အပိုင်း (၂၄၃)
မင်းတစ်ယောက်တည်းအတွက် ကပြစေချင်တာလား
ပန်းပွင့်ခန်းမ၏ ကတ်ကစားခြင်းက တက်ကြွ အသက်ဝင်နေသည်။ နန်းပေါင်ရီကတော့ ရထားလုံးပေါ် ရောက်နေလေပြီ။
လမ်းမပေါ်က ခေါ်လာသော ဦးလေးဝေက လအနည်းငယ် ကြာသောအခါ သူမကို ကိုယ်တိုင် ရထားလုံး မောင်းပို့သော အဆင့်သို့ ရောက်ရှိ လာလေပြီ။ သူ့မှာ ကောင်းမွန်သော အရည်အချင်း ရှိတာကြောင့် နန်းပေါင်ရီက မတော်တဆ ဖြစ်မှာကို စိတ်မပူပါချေ။
သို့ပေတည့် အိမ်တော်၏ ဂိတ်တံခါး ရှေ့ကို ရောက်သောအခါ နန်းပေါင်ကျူးက ပြေးလာလေသည်။
သူမက နွေဦးကျောက်စိမ်း စံအိမ်က ပြန်လာတာဖြစ်ပြီး လက်ပြ နှုတ်ဆက်ရင်း “ကျောင်းကျောင်း၊ ဘယ်ကိုသွားမလို့လဲ ငါလည်း လိုက်မယ်လေ၊ ငါ့ကိုစောင့်ဦး”
သူမက နိုင်ဝမ်ကျိုးကိုပါ ရထားလုံးထဲသို့ အတူခေါ်လာခဲ့သည်။ နန်းပေါင်ရီက စစ်တန်းလျားကို သွားမယ် ဆိုတာကို သိသောအခါ နန်းပေါင်ကျူးက အလွန် ပျော်ရွှင်သွားပြီး “ငါငယ်ငယ် ကတည်းက စစ်တန်းလျားကို တစ်ခါမှ မရောက်ဖူးဘူး၊ ဒီနေ့ ကျောင်းကျောင်းရဲ့ ဝတ်စုံက အရမ်းလှတာပဲ၊ ဒီဝတ်စုံက ပေါ့ပါး လွင့်မြောပြီး လှလည်းလှတယ်၊ နင်ဝတ်တာကို ဒီတစ်ခါပဲ မြင်ဖူးသေးတယ်”
နိုင်ဝမ်ကျိုးက ခေါင်းထဲ သံရိုက်ထည့် ခံရသလိုဖြစ်သွားရပြီး “မိန်းကလေးဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြင်ပြင်ဆင်ဆင် နေတတ်ရတယ်”
“ကိုယ့်ကိုယ်ကိုယ် ပြင်ပြင်ဆင်ဆင် နေတတ်ရမယ်”
နန်းပေါင်ကျူးက စိတ်ဝင်စား သွားရသည်။
နန်းပေါင်ရီက နိုင်ဝမ်ကျိုးကို စိတ်ရှုပ်ထွေးနေသော အကြည့်နဲ့ ကြည့်လိုက်သည်။
အသက်ဆယ့်သုံးနှစ်ပဲ ရှိသေးသော ကောင်ငယ်လေးက အသက်ကြီးရင့်နေသော လူကြီးတစ်ယောက်လို သူမ၏ စိတ်ထဲကို ထွင်းဖောက် မြင်နေရသလိုပင်။
သူမ၏ ဖြူဖွေးပြီး နူးညံ့နေသော မျက်နှာလေးက တဖြည်းဖြည်းနဲ့ အနီရောင် သန်းလာတော့ပြီး လက်ကိုင်ပဝါ လေးကို ထုတ်၍ အနည်းငယ် လက်ကိုခါလိုက်သည်။
သူမက တည်ကြည် လေးနက်စွာနဲ့ “ဘယ်သူက ပြင်ပြင်ဆင်ဆင် နေလို့လဲ၊ မဟုတ်ပါဘူး၊ အပြင် မထွက်ရတာ ကြာလို့ အထူးအနေနဲ့ ဝတ်စားလာခဲ့တာ”
နန်းပေါင်ကျူး “အို…”
အမူအရာကတော့ မယုံမှန်း အသိသာကြီးပင်။
နန်းပေါင်ရီက အံ့ကြိတ်လိုက်ပြီး တစ်ခုခုနဲ့ သက်သေပြဖို့ ကြိုးစားသည်။ သူမက သေးငယ်သော ဆံထိုးလေးတွေ၊ နားကပ်တွေနဲ့ တခြား လက်ဝတ်လက်စားတွေကို ထုတ်ယူလိုက်သည်။
နန်းပေါင်ကျူးက ပန်းပွင့်ကိတ်မုန့်ကို စားရင်း လေသံသဲ့သဲ့ဖြင့် “ကျောင်းကျောင်း၊ အဲ့လိုလုပ်ဖို့ မလိုပါဘူး၊ ငါက ဒီတိုင်းပဲ မေးလိုက်တာပါ၊ နင့်ပုံစံက ဒီမှာ ရွှေစ သုံးရာ မရှိဘူးဆိုတာနဲ့ တကယ်ကို တူနေပြီ”
နန်းပေါင်ရီ “…..”
