အပိုင်း (၂၃၉)
သူမကို စိတ်ဆိုးစေသောအပြင် စိတ်လည်းပျက်စေတယ်
ရှောင်းယီ၏ ရှုပ်ထွေးပြီး တွေဝေငေးမောနေသော အကြည့်အောက်မှာ နန်းပေါင်ရီက အေးဆေး သက်သာစွာ ရှိနေသည်။
သူမက မက်မွန်ပန်း လက်ဖက်ရည် တစ်ခွက်ကိုကိုင်ရင်း အဘွား၏ ချန်းအိမ်တော်နဲ့ ပတ်သက်ပြီး ဆွေးနွေးနေတာကို နားထောင်နေသည်။
နန်းပေါင်ကျူးက ခန္ဓာကိုယ် တစ်ဝက်လောက်ကို စောင်းပြီး အသံတိုးတိုးဖြင့် “မမလေးရွယ် ကောင်းမှု လုပ်လိုက်တာ အနောက်ပိုင်းက မိသားစုတွေကို ပိုပြီး ဆိုးသွားစေတယ်၊ အမေပြောတာကို ငါကြားတာတော့ အိမ်တော်က အစေခံတွေ တော်တော်များများရဲ့အိမ်က မြို့တော် အနောက်ပိုင်းမှာ ရှိတာတဲ့၊ ပြီးတော့ သူတို့တွေက ဆွေမျိုးတွေအတွက် အရမ်း စိတ်မကောင်း ဖြစ်နေကြတာတဲ့”
ကျင်းကွမ်မြို့တော်မှာ ချမ်းသာပြီး အာဏာရှိသော မိသားစုတွေက အရှေ့ပိုင်းမှာ နေကြပြီး ဆင်းရဲသော သူတွေကတော့ အနောက်ပိုင်းမှာ နေကြသည်။ နန်းအိမ်တော်က အစေခံတွေက အနောက်ဘက်ခြမ်းနဲ့ ဆက်စပ်မှု ရှိသူတွေချည်းသာ။
နန်းပေါင်ကျူးက ထပ်ပြောသည်။
“အမေရဲ့ သဘောက သူတို့ လက်အောက်ငယ်သား အစေခံတွေ အားလုံးက အိမ်တော်မှာ မျိုးရိုးစဉ်ဆက် နေလာကြတာတဲ့၊ သူတို့ရဲ့ မိသားစုတွေ ဒုက္ခရောက် နေကြတာကို ငါတို့ ကူညီသင့်တယ်တဲ့”
နန်းပေါင်ရီ “ညီမလေးတို့ မိသားစုက သူတို့ရဲ့ အိမ်တွေကို ပြန်ဆောက်ဖို့ ငွေပေးရမှာလား”
နန်းပေါင်ကျူးက ခေါင်းညိတ်ပြသည်။
နန်းပေါင်ရီက အတွေးထဲ နစ်မြောသွားတော့သည်။ ထိုသို့ဆိုရင်တောင် အနောက်ပိုင်းမှာ နွေးထွေးသော အိမ်မှာ မနေရသော မိသားစုတွေ အများကြီး ကျန်နေဦးမှာပင်။ သူတို့တွေက လေအေးတိုက်ခံရပြီး ဆေးကုဖို့ ငွေမရှိရင် ဒုက္ခရောက်ကြပေဦးမည်။
ကူညီချင်ရင် အတူတူ ကူညီပေးလိုက်သင့်သည်လေ။
ဒီလောက် ငွေကြေး အမြောက်အမြားက နန်းအိမ်တော်ကနေ ထွက်လာတာတော့ မဖြစ်သင့်ပါချေ။
အရင်တစ်ခေါက် ရွယ်မေ့က ရွှေစထောင်ပေါင်း များစွာရရှိခဲ့ပြီး အားလုံးက တခြားသူများ၏ လှူဒါန်းမှုတွေ ချည်းသာ။ သူမတစ်ယောက်တည်း စီမံဖို့ကို ခွင့်မပြုသင့်ပေ။ အမြဲတမ်း နှင်းမုန်တိုင်းကြောင့် ဖြစ်ပေါ်လာသော အခြေအနေတွေကို ဖြေရှင်းဖို့သာ သုံးသင့်တာဖြစ်သည်။
