အပိုင်း (၂၄၁)
တစ်သက်လုံး ညီမလေးရဲ့ အစ်ကိုပဲ ဖြစ်နေလိုက်တော့
ရထားလုံးထဲမှာတော့ လေထုအခြေအနေက ထူးဆန်းလို့နေသည်။
ကျန်းဆွေ့ဟန်က ထောင့်ပြေးကပ်ပြီး ရှောင်းယီကို ကြောက်ရွံဟန်နဲ့ ကြည့်လိုက်သည်။
လက်ဖက်ရည်ပူပူ တစ်ခွက်ကိုကိုင်ရင်းရှောင်းယီက အမှုမဲ့အမှတ်မဲ့ အဖုံးကို ပွတ်သပ်နေသည်။
ပါးလျသော နှုတ်ခမ်းတွေက ပြုံးဟန်ရပေမယ့် ပြုံးမနေပါချေ။ ဇာမဏီလို စူးရှသော မျက်လုံးများက ပြင်းထန်သော လှိုင်းလုံးကြီးတွေ တလိမ့်လိမ့် တက်လာသလို သူ၏သွင်ပြင် အမူအရာက အလွန်ကြောက်စရာ ကောင်းလွန်းနေသည်။
***
ညချမ်း၏ ကောင်းကင်က ကြည်လင်နေပြီး လေပြည်ညင်းလေးကလည်း ဆွတ်ပျံ့ တိုက်ခတ်နေသည်။
နန်းပေါင်ရီက သူခေါ်လာသော ဦးလေးကို အရှေ့ခြံမှာ နေရာချထား ပေးခဲ့ပြီး အနှစ်သုံးဆယ် သက်တမ်းရှိသော သေရည်ကို ဝှက်၍ ယူလာခဲ့သည်။
သူတို့နှစ်ဦးက ဆင်ဝင်အောက်မှာ ထိုင်ရင်း ပန်းခြံက ပန်းလေးတွေ၏ အရိပ်ကို ရှုစားနေကြသည်။
ထိုသူက သေရည်အိုး၏ အဖုံးကို ဖွင့်လိုက်ပြီး သေရည်အိုးကို တစ်ကျိုက် မော့သောက်လိုက်သည်။
သူက အားရဟန်ဖြင့် “တကယ်ကောင်းတဲ့ သေရည်ပဲ၊ ဆယ်နှစ်အတွင်း လုံးဝကို မသောက်ခဲ့ရဘူး”
နန်းပေါင်ရီက သူ့ကို ကြွေခွက်လေး တစ်ခွက် ကမ်းပေးလိုက်သည်။ သေရည်လောင်းထည့် ပေးလိုက်တာကို ကြည့်ပြီးနောက် တင့်တယ်သော ဟန်ပန်နဲ့ သောက်လိုက်သည်။
သူမ၏ သုံးသပ်ချက်အရဆို ဒီဦးလေးကြီးက သာမန်လူ တစ်ယောက်တော့ လုံးဝ မဖြစ်နိုင်ပါချေ။ သို့ပေမယ့် သူက ဘာကြောင့် ဒီလိုလမ်းဘေးက လူတစ်ယောက် ဖြစ်သွားပြီး ကျင်းကွမ်မြို့မှာ ပေါ်လာတယ် ဆိုတာကို သူမ မသိပါချေ။
ထိုသူက သေရည်အိုး တစ်ဝက်လောက်ကို သက်သောင့်သက်သာ ဟန်နဲ့သောက်လိုက်ပြီး မျက်လုံးတွေက ရီဝေလာတော့သည်။