ဘယ်သူက ဒီမှာ ရွှေစသုံးရာ မရှိလို့လဲ။
တကယ် စိတ်ဆိုးစရာပဲ….
အမွှေးတိုင် လေးတိုင်စာ အချိန်ကြာပြီးသော နောက်မှာတော့ ရထားလုံးက မြို့တော်၏ အစွန်မှာရှိသည့် စစ်တန်းလျားသို့ ရောက်လာခဲ့လေပြီ။
ရှီးခူက အဝေးကနေ ထွက်လာခဲ့ပြီး “မမလေး ၄၊ မမလေး ၅ သခင်လေးက မမလေးတ လာတယ် ဆိုတာကိုကြားလို့ ကျွန်တော့်ကို ဂိတ်ပေါက်ဝမှာ မမလေး နှစ်ယောက်ကို ကြိုဖို့ အထူးလာစောင့်ခိုင်း ထားတာ”
နန်းပေါင်ကျူးက စစ်တန်းလျားကို ပထမဆုံး ရောက်ဖူးတာမို့ ရထားလုံးထဲကနေ ပျော်ရွှင်စွာ ခုန်ဆင်း သွားလေတော့သည်။ နိုင်ဝမ်ကျိုး နဲ့အတူ အထဲသို့ ပြေးဝင်သွားပြီး မျက်လုံးလေးတွေက လန်းဆန်း တက်ကြွနေသည်။
နန်းပေါင်ရီက ပန်းထိုးပဝါလေးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း ရထားလုံးထဲမှာ ထိုင်နေဆဲပင်။
သူမက အမတ်မင်းနဲ့ တွေ့ရတော့မှာမို့ သိသိသာသာကို ပျော်ရွှင်ပြီး စိတ်လှုပ်ရှား နေသော်လည်း ဘာကြောင့်မှန်းမသိ ကြောက်သလို တွန့်ဆုတ်နေသလို ရှက်သလို ဖြစ်နေလေသည်။
သူမက တိတ်တဆိတ်နဲ့ ပိုးသားကန့်လန့်ကာ ထောင့်စွန်းလေးကို ပင့်ကြည့်လိုက်သည်။
ဂိတ်ပေါက်ဝမှာ မျှော်စင်တစ်ခု ရှိသည်။ အမတ်မင်းက အနက်ရောင် လက်ဝကျဉ်းသော လေးသည်တော် ဝတ်စုံကို ဝတ်ဆင်ထားပြီး ရွှေတံဆိပ် ဆယ့်နှစ်ခုတပ် သားရေခါးပတ်ကို သူ၏ခါးတစ်ဝိုက်မှာ ဆင်ယင်ထားသည်။ တဟူးဟူး တိုက်ခတ်နေသော လေကို အံတုရင်း တိတ်တဆိတ် ရပ်နေလေသည်။
သူ့ကိုမတွေ့ရတာ သုံးလကျော် ကြာပြီဖြစ်သည်။ သူ၏ ပုံရိပ်လေးကို ကြည့်ရတာ ပိုပြီး ယောကျ်ားပီသ လာသလို ထင်ရသည်။ ဇာမဏီမျက်ဝန်းတွေက နက်ရှိုင်းလှသော ဒီရေလှိုင်းလုံး အောက်ကို ရောက်နေသလို တစ်ချက်ကြည့်ရုံနဲ့တင် ကြောက်ရွံသော ခံစားချက်ကို ခံစားရစေသည်။
သူမကို တွေ့သောအခါ သူ၏နှုတ်ခမ်းပါးတွေက အပြုံးရေးရေးလေး ထင်လာသည်။
သံနဲ့သံမဏိတို့က ထိုတဒင်္ဂမှာ တစ်ယောက်ကို တစ်ယောက် စူးစိုက်ကြည့်နေကြရင်း အကြည့်တွေက ညွတ်ပျောင်း လာကြသည်။