သူမက စိတ်ပြောင်းသွားပြီး လက်ဖက်ရည်ကောင်း တစ်ခွက်ကို သောက်လိုက်သည်။
သူမ ထိပ်ဆုံးထိုင်ခုံကို ကြည့်လိုက်သောအခါ အဘွားက ဘဘကြီး ၂ နဲ့ စကားပြောနေတာကို တွေ့ရသည်။
“နွေဦးမှာ၊ မင်းနဲ့ချန်လီက ရှန်းကျင်းမြို့က စီးပွားရေး လုပ်ငန်းတွေနဲ့ ဆိုင်တွေကို ကြီးကြပ်ကွက်ကဲဖို့ သွားရတော့မယ်၊ ဘယ်အချိန်မှ အိမ်ကို ပြန်လာနိုင်မယ် မသိဘူး၊ မင်းတို့ အိမ်တော်မှာ ရက်နည်းနည်း လောက်နားနေပြီး ဘယ်ကိုမှ မသွားသေးနဲ့ဦး၊ လူကယ်ဖို့ အတွက်ကတော့ အိမ်က ဘဏ္ဍာစိုးကို လုပ်ခိုင်းလိုက်”
“အဘွား”
နန်းပေါင်ရီက တက်ကြွစွာနဲ့ “သမီးကိုလည်း လူကယ်တဲ့ အလုပ်ပေးလို့ ရမလား”
အဘွားအိုက ပြုံးရင်း “ဒီကလေးလေး၊ ဘာလို့ မိန်းကလေး တစ်ယောက်က လူကယ်ဖို့အတွက် ပြေးလွှားနေရမှာလဲ၊ အိမ်တွင်းပုန်းနေရမဲ့ မိန်းကလေး တစ်ယောက်က တစ်နေ့လုံး မျက်နှာပြနေရင် ဘာနဲ့တူသွားမလဲ”
“ဒါက ကောင်းမှုလုပ်ပြီး ကံကောင်းစေဖို့အတွက် စုဆောင်းတာပဲလေ၊ မိုးနတ်မင်းကလည်း တွေ့ရင် ဝမ်းသာမှာပါ၊ ဒါကို မျက်နှာပြ နေတယ်လို့ သတ်မှတ်လို့ မရပါဘူး”
နန်းပေါင်ရီက ကလေးလေး တစ်ယောက်လို ချွဲပြီး “အဘွား၊ ကျေးဇူးပြုပြီး သမီးကို သွားခွင့်ပေးပါ”
အဘွားအိုက အမြဲသူမကို ချစ်ခင်သည်။ ထပ်ပြီး သူမက အစားကို မြန်မြန်စားပြီး ဘုရားစာကိုတောင် အလွတ် ရွတ်ပြလိုက်သေးသည်လေ။ ကောင်းမှုလုပ်ပြီး ကောင်းသော ကံကြမ္မာကို ခေါ်ဆောင်ဖို့လို့ အဘွားအိုက စဉ်းစားမိသည်။
ထို့ကြောင့် သူမက ပြုံးလိုက်ပြီး “အဲဒါဆို ကျူးကျူးနဲ့သွားလိုက်၊ အဲဒါဆို အဖော်ရတာပေါ့”
“ကျေးဇူးတင်ပါတယ် အဘွား”
နန်းပေါင်ရီက အပြုံးပန်းလေးကို နှုတ်ခမ်းထက် ပန်ဆင်ရင်း ဂါရဝပြုလိုက်သည်။
နန်းပေါင်ကျူးက ပန်းပွင့်ကိတ်ကို တတိတိ ဝါးစားနေရင်း မျက်နှာလေးမှာတော့ စကားလုံးတွေ အပြည့်ဖြစ်သွားရသည်။
အမလေး ဘုရားသခင်၊ သူမ ကယ်ဆယ်သူ မဖြစ်ချင်ဘူးလေ….
