့် တစ်ဖက်လူ၏ တုံ့ပြန်ချက်ကတော့ နတ္ထိ။
နန်းပေါင်ရီက ခြေထောက်ကို မြှောက်ပြီး သူမ၏မျက်နှာကို ကန်ရုံမှအပြင် မတတ်နိုင်တော့၊ ကန်ချက် အနည်းငယ် ကျရောက် သွားပြီးတာတောင် မနိုးလာသေးပေ။
သူမဘာသာ အကြံထုတ်ဖို့ ဖြစ်လာတော့သည်။
ကြမ်းပြင်ပေါ်မှာတော့ ကျိုးပဲ့နေသော ရေပန်းကန်လုံး တစ်လုံးကလွဲလို့ ဘာမှရှိမနေပါချေ။ ထိုပန်းကန်လုံးက ကြွေစအပဲ့နဲ့ ချည်ထားသော ကြိုးကိုဖြတ်ဖို့ သူမ စဉ်းစားလိုက်မိသည်။ ရုတ်တရက် အပြင်ဘက်မှ သစ်ရွက်ပေါ်ကို ခြေချနင်းသော အသံတွေကို ကြားလိုက်ရသည်။
သူမက အမြန်လှဲလိုက်ပြီး မျက်လုံးတွေကို မှိတ်လိုက်တော့သည်။
လူတစ်ယောက်က သော့ကိုဖွင့်လိုက်သည်။
“တပ်မှူးဟန်၊ ကျွန်တော်တို့က ကူညီကယ်ဆယ်ရေး ငွေတွေကို ဓါးပြတိုက် မထားပေမယ့် မိန်းမလှလေး နှစ်ယောက်ကို ဖမ်းထားပါတယ်၊ တပ်မှူးက နွေဦးကျောက်စိမ်း စံအိမ်ကိုခေါ်သွားပြီး လေ့ကျင့်ပေးလိုက်ရင် နောင်မှာ ရွှေစအမြောက်အမြားနဲ့ ရောင်းလို့ရမှာပါ”
မီးအိမ်၏ အလင်းရောင်က ရှေ့တိုးလာသည်။
မှောင်မည်းနေသော သစ်သား အခန်းငယ်က ရုတ်ခြည်း နေ့အလင်းရောင်ကဲ့သို့ ထိန်လင်း လာသည်။
ဟန်ယန့်လျန်က ပါးလွှာသော ပိတ်ကျဲဝတ်စုံကို ဝတ်ဆင်ထားပြီး အနက်ရောင် အပေါ်ဝတ်စုံကို အပြင်ဘက်က ခြုံလွှားထားသည်။ တစ်ကိုယ်လုံးက အေးစက်သော အငွေ့အသက်တွေ ဖုံးလွှမ်းနေပြီး ဓါးအိမ်ထဲက ထုတ်ထားသော ထက်ရှသော ဓါးရှည် တစ်ချောင်းလိုပင်။
သူမက မျက်ခုံးတွေကိုပင့်ပြီး နန်းပေါင်ရီကို ကြည့်လိုက်သည်။
လောကကြီးက တကယ် ကျဉ်းကျဉ်းလေးပဲ….