နန်းပေါင်ရီ၏ ပါးပြင်မို့မို့လေးတွေက ပူတက်လာပြီး အလျင်အမြန် နောက်သို့ ပြန်ထိုင်လိုက်သည်။ သူမက ဆံထုံးလေးကို ထိကိုင်လိုက်ရင်း မှန်ကိုထုတ်ယူပြီး ဂရုတစိုက်နဲ့ ခုနကမှ ဖယ်ထုတ်ထားသော ဆံထိုးလေးတွေ၊ နားကပ်တွေနဲ့ တခြား ပစ္စည်းတွေကို တစ်ခုချင်း ဝတ်ဆင်လိုက်သည်။
ဟယ်ယဲ့က မျက်နှာချေမှုန့်ကို ထုတ်ပေးပြီး သူမကို နှုတ်ခမ်းနီ ဆိုးပေးလိုက်သည်။ သူမက ပြုံးရင်း ချီးကျူး လိုက်သေးသည်။
“မမလေးက ပိုပိုပြီးလှလာတယ်၊ အသားအရေလေးကလည်း ဖြူဉုပြီး နုဖပ်နေတာ ထိမိရင် ပဲ့ပါမှာတောင် ကြောက်ရတယ်၊ မျက်နှာချေမှုန့်လေး လိမ်းထားတာများ ပိုပိုလှပြီးရင်း လှနေတော့တာ၊ ဒီအစေခံတောင် တစ်ချက်ကြည့်ရုံနဲ့ ကြွေမိတော့မှာပဲ”
နန်းပေါင်ရီက မှန်ကိုကြည့်၍ ကျေနပ်အားရစွာ အပြုံးလေး တစ်ပွင့်က ထွက်ပြူလာသည်။
ဟယ်ယဲ့က ကန့်လန့်ကာကို လှပ်ပြီး ခုန်ချလိုက်သည်။ သူမက မမလေးကို ကူညီပေးဖို့အတွက် အရင်ဆင်းလိုက်တာ ဖြစ်ပေမယ့် အမတ်မင်းက ရောက်နေလေပြီ။
ရှောင်းယီက လက်ကို ဆန့်တန်းပြီး နန်းပေါင်ရီကို “ဆင်းလာခဲ့”
နန်းပေါင်ရီက သူ၏လက်ကို သိမ်မွေ့နူးညံ့စွာနဲ့ ဆုပ်ကိုင်ရင်း ရထားလုံး အပြင်ဘက်သို့ ထွက်လာခဲ့သည်။
သူမက မျက်လွှာကို ချထားပြီး ရိုကျိုးစွာနဲ့ ဂါရဝပြုလာသည်။
“အစ်ကို ၂၊ မင်္ဂလာပါ”
ရှောင်းယီက သူမကို ကြည့်လိုက်သည်။
သူမကို မတွေ့ရတာ လအနည်းငယ် ကြာခဲ့ပြီ၊ ဒါပေမယ့် ကောင်မလေးက ငယ်ရွယ်သော မိုးမခကိုင်းလေးလို နည်းနည်းလေးပဲ ပိုပြီးကြီးလာသလိုပင်။
နွေဦးနှောင်းပိုင်းကို ရောက်လာပြီမို့ သူမက နူးညံ့သော အစိမ်းရောင် အပေါ်ဝတ်စုံနဲ့ အတွင်းမှာတော့ အဝါရောင်ဖျော့ဖျော့ ပိတ်ကျဲဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ခေါင်းလေးကို ငုံ့ပြီး သူ့ကို အရိုအသေ ပေးလိုက်သောအခါ ချောမွေ့ပြီး နူးညံ့သော လည်တိုင် နောက်ကျောလေးက ထွက်ပြူလာသည်။ သန့်စင်ပြီး ဆွတ်ပျံ့လန်းဆန်း နေလေသည်။
ကလေးမလေးက မိန်းကလေး တစ်ယောက်နဲ့ တူလာပြီပဲ…..
