အပိုင်း (၂၄၇)
သုံးနိုင်ဖြုန်းနိုင်သော မောင်းမတစ်ယောက် ဖြစ်ရတာဟာ သူမအတွက် ဂုဏ်ယူဖို့ ထိုက်တန်တယ်လား
စစ်သည်တစ်ဦးက သူ၏မြင်းပေါ်မှ ခုန်ဆင်းလာပြီး စိတ်ပူပန်နေသော မျက်နှာထားက အပြည့်အဝ ပေါ်လွင်လျက် “အမတ်မင်း၊ ကျန်းရှီလန် တာဝန်ခံပြီး လာပို့တဲ့ ရှုနိုင်ငံအတွက် ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး ငွေတွေက တွမ့်ယန်က ဖြတ်လာတုန်း တောပုန်းဓါးပြတွေရဲ့ လုသွား ခံလိုက်ရတယ်၊ တစ်ဖွဲ့လုံး ကျန်းရှီလန်ကလွဲပြီး ဘယ်သူမှ အသက်မရှင်ဘူး”
ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး ငွေတွေက တောပုန်းဓါးပြတွေ လုသွားခံ လိုက်ရတယ် …
နန်းပေါင်ရီက တောင့်တင်း သွားတော့သည်။ ဘေးအန္တရာယ် အတွက် သုံးရန် ရုံးတော်က ခွဲဝေပေးသော သန်းနှင့်ချီသော ငွေများက ဓါးပြတိုက်ခံလိုက်ရတယ်။ ဒါဘယ်လိုဖြစ်ရတာလဲ …
ဒီဓါးပြတွေက သတ္တိကောင်းလှချည်လား….
သူမ ဘာမှမပြောရသေးခင်မှာပင် တခြား မြင်းတစ်ကောင်က ကဆုန်ပေါက် လာပြန်လေသည်။
မြင်းပေါ်မှာတော့ မိုးပြာရောင် ပန်းထိုးဝတ်စုံနဲ့ သေးငယ်သော ချည်မျှင် ခေါင်းဆောင်းကို ဆောင်းထားသော လူငယ်တစ်ယောက် ထိုင်နေသည်။ သူ၏ အမူအရာက ကျောက်စိမ်းလို သိမ်မွေ့ညင်သာ လှသည်။
ထိုသူက ချန်းတယ်ယွီပင်….
သူက မြင်းဇက်ကြိုးကို ကိုင်ပြီး အရိုအသေပြုလိုက်ရင်း “အမတ်မင်း၊ ကူညီကယ်ဆယ်ရေးငွေတွေ အလုခံလိုက်ရသော ကိစ္စကို ကျုပ်အဖေက အရမ်း သိချင်နေတယ်၊ သူက အမတ်မင်းကို ငွေတွေကို သုံးရက်အတွင်း ပြန်ရှာပြီး အစိုးရဘက်ကို လွှဲပြောင်း ပေးစေချင်တယ်၊ တစ်ဖက်ကလည်း ဒီပြဿနာအတွက် သူက ရုံးတော်ကို အစီရင်ခံထားပါမယ်တဲ့”
နန်းပေါင်ရီက အနည်းငယ် ထိတ်လန့် သွားတော့သည်။
ရှုနိုင်ငံ၏ ဘုရင်ခံချန်းနဲ့ အစ်ကို ၂ က ဧကရာဇ်၏ သံတမန်အတွက် တာဝန်ယူ ပေးရမယ်ဆိုတာက၊ ပုံမှန် လုပ်ရိုးလုပ်စဉ် အတိုင်းဆိုရင် အစ်ကို ၂ နှင့်အတူ ငွေတွေရှိနိုင်မဲ့ အနီးစပ်ဆုံး နေရာကို စုံစမ်းစစ်ဆေးရမှာ ဖြစ်သည်။
