အပိုင်း (၂၄၈)
မင်းကိုဂရုစိုက်ပေးလို့ရမလား
ချန်းတယ်ယွီကလည်း နန်းပေါင်ရီကို ကြည့်လိုက်သည်။
သူ၏ မိန်းမတစ်ယောက် ဖြစ်ရတာ ဘယ်လောက် ပျော်စရာကောင်းလဲ ဆိုတာကို လှလှပပကြီး ပြချင်ခဲ့တာကြောင့် သူက ခပ်ပေါ့ပေါ့ပင် “ယန်အာ သဘောကျတယ် ဆိုရင် အကောင်းဆုံး အခန်းမှာ နေကြတာပေါ့”
နန်းပေါင်ရီက နှာခေါင်းထိပ်လေးကို ပွတ်သပ်လိုက်သည်။
သူမလည်း အကောင်းဆုံး အခန်းမှာ နေချင်တယ်လေ….
တည်းခိုခန်း ပိုင်ရှင်က ရယ်မောရင်း “ချင်ချိုးရွယ်က အကောင်းဆုံး အခန်းကို ယောက်ရှန်းယကျူလို့ ခေါ်ပါတယ်၊ သုံးည အတွက်ဆို ရွှေစ တစ်ထောင် ကျပါမယ်၊ စရံငွေက ရွှေစနှစ်ထောင်ပါ၊ ပြန်သွားသောအခါ ပြန်ယူသွားလို့ ရပါပြီ”
နန်းယန်နဲ့ ချန်းတယ်ယွီက တစ်ချိန်တည်းမှာပဲ တိတ်ဆိတ် သွားတော့သည်။
အခန်းလေး တစ်ခန်းငှားဖို့ တကယ်ပဲ ရွှေစတစ်ထောင် ကျတယ်လား။
ဘာလို့ သူက ဓါးပြထွက်မတိုက်တာလဲ…
တည်းခိုခန်း ပိုင်ရှင်က စာရင်းစာအုပ်ကို ဖွင့်ပြီး နွေးထွေးပျူငှာစွာနဲ့ “သခင်လေးတို့ နှစ်ယောက် အခု သွားတော့မလား”
အချိန်အတန်ကြာသည်အထိ ချန်းတယ်ယွီ၏ မျက်နှာက ခံစားချက်မဲ့ နေပြီးမှ “ဒီခရီးက ရောင့်ရဲနိုင်ဖို့အတွက် လာခဲ့တာပဲ၊ ငါတို့နှစ်ယောက်က ကောင်းကောင်းနေပြီး အစိုးရ ရုံးတော်ကို ပြန်ရောက်လို့ ကုန်ကျစရိတ်ကို ပြန်တောင်းရတဲ့အခါ ကြည့်ကောင်းမှာ မဟုတ်ဘူး၊ ငါတို့ ဒုတိယတန်းစား အခန်းမှာပဲ နေကြမယ်”
နန်းယန်ကလည်း သံယောင်လိုက်သည်။
“ဟုတ်တာပေါ့၊ အစ်ကိုချန်းမှာ တာဝန်တွေနဲ့ကို၊ ညီမတို့က လူထုဘဏ္ဍာငွေကို ဖြုန်းတီးလို့ မဖြစ်ဘူး”
တည်းခိုခန်းပိုင်ရှင်က တိတ်တဆိတ် မျက်ဆန် လှန်လိုက်သည်။
ဒီတည်းခိုခန်းက ချမ်းသာသော ကုန်သည်တွေအတွက် ရည်ရွယ်ပြီး လက်ဖက်ရည် လမ်းပေါ်မှာ ဖွင့်ထားတာ ဖြစ်သည်။
တည်းခိုခက အလွန် ဈေးကြီးသည်။ အစိုးရအလုပ်နဲ့ လာတယ်လို့ ပြောနေတာဟာ ရှက်စရာ ကောင်းလွန်းလှသည်။
သူတို့ကို အပြစ်ပြုမိသလိုများ ဖြစ်သွားလေမလား …
နန်းပေါင်ရီက စားပွဲပေါ်ကို ခေါင်းလေး မှေးတင်ရင်း သေသပ်စွာနဲ့ ရွှေစတစ်ထောင်တန် ငွေလက်မှတ်ကို ကမ်းပေးလိုက်ပြီး သာယာသော အသံလေးနဲ့ “တည်းခိုခန်း ပိုင်ရှင်၊ ကျွန်မတို့ကို အထူးခန်းပေးပါ”
