အပိုင်း (၂၄၂)
ငါတကယ် အစ်ကို ၂ ကို သဘောကျနေပြီ ထင်တယ်၊ ငါတကယ်ကို သဘောကျနေပြီ
ရှောင်းယီက သူမ၏ လက်ချောင်းလေးတွေကို ကြည့်ရင်း မဖော်ပြနိုင်သော ခံစားချက်က သူ၏နှလုံးသားက လှိုင်းလုံးကြီးလို မြင့်တက်လာသည်။ သူဘာမှ မပြောရသေးခင် ကောင်မလေးက သူမ၏လက်ဖျားလေးကို တင်းကျပ်စွာ ချိတ်တွဲထားပြီး သူ၏လက်မကို သူမ၏လက်မနဲ့ သဘောတူညီမှု တစ်ခုလို ဖိလိုက်သည်။
နန်းပေါင်ရီက လက်ကို ဖြေလျှော့လိုက်ပြီး စိတ်ဆိုးနေဆဲ ပုံစံလေးနဲ့ “ညအရမ်း ညဉ့်နက်နေပြီ၊ ညီမလေး ပြန်ပြီး အိပ်တော့မယ်၊ အစ်ကို ၂ လည်း အိပ်ရာစောစော ဝင်သင့်တယ်၊ မနက်ဖြန်မှာ စစ်ရေး ကိစ္စတွေကို စီမံရဦးမယ်မလား”
သူမက လက်ကိုဝှေ့ယမ်းရင်း ဝတ်ရုံကိုမပြီး ဆုန်းဟယ့်ခြံသို့ တက်ကြွစွာ ပြန်သွားတော့သည်။
ရှောင်းယီက ထိုနေရာမှာ ရပ်နေဆဲပင်။
လရောင်အောက်က ပုံရိပ်က ပူဆွေးကြေကွဲနေဟန်နဲ့ အစိမ်းရောင်သန်းကာ သူ၏မျက်နှာ တစ်ခြမ်းက အရိပ်ကျနေပြီး သူ၏ မျက်နှာမူဟန်ကို ကြည့်ဖို့ခက်လှသည်။
အချိန်ခဏ အကြာမှာတော့ သူက ကျောက်ဝမ်ခြံသို့ ပြန်သွားတော့သည်။
သူထွက်သွားပြီး မကြာခင်မှာပဲ နန်းပေါင်ရီက စင်္ကြံလမ်း၏ ထောင့်နားကနေ မျက်နှာလေး ပြူထွက်ပြီး ချောင်းကြည့်လိုက်သည်။
သူမ၏ မြင်ကွင်းထဲကနေ လမ်းလျှောက် ထွက်သွားသော သူ့ကိုငေးမောရင်း မီးငှက်မျက်လုံးရွှဲကြီးတွေက တဖြည်းဖြည်းနဲ့ ဆုံးရှုံးမှုတွေ ထင်ဟပ်လာသည်။
အတိတ်ဘဝမှာရော ဒီဘဝမှာရော လူတစ်ယောက်နဲ့ ပတ်သက်ပြီး ရရှိတာတွေ ဆုံးရှုံးတာတွေ ဆိုသော ခံစားချက်တွေနဲ့ ဘယ်တုန်းကမှ မသက်ဆိုင်ခဲ့ဖူးပါချေ။
ချန်းတယ်ယွီနဲ့ လက်ထပ်သော အခါတုန်းကတောင် ပျော်ရွှင်ပြီး ဂုဏ်ယူခဲ့ရပေမယ့် ဒီလို ဒုက္ခမျိုးကို မခံစားခဲ့ရဖူးပေ။
