အပိုင်း (၂၃၀)
အဲဒီကစပြီး ဧကရာဇ်က စောစော မထတော့ဘူး
နန်းပေါင်ရီက သစ်ပင်၏ နောက်မှာ သူခိုးလေးလို ပုန်းနေပြီး နန်းယန်ကို အစေခံတွေက ဆွဲထုတ်သွားတာကို ကြည့်နေသည်။
လမ်းတစ်လျှောက်လုံးမှာ သူမရဲ့ ငိုယိုအော်ဟစ်နေသံကို ကြားနေရသည်။
“မမလေး၊ ဘာတွေကြည့်နေတာလဲ”
ဟယ်ယဲ့က မက်မွန်ပန်းပုံစံ ပန်းထိုးထားသော အနီရောင် ကတ္တီပါသား ဝတ်ရုံကို ခြုံပေးလိုက်ရင်း မေးလာသည်။
နန်းပေါင်ရီက စိတ်ပျက်ပြီး အံ့အားသင့် သွားဟန်နဲ့ တိုးဖွဖွဖြင့် “ငါပန်းပွင့်ခန်းမရဲ့ အပြင်ဘက်မှာ ပုန်းနေရင်း ကြားတာ၊ အဘွားက နန်းယန်ကို ဒုံကျဲမင်းပူရဲ့ သူဌေးနဲ့ လက်ဆက် ပေးမလို့တဲ့”
“သူဌေးဒုံ”
ဟယ်ယဲ့က သူထက်ပိုပြီး မှတ်မိနေသေးသည်။
“သူက နန်းမိသားစုရဲ့ မျက်နှာသာ ပေးခံရပြီး ကျင်းကွမ်မြို့မှာ ဆန်ဆိုင်တစ်ဆိုင် ဖွင့်ထားတယ်လေ၊ သူက အသက်နှစ်ဆယ်ရှိပြီး ယောက်ျားပီသတဲ့ မျက်နှာပေါက် ရှိတယ်၊ အခုတော့ သူက သူဌေးငယ်လေး တစ်ယောက်လို့ ပြောလို့ရတယ်၊ နန်းယန်သာ လက်ထပ် လိုက်မယ်ဆိုရင် အမှားမရှိနိုင်ဘူး”
ပြောနေစဉ်မှာ သူမက နန်းပေါင်ရီ၏ ဝတ်စုံကို ချည်နှောင် ပေးလိုက်သည်။
နန်းပေါင်ရီက ဘာမှပြန်မဖြေပါချေ။ သူတို့အားလုံးက ကောင်းမွန်သော မင်္ဂလာပွဲလို့ တွေးကြပေမယ့် နန်းယန်ကတော့ ထိုသို့တွေးမည် မဟုတ်ပေ။
သူဌေးဒုံ၏ ချမ်းသာမှုတွေက သူမအတွက် မလုံလောက်ဘူးလို့ တွေးမည်ပင်။
“ဟယ်ယဲ့၊ အရှေ့ခြံကိုသွားပြီး ဟုန်အာကို ပြောလိုက်၊ နန်းယန်ရဲ့ လှုပ်ရှားမှုတွေကို နောက်ညတွေအထိ စောင့်ကြည့်နေလို့”
နန်းပေါင်ရီက ငွေအိတ်လေးကို ထုတ်ယူလိုက်ပြီး ဟယ်ယဲ့ကို ကမ်းပေးလိုက်သည်။
“သူ့ကို ဒီ ငွေစ နည်းနည်းပေးပြီး ညဝတ်စုံ ဝယ်ပေးလိုက်၊ နန်းယန် ရှိနေလား၊ ထွက်သွားလား ဆိုတာကို”
ဟယ်ယဲ့က အံ့အားသင့်လွန်း သွားသည်။
သူမက ငွေအိတ်ကို ကိုင်ထားရင်း “မမလေး ဆိုလိုတာက…. နန်းယန်က ထွက်ပြေးမှာလား”
နန်းပေါင်ရီက လေးနက်စွာနဲ့ ခေါင်းကို ညိတ်ပြလိုက်ရင်း “သူက ကံစီမံရာပဲဆိုပြီး မင်းပူသူဌေးနဲ့ လက်ထပ်ဖို့ လက်ခံမှာ မဟုတ်ဘူး၊ သူက ကျိန်းသေပေါက်ကို ထွက်ပြေးမှာပဲ၊ ငါခန့်မှန်းတာ မမှားရင် သူချန်းတယ်ယွီဆီကို သွားလိမ့်မယ်”
နန်းယန်ရဲ့ စိတ်ထဲမှာ အာဏာကြီးမားတဲ့ အိမ်က သခင်လေးကိုသာ လက်ထပ်လိုခြင်း တစ်ခုတည်း ရှိသည်။
မောင်းမတစ်ယောက် ဆိုရင်တောင်မှပေါ့….