အချိန်သုံးရက်သာ ရသည်။ ဒါက အရမ်းကို ရက်စက်လွန်းသည်ပင်။ အစ်ကို ၂ ကို လက်စားချေချင်တာ ထင်ရှားနေပေသည်။
တကယ်တမ်းတော့ လွန်ခဲ့သော လအနည်းငယ်တုန်းက ချန်းတယ်ကျင်က ရထားလုံး တစ်ခုမှာ ချိတ်ဆွဲခြင်း ခံရပြီး သေသွားခဲ့သည်။ မြင်းရိုင်း တစ်ကောင်ကြောင့်လို့ အဖြေထွက်ပေမယ့် မြင်းလှည်း၏ ပိုင်ရှင်ကိုတော့ ရှာမတွေ့ခဲ့ပါချေ။
ကျင်းကွမ် တစ်မြို့လုံးမှာ ချန်းတယ်ကျင်ကို သတ်ရဲသောသူ၊ သတ်ချင်သော သူက အစ်ကို ၂ တစ်ယောက်တည်းသာ။
ထို့ကြောင့် ဘုရင်ခံချန်းက ကယ်ဆယ်ရေး အတွက် ငွေတွေပျောက်တာကို ရမည်ရှာပြီး အစ်ကို ၂ ကို လက်တုံ့ပြန်ခြင်း ဖြစ်သည်။
သူမက စိတ်ဆင်းရဲစွာဖြင့် “ဟိုတစ်စုသည်တစ်စု ပြန့်ကျဲနေသော ဓါးပြတွေက အများကြီးပဲကို၊ သူတို့တကယ်ကို ဓါးပြတိုက်ခဲ့ရင်တောင် သုံးရက်တည်းနဲ့ သူတို့ကိုရှာပြီး ငွေတွေပြန်ရဖို့ ဆိုတာက မဖြစ်နိုင်ဘူး”
ချန်းတယ်ယွီ၏ အကြည့်တွေက သူဆီသို့ ရောက်လာသည်။
သူ၏ သတို့သမီးလောင်း အဟောင်းလေး သူမကို လအနည်းငယ် ကြာအောင် မတွေ့ရသောအခါ ငယ်ရွယ်သော မိုးမခကိုင်းလေးလို ပိုပြီး အရပ်ရှည်လာသည်။
ဆံထုံးမြင့်မြင့်လေး ထုံးထားပြီး မျက်နှာလေးက ဖြူဉနုဖပ်နေကာ အလွန်ကို လှပတင့်တယ် လွန်းသည်။
သူ၏မျက်လုံးတွေက အနည်းငယ် ရွေ့လျားသွားလျက် “ဒါက စစ်တပ်စခန်းလေ၊ ကျောင်းကျောင်းက ဘာလို့ရှိနေတာလဲ”
နန်းပေါင်ရီက သူ့ထံမှ သူမ၏ အိမ်နာမည် ခေါ်တာကို မကြားချင်ပါချေ။
သူမက ခက်ထန် တင်းမာစွာဖြင့် “သခင်လေးချန်းနဲ့ ကျွန်မက မရင်းနှီးပါဘူး၊ ဒါကြောင့် ကျေးဇူးပြုပြီး ကျွန်မ၏ အိမ်နာမည်ကို သဘောရှိသလို မခေါ်ပါနဲ့”
ချန်းတယ်ယွီက မရှုနိုင်မကယ်နိုင် ဖြစ်သွားတော့သည်။
ချက်ချင်း သူက တဟက်ဟက် ရယ်မောလိုက်ပြီး “မင်းအစ်မက အခုဆို ငါ့ရဲ့ မယားငယ် ဖြစ်နေပြီလေ၊ ငါကလည်း မင်းရဲ့ခဲအိုပဲပေါ့၊ မင်းရဲ့ အိမ်နာမည်ခေါ်တာ ဘာဖြစ်လဲ မင်းနဲ့အတူတူပဲလေ”