ချန်းတယ်ယွီအတွက် နန်းယန်ကို မောင်းမအနေနဲ့ လက်ထပ် ပေးရတုန်းကတောင်မှ ချန်းတယ်ယွီက မောင်းမတွေနဲ့ နီးနီးကပ်ကပ် နေတာကို စောင့်ကြည့်ရတုန်းကတောင်မှ သူမက ရှက်ရွံ့ခြင်းကိုသာ ခံစားရပြီး မနာလို မဖြစ်ခဲ့ပါချေ။
ဒါပေမယ့် ရွယ်မေ့က သူမကို စာတစ်စောင်နဲ့ ငွေအိတ်လေးကို အမတ်မင်းဆီ ပေးပေးဖို့ ပြောလာသော အခါမှာတော့ သူမ အရမ်းကို တွန့်ဆုတ်နေခဲ့ပြီး အမတ်မင်းသာ သူမ၏ ကိုယ်ပိုင် ဥစ္စာတစ်ခု ဖြစ်ခဲ့ရင် တခြားသူတွေကို ယူသွားခွင့် မပေးနိုင်ဘူးလို့ စဉ်းစားမိခဲ့သည်။
လူတစ်ယောက်ကို တကယ် ချစ်မြတ်နိုးရင် သူက ဇနီးသုံးယောက်နဲ့ မယားငယ် လေးယောက် ယူမှာကို မတားဆီး မပိတ်ပင်ဘဲ နေနိုင်မှာ မဟုတ်ပေ။ တခြား မိန်းကလေးတွေနဲ့ နီးနီးကပ်ကပ် နေရင်တောင် သူမ စိတ်ဆိုးသည်လေ။
ဒါက ဘာကိုပြနေလဲဆိုရင်…..
ရှောင်းယီ၏ ပုံရိပ်လွှာက သူမ၏ မြင်ကွင်းထဲက ပျောက်ကွယ် သွားသည်။ နန်းပေါင်ရီက ဖြည်းဖြည်းချင်း သူမ၏ တွေဝေမိန်းမောနေသော အတွေးတွေကို ရုပ်သိမ်းလိုက်သည်။ လက်ရန်းကို မှီရင်း ရေပြင်ကို ငေးနေသည်။
ရေပြင်ပေါ်မှာ မီးအိမ်၏ အလင်းရောင်က မှိန်ပျပျ ရောင်ပြန်ဟပ်နေသည်။
မိန်းကလေး၏ ပုံရိပ်က ရေပြင်ပေါ်မှာ ထင်ဟပ်နေပြီး မျက်ခုံးနဲ့ မျက်လုံးအိမ်က လှပတင့်တယ်လှသည်။
သူမက ရေပြင်ကိုကြည့်၍ မျက်နှာမဲ့ သွားလေသည်။ အသက်ဆယ့်သုံးနှစ်သာ ရှိသေးသော ကောင်မလေးက ကလေးဆန်ပြီး ခေါင်းမာလှသည်။
ဟယ်ယဲ့ ပြောသလို အမတ်မင်းက သူမလို မိန်းကလေးမျိုးကို ဘယ်ကြိုက်ပါ့မလဲလေ၊ ပြီးတော့ သူက လှပပြီး အရည်အချင်းရှိသော အစိုးရအရာရှိမင်းရဲ့ သမီးနဲ့သာ လိုက်ဖက်မှာပေါ့…..
“ဒါပေမယ့် ငါဘာလုပ်သင့်လဲ၊ ငါတကယ် အစ်ကို ၂ ကို သဘောကျနေပြီ ထင်တယ်၊ ငါတကယ်ကို သဘောကျနေပြီ…..”