ရှုနိုင်ငံ၏ အချမ်းသာဆုံး ရတနာလေး အနေနဲ့ သူမက တည်းခိုခန်း တစ်ခုလုံး ငှားဖို့တောင် တတ်နိုင်သေးသည်။
သူမက ရှောင်းယီကို နောက်လှည့်ကြည့် လိုက်ပြီး ချိုသာသော အပြုံးလေးနဲ့ “အစ်ကို ၂၊ ဓါးပြတွေနဲ့ တိုက်ခိုက်ပြီး ငွေတွေကို ပြန်ယူရဦးမှာ၊ နောက်ရက်တွေက အရမ်း ခက်ခဲတော့မှာ၊ အဲဒါကြောင့် ကောင်းတဲ့အခန်းကို နေနော်”
မိန်းကလေး၏ မျက်လုံးတွေက ဆန်းသစ်စ လခြမ်းကွေးလေးလို ညွတ်ပျောင်းနေပြီး ကြယ်လေးတွေ တောက်ပလဲ့ဖြာ နေသလိုပင်။
ရှောင်းယီက စမ်းရေအေး တစ်ခွက်ကို သောက်လိုက်ရသလို သူ၏နှလုံးသားက ချိုမြိန်၍ လန်းဆန်းသွား ရသည်။
တည်းခိုခန်းပိုင်ရှင်က သော့ကိုပေးလိုက်သည်။
ချန်းတယ်ယွီက အသံတိုးတိုးဖြင့် လှောင်ပြောင် လိုက်သည်။
“အမတ်မင်းအတွက် တည်းခိုခန်းခကို မိန်းမတစ်ယောက်က ပေးရတာ မရှက်ဘူးလား”
“တချို့လူတွေက လိုချင်ရင်တောင် အခွင့်အရေး မရကြဘူး”
ရှောင်းယီက အပြုံးစစဖြင့် “ကျောင်းကျောင်းက ဒီအမတ်မင်းအတွက် သုံးပေးရတာကို သဘောကျတယ်၊ ဒီအမတ်မင်းကလည်း သူအဲဒီလို ချီးမြှင့် မြှောက်စားတဲ့ အရသာကို ကြိုက်တယ်၊ သခင်လေးချန်းရဲ့ အမြင်ကရော”
ချန်းတယ်ယွီက စိတ်ဆိုးသွားပြီး ဘာစကားမှ မထွက်နိုင်တော့ပေ။
မိန်းမတစ်ယောက်၏ ချီးမြှင့် မြှောက်စားတာကို ဘယ်လို ယောကျ်ားမျိုးက အရမ်း ပျော်ရွှင်နေရတာလဲ။
သူ့ဘဝတစ်လျှောက်လုံး ရှောင်းယီကဲ့သို့ အရမ်း လူပါးဝသော လူစားမျိုးကို သူမမြင်ဖူးခဲ့ပါချေ။
အစေခံတွေက အခန်းထဲသို့ ပစ္စည်းတွေ ရွှေ့ပေးသွားကြသည်။
‘ယောက်ရှန်းယကျူ’ က တည်းခိုခန်း၏ ငါးထပ်မြောက်မှာရှိပြီး တွမ့်ယန်၏ ရှုမျှော်ခင်းကို အပေါ်စီးကနေ မြင်ရသည်။
ယုလဲ့တောင်က တောင်ကုန်းတွေနဲ့ ပြည့်နေပြီး မင်းကျန်းမြစ်က အရှေ့အရပ်သို့ စီးဆင်းနေသည်။ ရွယ်ယုကျွေး၊ ဖိုင်ရှရန်နဲ့ ပေါင်ပင်ခူတို့လို ရေကာတာတွေက တွမ့်ယန်ကနေ ဖြစ်လာတာ ဖြစ်သည်။ အထူးသဖြင့် ရှည်လျားသောမြစ်နဲ့ ကောင်းကင်ပြာကို ဖြတ်ပြီး ပျံသန်းသော ကြိုးကြာဖြူတွေက လှိုင်းတွေကို ပိုပြီး ခမ်းနားအောင် လုပ်တတ်ကြသည်။