တောတောင် နက်နက်မှာတောင် မိတ်ဆွေဟောင်းနဲ့ တွေ့နိုင်သေးသည်။
နန်းမိန်းကလေး၏ ပုံစံကို ကြည့်လိုက်တော့ မျက်တောင်တွေက အတော်လေး လှုပ်ခတ်နေပြီး အစောကတည်းက နိုးနေပုံပင်။
သူမက တိုးသဲ့သဲ့ ရယ်မောလိုက်သည်။
“တပ်မှူးဟန်၊ ဘာလို့ ရယ်နေတာလဲ သူတို့ရဲ့အလှက မလုံလောက်ဘူးလို့ ထင်လို့လား ကြည့်ပါဦး၊ သူတို့က တကယ်လှပါတယ်”
“ငတုံး”
ဟန်ယန့်လျန်က သူ့ကို အေးစက်စက် ကြည့်လိုက်ပြီး “သူ ဘယ်သူလဲသိလား”
“ကျွန်တော်မျိုး မသိပါဘူး”
“သူက အမတ်မင်းရဲ့ ညီမငယ်လေးပဲ၊ နန်းမိသားစု၏ ရင်နှစ်သည်းချာ”
“အဲဒါက ပြဿနာရှိတဲ့သူ မဟုတ်ဘူးလေ၊ နန်းမိသားစု၏ ရင်နှစ်သည်းချာလေးကို ကျွန်တော်တို့က မဖမ်းနိုင်လို့လား၊ အရင်ကဆို ကျွန်တော်တို့ ဘိုးဘေးတွေက ဘုရင်ခံဖြစ်ပြီး တရုံ ဧကရာဇ်၏ တော်ဝင်မိသားစုမှန်း သိကြတယ်၊ ဘယ်လောက်တောင် ဂုဏ်ကျက်သရေ မြင့်မားလိုက်လဲ ဒါပေမယ့် နှစ်ပေါင်းနှစ်ရာ ကြာသွားပြီးနောက်မှာ ကျွန်တော်တို့က တောပုန်းဓါးပြတွေပဲ ဖြစ်လာတယ်၊ ဒီရှုနိုင်ငံ သေးသေးလေးမှာ ပုန်းအောင်း နေရတယ်၊ တကယ်ကို ဝမ်းနည်းဖို့ ကောင်းလိုက်တာ”
အေးစက်သော မိန်းမပျိုက တိတ်ဆိတ် သွားတော့သည်။
လွန်ခဲ့သော နှစ်ပေါင်း နှစ်ရာကျော်က လောကကြီးဟာ တစ်စု တစည်းတည်းဖြစ်ပြီး တရုံလို့ ခေါ်ခဲ့သည်။ ဘုရင်ခံက ဧကရာဇ်၏ တော်ဝင်မိသားစုဖြစ်ပြီး သူက အမတ်တွေ၏ လျှို့ဝှက်ချက်ကို ရှာဖွေဖော်ထုတ်ခဲ့ပြီး လူတွေ၏ ပြောင်းလဲမှုတွေကို လျှော့တွက်ခဲ့လေသည်။
တချို့လူတွေက သူ့ကို လောကကြီး ငြိမ်းချမ်းသာယာခြင်း၏ ကျောထောက် နောက်ခံလို့ အခိုင်အမာ ဆိုခဲ့ကြသည်။
နောက်တော့ တရုံ၏ ဧကရာဇ်က ဘုရင်ခံကို ရှုနိုင်ငံမှာ အားဖြည့်တင်းဖို့ ဆိုသည့် အမိန့်ကိုချလိုက်ပြီး သူ၏ ဘုရင်ခံဆိုသော ဘွဲ့ထူးက ပျောက်ကွယ် သွားခဲ့သည်။
နှစ်နှစ်ရာ ကျော်လာခဲ့ပြီ။ သူတို့က ရှုနိုင်ငံမှာ နောက်ထပ် နောက်ထပ် မျိုးဆက်သစ်တွေိကို မွေးထုတ်ခဲ့ကြပြီး သူတို့၏ သတ်ဖြတ်ခြင်းနဲ့ သွေးကြွေးတွေကို ဓါးအိမ်ထဲက ထက်မြသော ဓါးသွားတစ်လက်လို လှလှပပကြီး ဖုံးကွယ် ထားခဲ့သည်။ ဓါးသွား၏ ထက်ရှမှုက အရင်လို ထပ်တူပေမယ့် သူတို့၏ဂုဏ်ကို လောကကြီးမှာ ထုတ်ဖော် မပြနိုင်ခဲ့ပါချေ။
ဒီမရောက် လာသေးသော နေ့ရက်က နောက်ထပ် နောက်ထပ် ဘယ်နှနှစ်တွေများ ဆက်ပြီး ရှည်ကြာလိမ့် ဦးမှာလဲ…..