“သူ တခြား မိန်းကလေးနဲ့ လက်ထပ်တာကို စောင့်ကြည့်ဖို့ တခြား မိန်းကလေးနဲ့ ချစ်ကြည်နူးနေတာကို စောင့်ကြည့်ဖို့ ငါဆက်ပြီး မလုပ်နိုင်တော့ဘူး”
“မိန်းကလေးတိုင်းက မြင့်မြတ်ပြီး အရည်အချင်း ရှိကြတာ မဟုတ်ဘူးလေ၊ ငါသာဒီလို ရင်သပ်ရှုမောဖွယ် ကောင်းအောင် အရည်အချင်းရှိ ထက်မြက်တဲ့ လူငယ်တစ်ယောက်နဲ့ ချစ်ကျွမ်းဝင်ခဲ့ရင် သူ့အတွက် ငါ့ကိုယ်ငါ ပြောင်းလဲပေးဖို့ ဆန္ဒရှိပါတယ်၊ သူ့အတွက်ဆို အစိုးရအရာရှိမင်းရဲ့ သမီးထက်ပိုပြီး တော်အောင် ကြိုးစားချင်တယ်၊ ငါက ကြိုးစားပမ်းစားနဲ့ တခြား သူတွေထက် ပိုပြီး ပေးဆပ်ချင်တယ်၊ အဲဒါဆိုရင် ငါပျော်မယ် ထင်တယ်”
“အစ်ကို ၂ ညီမလေးကို အချိန်ပိုပေးပါ”
“တစ်နေ့ကျရင် ညီမလေးရဲ့ ဂုဏ်ကျက်သရေကို ယူဆောင်လာပြီး အစ်ကို့ရဲ့ ဘေးမှာ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီးရင်း နှိမ့်ချလို့ အစ်ကို့ကို ပွင့်ပွင့်လင်းလင်း ပြောချင်တယ်၊ ညီမလေးက အစ်ကို့ကို ချစ်မြတ်နိုး နေပါပြီလို့လေ”
ကောင်မလေးက မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်နေသည်။ မျက်ရည်ကြည်တွေက ရေကန်ထဲသို့ တစ်လိမ့်ချင်း ကျဆင်းသွားပြီး ညင်သာသော လှိုင်းကြက်ခွပ် ကလေးတွေကို ဖြစ်ပေါ်စေသည်။
သူမက ဝတ်ရုံလက်ကို ပင့်ပြီး မျက်ရည်တွေကို သုတ်လိုက်သည်။ ချိုမြိန်သော အပြုံးလေးကို ပြုံးဖို့ ကြိုးစားရင်း ရေပြင်ကို ကြည့်လိုက်သည်။
ဒီနေ့ခေတ် တောင်ဘက်ပိုင်းမှာတော့ မိန်းမတွေက ကုသိုလ်ကောင်းမှုလုပ်ရင် မြင့်မြတ်ပြီး လူထုပရိသတ်က အသိအမှတ်ပြုသော နိုင်ငံ၏ဥသျှောင် သူရဲကောင်းဘွဲ့ကို ရရှိနိုင်သည်။
သူမ အတိတ်ဘဝတုန်းက ဘုရင်ခံရွယ်က ရွယ်မေ့ကို မင်းသမီးတစ်ပါး အနေနဲ့ တင်မြှောက်နိုင်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တာကို သူမမှတ်မိသေးသည်။ သို့ပေမယ့် ရွယ်မေ့က ကုသိုလ်ကောင်းမှု မလုပ်တာကြောင့် အကြိမ်ပေါင်းများစွာ ကြိုးစားတာတောင် မအောင်မြင်ခဲ့ပေ။
ရှုနိုင်ငံ၏ မိုးခေါင်ရေရှားမှုကြီး ပြီးရင် ဘုရင်ခံရွယ်က နန်းအိမ်တော်၏ ဂုဏ်ပုဒ်တွေကို အသုံးချပြီး ရွယ်မေ့ကို ဘေးအန္တရာယ် ကာကွယ် စောင့်ရှောက်သော မိန်းကလေးဆိုသည့် ဘွဲ့ကိုအပ်နှင်းခဲ့ပြီး လူထုကလည်း အသိအမှတ် ပြုခဲ့ကြတာကြောင့် ရွယ်မေ့က မင်းသမီးတစ်ပါး ဖြစ်လာခဲ့သည်။
ဒီဘဝမှာတော့ သူမအတွက် နာမည်တစ်ခုရဖို့ ကြိုးစားရတော့မည် ထင်သည်။
***
လတွေကြာညောင်းပြီး ကောင်းကင်ကြီးက ခြောက်သွေ့၍ မိုးခေါင်လာခဲ့လေပြီ….