ရှောင်းယီက သူ၏ မိန်းမောနေသော အကြည့်ကို ရုပ်သိမ်းလိုက်ပြီး သူမကို စစ်တန်းလျားသို့ ခေါ်ဆောင်သွား လိုက်သည်။
“ဒီည စစ်တပ်ထဲမှာ စားပွဲတစ်ခုရှိတယ်၊ နေချင်ရင် မင်းလဲဝင်ပြီး ဆင်နွှဲလို့ရတယ်၊ မင်းလည်း လောကကြီး အကြောင်းကို ပိုပြီး သင်ယူလို့ရတာပေါ့”
တစ်ညပိုနေရင်……
သူက သူမကိုပိုပြီး မြင်နေခွင့်ရမယ်လေ။
နန်းပေါင်ရီကလည်း အသင့်ပါပင်။ အမတ်မင်း၏ ခြေတံရှည်တွေက တစ်လှမ်း လှမ်းလိုက်တိုင်း သူမ၏ ခြေထောက်လေး နှစ်လှမ်း သုံးလှမ်းစာလောက် ရောက်သွားတတ်သည်။ သူမက သူ့နောက်က မပြေးရုံတမည် လိုက်ရုံသာ ရှိတော့သည်လေ။
သူက ဒါကိုသိသွားပုံရပြီး ဖြည်းဖြည်းချင်း ခြေလှမ်းကို နှေးချလိုက်သည်။
နန်းပေါင်ရီက သူ့ကိုမော့ကြည့်ဖို့ သတ္တိမွေးလိုက်ပြီး တိုးဖွဖွလေသံလေးနဲ့ “အစ်ကို ၂၊ လွန်ခဲ့တဲ့လတွေ အတွင်းမှာ ညီမလေးက စာအုပ်တွေ အများကြီး ဖတ်ပြီးသွားပြီ၊ တခြားနိုင်ငံတွေရဲ့ သမိုင်းစာအုပ် တွေကိုပါ ဖတ်ရှုလေ့လာပြီးပြီ၊ တောင်ပိုင်းရဲ့ ပထဝီဝင်မြေပုံတွေရော ခရီးသွား အချက်အလက်တွေ မျိုးစုံကိုရောပဲ၊ ညီမလေး အချိန်တိုင်း စာဖတ်နေတာ၊ ကျောက်ဝမ်ခြံကိုသွားပြီး ယွီဝေ့ကိုရှာတယ်၊ ပြီးတော့ ညီမလေးဖတ်ဖို့ စာကြည့်ခန်းထဲက စာအုပ်အသစ်တွေ ရှာပေးဖို့ ပြောတယ်၊ သူယူပေးသော စာအုပ်တွေ အားလုံးမှာ အစ်ကို့ မှတ်ချက်လေးတွေ ပါတယ်၊ အစ်ကို့မှတ်စုလေးတွေကို ကြည့်ပြီး ရှုပ်ထွေးသော စာသားတွေနဲ့ မင်မှိန်သွားတဲ့ စာကြောင်းတွေကို လွယ်လွယ်ကူကူနဲ့ နားလည်နိုင်ခဲ့တာ”
ရှောင်းယီက ကျောက်ဝမ်ခြံမှာ သုံးရက်၊ ငါးရက်လောက် ပြေးသွားနေမဲ့ ကောင်မလေးကို စိတ်ကူးယဉ် ကြည့်လိုက်သည်။ ရိုကျိုးစွာနဲ့ တံစက်မြိတ်အောက်မှာ ထိုင်ရင်း စာဖတ်နေမည့် ကောင်မလေးကို မြင်ယောင်ကြည့်လိုက်ပြီး သူ၏နှလုံးသားက လှိုက်ခုန် နွေးလာတော့သည်။
သူက တည်ကြည်စွာနဲ့ “ကောင်းတယ်”
နန်းပေါင်ရီက ကွေးညွတ်နေသော သူ၏နှုတ်ခမ်းတွေကို ငေးရင်း တိတ်တိတ်လေး ပြောလိုက်သည်။
သူပျော်နေတာပဲ….