ဟယ်ယဲ့က အံ့ဩစွာနဲ့ ခေါင်းကိုညိတ်ရင်း “ဒီအစေခံက အခုပဲ သွားလုပ်လိုက်ပါ့မယ်”
နန်းပေါင်ရီရဲ့ ခန့်မှန်းချက်အတိုင်း ဟန်အာက ထိုနေ့ညမှာပဲ အရှေ့ဆောင်က သတင်းကို သယ်လာ လေတော့သည်။
“ဒီအစေခံက နန်းယန်ကို အမြဲစောင့်ကြည့်နေတာ၊ အခု သူမြင်တာက ပစ္စည်းတွေကို တိတ်တိတ်လေး ထုပ်ပိုးနေတာကို တွေ့ပါတယ်၊ သူမှန်းမိတာက ဒီည အိမ်တော်ကနေ ထွက်ပြေးမယ်လို့ ထင်ပါတယ်၊ အဲဒါကြောင့် မမလေးကို လာအကြောင်းကြားတာပါ”
ပါးလွှာတဲ့ ညအိပ်ပိုးသား ဝတ်စုံကို ဝတ်ဆင်ထားတဲ့ နန်းပေါင်ရီက အလှပြင်ခုံ ရှေ့မှာ ထိုင်ရင်း ဆံနွယ်တွေကို ဖြီးသင်နေသည်။
ထိုသတင်းကို ကြားသောအခါ သူမက ကျောက်စိမ်းဘီးကို ချလိုက်ပြီး မညင်သာစွာ ထရပ်လိုက်သည်။
“ငါသွားကြည့်မယ်”
သူမက အမြန် ပြေးသွားလိုက်တာ ဟယ်ယဲ့တောင် တားချိန်မရ လိုက်ပေ။ သူမက သားမွေးဝတ်ရုံ တစ်ထည်ကို ကောက်ယူပြီး အလျင်စလိုဖြင့် နောက်မှ လိုက်ရတော့သည်။
အရှေ့ခြံမှာ ကျောက်သားနှင့် မြေကြီးရောပြီး ဆောက်ထားသော အဆောက်အအုံ တစ်လုံးရှိသည်။ ထိုဧည့်တွေ့ဆောင်မှာတော့ မြေသားက မို့မောက်နေတာကြောင့် အရှေ့ခြံ တစ်ခုလုံးကို အပေါ်စီးက မြင်ရသည်။
ဒီည လသာနေပြီး ကြယ်တချို့ကိုတောင် ရှင်းရှင်းလင်းလင်း ထွက်ပြူနေလေသည်။
နန်းပေါင်ရီက ဧည့်တွေ့ဆောင်၏ ပျဉ်ခင်းပေါ်မှ နေ၍ အဝေးရှိ အလင်းရောင်ပြပြကို မြင်နေရသည်။
ဟယ်ယဲ့က သူမကို ဝတ်ရုံ လွှမ်းပေးလိုက်ရင်း “ညဘက်ကြီး အေးနေတာကို မမလေးက ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်ဘူး၊ တကယ်လို့ လေအေးတိုက်ခံပြီး အအေးမိရင်…..”