သူက ထိုခေါင်းစဉ်ကို အများကြီး မဆွေးနွေးချင်ပေ။
သူက ရှောင်းယီကို စိုက်ကြည့်လိုက်ပြီး အေးစက်စက် လေသံဖြင့် “အမတ်မင်း၊ ခင်ဗျားက ကျုပ်အဖေရဲ့ အမိန့်ကို သိပြီးပြီဆိုတော့ ကျုပ်ကအခု အစိုးရ ရုံးတော်မှာ အကြံပေးအမတ် တစ်ယောက် အနေနဲ့ အမှုထမ်းနေပြီ၊ ဒီသုံးရက်အတွင်း ခင်ဗျားရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ဖို့ လိုတယ်၊ ဒီသုံးရက်အတွင်းမှာ ခင်ဗျားက တောပုန်းဓါးပြတွေကို ရှင်းပစ်ပြီး ငွေတွေကို ပြန်ယူပေးရမယ်၊ အကယ်၍ မဟုတ်ရင်တော့ ရုံးတော်က တစ်ယောက်ယောက်ကို လွှတ်ပြီး တာဝန်ခံခိုင်းမှာပဲ၊ ရှုနိုင်ငံက ခင်ဗျားကို ပြစ်မှုကျူးလွန်တယ်ဆိုပြီး အရေးယူလိမ့်မယ်”
နန်းပေါင်ရီက စိတ်ပူသွားတော့သည်။
ငွေစသန်းနဲ့ချီပြီး ပျောက်ဆုံးသွားတဲ့အတွက် စစ်စခန်းအနေနဲ့ တာဝန်ခံရတော့မှာပင်။
ဘုရင်ခံချန်းနဲ့ ဘုရင်ခံရွယ်က အစ်ကို ၂ ကို ထိပ်ဆုံး ရန်သူအနေနဲ့ ရှင်းလင်းပစ်ဖို့ ကြံရွယ် နေကြတာဖြစ်သည်။
သူမ၏ မျက်နှာပေါ်က ပူပန်ရိပ်တွေက ချန်းတယ်ယွီကို အင်မတန် ပျော်ရွှင်စေသည်။
“အမတ်မင်းက လုပ်စရာတွေ ရှိတယ်၊ ကျောင်းကျောင်းလည်း ဒီမှာရှိနေရင် အနှောင့်အယှက် ဖြစ်နေပါ့မယ်၊ မိန်းကလေးတွေက အိမ်ထဲမှာပဲ နေသင့်တာလေ၊ ငါမင်းကို အိမ်ပြန်ပို့ပေးမယ်”
“ကျွန်မက ဘယ်မှာ ရှင်နဲ့ဘာကို လုပ်ရမယ်”
နန်းပေါင်ရီက သူ့ကို အလွန်ရွံမုန်းနေပြီး “ကျွန်မကို ဂရုစိုက်မနေနဲ့”
သူမက ရှောင်းယီ၏ လက်ကို ချစ်ခင်မြတ်နိုးစွာနဲ့ ဆွဲလိုက်ပြီး “အစ်ကို ၂၊ ညီမလေးက တွမ့်ယန်ကို အစ်ကိုနဲ့အတူ လိုက်ချင်တယ်၊ ညီမလေးက အစ်ကို့ကို ပြဿနာ မဖြစ်စေရဘူးလို့ ကတိပေးပါတယ်”
သူမက နွေဦးကျောက်စိမ်း စံအိမ်ကို စာပို့ခိုလေးလွှတ်၍ ဟန်ယန့်လျန်ကို သူမကိုကူညီပြီး ကယ်ဆယ်ရေး အတွက် ငွေတွေဘယ်မှာလဲ ဆိုတာကို ရှာပေးဖို့ မှာလိုက်သည်။
ထိုနည်းလမ်းနဲ့ သူမက အစ်ကို ၂ ကိုကူညီပေးသည်ဟု သတ်မှတ်လို့ရမလား….