သူမကို ကျောင်းကျောင်းက ဒီလိုကိစ္စမျိုးထဲကို ဘာလို့ ဆွဲထည့်တာလဲလို့…..
သူမက နန်းပေါင်ရီ၏ နောက်ကျောကိုကြည့်ရင်း ဟန်မဆောင်နိုင်စွာ ပြောလိုက်သည်။
“ကျောင်းကျောင်း၊ ဒီရက်တွေမှာ ငါက ‘ပြဇာတ်ပွဲကြည့်စင်’ အကြောင်းကို သင်ယူဖို့လိုတယ်၊ ငါက ကယ်ဆယ်သူ လုပ်လို့ရပါ့မလား”
နန်းပေါင်ရီက စိုလက်နေသော မီးငှက် မျက်လုံးရွှဲကြီးတွေကို ဖွင့်ပြီး “ဒါကို တကယ် ထုတ်ပြောမှ ဖြစ်မှာလားလို့ ဒီတစ်ခေါက် ညီမလေးတို့ အိမ်တော်က ဆန်ပြုတ်တွေနဲ့ တခြား စားကောင်းတဲ့ အရာတွေ အများကြီးကို လုပ်ပေးကြမှာ၊ ပေါင်းထားသော ပေါက်စီတွေလည်း အများကြီးရှိမှာ”
နန်းပေါင်ကျူးက ငြိမ်သက် သွားတော့သည်။
အချိန်အတန်ကြာမှ သူမက မဝံ့မရဲနဲ့ “ကြီးပြီး မွှေးနေတဲ့ အသားပေါက်စီတွေလား”
***
ပန်းပွင့်ခန်းမထဲမှ လက်ဖက်ရည်သောက် ဆွေးနွေးပွဲလေး ပြီးသွားသောအခါ နန်းပေါင်ရီက ဝရန်တာမှာ ရှောင်းယီ၏ ဟန့်တားခြင်းကို ခံလိုက်ရသည်။
သူမက ခေါင်းကိုငုံ့၍ အရိုအသေပေးပြီးသူ့ကို ဂါရဝပြု၍ လှည့်ထွက်သွားသည်။
ရှောင်းယီက လက်ကိုဆန့်၍ “စိတ်ဆိုးနေတယ်”
“အမတ်မင်းကို ဘယ်လိုလုပ်ပြီး စိတ်ဆိုးရဲပါ့မလဲ….”
ရှောင်းယီက သူမ၏ ခေါင်းလေးကို လက်ဖြင့်သပ်လိုက်ရင်း “မျက်နှာလေးက ဒီလောက် ပျက်နေတာကို၊ ငါ့ကို စိတ်မဆိုးဘူးလို့ ပြောနေသေးလား မနေ့က ကိစ္စက ငါ့အမှားပါ၊ ကျောင်းကျောင်းက စိတ်ထဲမထားနဲ့လေ၊ အခုအချိန်ကစပြီး ငါက မင်းရဲ့အစ်ကို ၂ ပဲ ဖြစ်နေမှာ”
သူ့ကိုယ်သူတော့ တကယ်ကို ကြင်နာပြီး အစ်ကိုကြီး တစ်ယောက်နဲ့ တူတယ်လို့ ခံစားရသည်။
ကောင်မလေး၏ စိတ်ကို ပြောင်းလဲ စေနိုင်မယ်ဆိုရင် အစောကတည်းက သူဒီလို လုပ်ခဲ့ပါတယ်၊ ဟုတ်တယ်ဟုတ်..