နွေဦးနှောင်းပိုင်းမှာတော့ လေရူးက တသုန်သုန် တိုက်ခတ်နေပြီး စစ်တန်းလျား တစ်ခုလုံးက ပူနွေးနေလေသည်။
အထီးကျန် ဆန်လှသော ဗလာသက်သက် ကောင်းကင်ပြာမှာတော့ တစ်ခါတစ်ရံ စက္ကူစွန်လေးတွေကို တွေ့ရတတ်သည်။
နန်းပေါင်ရီက မဝံ့မရဲနဲ့ ရှောင်းယီ၏ လက်ချောင်းလေးတွေကို သူမ၏လက်ချောင်းလေးတွေနဲ့ ထိလိုက်သည်။ ရှောင်းယီက သူမကို ငုံ့ကြည့်လိုက်ပြီး အချိန်အတန်ကြာမှ သူက သူမ၏ လက်လေးကို မြဲမြံစွာ ဆုပ်ကိုင် ထားလိုက်သည်။ နန်းပေါင်ရီက မျက်လွှာလေးချပြီး လက်ဖဝါးပြင်က တဖြည်းဖြည်း ချွေးစို့လာတော့သည်။
သူတို့ကြားက အထင်လွဲမှုက လအနည်းငယ် ကြာသောအခါမှာ ကွယ်ပျောက် သွားခဲ့ပြီး နွေဦးလေပြည်လေးက တိုးဝှေ့ဖြတ်သန်း သွားသလိုပင်။
ညချမ်းချိန်ခါမှာတော့ တပ်စခန်း တစ်ခုလုံးက စည်ကားသက်ဝင် နေလေသည်။
နန်းပေါင်ကျူးက စစ်တပ်သံတမန်တွေ၏ စားပွဲကို စိတ်မဝင်စားပါချေ။ အမတ်မင်း၏ ညီမလေးဆိုသော ဂုဏ်ပုဒ်ကိုသုံးပြီး နိုင်ဝမ်ကျိုး နဲ့အတူ မြင်းဇောင်း၊ စားစရာတွေ သိုလှောင်ထားသောကျီ စသော နေရာတွေကို သွားပြီး ပတ်ဝန်းကျင် လေ့လာရေး လုပ်နေလေသည်။
နန်းပေါင်ရီအတွက်တော့ ပိုကောင်းတာပင်။
စစ်စခန်း၏ တဲကြီးထဲမှာတော့ သူမက ရှောင်းယီ၏ ဘေးမှာ ဒူးထောက်ထိုင်ရင်း စစ်တပ်အာဏာပိုင် အကြီးအမှူး တစ်ယောက်လို တခြားစစ်သူကြီးတွေ၊ စစ်သည်တွေ၊ ရဲမက်မှူးတွေကို မိန့်ခွန်းပြောနေသော သူ့ကို ငေးကြည့်နေသည်။
သူမ ပတ်ပတ်လည်ကို ဝေ့ဝဲကြည့် လိုက်သောအခါ သူတို့အားလုံးက သေရည်အိုးကြီးတွေကို သောက်နေကြပြီး မူးယစ်နေကြလေပြီ။
သူမ ရေတွက်ကြည့် လိုက်သောအခါ အမတ်မင်း သောက်ထားတာတင် စုစုပေါင်း သေရည် ဆယ့်နှစ်အိုး ရှိသည်။
တခြားသူတွေကလည်း မူးနေကြလေပြီ။ သို့ပေတည့် သူ၏မျက်နှာကတော့ ပုံမှန်လိုပင်။ မူးယစ်နေပုံမရဘဲ သေရည်ပမာဏက အလွန်သဟဇာတ ဖြစ်နေပုံပင်။
သေရည် အလွန်အကျွံ သောက်ထားသော အသက်ကြီးကြီး စစ်သူကြီး တစ်ယောက်က ရုတ်တရက် သူမကို အပြုံးကြီးကြီး ပြုံးပြရင်း “နန်းအိမ်တော်က မမလေး ၅ က ခရီးအဝေးကြီးက လာရတာ၊ သူလည်း နည်းနည်းတော့ သောက်သင့်တယ်၊ တစ်နည်းပြောရရင် ကျုပ်တို့ကို မျက်နှာသာလေး နည်းနည်းပေး ပါဦး”