နန်းပေါင်ရီက လက်တန်းမှာမှီရင်း ဒီလိုမြင်ကွင်းမျိုးကို ကြည့်ရဖို့အတွက် ဒီအခန်းအတွက် ပေးရသောငွေက တန်တယ်လို့ ခံစားရသည်။
‘ယောက်ရှန်းယကျူ’၏ တံခါးကို တွန်းဖွင့်လိုက်ရင်း သေးငယ်သော တံတားလေးတွေနဲ့ အိမ်လေးတွေ၊ ပန်းခင်းကြီးတွေ၊ တီထွင်ဖန်တီးမှု ဆန်းသစ်သော ရေညှိတက်နေသော ကျောက်တုံးလေးတွေနဲ့ မြေကြီးရောပြီး လှပစွာ ဆောက်လုပ်ထားသော နေရာလေးတွေကိုပါ တွေ့ရသည်။
‘ယောက်ရှန်းယကျူ’က အိပ်ခန်းနှစ်ခန်း ပါပြီး စာကြည့်ခန်းနဲ့ ရေချိုးခန်း၊ ပန်းပွင့်ခန်းမ အသေးစားလေး ပါ ပါသေးသည်။
အခန်းထဲမှာတော့ ရွှေရောင်ပိုးထည်နဲ့ ဖုံးအုပ်ထားသော ပရိဘောဂတွေ၊ ပိုးထည် အိပ်ရာခင်းတွေနဲ့ စောင်တွေ၊ အားလုံးက အသစ်တွေချည်းပင်။ နန်းပေါင်ရီက မဖွင့်ရသေးသော မျက်နှာလိမ်းဆီ၊ နှုတ်ခမ်းနီနဲ့ ရနံ့လေးသင်းနေသော အလှပြင် ပစ္စည်းတွေကိုတောင် တွေ့လိုက်သည်။
သူမက ဗီဒိုကို ဖွင့်ကြည့်လိုက်ပြန်သည်။
ညအိပ်ဝတ်စုံ၊ အောက်ခံဝတ်စုံ အသစ်တွေကို ဗီဒိုထဲမှာ ပြင်ဆင်ပေးထားပြီး အခန်း၏ ပေးရသော တန်ဖိုးနဲ့ လုံးဝကို ထိုက်တန်လှသည်။
သူမက ပန်းပွင့်ခန်းမလေးထဲသို့ ပျော်ရွှင်စွာ ပြေးသွားသောအခါ ရှောင်းယီက ထိုင်ခုံပေါ်မှာ ထိုင်ရင်း လက်ဖက်ရည် တစ်ခွက်ကို သောက်နေလေသည်။
သူ၏ရှေ့မှာတော့ လှပချောမောသော အစေခံခြောက်ယောက်က မတ်တပ် ရပ်နေကြသည်။
အစေခံခေါင်းဆောင်က ဦးညွှတ်ရင်း ပြုံး၍ “မမလေးကို ဂါရဝပြုပါတယ်၊ ဒီအစေခံတွေက ‘ယောက်ရှန်းယကျူ’ ရဲ့ ဧည့်သည်တွေအတွက် ပြုစုပေးမဲ့ အစေခံတွေပါ၊ အဝတ်လျှော်ဖွတ်တာ၊ အဝတ်လဲတာ၊ ပခုံးနဲ့ ခြေထောက်တွေကို နှိပ်နယ်တာတွေကို အစေခံတွေက လုပ်ပေးနိုင်ပါတယ်”
နန်းပေါင်ရီက တခြားသူများ၏ အစေခံကို သုံးရတာ အသားမကျပါချေ။ သူမက သူတို့ကို တခြားကိုသာ ပို့လိုက်ချင်သည်။
အစေခံခေါင်းဆောင်က ပြုံးရင်း ထပ်ပြောလာသည်။
“ထပ်ပြီးတော့ သခင်လေး လိုအပ်မယ်ဆိုရင် အိပ်ရာကို နွေးထွေးအောင်လည်း လုပ်ပေးနိုင်ပါသေးတယ်၊ အဲဒါကြောင့် သခင်လေးရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ကို ဖြေလျှော့ပေးဖို့ အတွက်လည်း သုံးလို့ရပါတယ်”
နန်းပေါင်ရီ “….”