“ရှုး…”
နန်းပေါင်ရီက လက်ညှိုးလေးကို ထိုးပြလိုက်ရင်း “ကြည့်ကြည့်”
ဟယ်ယဲ့က စပ်စုလိုစိတ်နဲ့ ကြည့်လိုက်သည်။ စင်္ကြံမှာ မှိန်ဖျော့ဖျော့ အလင်းရောင်လေးကို မြင်နေရပြီး ပုံရိပ်လေးတစ်ခုက တံခါးကို တွန်းဖွင့်လိုက်သည်။ ဝိုးတိုးဝါးတားဖြင့် အထုပ်လေး တစ်ထုပ်ကို ပိုက်ရင်း ဘေးပတ်ဝန်းကျင်ကို သူခိုးတစ်ယောက်လို ကြည့်နေသည်။
“အဲဒါနန်းယန်လား”
သူမက မယုံကြည်နိုင်စွာနဲ့ “မမလေး၊ သူက တကယ်ကြီး ထွက်ပြေးတာပဲ”
နန်းပေါင်ရီက တခစ်ခစ်ရယ်ရင်း “ဇနီးမယား တစ်ယောက်လို အလုပ်အကြွေး ပြုရမှာထက် မောင်းမ တစ်ယောက်လို ပြေးရမှာက သူက ထွက်ပြေးသွားရင် နောက်လှည့်လို့ မရတော့ဘူး၊ အဲဒါကြောင့် သူက ချန်းတယ်ယွီဆီကို အလိုအလျှောက် သွားမှာပဲ၊ အလှအပကြောင့် စော်ကား မခံရဘူးပေါ့၊ ချန်းမိသားစုက သူ့ကို သည်းမခံနိုင်ဘူး၊ ဒါပေမယ့် သူက ချန်းမိသားစုကို သဘောကျတယ်လေ၊ ချမ်းသာခြင်းနဲ့ အာဏာဆိုတာကို သူမက်တယ်၊ စောင့်ကြည့်နေ၊ သူက ချန်းမိသားစုကို သွားမွှေဦးမှာ”
အတိတ်ဘဝတုန်းက သူမက ချန်းတယ်ယွီရဲ့ တရားဝင် ဇနီးမယား ဖြစ်ခဲ့သည်။ ခင်ပွန်းရဲ့ ဂုဏ်ကျက်သရေနဲ့ ခင်ပွန်းကို ထိန်းချုပ်နိုင်ခဲ့သည်။
ဒီဘဝမှာတော့ နန်းယန်က မောင်းမတစ်ယောက် ဖြစ်ခဲ့သည်။ သူမက နန်းယန်က သူမထက် ကောင်းအောင် လုပ်နိုင်မလားလို့ သိချင်လှသည်။
ဆဋ္ဌဂံပုံစံ လသာဆောင်မှာ ချိတ်ဆွဲထားတဲ့ မီးအိမ်လေးက ညင်သာစွာ ယိမ်းနွဲ့နေသည်။
နန်းပေါင်ရီ၏ လက်ချောင်းများကြားမှာ ညှပ်ကိုင်ထားသော ပန်းထိုးပဝါလေးက လေအဝှေ့မှာ လွင့်ပါသွားပြီး ပတ်ချာလည်နေသည်။
“လေအရမ်း တိုက်နေတယ်….”
ကျောက်ခင်းလမ်းကို ဖြတ်သွားသည့် လူငယ်တစ်ယောက်က သူ့ရှေ့ကို ကျလာသော ပန်းထိုးပဝါလေးကို ဖမ်းဆုပ်လိုက်သည်။
ပန်းထိုးပဝါလေးက ခြောက်သွေ့နေပြီး ခေါင်ရန်းပန်းနံ့ ခပ်ဖျော့ဖျော့လေး သင်းနေသည်။ အရမ်းကို ရင်းနှီးနေတဲ့ ရနံ့လေးပင်။
သူက လှမ်းကြည့်လိုက်သည်။
ကောင်းကင်မှာတော့ လမင်းက ထိန်ထိန်သာနေပြီး ဆော်သွေးနေသည့် လေပြည်က နှင်းပွင့် နှင်းစက်လေးများကို ဆောင်ယူလာသည်။
မိန်းကလေးက လက်ရန်း၏ ဆန့်ကျင်ဘက်မှာ ရပ်နေပြီး သူမ၏ မင်နက်နှင့် ရေးထားသလို ဆံနွယ်ရှည်တွေက လေမှာ လွင့်နေသည်။