ဟန်ယန့်လျန်က မျက်လုံးတွေကို ဖိမှိတ်လိုက်သည်။ သူမက မျက်လုံးတွေကို ပြန်ဖွင့်လိုက်သောအခါ မျက်ဆံအိမ်က အေးစက်စက် အခိုးအငွေ့တွေနဲ့ ပြည့်နေလေသည်။
သူမက နက်ရှိုင်းသော အသံဖြင့် “ဘုရင်ခံက ချမ်းသာတဲ့ သူတွေကို ဖမ်းပြီး ဆင်းရဲတဲ့ သူတွေကို ကူညီတာ မဟုတ်ဘူး၊ ဒါပေမယ့် ဒီပြန်ပေးဆွဲထားတဲ့ မိန်းကလေးတွေနဲ့ ဘာမှလုပ်လို့ မရဘူး၊ သူတို့ကို တောင်အောက် ပြန်ပို့လိုက်”
နန်းပေါင်ရီ ပျောက်သွားတာကြောင့် ကျောက်စိမ်းလမ်းမက ရှုပ်ယှက်ခတ်နေလေပြီ။
အမတ်မင်းက ခွေးရူးတစ်ကောင်လို ဖြစ်နေပြီး ကယ်ဆယ်ရေးအတွက် ငွေတွေကိုတောင် ပြန်မရှာနိုင်တော့ပေ။ သူ၏ လျှို့ဝှက် ကိုယ်ရံတော်တွေ အားလုံးကို နန်းပေါင်ရီ ဘယ်နေရာမှာလဲ ဆိုတာကို ရှာဖို့ အမိန့်ပေးထားသည်။ သူတို့က အိမ်ပေါက်စေ့ စစ်မေးနေပြီး သူတို့ စစ်မေးလို့ မတွေ့ရင် စစ်တပ် တစ်တပ်လုံးကို တောင်တွေပေါ်က ဓါးပြတွေဆီ ဖြန့်ကြက် လာလေတော့မည်။
သူမက အမတ်မင်းနဲ့ ထိပ်တိုက် မတွေ့ချင်ပေ။
တပ်မှူးငယ်က အလွန် စိတ်ပျက်သွားပြီး “နန်းအိမ်တော်က ရှုနိုင်ငံမှာ အချမ်းသာဆုံးပဲ၊ ဒီမိန်းကလေးကို သူတို့ရဲ့ လက်ဖဝါးပေါ်က ရတနာလေးလို သဘောထားတယ်ဆိုရင် နန်းအိမ်တော်ကို ခြိမ်းခြောက်စာ ပို့လိုက်ရင် ပိုမကောင်းဘူးလား၊ သူတို့ဆီက ငွေတချို့ရရင် ဆယ်မိုင် ပတ်လည်က ရွာရှစ်ရွာက ကျွန်တော်တို့ ညီအစ်ကိုတွေကို နောက်ထပ် နှစ်နည်းနည်းလောက်ထို အစားအစာနဲ့ အဝတ်အထည်တွေ ထောက်ပံ့ပေးလို့ရပြီ၊ ထိန်းသိမ်းထားဖို့တော့ မပူပါနဲ့….”
ဟန်ယန့်လျန်က သူ့ကို တစ်ချက်ကြည့်လိုက်သည်။
အရင် နန်းအိမ်တော်ဆိုရင်တော့ ခြိမ်းခြောက်ပြီး ငွေညှစ်လို့ရတာပေါ့…
ဒါပေမယ့် အခုနန်းအိမ်တော်က အမတ်မင်း၏ တောင်ပံအောက်မှာလေ….
နန်းအိမ်တော်ကို ငွေညှစ်တာက….
ငွေမရခင် အမတ်မင်းက အသားကိုတစ်လွှာချင်း ခွာပစ်မှာ ကြောက်ရသည်။
ချမ်းသာတာက ကောင်းပေမယ့်လည်း အသက်ရှိမရှိ ဆိုသည့် ပေါ်မှာလည်း မူတည်သေးတယ်….