နန်းပေါင်ရီက သူ၏လက်ကို ကိုးရိုးကားရားနဲ့ ရှောင်ဖယ် လိုက်သည်။
သူမက အပြင်ဘက်က ရှုခင်းကို ငေးကြည့်ရင်း အေးစက်စက် လေသံနဲ့ “အစ်ကို ၂ ဆိုတာ သိကတည်းက ယောက်ျားလေးနဲ့ မိန်းကလေးဆိုတာက အသက် ခုနစ်နှစ် ကတည်းက စပြီး နေထိုင်ရတာတွေက မတူတော့ဘူး ဆိုတာလည်း သိသင့်တယ်၊ အခုကစပြီး ညီမလေးမှာ မရှိတဲ့ အရာတွေကို ပြောမပြပါနဲ့တော့၊ လူကို စိတ်ဆိုးစေတယ်”
သူမကို စိတ်ဆိုးစေသည့်အပြင် စိတ်လည်း ပျက်စေတယ်…..
သူမက အဝေးသို့ ဆက်လျှောက် သွားတော့သည်။
စင်္ကြံလမ်းလေးကိုဖြတ်ပြီး တိုက်ခတ်နေသော လေရူးတသုန်သုန်က ရှောင်းယီ၏ အပြင်ဝတ်ရုံကို ညင်သာစွာ တိုးတိုက်သွားပြီး သူ၏ ငွေအိတ်လေး ချိတ်ထားသော ခါးက ထွက်ပေါ်လာသည်။
အနက်ရောင် ငွေအိတ်လေးက ဆိုးဝါးလှသော အပ်ချုပ်ရာတွေနဲ့ ဘဲအူတွေလို ရှုပ်ယှှက်ခတ်နေသော ပန်းထိုးဆင်ကို ထိုးထားသည်။
သူက ငွေအိတ်လေးကို ဖွဖွလေး ပွတ်သပ် လိုက်သောအခါ လက်ချောင်းထိပ်တွေက မညီညာသော အပ်ချုပ်ရာတွေကို ထိတွေ့မိသည်။
ဇာမဏီ မျက်ဝန်းအိမ်မှာတော့ တခြားသူတွေက ရှာတွေ့ဖို့ ခက်လှသော ရန်လိုစိတ်တွေ ကိန်းအောင်းနေ ခဲ့သည်။
“နန်းကျောင်းကျောင်း…..”
နေ့ခင်းပိုင်းမှာတော့ နန်းပေါင်ရီနဲ့ နန်းပေါင်ကျူးက မြို့တော် အနောက်ပိုင်းသို့ အတူတကွ သွားကြလေသည်။
များပြားလှသော ငွေကြေးပမာဏကို ပေးပြီး နန်းအိမ်တော်က ဖိတ်ခေါ်ထားသော လက်သမား အဖွဲ့တွေ ကလည်း မပါမဖြစ်ပါပေ။ သူတို့က အိမ်တွေကို ခိုင်ခံ့အောင် ပြုပြင်ပေးနေသည်။ ထိုစိတ်ဝင်စားဖို့ ကောင်းလှသော ပွဲက လူများ၏အာရုံကို ဆွဲဆောင်နေလေသည်။
လမ်းဘေးမှာတော့ ဆန်ပြုတ် တင်ထားသော စင်ရှိပြီး ပေါင်းထားသော ပေါက်စီတွေ ထည့်ဖို့သော အိုးကြီးလည်း ရှိသည်။ ပေါက်စီတွေကို ထည့်ပြီး သွားသောအခါ ပေါင်းအိုး၏ အဖုံးကို ဖွင့်လိုက်လေသည်။
လူတွေက နန်းအိမ်တော်၏ စားစရာတွေမှာ ရွယ်မေ့၏ ညစာစားပွဲမှာလို ကြွက်သေတွေနဲ့ ပိုးဟပ်တွေ ပါမှာကို ကြောက်နေကြတာကြောင့် သူတို့က အဝေးမှာပဲ လှည့်ပတ် သွားနေကြပြီး ရှေ့သို့ထွက်၍ လာမယူရဲကြပါချေ။
ဟယ်ယဲ့က စိတ်ဆိုးစွာနဲ့ “မမလေး၊ သူတို့ရဲ့ မျက်လုံးတွေကို ကြည့်ပါဦး၊ ကျွန်မတို့က သူတို့ကို အန္တရာယ်ပြုဖို့ လာတာကျနေတာပဲ”
နန်းပေါင်ရီက ခပ်ရေးရေးလေး ပြုံးလိုက်သည်။
သူမက နန်းပေါင်ကျူးကို ကြင်နာနွေးထွေးစွာနဲ့ “ကျူးကျူး ကြည့်ပါဦး၊ ညီမလေး မလိမ်ဘူးနော်၊ တကယ်ကို ပေါက်စီတွေ အများကြီးပဲ၊ ပဲနီလေးရော၊ အသားအစာသွပ်ရော အကုန်ရှိတယ်”
“ငါစားချင်တယ်…..”