“မင်းရဲ့သေရည်ကို သောက်ပြီးပြီ ဆိုမှာတော့ မင်းကို ကြေးမုံမှန်ရဲ့ ရာဇာဝင်ကို ပြောပြဖို့ အချိန်တန်ပြီ”
နန်းပေါင်ရီက မျက်ခုံးပင့်သွားပြီး အပြုံးတစ်ပွင့်ဖြင့် “လေးလေးစားစား နားထောင်ပါ့မယ်”
အဝေးမှ သစ်ပင်တွေ၏ အရိပ်က ယိမ်းနွဲ့နေသည်။
ရှောင်းယီက သစ်ပင်၏ နောက်မှာရပ်ရင်း တည်ငြိမ်စွာနဲ့ တံစက်မြိတ်အောက်ကို စူးစူးစိုက်စိုက် ကြည့်နေသည်။
အဲဒီ လူရိုင်းကို နန်းကျောင်းကျောင်းက ခေါ်လာခဲ့တယ်တဲ့လား။
လူရိုင်းက အသက်လေးဆယ်လောက် ရှိပြီလေ၊ ကောင်မလေးက အမြင်ရောရှိရဲ့လား။
သူက လိမ်ကျစ်ပြီး အကြွေစေ့လေးကို ပြင်းပြင်းထန်ထန် ဆုပ်ချေနေသည်။ မျက်ဝန်းတွေ ထဲမှာတော့ မုန်တိုင်း ထန်နေလေပြီ။
အချိန်အတန်ကြာမှ သူက ရှီးခူကို အမိန့်ပေးလိုက်သည်။
“ဦးလေး ၃ ကို သွားခေါ်လာခဲ့”
နန်းကျောင်းကျောင်းက သူနဲ့ ဟိုမရောက်ဒီမရောက် ဆက်ဆံရေး တစ်ခုရှိနေပြီး သူ့ကို ငြင်းဆန်ဖို့ ကြိုးစားနေသည်။
သူက ဦးလေး ၃ ကိုရှေ့ထွက်ခိုင်းပြီး ကောင်မလေးကို ဆုံးမခိုင်းရမည်။
ထိုပုံရိပ်လေးမှာတော့ သေရည်ရနံ့က ထုံသင်းပျံ့နှံ့နေသည်။
ကံကြမ္မာ အလှည့်အပြောင်းတွေကို ကြုံခဲ့ရသော လူကြီး၏အသံက ပြန့်လွင့်လာသည်။
“ငါဆယ်ကျော်သက် အရွယ်တုန်းက သိပ်ချစ်ကြတဲ့ ငယ်ချစ်တစ်ဦး ရှိခဲ့ဖူးတယ်၊ ငါကသူ့ကို လက်ထပ်ပြီးလို့ ငါးနှစ်တောင် မကြာဘူး ငါတို့မိသားစုနဲ့ နိုင်ငံက ရုတ်တရက် ထိခိုက်ခံစား ခဲ့ရတယ်၊ သူက ကြေးမုံမှန်လေး ယူလိုက်သောအခါ တစ်ဝက်က ကျိုးပြီး ကျန်နေခဲ့တယ်၊ ငါတို့မိသားစုက အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားတယ်၊ အသက်တွေနဲ့ သေခြင်းတရားတွေက တဖြည်းဖြည်း ကြီးပြင်း လာတာတောင် ငါတို့က တစ်ယောက်ကိုတစ်ယောက် ပြန်တွေ့ဖို့ ဒီတစ်ခြမ်းပဲရှိတဲ့ မှန်လေးကို မှီခိုနေရတယ်…..”