ဝတ်ဆင်ထားသော သားမွေေးဝတ်ရုံက လေညင်းနှင့် ပနံရနေပြီး အတွင်းဝတ် ပါးလွှာသော ပိုးသားညဝတ်စုံက အသားပေါ်မှာ ကပ်နေသည်။ ခါးကျဉ်ကျဉ်၊ သွယ်လျလျ သွင်ပြင်လေးနှင့် ရှည်လျား ဖြောင့်စင်းသော ခြေတံလေးကို ဝိုးတဝါး မြင်နေရသည်။
သူက ပန်းထိုးပဝါလေးကို တရှိုက်မက်မက် နမ်းလိုက်ပြီး နှုတ်ခမ်းဖျားမှာ အပြုံးစစ တွဲလဲခိုလာသည်။ လှည့်၍ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။
ရှီးခူက နောက်က လိုက်သွားချင်ပေမယ့် ရှီးယန်ရဲ့ ခေါင်းနောက်ကို ပုတ်ပြီး တားခြင်းကို ခံလိုက်ရသည်။
သူက ခေါင်းကို အုပ်ပြီး စိတ်ဆိုးစွာနဲ့ “မင်းဘာလုပ်တာလဲကွ”
ရှီးယန်က ဓါးရှည်ကိုကိုင်ပြီး ကျောက်ခင်းလမ်းပေါ်မှာ လှဲ၍ နားလိုက်ရင်း “မင်းနဲ့ငါ့ရဲ့ မြတ်နိုးစရာ ကောင်းလှတဲ့ဘဝလေး”
ဆဋ္ဌဂံပုံစံ လသာဆောင်တွင်တော့…..
နန်းပေါင်ရီက နန်းယန်က ခြံဝင်းထဲမှာ ဝတ်ရုံစကို မရင်းသွားနေတာကို ကြည့်နေသည်။ ကျီးကန်းလို ကြွားဝါနေသည်။
“ဒီည ငါ နောက်ထပ် မင်္ဂလာပွဲ တစ်ခုအကြောင်းကို ကြားရပြန်ပြီ၊ ငါ့ရဲ့ မြားနတ်မောင် အစွမ်းအစ ကတော့ ကျွမ်းကျင်မှု ရှိလိုက်တာ”
ဟယ်ယဲ့၏ နှုတ်ခမ်းတွေက ကွေးညွှတ်သွားသည်။ နောက်မိသားစု တစ်ခု၏ အောင်သွယ်တော်ကတော့ အနီရောင် ပဝါစကိုယူပြီး ငွေစများ လက်ခံနေလေပြီ။ သူမ၏ မမလေးက အနီရောင် ပိုးထည်စကို ဦးဆောင်ပြီး …
နန်းပေါင်ရီက မြင့်မားသော မျှော်လင့်ချက်ဖြင် “ငါက လက်ထပ်ပွဲ အများကြီးကို စီစဉ်ပေးခဲ့ပေမယ့် ငါ့အတွက် ကတော့ ဘယ်ဆီ နေမှန်းမသိ၊ ဒီညတော့ အမြင့်ကနေ ကြည့်ရတဲ့ ရှုခင်းမှာ ငါအများကြီး တွေးမိတယ်၊ ဟယ်ယဲ့ မင်းအတွက်ငါ ကဗျာတစ်ပုဒ် စပ်ပေးမယ်”
ရုတ်တရက်ကြီး ရှောင်းယီ ရောက်လာတာကို ဟယ်ယဲ့က သိသည်။ သူမ၏ မမလေးကို သတိပေးချင်သော်လည်း ရှောင်းယီက သူမကို တိတ်တိတ်နေရန် အချက်ပြလိုက်သည်။
နန်းပေါင်ရီက ကဗျာရွတ် လေတော့သည်။
“ဟန်ပြည်ရဲ့ ဧကရာဇ်က တိုင်းပြည်အတွက် ကြီးမြတ်တဲ့ အသရေနဲ့ တွေးခေါ်မှုတွေ ရှိတယ်၊ ကျွန်မက နှစ်ပေါင်း အတော်ကြာအောင် မေးလို့ မထွက်ခဲ့ဘူး၊ မိသားစုက မိန်းကလေးသာ ကြီးလာရင် အပျိုဆောင် အိပ်ခန်းထဲမှာပဲ ကြီးပြင်း လာရတော့မှာလား”
သူမက ပထမဆုံး ပေါက်ဖွားလာသော အရွယ်ရောက်တော့မည့် မိန်းမပျိုလေးဖြစ်ပြီး အပျိုဆောင် အိပ်ခန်းထဲမှာပဲ ကြီးပြင်းလာရတာကို ဘယ်သူက သိလို့လဲ….