ထိုသို့တွေးပြီးနောက် သူမက တင်းမာ ခက်ထန်စွာနဲ့ “ဒီနေ့ခေတ်မှာ ရှုနိုင်ငံက ကျဆုံးပြီး အပြင်ရောက် နေပြီဆိုရင်တောင် ခြိမ်းခြောက်ပြီး ငွေညှစ်လို့ မရဘူး၊ ကျောထောက်နောက်ခံကို ကြည့်ရမယ်”
လက်အောက်ငယ်သားတွေ အားလုံးက ဟုတ်ကဲ့လို့ ပြန်ဖြေကြသည်။
ဟန်ယန့်လျန်က သစ်သားအိမ်၏ အပြင်ဘက်ကို လျှောက်သွားပြီး ဘာကို တွေးမိမှန်းမသိ ရုတ်တရက် ရပ်လိုက်သည်။
သူမက လက်ကိုပင့်၍ ချင်စီကို ခေါ်လိုက်သည်။
“တောင်အောက်ကို တစ်ယောက်ယောက် လွှတ်ပြီး အမတ်မင်းကို ပြောလိုက်၊ ရှန်းရိချောင်ကို နန်းပေါင်ရီနဲ့ လဲမယ်လို့”
လက်အောက်ငယ်သားများ “….”
ဒါက ခြိမ်းခြောက်ဖို့ သဘောတူ လိုက်တာလား
ကျောထောက် နောက်ခံကို မကြည့်တော့ဘူးလား။
ဟန်ယန့်လျန် ထွက်သွားပြီးသောနောက် နန်းပေါင်ရီက မျက်လုံးတွေကို အမြန်ဖွင့်လိုက်သည်။ သူမက ပိတ်ထားသော တံခါးကိုကြည့်ပြီး အေးစက်သော စကားလုံးတွေကို အတိုချုပ် နားလည်ဖို့ ကြိုးစားလိုက်သည်။
သူမ ခန့်မှန်းရသလောက် ဟန်ယန့်လျန်က နောက်ခံတချို့ ရှိပေမယ့် ကျောက်စိမ်း လမ်းမက ဓါးပြတွေနဲ့ တစ်အုပ်စုတည်း ဖြစ်လိမ့်မယ်လို့တော့ သူမ မထင်ထားခဲ့ချေ။
သူတို့ပြောသော ဘုရင်ခံ ဆိုတာကရော ဘာများလဲ၊
သူမက တွေးနေစဉ်မှာ နန်းယန်က နိုးလာတော့သည်။
ဘေးပတ်ဝန်းကျင်၏ အနေအထားကို ကြည့်ပြီးနောက် သူမက မြန်မြန် ထထိုင်လိုက်ပြီး “ငါတို့ဓါးပြတွေ၏ အဖမ်းခံရတာလား”
နန်းပေါင်ရီ “အင်း”
နန်းယန်က ပိုပြီး နာကျင်သွားရပြီး ခေါင်းကိုငုံ့၍ ဝတ်စုံကို စစ်ဆေးကြည့် လိုက်သည်။
ကံကောင်းစွာပဲ သူမကိုယ်ပေါ်မှာ ဝတ်ဆင်ထားသော ပုလဲဆံထိုးနဲ့ ကျောက်မျက်ရတနာတွေ၊ ငွေလက်မှတ်တွေ အားလုံးကို မစမ်းမိတော့ပေမယ့် သူမ၏ဖြူစင်သော ခန္ဓာကိုယ်ကတော့ ကျန်နေ သေးသည်။
သူမက စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်ပြီး “အဲဒါ ဟိုအထည်ဆိုင်က တစ္ဆေကောင်ပဲ နေမယ်၊ သူတို့က ဓါးပြတွေနဲ့ တစ်ဖွဲ့တည်းလို့ မထင်မိဘူး၊ စကားမစပ် ဓါးပြတွေက ငါတို့ ဘယ်သူမှန်း သိလား အစ်ကိုချန်းက ဘယ်အချိန် ငါတို့ကို လာကယ်မှာလဲ မသိဘူး”
နန်းပေါင်ရီက ထင်းပုံကို မှီလိုက်သည်။
သူမက မီးအိမ်ကို ငေးကြည့်ရင်း ဖျော့တော့စွာ စကားပြန်လာသည်။
“မသိဘူးလေ”
ဟန်ယန့်လျန်နဲ့ ဓါးပြတွေက သူမတို့ကို နာကျင်အောင် လုပ်မှာ မဟုတ်တာကြောင့် သူမက စိတ်မပူပေ။
သူမစိတ်ပူတာက….
အစ်ကို ၂ က ရှန်းရိချောင်နဲ့ သူမကိုလဲပါ့မလား။
တကယ်ဆို ရှန်းရိချောင်က သူ၏ဝမ်းကွဲညီလေ….