နန်းပေါင်ရီက တံစက်မြိတ်အောက်မှ ထိုင်ရင်း စာဖတ်နေသည်။ ဟယ်ယဲ့က အစားအသောက်တွေကို ယူဆောင် လာခဲ့သည်။
သူမက တတွတ်တွတ် မပြောဘဲ မနေနိုင်တော့စွာနဲ့ “လေးလမြောက်တောင် ရောက်နေပြီ၊ နှစ်သစ်ကူးပြီး ကတည်းက မိုးတစ်စက်တောင် မကျသေးဘူး၊ အစေခံကြားမိတာတော့ လယ်ကွင်းထဲက စပါးတွေက မရှင်သန်နိုင်ကြတော့ဘူးတဲ့၊ လယ်ကွက်တွေက အက်ကွဲနေပြီတဲ့၊ ဘယ်အချိန်မှ မိုးရွာမလဲ မသိဘူး၊ တကယ်ကို စိတ်ပူစရာပဲ”
နန်းပေါင်ရီက စာရွက်ကို လှန်လိုက်သည်။ အစ်ကို ၂ က သတိပေးထားပြီး ရှန်းရိချောင်၏ နက္ခတ်တာရာ တွက်ချက်မှုအရ အမတ်မင်းဆိုသည့် အာဏာဖြင့် ရှုနိုင်ငံက လူတွေ အားလုံးကို ရေတွင်းတွေတူးပြီး ရေတွေ သိုလှောင်ထားဖို့ သတိပေးထားသည်လေ။
သတင်း အချက်အလက်ကြောင့် အစ်ကို ၂ က လက်ထဲမှာ ဆန်တွေ အမြောက်အမြားကို ထိန်းချုပ်ထားပြီး သူ၏နာမည်အောက်က ဆန်ဆိုင်များရှေ့မှာ သတိပေးစာကို ကပ်ထားသည်။ စာမှာ ပြောထားသည်က ဒီနှစ် ဆန်ဈေး လုံးဝ မတက်ကြောင်း လူတွေကို စိတ်ချလက်ချ နေဖို့နဲ့ ဆန်ဈေးတက်မှာစိုးလို့ ဆန်ကို အပြေးအလွှားဝယ်ဖို့ မလိုကြောင်း ဖြစ်သည်။
အရင်ဘဝနဲ့ နှိုင်းစာရင် အခြေအနေက အလွန်ကောင်းသော အနေအထားမှာ ရှိသည်။
ဟယ်ယဲ့က အစားအသောက်တွေကို ချလိုက်ရင်း လက်ဖက်ရည်ဗန်းကို ကိုင်ရင်း ရှေ့သို့ခြေလှမ်း အနည်းငယ် တိုးလိုက်သည်။
“ရှန်းသခင်လေးက တကယ်ကို တော်တာပဲ၊ ဒီနှစ် မိုးခေါင်ရေရှားမှု အကြီးအကျယ် ဖြစ်မယ်ဆိုတာကို ဂမ္ဘီရဉာဏ်ရှိရှိနဲ့ ခန့်မှန်းနိုင်တယ်၊ ရှုနိုင်ငံက လူတွေ အခု ပြောနေကြတာက ရှန်းသခင်လေးက ကောင်းကင်ဘုံက နတ်သားလေးတဲ့၊ အစေခံက ကျောက်ဝမ်ခြံကို ပြေးပြီး လက်ထပ်ဖို့အတွက် သခင်လေးရှန်းဆီမှာ ဗေဒင်သွားမေးချင်တယ်”
နန်းပေါင်ရီက စာအုပ်ကိုကြည့်ရင်း တခစ်ခစ် ရယ်လိုက်သည်။
“မမလေးက ဘာရယ်တာလဲ”