ဒီဝန်ဆောင်မှုကြီးကတော့ တကယ်ကို စဉ်းစားစရာပဲ….
သူမက ရှောင်းယီကို လှမ်းကြည့် လိုက်သည်။ အမတ်မင်းက ပျံ့ပျံ့မွှေးသော လက်ဖက်ရည်ကို အရသာခံ နေပြီး သူ၏မျက်နှာက အေးစက်၍ တည်ငြိမ်နေသည်။
သူက အပြင်လူတွေနဲ့ စကားပြောရတာကို မကြိုက်ဘူး ဆိုတာကို နန်းပေါင်ရီက သိသည်။ ထို့ကြောင့် သူမက စကားပရိယာယ် သုံးပြီး ပြောလိုက်သည်။
“ငါတို့အတွက် မင်းတို့ ပြုစုပေးဖို့ မလိုဘူး၊ သွားလို့ရပြီ”
အစေခံတွေက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဦးညွှတ်၍ ပြန်ထွက်သွားတော့သည်။
နန်းပေါင်ရီက ရှောင်းယီအတွက် လက်ဖက်ရည် ငှဲ့ပေးလိုက်ပြီး လေးနက်သော မျက်နှာထားနဲ့ “ဘုရင်ခံချန်းက အစ်ကို ၂ အတွက် ဝတ်စုံတစ်ထည် ပြင်ထားတယ်ဆိုတာ ရှင်းနေတာပဲ၊ နောက် အစ်ကို ဘာဆက်လုပ်မလဲ အစ်ကိုက တကယ်ပဲ တောပုန်းဓါးပြတွေကို ဖမ်းမှာလား၊ ဒါပေမယ့် ဒီအနီးနား ပတ်ဝန်းကျင်မှာ တောင်ကုန်းတွေ အများကြီးပဲ၊ အားလုံးမှာ ထင်ရှားကျော်ကြားတဲ့ သူတွေ ရှိကြတယ်၊ ဒီသုံးရက်အတွင်း အစ်ကို ဘယ်လိုလုပ် ရှာတွေ့မှာလဲ”
အခန်းထဲမှာ မျက်စိစပါးမွှေး စူးစရာ ဘာမှမရှိတာကြောင့် ရှောင်းယီက အပြုံးပါးပါးကို နန်းပေါင်ရီ၏ နှုတ်ခမ်းလေးထက် တင်လိုက်သည်။
သူက လက်ကိုဆန့်၍ သူမ၏ ဆံနွယ်လေးတွေကို စည်းနှောင်ပေးဖို့ လုပ်လိုက်သည်။
“အရာရှိကျန်းကို အရင်စစ်လိုက်ရင် ရပြီ”
နန်းပေါင်ရီက အတွေးထဲ နစ်သွားရပြီး “အရာရှိကျန်းက ဘေးအန္တရာယ်က လွတ်မြောက်သွားတဲ့ တစ်ဦးတည်းသောသူပဲ၊ သူက အခု သတိလစ် နေတယ်လေ၊ အစ်ကို ၂ က နည်းနည်းကြာကြာ စောင့်ရလိမ့်မယ်”
သူမက ဝတ်စုံကို ပွတ်သပ်လိုက်ပြီး အပြုံးလေးနဲ့ “လမ်းတစ်လျှောက်လုံး လာရတော့ ညီမလေး မျက်နှာက ဖုန်တွေပေနေပြီး မီးခိုးရောင် သန်းနေပြီ၊ ရေအရင် ချိုးလိုက်ဦးမယ်”
ရှောင်းယီက သူမ ခုန်ဆွခုန်ဆွနဲ့ ရေချိုးခန်းထဲ ပြေးဝင်သွားတာကို ငေးကြည့်နေသည်။ သိပ်မကြာလိုက်ပါချေ။ အခန်းထဲမှ ရေကျသံတွေ ကြားလိုက်ရသည်။