နန်းပေါင်ရီက တောင့်ခဲသွားတော့သည်။ သူမက ကြေးမုံမှန် တစ်ခြမ်းကို ကြည့်လိုက်သည်။ ဒီမှန်သေးသေးလေး တစ်ချပ်က ဒီလောက်ကြီးသော ကိစ္စရပ်ကြီးကို သယ်ဆောင် ထားရလိမ့်မယ်လို့ သူမ ထင်မထားခဲ့ပါချေ။
သူမက လေသံသဲ့သဲ့ဖြင့် “ဦးလေး၊ ဒီလိုဆိုတော့ သူ့ကိုအခုထိ ရှာမတွေ့သေးဘူးပေါ့”
“လောကကြီးမှာ လူဦးရေက အရမ်းထူထပ်ပြီး လူတစ်ယောက်ကို ရှာဖို့ဆိုတာ ဘယ်လောက်တောင် ခက်လိုက်သလဲ”
လူကြီး၏ နှုတ်ခမ်းထောင့်စွန်းတွေက ခါးသက်နေပြီး သူ၏ မျက်လုံးအိမ်တွေကတော့ တဖြည်းဖြည်း နီရဲလာတော့သည်။
“ဆယ်နှစ်၊ ငါက လောကကြီးကို လှည့်ပတ် သွားနေပေမယ့် သူနဲ့ပတ်သက်တဲ့ သဲလွန်စတစ်ခု တလေတောင်မှ မရခဲ့ဘူး၊ ငါတစ်ခါတလေ စဉ်းစားမိတယ်၊ အနည်းဆုံးတော့ … အနည်းဆုံးတော့ ငါ့ရဲ့ ကျန်တဲ့ ဘဝသက်တမ်းမှာ သူ အသက်ရှင်နေသေးတယ် ဆိုတာလေးကို သိရရင် သူ ကောင်းကောင်း နေထိုင်နေတယ် ဆိုတာလေးကိုပဲ သိရရင်….. ဒီမှန်တစ်ခြမ်းကို ပြန်ပေါင်းစပ်လို့ မရရင်တောင် ငါကျေနပ် နိုင်ပါပြီ”
နန်းပေါင်ရီက ကြေးမုံအကွဲလေးကို ကောက်ယူလိုက်ပြီး အသာအယာ ပွတ်သပ်လိုက်သည်။
လူတစ်ယောက်က ချစ်မြတ်နိုးရတဲ့သူ သေလား ရှင်လားမသိဘဲ လောကကြီးကို လှည့်ပတ်သွားလာရင်း သူ၏ငယ်ရွယ်ပျိုမြစ်မှုတွေကို စတေးပြီး သူ့ချစ်သူ၏ သဲလွန်စ သေးသေးလေးကို ရဖို့အတွက် ဆယ်နှစ်ကြာသည့် တိုင်အောင် အချိန်ပေးပြီး ရှာခဲ့တယ်……..
ဒီလိုအချစ်မျိုးက တကယ်ကို ရင်ထဲထိစေတာပဲ…..
သူမက ထိုတဒင်္ဂမှာ စိတ်လှုပ်ရှားသွားပြီး လေးနက်စွာ မေးမြန်းလိုက်သည်။
“ဦးလေးဇနီးရဲ့ နာမည်က ဘာတဲ့လဲဟင်”
ဖြစ်နိုင်မယ်ဆိုရင် နွေဦးကျောက်စိမ်းစံ အိမ်ကလူတွေကို သုံးပြီး သနားစရာ ကောင်းသော ဦးလေး၏ဇနီးကို ရှာပေးရမယ်….
ခပ်ဝေးဝေးမှာတော့……
ရှီးယန်က အိပ်ခန်းမှာ နန်းကွမ်ကို ရှာမတွေ့ခဲ့ပေ။ နန်းကွမ်က အပြင်ကနေ ပြန်လာခဲ့တာ ဖြစ်သည်။ သူက သေရည်မူးနေပြီး ရှောင်းယီ၏ပခုံးကို လက်နဲ့ပုတ်ရင်း ပြုံးပြီး ပြောလိုက်သည်။
“အို.. ဒါက ငါတို့ရဲ့ ကြီးမြတ်လှတဲ့ တူ ၂ မဟုတ်ဘူးလား၊ ဦးလေး ၃ ကို ပြောပါဦး၊ ဘာတွေ ကြည့်နေတာလဲ”
သူသေရည် သောက်ထားတာကြောင့် အလွန်ကို မူးရစ်နေသည်။ သူက ရှောင်းယီ၏ ဘာအမူအရာမှ မပြသော မျက်နှာအနေအထားကို ရုတ်ခြည်း စူးစိုက်၍ ကြည့်လာသည်။
“ကြည့်ရတာတော့ ဒါက တူ ၂ ရဲ့ ချစ်ရသူလေး ဖြစ်မယ်ထင်တယ် တစ်ဖက်လူက ဘယ်သူလဲ လာပါ၊ ဦးလေး ၃ ကို တစ်ချက် ပေးကြည့်ပါဦး”