“လက်ထပ်ဖို့ဆိုတာက တစ်ယောက်ယောက်နဲ့ စီစဉ်ရတာလေ၊ ဘာလို့ ဗေဒင်မေးရမှာလဲ လူတစ်ယောက်ကို ကြိုက်တယ် ဒါပေမယ့် နက္ခတ်တာရာတွေက မတည့်ဘူးလို့ ပြောလာရင် အဲဒီ ချစ်သူကို ငြင်းဆန်ဖို့ ဖြစ်နိုင်ပါ့မလား”
ဟယ်ယဲ့က ခေါင်းလေးညိတ်ပြီး “မမလေးပြောတာ အဓိပ္ပါယ်ရှိတယ်”
သူမက ချီတုံချတုံနဲ့ ထပ်မေးပြန်သည်။
“မမလေး၊ သဘောကျတဲ့ သူရှိလား လွန်ခဲ့တဲ့ လတွေတုန်းက မမလေးက တံခါးကိုတောင် မဖွင့်ဘူး၊ နွေဦးကျောက်စိမ်း စံအိမ်ကိုတောင် မသွားတော့ဘူး၊ တစ်နေ့လုံး အိမ်ထဲမှာပဲ စာလေ့လာနေတာ မပျင်းဘူးလား၊ ဒီအစေခံတောင် စိတ်ပူနေတာ”
နန်းပေါင်ရီက သစ်ကြားသီး ကိတ်မုန့် တစ်ပိုင်းကို ယူလိုက်ပြီး “မရှိပါဘူး….”
ဟယ်ယဲ့က မျက်နှာလေးကို အုပ်ကိုင်ထားရင်း တိုးတိုးတိတ်တိတ် ပြောလိုက်သည်။ မမလေးက တခြားယောက်ျားတွေနဲ့ ထိတွေ့ဆက်ဆံဖို့ အခွင့်အရေးမှ မရှိတာ၊ တကယ်ပဲ ကြိုက်နှစ်သက်သောသူ မရှိနိုင်ပါဘူး။
တစ်စုံတစ်ခုကို စဉ်းစားမိပြီးနောက် သူမ၏ မျက်လုံးတွေက ရုတ်တရက် အရောင်လက် လာပြီး “ဒါနဲ့ စကားမစပ်၊ ကျွန်မကြားမိတာက ရုံးတော်မှာ အထူးအနေနဲ့ ခွဲဝေသတ်မှတ်ထားတဲ့ ကာကွယ်ဖို့ ရန်ပုံငွေရှိတယ်တဲ့၊ ရွှေစ နှစ်သန်းတောင်တဲ့၊ အရာရှိကျန်းကို အစောင့်အကြပ် အဖြစ်ထားပြီး အိုးအိမ် စီမံခန့်ခွဲရေးဌာနက ထိန်းသိမ်းထားတယ်တဲ့၊ ကျင်းကွမ်မြို့စွန်ကို ရောက်နေပြီတဲ့၊ အရာရှိကျန်းက တာဝန်ယူပြီး ကျွန်မတို့ရဲ့ အမတ်မင်းဆီကို ပေးရမှာတဲ့”
နန်းပေါင်ရီက သစ်ကြားသီးကိတ်ကို တစ်ကိုက် ကိုက်လိုက်သည်။
လွန်ခဲ့သောရက် အနည်းငယ်ကစ၍ အမတ်မင်းက စစ်ရေးစစ်ရာ ကိစ္စရပ်တွေ အားလုံးကို လက်ဝယ်ပိုင်ဆိုင် ထားပြီး တဖြည်းဖြည်းနဲ့ သူက အိမ်ကိုတောင် မပြန်လာနိုင်တော့ဘဲ စစ်တန်းလျားမှာသာ နေနေရသည်။
သေချာ တွက်ချက်ကြည့်ရင်တော့ သူတို့တစ်ယောက်ကို တစ်ယောက် မတွေ့ဖြစ်တာ သုံးလတောင် ကျော်ခဲ့ပြီလေ။
သူမက မလွမ်းဆွတ်ဘဲ မနေနိုင်တော့။
ဘယ်သူက သိမှာလဲ၊ အိပ်ပျော်နေစဉ်မှာ ခေါင်းအုံးတွေကို တစ်ယောက်ယောက်က ယူသွားတာကိုလေ….