သူမလေးက အမြဲတမ်း အသန့်ကြိုက်တာပဲ…
ရှောင်းယီက တွေးရင်းထရပ်ပြီး ရေချိုးခန်းဆီသို့ လျှောက်သွားလိုက်သည်။
အခန်းက ရေနွေးငွေ့တွေနဲ့ ဖုံးလွှမ်းနေသည်။ ငှက်မောင်နှံ ပုံစံထိုးထားသော ပန်းထိုး ကန့်လန့်ကာက အခန်းနဲ့ ခွဲခြားထားပြီး ကောင်မလေး၏ ဝတ်စုံက ကန့်လန့်ကာပေါ်မှာ တင်ကျန်နေသည်။ အဝါရောင် နူးညံ့သော မိုးမခ ဖိနပ်လေးတစ်ရံက ကန့်လန့်ကာ၏ ဘေးမှာ ချွတ်ထားသည်။
ရှောင်းယီက ဒူးတစ်ဖက် ထောက်ထိုင်လိုက်ပြီး ဖိနပ်အောက်ခြေကို သာမန်ကာလျှံကာ ဖွင့်ကြည့်လိုက်သည်။
ဖိနပ်အောက်ခံ သားရေပြားအောက်မှာတော့ ငွေလက်မှတ်တွေ အထူကြီးကို ထပ်ထားသည်။
သူက ကြည့်လိုက်ပြီး သူ၏နှုတ်ခမ်းထောင့်စွန်းတွေကို မကွေးညွတ်မိဘဲ မနေနိုင်တော့ပါချေ။
သူသာ ဒီလိုပုံစံမျိုးနဲ့ ငွေတွေကို ဖွက်ထားရင် ဘယ်သူကများ ရှာတွေ့လိမ့်မလဲမသိ…
သူက ရွှေစတစ်ထောင်တန် ငွေလက်မှတ်ကို သူ့အိတ်ထဲက ထုတ်ယူလိုက်ပြီး တိတ်တဆိတ်နဲ့ သူမ၏ ငွေလက်မှတ်တွေထဲသို့ ရောထည့် ပေးလိုက်သည်။
ပုံမှန်အတိုင်းဆို ကောင်မလေး နှင့်အတူ အပြင်ထွက် လည်တာကို သူမက ငွေပေးရဖို့ အကြောင်းမရှိပါချေ။
ရှောင်းယီက ဒီအမြင်အပေါ်မှာ သဘောထား သေးခြင်းမရှိ။
သူက ထရပ်လိုက်ပြီး ထိန်းမနိုင် သိမ်းမရ သီချင်းညည်းနေသော ကောင်မလေး၏ အသံကို ကန့်လန့်ကာ နောက်ကနေ ကြားလိုက်ရသည်။
“ချွန်းရေချိုးခန်း အအေးခန်းက ဟွားချင်ရေကန်မှာပါ၊ ရေပူတွေက ချိုးဖို့အတွက် ကျဆင်းနေတယ်၊ အဆီတွေကို ဆေးကြောမယ်၊ လျှော်ဖွတ်မယ်၊ စားပွဲထိုးက အားနည်းတယ်၊ အသစ်တွေက ရောက်လာရင် အန်းဇီ ဟုတ်တယ်၊ မှန်တယ်၊ ဟုတ်တယ်၊ မှန်တယ်၊ ဟုတ်တယ်၊ ဒီအချိန်ပဲ”
သူမ၏ သီချင်းညည်းသော အသံလေးက အလွန်ချစ်ဖို့ ကောင်းလှသည်။
ရှောင်းယီ၏ လည်ဇလုတ်က အနည်းငယ် လှုပ်ခတ်သွားသည်။ ဇာမဏီမျက်ဝန်းတွေက မှင်ရည်လို မည်းမှောင်လာပြီး ညခင်းလို အန္တရာယ်ကို ဖုံးကွယ်ထားသည်။