ထိုမြင်ကွင်းက မယုံကြည်နိုင်စရာ ဖြစ်သည်။
သူက သေရည် အလွန်မူးနေပြီး မယုံကြည်နိုင်ဟန်နဲ့ “ညနက်ကြီးမှာ ကျောင်းကျောင်းက ဘာလုပ်နေတာလဲ သူ့ဘေးမှာ ထိုင်နေတဲ့သူက ဘယ်သူလဲ သူက အသက်လေးဆယ်နား ကပ်နေတဲ့ လူတစ်ယောက် ဖြစ်နေပြီလေ”
ရှောင်းယီ၏ နှုတ်ခမ်းထောင့်စွန်းတွေက ပြေပြေလေး တွန့်ချိုးသွားတော့သည်။
သူ၏အသံက အပြစ်ကင်းစင်ဟန် အပြည့်ပင်။
“ဦးလေး ၃၊ ကျောင်းကျောင်းက လမ်းကနေ လူတစ်ယောက်ကို ခေါ်လာခဲ့တယ်၊ ပြီးတော့ သူက ဦးလေးရဲ့ သေရည်တွေထဲက အနှစ်သုံးဆယ် သက်တမ်းရှိတဲ့ သေရည်ကို အဲဒီ လူအတွက် အထူးအနေနဲ့ ခိုးသွားသေးတယ်”
“ဘာ….”
နန်းကွမ်က ခေါင်းမွေေးတွေ ထောင်တက်သွားသည်။
သူက ဝတ်ရုံလက်ကို ပင့်တင်လိုက်ပြီး “ဒီကလေးမလေးကတော့၊ ပြင်းပြင်း မရိုက်ရင် ကောင်းကင်ပေါ် တက်ရမှာကိုတောင် မကြောက်တော့ဘူး”
သူက သစ်ကိုင်းတစ်ခုကို ကောက်ယူလိုက်ပြီး ထိုပုံရိပ်ထံသို့ ပြေးသွားတော့သည်။
“နန်းပေါင်ရီ၊ ညနက်သန်းခေါင်ကြီးမှာ အိမ်ကိုပြန်လာပြီး ချိန်းတွေ့နေတယ်၊ ဒီအဖေကို စိတ်တိုအောင် လုပ်နေတာလား”
နန်းပေါင်ရီ၏ မျက်လုံးလေးတွေက ပြူးဝိုင်း သွားတော့သည်။ သူမက ဒီဦးလေးကြီးနဲ့ ပြောနေတုန်းမှာ အဖေက ဘာလို့ ရောက်လာရတာလဲ။
နက်ရှိုင်းသော အထင်လွဲမှု တစ်ခုရှိနေသလို ထင်ရတယ်….
သူမက ဝတ်ရုံကို မလိုက်ပြီး ပြေးဖို့ကြိုးစားသည်။ ဦးလေးက ကြွေခွက်ကိုချပြီး ကျောက်ခဲတစ်လုံးကို ကောက်ယူ၍ နန်းကွမ်၏ ခြေကျင်းဝတ်ကို သွက်လက်စွာ ပစ်လွှတ်လိုက်သည်။
နန်းကွမ်က အော်သံတစ်ခု နှင့်အတူ ရှက်ဖို့ကောင်းအောင် ခွေးက ရွှံကိုဟပ်မိသလို လဲကျသွားတော့သည်။
နန်းပေါင်ရီက ပါးပြင်ကို ပွတ်သပ်လိုက်ပြီး မျက်နှာလေးကို ဟင်္သာပြဒါးရောင် ဆေးသုတ်ထားသော တိုင်နောက်မှာ ကွယ်ပြီး အပြစ်ကင်းစင် ဟန်လေးဖြင့် “ဖေဖေ၊ အထင်လွဲနေတာပါ၊ ဒီဦးလေးကြီးက သမီး သက်တော်စောင့် အဖြစ်နဲ့ ငှားလာသော ပထမတန်းစား သိုင်းပညာရှင်ပါ၊ အဖေက ဘာတွေ စဉ်းစား နေတာလဲ”
နန်းကွမ်က ဆူပူပြီး ထရပ်လိုက်သည်။ လူလတ်ပိုင်းအရွယ် လူကို သက်သောင့်သက်သာ မဖြစ်စွာနဲ့ စိုက်ကြည့်လိုက်သည်။
သူက ထိုသူကို ခြေဆုံးခေါင်းဆုံး ကြည့်ပြီး ပြောလိုက်သည်။
“အိမ်မှာ သက်တော်စောင့် မရှိဘူး၊ ဘာလို့ တစ်ယောက်ကို ခေါ်လာတာလဲ၊ သူရဲ့ကြမ်းတမ်းတဲ့ မျက်နှာကို ကြည့်ဦး၊ အရမ်းထူးဆန်းတယ်…..”