နန်းပေါင်ကျူးက သွားရည်ကျစွာနဲ့ သူမ၏နှုတ်ခမ်းလေးကို လျှာနဲ့သပ်လိုက်သည်။
နန်းပေါင်ရီက ဟယ်ယဲ့ကို ပေါက်စီပူပူလေး တစ်ပန်းကန် ယူလာဖို့ ခိုင်းလိုက်သည်။ နန်းပေါင်ကျူးက ခုံငယ်လေးပေါ်မှာ ထိုင်မနေနိုင်တော့ဘဲ ပေါက်စီပန်းကန်ကို ပွေ့ရင်း ပျော်ရွှင်စွာနဲ့ စားသောက်နေ တော့သည်။
နန်းပေါင်ရီက ဆန်ပြုတ်စင်ကို လှမ်းကြည့်လိုက်သည်။
လူများ၏စကားသံတွေက ပြန့်လွင့်လာတော့သည်။
“ကြည့်ပါဦး၊ ဒါက နန်းအိမ်တော်က မမလေး ၄ မှလား၊ သူတောင် စားရဲတယ်ဆိုရင် ဒီစားစရာတွေမှာ ဘာပြဿနာမှ မရှိနိုင်ဘူး”
“တကယ်တမ်းဆို နန်းအိမ်တော်က ကောင်းသော အိမ်တော် တစ်ခုပဲလေ၊ ရွယ်မိသားစုတွေနဲ့ မတူဘူး၊ ငါတို့ကို ထိခိုက်အောင်လုပ်မှာ မဟုတ်ဘူး”
“နန်းအိမ်တော်က မမလေး ၄ တောင်မှ အားရပါးရ စားနေတာ၊ ငါလည်း ဒီတိုင်း ရပ်မနေနိုင်တော့ဘူး၊ ပေါက်စီ သွားယူတော့မယ်”
“မြန်မြန်လာကြ၊ သူတို့စားနေကြပြီ၊ ငါတို့မစားရဘဲ နေလိမ့်မယ်”
နှင်းမုန်တိုင်းကြောင့် အိုးအိမ်တွေ ပျက်စီးသွားရသော များပြားလှသော လူအုပ်ကြီးက အလျင်အမြန်ကို အစားအစာတွေအတွက် တန်းစီလိုက်ကြသည်။
နန်းအိမ်တော်က မမလေးတွေနဲ့ အစေခံတွေက ချက်ချင်းကို အလုပ်များ သွားလေတော့သည်။ ဟယ်ယဲ့က အံ့အားသင့် လွန်းသွားရပြီး တိတ်တိတ်လေး နန်းပေါင်ရီကို လက်မ ထောင်ပြလိုက်သည်။
နန်းပေါင်ရီက ဟယ်ယဲ့၏ ကျစ်ဆံမြီးလေးကို ဆွဲလိုက်ပြီး နန်းပေါင်ကျူးဆီသို့ တစ်ချက်အကြည့် ပို့လိုက်သည်။
တကယ်ကို ကျူးကျူးက ငါ့ရဲ့ကံကောင်းစေသော ကြယ်လေးပဲ…..