နန်းပေါင်ရီက ဒီလောက် ယောက်ျားတွေ အများကြီး ရှေ့မှာ သေရည်မသောက်ချင်ပေ။ သူမက မျက်လုံးလေးတွေကို အောက်ချလိုက်ပြီး ရှောင်းယီဘက်သို့ တိုးကပ်သွားသည်။
ရှောင်းယီက အမှုမထားစွာနဲ့ “ကျုပ်ညီမက မသောက်နိုင်ဘူး”
“မသောက်တတ်ဘူးဆိုရင် နည်းနည်းလောက် ဆိုပြီး ကပြရင်ရော၊ ကပြဖူးတယ်မလား”
လူကြီးက နန်းပေါင်ရီကို ရဲတင်းလွန်းစွာနဲ့ ကြည့်ပြီး သူ၏အပြုံးက ပြီတီတီဖြင့် အနည်းငယ် ညစ်ညမ်းနေသည်။
“အမတ်မင်းက ကျုပ်တို့ကို အပျော်မယ်တွေ ငှားခွင့်မပေးဘူး၊ ဒါပေမယ့် ဒီညတော့ အမတ်မင်းရဲ့ ဆွေမျိုးလေးက ရောက်လာပြီ ဆိုတော့ ကျုပ်တို့ကို ကူညီပေးသင့်တယ်မလား ဒီမှာ အမတ်မင်းရဲ့ ညီမလေး ရောက်နေပြီလေ၊ မိန်းကလေးက ကျုပ်တို့ကို စိတ်အား တက်ကြွအောင် လုပ်ပေးသင့်တာပေါ့၊ အားလုံး ပြောကြပါဦး၊ ဟုတ်တယ်မလား”
လူတော်တော်များများက နောက်ပြောင် ကျီဆယ်လိုဟန်နဲ့ ဟုတ်တယ်လို့ ဝိုင်းအော်ကြတော့သည်။
နန်းပေါင်ရီက ရှောင်းယီ၏ ပခုံးတွေကို တစ်ချက် အကြည့်ပို့လိုက်သည်။ ညစာ စားပွဲမှာတုန်းက သူမကို ကဖို့ အမိန့်ပေးခဲ့သည်လေ။
စဉ်းစားကြည့်လိုက်ရင် သူတို့က ဘုရင်ခံရွယ်၏ လက်မရွံ့ နောက်လိုက်တွေ ဖြစ်ကြသည်။
အစ်ကို ၂ က စစ်သည်တစ်သိန်း၏ အထက်က မြင့်မားသော ရာထူးကို ပိုင်ဆိုင်ထားပြီး အမိန့်ပေး စေခိုင်းနိုင် ပေမယ့် စစ်တပ်ကတော့ ဘုရင်ခံရွယ်၏ သစ္စာခံတွေသာ။ ကျိန်းသေပေါက်ကို အုပ်ထိန်းရတာ ခက်ခဲမှာပင်။
ပိတ်ကား နောက်ကွယ်က ဖြစ်ရပ်တွေကတော့ တကယ်တမ်းမှာ မလွယ်လောက်ပါချေ။
သူမက အနည်းငယ် လှည့်ပတ်ပြီး အဆင်ပြေအောင် ကပြလိုက်ရင် ပြီးပြတ်သွားလိမ့်မယ်လို့ တွေးလိုက်သော အချိန်မှာ ခပ်တိုးတိုး ရယ်သံကို သူမကြားလိုက်ရသည်။
အစ်ကို ၂ က လက်ထဲက သေရည်ခွက်ကို ဖြည်းညင်းစွာ လှည့်ကစားနေရင်း အသံက ပျင်းရိငြီးငွေ့ဟန်ဖြင့် စိတ်ကိုဆွနေသလိုပင်။
“မင်းတစ်ယောက်တည်း အတွက် ကပြစေချင်တာလား”
***