သူမက ဟယ်ယဲ့ဆီ လျှောက်သွားပြီး မျက်နှာလေးကို ရှက်ရွံ့စွာနဲ့ ကိုင်ရင်း “သဘာဝ အလှတရားတွေက လက်လျှော့ဖို့ ခက်တယ်၊ တစ်ခါလောက် ဧကရာဇ်ရဲ့ ဘေးမှာနေဖို့ ရွေးချယ်လိုက်တာနဲ့ နောက်ကို ကြည့်လိုက်ရင် ပြုံးပြီးရင်း ပြုံးရင်းနဲ့ နန်းတော် ခြောက်ဆောင်က ဘာအဓိပ္ပါယ်မှ မရှိတော့ဘူး၊ လေအေးလေးက ဟွားချင်ရေကန်ကို ဖြတ်သန်း တိုက်ခတ်သွားပြီး လေပူတွေ ရေမျက်နှာပြင်ပေါ် လျှောတိုက်သွားတာက ကျစ်လျစ် သိပ်သည်းစေတယ်၊ ရှီအာက ကျောင်းကျောင်းရဲ့ အားနည်းချက်ကို ကူညီဖြည့်ဆည်းပေးပါ၊ အခုအချိန်ပဲ…..”
သူမ ရွတ်ဆိုနေရင်းမှာပဲ မျက်နှာလေးက ရှက်သွေးဖြာနေပြီး မျက်တောင်ဖျားလေးတွေက ခြောက်သွေ့၍ မက်မွန်ပွင့်လေးလို စိုအိနေသည်။
ဘာကို တွေးနေမှန်း မသိသလို သူမက မျက်နှာလေးကို လက်ထဲ ထည့်ဖွက်ရင်း ရှက်ရွံ့စွာနဲ့ တခစ်ခစ် ရယ်နေလေသည်။
ဟယ်ယဲ့ “…..”
ကောင်းလေပြီ၊ သူမရဲ့မမလေးက ရူးသွားပြန်ပြီ….
တိုက်ခတ်နေသော လေပြည်ကိုကြည့်ရင်း သူမတွေးနေသော အရာက ကျိန်းသေပေါက်ကို ကောင်းတဲ့အရာ မဟုတ်လောက်ချေ။
နောက်ဘက်က ရယ်သံတစ်ချက်က ထွက်ပေါ်လာသည်။
နန်းပေါင်ရီက လှည့်ကြည့် လိုက်သောအခါ အမတ်မင်းက သူမကိုကြည့်ရင်း ပြုံးနေတာကို တွေ့လိုက်ရသည်။
သူဒီနေရာကို ရောက်နေတာ ဘယ်လောက် ကြာပြီလဲ….
သူမက ကိုးရိုးကားရားနဲ့ လက်ရန်းကို မှီလိုက်ပြီး “အစ်ကို… အစ်ကို ၂…..”