ရှောင်းယီက သူမ၏ မျက်နှာလေးကို ကြင်နာစွာ တို့ထိလိုက်ပြီး “ကျောင်းကျောင်း လိုက်ချင်ရင် လိုက်ခဲ့လေ”
နန်းပေါင်ရီကလည်း မြင်းစီးတတ်သည်။ သူမက တွမ့်ယန်ကိုသွားဖို့ ကြည့်လိုက်သောအခါ အမတ်မင်း တစ်ယောက်တည်းကသာ ဆွေမျိုးတွေကို ခေါ်လာတာ မဟုတ်ဘဲ ချန်းတယ်ယွီကလည်း ရထားလုံး တစ်လုံးကို ယူဆောင်လာခဲ့သည်။
ကန့်လန့်ကာက ယိမ်းနွဲ့နေပြီး ပန်းရောင် ဝတ်စုံလေးက ထွက်ပြူလာသည်။ ဝါးကန့်လန့်ကာကို ဖြတ်ပြီး အထဲမှာ ရှိနေသော သွယ်လျပြီး ဆွဲဆောင်မှု ရှိလှသော ဘေးတိုက် မျက်နှာနဲ့ မိန်းကလေး တစ်ယောက်၏ ပုံရိပ်ကို ဝိုးတဝါး မြင်ရသည်။
သူမက ကြည့်ပြီး ဝါးကန့်လန့်ကာကို သွယ်ပျောင်းသော လက်လေးနဲ့ လှပ်လိုက်သည်။
မျက်လုံးနှစ်စုံက ခလုတ် တိုက်မိကြသည်။
နန်းယန်က ရွှေဆံထိုးကို တစ်ချက် သပ်လိုက်ရင်း ပြုံးဟန်စွက်၍ “မတွေ့ရတာ နှစ်ဝက်လောက်ရှိပြီ၊ ကျောင်းကျောင်း အဆင်ပြေတယ်မလား”
နန်းယန်ပါပေ….
နန်းပေါင်ရီက မျက်ခုံးတွေကို ပင့်လိုက်ပြီး စိတ်ဝင်စားမှု နှင့်အတူ ဝင်လာခဲ့သည်။
နန်းယန်၏ ပုံပန်းသွင်ပြင်ကို အကဲခတ်ရသလောက် ချန်းမိသားစုမှာ ကောင်းကောင်း နေရပုံပင်။
သူမက နွေးထွေးစွာနဲ့ “မမ၊ အဆင်ပြေတယ်မလား”
“အစ်ကိုချန်းက ငါ့ကို အရမ်း အလိုလိုက်တယ်၊ ငါက ချန်းအိမ်တော်မှာ ကောင်းကောင်း နေရတယ်၊ နန်းအိမ်တော်မှာ နေတုန်းကထက်တောင် ပိုကောင်းသေးတယ်”
နန်းယန်က အမှုမဲ့အမှတ်မဲ့ဖြင့် ဝတ်စုံကို ကြင်နာစွာ ပွတ်သပ်နေပြီး “ငါအရင်ကဆို ဒီလို ပိုးထည်ဝတ်စုံမျိုး ဝတ်ဖို့ မတတ်နိုင်ခဲ့ဘူး၊ ဒါပေမယ့် အခုတော့ ငါလိုချင်သလောက် အစတွေကို ဖြတ်လို့ရနေပြီ၊ တခြားသူရဲ့ မျက်နှာကို ထပ်ပြီး ကြည့်ဖို့ မလိုတော့ဘူး”
နန်းပေါင်ရီက ခေါင်းလေးကို ပင့်မော့လိုက်သည်။
သုံးနိုင်ဖြုန်းနိုင်သော မောင်းမတစ်ယောက် ဖြစ်ရတာဟာ သူမအတွက် ဂုဏ်ယူဖို့ ထိုက်တန်တယ်လား…..