ဧည့်သည်၏ ပုံပန်းသွင်ပြင်ကိုမီပြီး သူက ထိုသူကို ထပ်တစ်ဖန် ဆူချင်ပေမယ့် ထိုသူ့လက်ထဲမှာ ကစားနေသော ကျောက်တုံးကို မြင်ပြီးနောက်မှာတော့ ပါးစပ်ကို ပိတ်ထားလိုက်တော့သည်။
နန်းပေါင်ရီက လူလတ်ပိုင်းအရွယ် လူဘက်ကို လှည့်လိုက်ပြီး “ကျင်းကွမ်မြို့မှာ စုံစမ်းပေးတဲ့ နေရာတစ်ခုရှိတယ်၊ ဦးလေးရဲ့ ဇနီးကိုရှာဖို့အတွက် သူတို့ကို ပြောပေးမယ်၊ ဦးလေးက အိမ်တော်မှာနေပြီး ဇနီးရဲ့ နာမည်ကို ရေးပေးပါ၊ အဲဒါဆို ရပြီ”
ထိုသူက သူမကိုကြည့်ပြီး အဝေးမှာ ရပ်နေသော ရှောင်းယီကို ကြည့်လိုက်သည်။ ရှောင်းယီ၏ ခါးပတ်ကို ကြည့်ပြီးနောက် သူက ရှင်းမပြနိုင်သော ရယ်ခြင်းမျိုးနဲ့ ရယ်မောလိုက်ပြီး သေရည်အိုးကို ယူ၍ အခန်းဆီသို့ ထွက်သွားတော့သည်။
ခြံဝင်းအတွင်းမှာတော့ လူသုံးဦးသာ ကျန်ခဲ့လေသည်။
နန်းကွမ်က သံကို သံမဏိဖြစ်အောင် မလုပ်နိုင်တာကို အမုန်းဆုံးပါပေ။
သူက နန်းပေါင်ရီ၏ ဖြူဖွေးပြီး နူးညံ့နေသော နဖူးပြင်လေးကို လက်ချောင်းထိပ်နဲ့ ထိုးရင်း “အဘွားက သမီးကိုချစ်တယ် ဆိုပြီးတော့ မသိတဲ့လူတွေကို အိမ်ကို မခေါ်ရဘူး၊ တကယ်လို့ သူက လူဆိုးဆိုရင်ရော သမီး ဘယ်လိုလုပ်မလဲ၊ သမီးရဲ့ အစ်ကိုကလည်း အခုလိုဖြစ်သွားရပြီ၊ အစ်မကလည်း ဘယ်ကို ထွက်သွားမှန်း မသိဘူး၊ အဖေက တကယ်ကို ဒူးထောက် လိုက်ချင်နေပြီ၊ အဖေ့မှာ သမီး တစ်ယောက်တည်းပဲ ကျန်တော့တာ”
နန်းပေါင်ရီက နဖူးလေးကို ထိလိုက်ပြီး မျက်နှာလေးက မကျေနပ်နေဟန် ရသည်။ သူမက တိတ်တိတ်လေး အမတ်မင်းကို လှမ်းကြည့် လိုက်သည်။ အရင်ကဆို သူမ၏အဖေက သူမကိုရိုက်ပြီး ဆူနေသော အချိန်မှာ သူက ရှေ့ကိုထွက်လာပြီး သူမကို ကူညီပေးတယ် မဟုတ်ဘူးလား။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ သူက ဒီတိုင်းရပ်နေပြီး သူမကိုလည်း တစ်ချိန်လုံး လာမကူညီခဲ့ပေ။