ရှောင်းယီက သူမကို စိုက်ကြည့်နေပြီး ဇာမဏီ မျက်ဝန်းတွေက အလွန် နူးညံ့နေဟန်ဖြင့် “တိုင်စိုင်တိမ်လိပ်တွေက လွင့်မျောနေပြီး ပန်းပွင့်တွေက ရွှေရောင် သန်းနေတယ်၊ ကြာပန်းရနံ့လေးက ထုံသင်းပျံ့မွှေးနေပြီး နွေဦးပွဲတော်က နွေးထွေးလှတယ်၊ နွေဦးပွဲတော်က တိုတောင်းလွန်ပြီး နေ့တာကတော့ ရှည်ကြာတယ်၊ အဲဒီအချိန်ကစပြီး ဧကရာဇ်က စောစောမထတော့တာပဲ”
သိသိသာသာကိုပဲ ထိုသည်က ကဗျာနောက်တစ်ပုဒ် ဖြစ်ပေမယ့် အကြောင်းတချို့ကြောင့် နန်းပေါင်ရီ၏ နှလုံးသားလေးက ရှက်သွေးဖြာပြီး ပြင်းပြင်းထန်ထန် ခုန်လှုပ်နေသည်။
ပါးပြင်က သွေးကြောလေးတွေက ပေါက်ထွက်မတတ်၊ ဖြူရာမှနီလာပြီး ခေါင်ရန်းဖူးလေးလိုပင်။
သူမက နှုတ်ခမ်းလေးကို ကိုက်လိုက်ရင်း ပြင်းပြင်းပြပြ ဆန္ဒကို ချိုးနှိမ်၍ ထွက်ပြေးချင်စိတ်ကို ရှောင်းယီက ဝတ်ရုံကိုဝတ်၍ ကျောက်သား ထိုင်ခုံပေါ်မှာ ထိုင်နေပြီး ဟယ်ယဲ့ကို ပြောလိုက်သည်။
“လက်ဖက်ရည်တစ်အိုး သွားယူလာခဲ့”
ဟယ်ယဲ့က ပြုံးရင်း ထွက်သွားတော့သည်။
သူမက စာအုပ် တစ်အုပ်တလေမှ မဖတ်ဖူးသလို မမလေးနဲ့ သခင်လေး ၂ တို့ရွတ်သွားကြတဲ့ ကဗျာရဲ့ အဓိပ္ပါယ်ကိုလည်း မသိပါချေ။
သို့သော်လည်း လေသံ အနေအထားက အလွန် စာပေဆန်လှပြီး စာအုပ်ထဲက အကြောင်းအရာတွေ ကလည်း ကောင်းမဲ့ပုံပင်။ မမလေးက သခင်လေး ၂ နဲ့ ကဗျာတွေ စာတွေ အကြောင်းကို သင်ယူတာက ကောင်းတဲ့ကိစ္စ ဖြစ်သည်။
သူမ ထွက်သွားပြီးနောက် လသာဆောင်မှာ နှစ်ယောက်တည်းသာ ကျန်ခဲ့တော့သည်။ ရှောင်းယီက ကြောင်မျက်ရှင် လက်စွပ်ကို လှည့်ကစားနေရင်း ကောင်မလေး၏ သားမွှေးဝတ်စုံကို သွေဖယ်ခြင်း မရှိဘဲ စိုက်ကြည့်နေလေသည်။
သူက ပေါ့ပေါ့ပါးပါးဖြင့် “အိမ်တော်က မိန်းကလေး တစ်ယောက်က ဒီလိုပုံစံဝတ်ပြီး အရှေ့ခြံကို ပြေးထွက်လာတာ စည်းကမ်း မရှိဘူး”
သူ၏ဆိုဆုံးမမှုက လွင့်ပြန့်လာသောအခါ ငြိမ်သက်နေတဲ့ မွန်းကျပ် မပြတ်သားတဲ့ လေထု အခြေအနေကို ဆောင်ကြဉ်းလာသည်။
နန်းပေါင်ရီက ချစ်စဖွယ် ဟန်ပန်လေးနဲ့ “အဲဒါဆို ညီမလေး ဆုန်းဟယ့်ခြံကို အရင် ပြန်လိုက်မယ်နော်”
ရှောင်းယီက ထပ်ပြောသည်။
“ဆုန်းဟယ့်ခြံက ဝေးတယ်၊ ဒီလိုပုံစံနဲ့ ပြန်သွားရင် အအေးမိလိမ့်မယ်၊ အရင်တစ်ခေါက် ပြောင်းသွားတုန်းက ကျောက်ဝမ်ခြံမှာ မင်းအဝတ်အစား တချို့ ကျန်နေခဲ့တယ်၊ ဘာလို့ ကျောက်ဝမ်ခြံကို ငါနဲ့ မလိုက်ခဲ့တာလဲ၊ ငါအခုလေးတင် တစ်အုပ်ရလာတာ၊ အဲဒီ ကဗျာစုစည်းမှုက ပေါ့ပါးပြီး နန်းဆန်တယ်၊ ကျောင်းကျောင်း သဘောကျမှာပဲ”
***