အမြင်ကသာ အရေးကြီးပုံပင်။
သူမက အပြုံးချိုချိုလေးနဲ့ “မမလိုချင်တဲ့အတိုင်း ဖြစ်လာလို့ ဂုဏ်ယူပါတယ်”
နန်းယန်က သူမ၏ စိတ်ကူးတွေကို ထွင်းဖောက်မြင်နေပြီး သူမ၏ နှုတ်ခမ်းထောင့်တွေက ကော့တက်သွားကာ “နင် ငါ့ကို အထင်အမြင် သေးနေတယ်ဆိုတာ ငါသိပါတယ်၊ ဒါပေမယ့် ငါက ဆင်းရဲသော ဇနီးမယား တစ်ယောက် ဖြစ်ရမှာထက် အစိုးရအရာရှိရဲ့ မောင်းမတစ်ယောက် ဖြစ်ရတာကို ပိုပြီး လိုလားတယ်၊ အခုတော့ အစ်ကိုချန်းက အစိုးရအရာရှိရုံးမှာ အလုပ်ဝင်နေပြီလေ၊ သူက အရာရှိငယ် တစ်ယောက် ဆိုပေမယ့် လူတွေ အများကြီးက အနောက်တံခါးက ငါ့ကို လက်ဆောင်ပဏ္ဏာတွေ ပေးပြီး သူ့ကိုချဉ်းကပ်ဖို့ ကြိုးစားကြတယ်၊ ငါက တန်ဖိုးကြီးသော လက်ဆောင်တွေ အများကြီးကို ရတာ၊ သာမန်လူ တစ်ယောက်ကိုသာ လက်ထပ်လိုက်ရင် မရနိုင်မဲ့ အကျိုးအမြတ်တွေပဲလေ”
နန်းပေါင်ရီ က တိုးဖွဖွ ရယ်လိုက်သည်။
အရာရှိတစ်ဦးက လာဘ်ယူတယ် ဆိုတာကို ထုတ်ပြောနေတာပဲ၊ နန်းယန်က တကယ် အထင်သေးစရာပဲ….
သူမက ဂရုမစိုက်ပါချေ။ ဝတ်စုံကို ပြင်ပြီး မတ်မတ် ထိုင်လိုက်သည်။
နန်းယန်က သူမ၏နောက်ကျောကို စိုက်ကြည့်နေသည်။ သူမ၏အပြုံးက အနည်းငယ် ဂုဏ်ယူဟန်စွက် နေလေသည်။
နန်းပေါင်ရီက မနာလို ဝန်တိုဖြစ်မှာ ကျိန်းသေပဲ၊ အဲဒါကြောင့် ငါ့ကို စကားမပြောချင်တော့တာ….
သူမက ယပ်တောင်လေးကို ပေါ့ပေါ့ပါးပါးဖြင့် ခပ်နေပြီး သူမ၏ပါးပြင်က နည်းနည်းပို၍ ပျော်ရွှင်နေဟန် ရသည်။
သူမက လမ်းမကြီး၏ ရှုခင်းကို ကြည့်လိုက်သောအခါ မျက်လုံးတွေထဲမှာ ပီတိတွေ လွှမ်းနေလေသည်။
သူမ ချန်းအိမ်တော်မှာ မြဲမြဲရပ်နိုင်ဖို့ ကြိုးစားအားထုတ်မှုတွေ အများကြီး လုပ်ခဲ့ရသည်။
သခင်မဟောင်က သူမကို သဘောမကျတာကြောင့် သူမက နေ့တိုင်း မနက်ကနေ နေဝင်ချိန်ထိ သခင်မဟောင်အတွက် ကိုယ်တိုင် ချက်ပြုတ်ပြင်ဆင် ပေးရသည်။ ပြီးတော့ ဂရုစိုက်ပြီး အချိန်တိုင်း သွားစောင့်နေရသည်။ အနီးကပ် အစေခံတွေ ထက်တောင်ပို၍ သာသေးသည်။ သို့သော်လည်း သခင်မဟောင်က မလှုပ်ပါချေ။
ထို့ကြောင့် သူမက အဆိပ် နည်းနည်းဝယ်ပြီး ဘုရင်ခံချန်း၏ ချစ်မြတ်နိုးခြင်းကို ခံရသော မယားငယ် နှစ်ယောက်ကို အဆိပ်ခတ်ပြီး သခင်မဟောင်ကို မျက်နှာသာရဖို့ တိုက်ခိုက် ပေးခဲ့သည်။ ထိုလုပ်ရပ်ကြောင့် အရင်ကနဲ့ မတူစွာ သခင်မဟောင်က သူမကို ပိုပြီး ကောင်းကောင်း ဆက်ဆံပေး လာခဲ့သည်။