အဒေါ်ကျိက ပြုံးရင်း စင်္ကြံလမ်းအတိုင်း လျှောက်လာသည်။
“မမလေးပေါင်ရီ မင်္ဂလာပါ”
နန်းပေါင်ရီက မတ်တပ် ရပ်လိုက်ပြီး အနည်းငယ် ငုံ့၍ အရိုအသေပြုရင်း “အမေကျိ မင်္ဂလာပါ”
“သခင်မကြီး ကြားတာတော့ အရာရှိကျန်းက ရှန်းကျင်းကနေ လာနေပြီသော၊ အဲဒါကြောင့် သခင်မကြီးက လက်ဆောင်လေး နည်းနည်း ပြင်ထားတယ်၊ မမလေးပေါင်ရီက အမတ်မင်းနဲ့ အရမ်း ရင်းနှီးတော့ စစ်တန်းလျားကို သွားပြီး အမတ်မင်းကနေ တစ်ဆင့် အရာရှိကျန်းဆီကို လက်ဆောင်လေး ပေးပေးဖို့ သွားပေးပါတဲ့”
နန်းပေါင်ရီက ခေါင်းညိတ်လိုက်ပြီး နားလည်သည်ဟု အမူအယာ ပြလိုက်သည်။
ရှန်ကျင်းကလာသော အရာရှိမင်းကို ရှုနိုင်ငံကို ပို့လိုက်တာ နန်းအိမ်တော်က ရှုနိုင်ငံ၏ အချမ်းသာဆုံး အိမ်တော်တစ်ခု အနေနဲ့ ပုံမှန်အတိုင်း တစ်ခုခုကို ဆက်သရမည်ဖြစ်သည်။
သူမက ချက်ချင်း ဟယ်ယဲ့ကို အဝတ်အစား အသစ်တစ်စုံ ပြင်ပေးဖို့နဲ့ နေ့လယ်မှာ စစ်တန်းလျားကို သွားဖို့ ပြင်ဆင်ရန် အမိန့်ပေးလိုက်သည်။
အဒေါ်ကျိက ပန်းပွင့်ခန်းမကို ပြန်သွားပြီး အခြေအနေကို အဘွားအိုအား တင်ပြလိုက်သည်။
အဘွားအိုက ကြားပြီးနောက် ရယ်မောရင်း “သူတို့က လချီကြာအောင် စိတ်ဆိုးစိတ်ကောက် နေကြတယ်၊ တစ်ယောက်ကတော့ နေ့တိုင်း အနောက်ခြံမှာ ပျင်းရိနေပြီး နောက်တစ်ယောက်က ကျတော့ စစ်တန်းလျားမှာပဲ နေနေတယ်၊ အဲဒါက ငါ့ကို စိတ်ဆင်းရဲစေတယ်၊ ကျောင်းကျောင်းကို မေးလိုက် စစ်တန်းလျားကို သွားပြီး တစ်ယောက်ကိုမှ ထိခိုက်အောင် မလုပ်ခဲ့နဲ့လို့…..”
တခြား သူတွေကလည်း ရယ်မောပြီး ဟုတ်တယ်လို့ ထောက်ခံနေကြတော့သည်။
***