နန်းမိသားစု၏ ဆန်ပြုတ်ထည့်ထားသော စင်တွေရှေ့မှာ လူတန်းအရှည်ကြီး ဖြစ်နေပေမယ့် လမ်းမပေါ်က ရွယ်မိသားစု၏ ဆန်ပြုတ်ဝေနေသော နေရာမှာတော့ လူတွေဝိုင်း နေသည်။
ရွယ်မေ့က ရထားလုံးထဲမှာ ထိုင်ရင်း အစေခံက တင်ပြသော အကြောင်းအရာကို သိပြီးဖြစ်သည်။
သူမက အလွန် စိတ်လက် မကြည်မသာ ဖြစ်သွားရပြီး “နန်းပေါင်ရီက ဘာလဲ ငါ့လမ်းကို နှောင့်ယှက် နေတာလား ငါက အိမ်တွေဆောက်တော့ သူလည်း အိမ်လိုက်ဆောက်တယ်၊ ငါဆန်ပြုတ်ဝေတော့ သူလည်း လိုက်ဝေတယ်၊ ဒါတကယ်ကိုပဲ ရှေ့က လုပ်တဲ့သူရဲ့ ကောင်းသတင်းကို လိုက်အတုခိုး နေတာပဲ”
“သူ့ကိုခေါ်ပြီး မေးလိုက်တာ ပိုကောင်းမယ်”
ရှမင်ဟွေးက အကြံပြုလာသည်။
နန်းပေါင်ရီကို အစေခံတွေက လာခေါ်တာကြောင့် ရထားလုံး အပြင်မှာရပ်ရင်း တင့်တယ်သော ဂါရဝပြုခြင်းနဲ့ နှုတ်ဆက်လိုက်သည်။
သူမက ရထားလုံးကို စူးစိုက်ကြည့်၍ ရှင်းလင်းပြီး ချောမွေ့နေသော အသံနဲ့ “မမလေးရွယ်”
ရွယ်မေ့က ကန့်လန့်ကာကို လှပ်လိုက်ပြီး စိတ်ဆိုးမာန်ဆိုးနဲ့ “နန်းပေါင်ရီ၊ ဘာလို့ ငါ့လိုလိုက်ပြီး ကောင်းမှုတွေ လုပ်နေတာလဲ ငါ့ရဲ့ကောင်းသတင်းတွေကို လုချင်လို့လား”
“မမလေးရွယ်က အရမ်းတွေ စိတ်ပူနေတာပဲ၊ ကျွန်မတို့ နန်းအိမ်တော်က အစေခံတွေရဲ့ မိသားစုတွေ အားလုံးက ဒီမှာ နေကြတာပါ၊ မမလေးရွယ်ရဲ့ ကောင်းမှုကုသိုလ် အလုပ်က တကယ်ကို ရင်ထဲထိသွား စေပါတယ်၊ ပေါင်ရီက မမလေးရဲ့ ဆယ်ပုံတစ်ပုံကိုတောင် မမီပါဘူး”
မိန်းကလေး၏ နှိမ့်ချတတ်သော စိတ်ထားက ရွယ်မေ့ကို အလွန် စိတ်ကျေနပ် သွားစေသည်။
သူမက ဟွန့်ခနဲ နှာမှုတ်လိုက်ရင်း ပြတင်းကနေ မေးလာသည်။
“မနေ့က နင့်အစ်ကိုအတွက် စာတစ်စောင်နဲ့ ငွေအိတ်ကို ပေးပေးဖို့ မှာလိုက်တယ်၊ နင်မပေးလိုက်ဘူးလား သူဘာပြောလဲ ငါ့ကိုစာပြန်မယ်တဲ့လား”
***