ချန်းတယ်ယွီက အမေကို တန်ဖိုးထားသော သားတစ်ယောက်ဖြစ်သည်။
သခင်မဟောင်က သူမကို ကြင်နာနေတာကြောင့် သူကလည်း သူမကို ကောင်းကောင်းမွန်မွန် ဆက်ဆံလာပြီး ပိုပြီးလည်း အလိုလိုက် လာသည်။ သူမကို ပုလဲဆံထိုးတွေ၊ ကျောက်မျက်ရတနာတွေနဲ့ ပိုးထည် ဝတ်စုံတွေပေးဖို့ ဆန္ဒရှိ လာခဲ့သည်။
တွမ့်ယန် ခရီးမှာတောင် သူမကို သူနဲ့အတူ ခေါ်သွားချင်သည် အထိပင်။
ဒါက မျက်နှာသာပေး ခံရခြင်း၏ ပြယုဂ်ပင်။
နန်းယန်က ယပ်တောင်ခပ်ရင်း အစေခံတွေက လက်ဖက်ရည် ဆက်တာကို စောင့်နေရတာကို ပျော်ရွှင်နေတာ ဖြစ်သည်။
တွမ့်ယန်ကို သွားနေသော အချိန်အတောအတွင်းမှာ အခု သူမက ချမ်းချမ်းသာသာနဲ့ ပျော်ပျော်ရွှင်ရွှင် နေရတယ် ဆိုတာကို နန်းပေါင်ရီကို မျက်လုံးနဲ့ ကိုယ်တိုင် မြင်စေချင်ခဲ့တာ ဖြစ်သည်။
နေဝင်ရီတရော အချိန်မှာတော့ သူတို့ကွမ်ရှန်းကို ဆိုက်ရောက်ခဲ့သည်။
တွမ့်ယန်က ဂုဏ်ကျက်သရေ ရှိသော ရေကာတာ နားကမြို့ဖြစ်ပြီး ကွမ်ရှန်းမှာ တည်ရှိသည်။
ရောက်တော့ နန်းပေါင်ရီနဲ့ တခြားသူတွေက ကျောက်စိမ်းလမ်း၏ တောင်ဘက် ပေါင်ပင်ခူမှာ အနားယူ နေကြသည်။
လမ်းမတစ်ခု ဖြစ်ပေမယ့် တကယ်တမ်းက လာဘ်လာဘ ကောင်းသော ရှေးရိုးရာမြို့တော် တစ်ခုလိုပင်။ အနောက်တောင်ဘက် လက်ဖက်ရည်လမ်း ဆိုပြီး ကျော်ကြားလှသည်။
ဒီကလူတွေက မိုးခေါင်ရေရှားသော ဒဏ်ကို အနည်းငယ် ခံစားနေကြရပြီး မြို့တော်၏ စီးပွားရေး ဈေးကွက် တစ်ခုဖြစ်သော ပိုးထည်၊ ပန်းထိုးထည်၊ လက်ဖက်ရည်၊ မြင်းတွေနဲ့ ကျောက်စိမ်းတို့က အလွန်ဈေးမြင့် လှသည်။
ကျောက်စိမ်းလမ်း၏ ဈေးအကြီးဆုံး တည်းခိုခန်းကတော့ ချင်ချိုးရွယ်လို့ ခေါ်ပြီး ပိုင်ရှင်ဖြစ်သော ရှီးလင်နှင်းတောင်ပေါ်က ချင်ချိုးရွယ်၏ နာမည်ကို ယူပြီး မှည့်ထားတာ ဖြစ်သည်။
နန်းယန်က အစေခံ၏လက်ကို ကိုင်လိုက်ပြီး နန်းပေါင်ရီကို လှလှပပလေး တစ်ချက် ကြည့်လိုက်ရင်း နူးညံ့စွာနဲ့ ပြောလိုက်သည်။
“အစ်ကိုချန်းက ညီမတို့ အကောင်းဆုံး အခန်းကို ယူမှာမှလား လမ်းတစ်လျှောက်လုံး ပင်ပန်းလာတာ ကောင်းကောင်း အနားယူချင်တယ်”
***