သူမက နှုတ်ခမ်းကို ကိုက်လိုက်ပြီး ကျိုးနွံစွာဖြင့် “ဖေဖေ၊ သမီးမှားသွားပါတယ်၊ ဒါပေမယ့် အဲဒီ ဦးလေးက ပြိုင်ဘက်ကင်း အစွမ်းရှိပြီး သမီးတို့အိမ်တော်ကို လစာမယူဘဲနဲ့ စောင့်ရှောက်ပေးဖို့ ဆန္ဒရှိတာပါ၊ အဲဒါကြောင့် ဘာလို့ ခေါ်မထားရမှာလဲ”
“လစာမယူဘူး”
နန်းကွမ်က တုတ်ချောင်းကို လွှင့်ပစ်လိုက်ပြီး အံ့အားသင့်စွာ “ဒီလိုဆိုရင်၊ အဖေက သမီးကို မှားဆူမိပြီပေါ့၊ လစာ မယူဘူးတဲ့လား၊ ဒီလိုအရူးမျိုးကို နောက်ခါတွေ့ရင် ကျောင်းကျောင်းက အိမ်အတွက် ခေါ်သာလာခဲ့ ဟုတ်ပြီလား”
နန်းပေါင်ရီက ချိုမြိန်သော အပြုံးလေးနဲ့ “သမီးသိပါပြီ”
သူမ၏အဖေက တကယ်ကို လူလိမ်ပဲ….
တခြားသူ တစ်ယောက်ကို အရူးလို့ပြောရမှာ ရှက်တယ်၊ သူကမှ အရူးဖြစ်နေတာ….
နန်းကွမ် ထွက်သွားပြီးနောက် နန်းပေါင်ရီက ရှောင်းယီဆီသို့ လျှောက်သွား လိုက်သည်။ သူမက ခေါင်းကိုမော့ပြီး သူ့ကိုတည်ငြိမ်စွာ ကြည့်လိုက်သည်။
အမတ်မင်း၏ မျက်ခုံးတွေက မြင့်မားပြီး ဖြောင့်စင်းသော နှာတံနဲ့ ပါးလွှာသော နှုတ်ခမ်းတွေရှိသည်။ ခပ်မြင့်မြင့်အရပ်နဲ့ ကိုယ်နေဟန်ထားရှိပြီး တောင်ဘက်က လူတစ်ယောက်နဲ့ ပိုတူလှသည်။
သူမက လက်ချောင်းလေးကို သူ့ဆီ ဆန့်တန်းလိုက်ရင်း “ချိတ်ဆွဲ”
ရှောင်းယီ၏ မျက်ခုံးတွေက ပင့်တက်သွားပြီး “စိတ်ကောက်တာကို ရုပ်သိမ်းတာလား”
နန်းပေါင်ရီက အရင် သူမ၏ လက်ချောင်းတွေကို ကွေးညှွတ် ပေးလိုက်သည်။
လရောင်က မှင်နက်လို မည်းမှောင်နေသည်။
မိန်းကလေး၏ နှလုံးသားလေးကတော့ ထိန်းချုပ်လို့ မရအောင် တုန်ယင်နေပြီး စိတ်ဆိုးစွာနဲ့ “အခုကစပြီး အစ်ကိုက ညီမလေးရဲ့ အစ်ကို ၂ ပဲ ဖြစ်နေမှာလို့ ပြောတယ်လေ၊ တကယ်လို့ ညီမလေးရဲ့ အစ်ကို ဖြစ်ချင်တယ်ဆိုရင်လည်း တစ်သက်လုံး ညီမလေးရဲ့ အစ်ကိုပဲ ဖြစ်နေလိုက်တော့”
***