တစ်နေ့မှာတော့ ကောင်မလေးကို ‘ဟွားချင်က ချန်းအန်းဇီ၏ အသစ်’ ဆိုတာကို ပထမဆုံး နားလည်အောင် လုပ်ပေးရမည်။
နန်းပေါင်ရီက လန်းဆန်းသွားပြီး အဝတ်အစားတွေကို သင့်လျော်သလို ဝတ်ဆင်လိုက်သည်။ ကြေးမုံ၏ရှေ့မှာ ခေါင်းအစ ခြေအဆုံး ပြင်ဆင် ခြယ်သ နေလေသည်။ မိန်းကလေးက မှန်ရှေ့မှာတော့ အရွယ်မရောက်သေးဘဲ၊ လှပနုနယ်လှသည်။ အစိမ်းရောင် ဝတ်စုံလေးက တက်ကြွ လန်းဆန်းနေဟန်။
စန္နကူးနံ့ သင်းနေသော ဆံနွယ်တွေကို ဖြီးသင်ပြီး ဆံထုံးလေး ထုံးထားလိုက်သည်။ လည်တိုင်လေးကတော့ ငန်းမလေးလို ရှည်သွယ်လှသည်။
ရေချိုးလိုက်ရတာကြောင့် သူမ၏အသားအရေက ဖြူဖွေးနူးညံ့ပြီး စိုအိနေသည်။ သူမက နှုတ်ခမ်းနီလေးကို ဆိုးလိုက်ပြီး လှသွားပြီလို့ ခံစားလိုက်ရသည်။
သူမ ပန်းပွင့်ခန်းမလေးသို့ ရောက်သောအခါ ရှီးခူက ကိစ္စတွေကို အစီရင်ခံဖို့ ရောက်နေလေသည်။
“အရာရှိကျန်းက သတိရလာပါပြီ၊ အောက်ထပ်က အခန်းထဲမှာ လှဲနေပါတယ်၊ သခင်လေးက သွားကြည့်လို့ ရပါပြီ”
“ညီမလည်းသွားမယ်၊ ညီမလည်းသွားမယ်”
နန်းပေါင်ရီက အလွန်တက်ကြွနေသည်။
ရှောင်းယီက သူမဘက်သို့ အကြည့်ပို့လိုက်သည်။
အန္တရာယ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဒီကလေးမလေးက အမြဲတမ်း ပွဲကြီးပွဲကောင်းဆို စိတ်ကို ဝင်စားနေတော့တာ….
အတိအကျ ပြောရရင်တော့ နန်းမိသားစုတွေ အားလုံးက ပွဲကြီးပွဲကောင်းကို စိတ်ပါဝင်စားကြတာ ချည်းပင်။
နန်းအိမ်တော်မှာ ယမ်းမှုန့် ပေါက်ကွဲရင်တောင် နန်းမိသားစုတွေက ပထမဆုံး အနီးကပ် ကြည့်ကြဦး မည်သာ။ ထွက်ပြေးဖို့ မစဉ်းစားသေးခင် မိသားစုတစ်ခုလုံးက စကားနည်းနည်း ပြောပြီး ဆွေးနွေးနေကြ လိမ့်ဦးမည်။
သမင်လို တုံးအလိုက်လေခြင်း…
သူက နန်းပေါင်ရီကို အောက်ထပ်သို့ ခေါ်ဆောင်သွားခဲ့သည်။
အရာရှိကျန်းက မွေ့ရာပေါ်မှာ လှဲနေပြီး ပိတ်ကျဲစနဲ့ သုတ်ရင်း သူ၏လက်တွေိကို တုန်ယင်စွာနဲ့ ရှောင်းယီဆီသို့ ညွှန်ပြလိုက်လေသည်။
***