ထိုအချိန် ကျောက်စိမ်း လမ်းမှာတော့….
နေရာတိုင်းမှာ မီးတိုင်တွေနဲ့ စစ်သည်တွေ အပြည့်ပင်။ လမ်းမရှည် တစ်လျှောက်လုံးက ဆူညံ ပွက်လောရိုက် နေလေသည်။ စစ်သည်တွေက ခံစားချက်ဗလာ မျက်နှာထားတွေနဲ့ အမိန့်ပေးနေပြီး မြေကြီးကိုတောင် သုံးပေလောက်ထိတူးပြီး နန်းပေါင်ရီကို ရှာချင်နေကြပုံပင်။
ချင်ချိုးရွယ် တည်းခိုဆောင်၏ ခန်းမဆောင်မှာတော့…..
ငွေထိန်းနဲ့ စားပွဲထိုးနှစ်ယောက်က ထောင့်နားမှာ တုန်တုန်ရီရီနဲ့ ဆောင့်ကြောင့်လေး ထိုင်နေကြသည်။
ခန်းမဆောင်၏ အလယ်မှ ထိုင်နေသော လူက ကြောက်စရာ ကောင်းသော အရှိန်အဝါ အပြည့်နဲ့ဖြစ်နေတာ ကြောင့်ပင်။ ရှောင်းယီ၏ မျက်နှာထားက တည်ငြိမ်နေပြီး တစ်ချိန်လုံး တံခါးကို စိုက်ကြည့်နေသည်။ ရှီးယန်ဆီက သတင်းကို စောင့်နေခြင်း ဖြစ်သည်။
သူသိချင်လှသည်။ ဘယ်သူကများ သူ့နှာခေါင်းကို နှိုက်ရဲတာလဲလို့…….
ရှန်းရိချောင်က မျက်နှာချင်းဆိုင်မှာ ထိုင်နေပြီး အဖြူရောင် လက်ဝကျယ် ဝတ်စုံကို ဝတ်ဆင်ထားသည်။
သူက တဟက်ဟက် ရယ်လိုက်ပြီး “အမတ်မင်းရဲ့ ပုံစံက ထောက်ပံ့ရေးအတွက် ငွေကို ရှာတာထက်တောင် ပိုပြီး ဂရုစိုက်နေသလိုပဲ၊ နန်းမိန်းကလေး ၅ က အဆင့်ရှစ်ပဲရှိသော ကုန်သည်လေးပါ၊ အမတ်မင်း၏ အချစ် နဲ့တန်လို့လား”
ရှောင်းယီက သူ့ဆီ အကြည့်တစ်ချက် ပို့လာပြီး “မင်းက ဝေဖန်နေတာလား”
“ဘယ်လိုလုပ်ပြီး ရဲပါ့မလဲ”
ရှန်းရိချောင်က ထိုသို့ပြောပြီး သူ၏ နှုတ်ခမ်းထောင့်တွေက ကွယ်ဝှက်ခြင်း မရှိဘဲ ကော့တက် သွားတော့သည်။
ချန်းတယ်ယွီက အောက်ထပ်ကို ဆင်းလာပြီး အသံပြင်းပြင်းဖြင့် “အခုထိ ဘာသတင်းမှ မရသေးဘူးလား ကျောက်စိမ်းလမ်းမှာ ရှာမတွေ့ကတည်းက တောပုန်းဓါးပြတွေရဲ့ အဖမ်းခံသွား ရလောက်ပြီ၊ တကယ်တမ်း ယန်အာက ကျုပ်ရဲ့ အရေးပေးသော မောင်းမ တစ်ယောက်ပဲ၊ တောပုန်းဓါးပြတွေက ကျုပ်ရဲ့ အစိုးရအရာရှိ အသစ်ဆိုသော ဂုဏ်ပုဒ်ကို ကြောက်နေတာ၊ သူတို့ကို ကြက်ကလေးလို ခေါ်သွားပြီး သူတို့က ကျုပ်ကို ခြိမ်းခြောက်ချင်တာ၊ ကျောင်းကျောင်း အတွက်ကတော့ ဖြူစင်မှုလေး ပါသွားမှာစိုးရိမ်ရတယ်”
***